News @ M-Media

Author: Ko Lay

  • အမေရိကန်က လုံခြုံရေးစိုးရိမ်နေသည့် ဟွာဝေးကုမ္ပဏီနှင့် ရုရှားက စာချုပ်ချုပ်

    အမေရိကန်က လုံခြုံရေးစိုးရိမ်နေသည့် ဟွာဝေးကုမ္ပဏီနှင့် ရုရှားက စာချုပ်ချုပ်

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်က မှတ်ယူထားတဲ့ တရုတ် Huawei ကုမ္ပဏီနဲ့ ရုရှားတို့ဟာ 5G ကွန်ရက် ဖော်ဆောင်ရေး သဘောတူညီချက်တစ်ခုကို မနေ့က လက်မှတ်ရေးထိုးခဲ့ပြီး လာမယ့်နှစ်မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်တို့ မော်စကိုမှာ တွေ့ဆုံမှုအတွင်း Huawei နဲ့ ရုရှား ဆက်သွယ်ရေးကုမ္ပဏီ MTS တို့ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး၊ ၂၀၁၉-၂၀၂၀ မှာ ရှေ့ပြေး 5G ကွန်ယက်တစ်ခုကို ဖော်ဆောင်သွားမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Huawei ရဲ့ တာဝန်ရှိသူ ဂိုပင်းက မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးကွန်ယက်မှာ အခုလို သဘောတူညီချက် ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

    အမေရိကန်အစိုးရက Huawei ဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ စွပ်စွဲထားပြီး အမေရိကန်ကုမ္ပဏီတွေအနေနဲ့ နည်းပညာမြင့် ပစ္စည်းတွေ ရောင်းချခြင်းမပြုဖို့ အခုလအစောပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။ Huawei ဟာ သူ့ရဲ့ ဖုန်းတွေအတွက် အမေရိကန်လုပ်
    ချစ်ပ်တွေအပေါ် မှီခိုနေရတာပါ။ ၃ လအတွင်းမှာ သက်ရောက်မှုရှိမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ Huawei ကုမ္ပဏီ ရပ်တည်ဖို့အတွက် အခက်အခဲဖြစ်လာမယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

    အမေရိကန်ရဲ့ ပိတ်ပင်တားမြစ်မှု ပေါ်ထွက်လာပြီးတဲ့နောက် Android စနစ်ကို ပိုင်ဆိုင်တဲ့ Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီ တော်တော်များများက Huawei ကို နည်းပညာတွေ ရောင်းချမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Huawei နဲ့ပေါင်းပြီး 5G ကွန်ယက် ဖော်ဆောင်နိုင်ရေးအတွက် ဥရောပနိုင်ငံတော်တော်များများကလည်း စိတ်ဝင်စားနေပြီး ဒီလိုလုပ်ရင် မိမိတို့နဲ့ အဆက်အသွယ် ဖြတ်ရမယ်လို့ အမေရိကန်က မဟာမိတ်နိုင်ငံတွေကို သတိပေးထားပါတယ်။

    Ref: CNA

  • အီစတာနေ့ ဗုံးခွဲမှုကို မတားဆီးနိုင်ခြင်းမှာ သမ္မတကြောင့်ဟု သီရိလင်္ကာရဲချုပ် ဝေဖန်ပြောဆို

    အီစတာနေ့ ဗုံးခွဲမှုကို မတားဆီးနိုင်ခြင်းမှာ သမ္မတကြောင့်ဟု သီရိလင်္ကာရဲချုပ် ဝေဖန်ပြောဆို

    ဇွန် ၂၊ ၂၀၁၉
    M-Media

    ရာထူးမှ ရပ်ဆိုင်းခံထားရသည့် ရဲချုပ် ပူဂျစ် ဂျာယာဆောင်ဒရာ

    -ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့တဲ့ အီစတာနေ့ ဗုံးခွဲမှုတွေကို တားဆီးဖို့ပျက်ကွက်သူဟာ သမ္မတ မိုင်သရီပါလာ ဆရီစီနာဖြစ်တယ်လို့ တာဝန်က ရပ်ဆိုင်းခံထားရတဲ့ သီရိလင်္ကာရဲချုပ်က တရားရုံးချုပ်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

    စာမျက်နှာ ၂၀ ပါ အဲဒီ အစီရင်ခံစာကို ရဲချုပ် ပူဂျစ် ဂျာယာဆောင်ဒရာက ပြီးခဲ့တဲ့တစ်ပတ်မှာ တရားရုံးကို တင်သွင်းခဲ့တာဖြစ်ပြီး ဆရီစီနာ လက်အောက်မှာရှိတဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ဆက်သွယ်ဆောင်ရွက်မှု အားနည်းချက်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။

    အစွန်းရောက် အစစ်သွေးကြွတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ စုံစမ်းထောက်လှမ်းမှုတွေကို ရပ်တန့်ဖို့ သမ္မတကို တိုက်ရိုက်အစီရင်ခံစာတင်ရတဲ့ ထောက်လှမ်းရေးအဖွဲ့ SIS က ပြီးခဲ့တဲ့နှစ်ကတည်းက အမိန့်ပေးခဲ့တယ်လို့ ဂျာယာဆောင်ဒရာက ရေးသားထားပါတယ်။

    ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့တွေထဲမှာ အီစတာနေ့ ဗုံးခွဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ NTJ အဖွဲ့လည်း ပါဝင်ပါတယ်။ ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုတို့အပါအ၀င် နေရာ ၈ နေရာမှာ ပြုလုပ်ခဲ့တဲ့ အသေခံ ဗုံးခွဲမှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရာခဲ့ပါတယ်။

    NTJ က ဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ့်အကြောင်း အိန္ဒိယက ထောက်လှမ်းရေးသတင်းအချက်အလက်တွေ ပေးပို့ခဲ့ပေမယ့် SIS အကြီးအကဲ နီလန်သာ ဂျာယာဝါဒီနာက ရဲတပ်ဖွဲ့ကို ပြန်လည်မျှဝေတာမျိုး မလုပ်ခဲ့ဘူးလို့လည်း ဂျာယာဆောင်ဒရာက တရားရုံးကို ပေးပို့တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ပြစ်တင်ပြောဆိုထားပါတယ်။

    ဆရီစီနာက တိုက်ခိုက်မှုအတွက် တာဝန်ခံမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျာယာဆောင်ဒရာကို ရာထူးကနေ ရပ်ဆိုင်းခဲ့ပြီး ရှေ့နေချုပ်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ တရားရုံးချုပ်ကို တောင်းဆိုခဲ့ပါတယ်။

    ဂျာယာဆောင်ဒရာက ဗုံးခွဲမှုအတွက် တာဝန်ခံပြီး နှုတ်ထွက်ပေးမယ်ဆိုရင် သံတမန်ရာထူးတစ်ခုပေးမယ်လို့ ဆရီစီနာဖက်က ကမ်းလှမ်းခဲ့ကြောင်း၊ ဒါပေမယ့် ဒီကိစ္စမှာ မိမိက တာဝန်မရှိတဲ့အတွက် ဒီကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်း ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သီရိလင်္ကာသမ္မတ ဆရီစီနာနဲ့ ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီဆင်ဟီတို့အကြား ဖြစ်ပွားခဲ့တဲ့ အာဏာလွန်ဆွဲပွဲပြီးနောက် သမ္မတက သူ့ကို ချောင်ထိုးထားတယ်လို့လည်း ဂျာယာဆောင်ဒရီက ပြောကြားခဲ့ပါတယ်။

    ဆရီစီနာဟာ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးအကြီးအကဲ တစ်ဦးဖြစ်တဲ့ ဆီဆီရာ မန်ဒစ်ကို ပြီးခဲ့တဲ့ ရက်အနည်းက ပြစ်တင်ပြောဆိုခဲ့ပါတယ်။ မန်ဒစ်က ဆရီစီနာဟာ တိုက်ခိုက်မှု သတိပေးချက်နဲ့ပတ်သက်ပြီး နိုင်ငံတော် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ ဆွေးနွေးလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ဒီလိုသာ လုပ်ဆောင်ခဲ့မယ်ဆိုရင် အီစတာနေ့ ဗုံးခွဲမှုတွေကို ရှောင်ရှားနိုင်မှာဖြစ်ကြောင်း လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

    ဆရီစီနာကတော့ မန်ဒစ်ရဲ့ ဒီပြောကြားမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

    Ref: CNA

  • အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် ကျောင်းသူတစ်ဦးကို အီရန်တွင် တွေ့ရှိ

    အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် ကျောင်းသူတစ်ဦးကို အီရန်တွင် တွေ့ရှိ

    ဇွန် ၂၊ ၂၀၁၉
    M-Media


    အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် တာရာ ရှာရီဖီ

    -အီရန်နိုင်ငံက အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဟာ မှတ်ဉာဏ်စွမ်းအား သတ်မှတ်ချက် IQ မှာ ကမ္ဘာကျော် သိပ္ပံပညာရှင်တွေဖြစ်တဲ့ အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့ထက် ပိုမိုသာလွန်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    တာရာ ရှာရီဖီဆိုတဲ့ မိန်းကလေးဖြစ်ပြီး IQ စစ်ဆေးမှုမှာ ၁၆၂ မှတ် ရခဲ့ပါတယ်။ ဒါဟာ ‘ဉာဏ်ကြီးရှင်’ လို့ သတ်မှတ်ထားတဲ့အမှတ် ၁၄၀ ထက် ပိုမိုကျော်လွန်နေတာဖြစ်ပြီး သိပ္ပံပ္ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၊ အာကာသပညာရှင် စတီဖင်ဟော့ကင်းတို့ထက် ၂ မှတ် သာလွန်နေတာပါ။

    “စစ်ဆေးတဲ့အဖြေရတော့ သမီး အရမ်းတုန်လှုပ်သွားတယ်။ ဒီလောက်ကောင်းတဲ့အမှတ်မျိုး ရမယ်လို့ မထင်မိခဲ့ဘူး” လို့ ရှာရီဖီက ပြောကြားခဲ့ပါတယ်။

    သူမဟာ အောက်စဖို့ဒ် တက္ကသိုလ်က IQ စစ် စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့တာပါ။ စာမေးပွဲမှာ နှုတ်ဖြေ မဖြေရဘဲ စကားလုံးတွေအပေါ် နားလည်နိုင်မှုကိုသာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

    “IQ စစ် စာမေးပွဲကို ၀င်ဖြေဖို့အတွက် မိဘတွေနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာပါ။ Mensa စနစ်မှာ သမီးတို့နိုင်ငံကလူတွေကို တွေ့ခွင့်ရခဲ့တာဟာ အင်မတန်ကောင်းတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” လို့ ရှာရီဖီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမှတ်အလွန်ကောင်းနေတာကြောင့် ရှာရီဖီဟာ အခုအချိန်မှာတော့ IQ မြင့်မားတဲ့သူတွေရဲ့ အဖွဲ့ဖြစ်တဲ့ Mensa မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။ သူမကတော့ အဖွဲ့ရဲ့ အေခမ်းအနားတွေမှာ အခြားသော အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျောင်းကသူငယ်ချင်းတွေကို ပြောပြတော့ သူတို့ တော်တော်လေး အံ့သြသွားကြတယ်။ ကြီးလာရင် သင်္ချာနဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်ချင်ပါတယ်”

    ရှာရီဖီရဲ့ ဖခင်က သမီးဖြစ်သူရဲ့ IQ ဒီလိုမြင့်မားနေတဲ့အတွက် အလွန်အံ့သြရပြီး ဂုဏ်လည်းယူတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : IFP News

  • ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် လန်ဒန်ဗလီတစ်လုံးက ကလေးဆေးရုံကို ငွေသား လှူဒါန်း

    ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် လန်ဒန်ဗလီတစ်လုံးက ကလေးဆေးရုံကို ငွေသား လှူဒါန်း

    ဇွန် ၁၊ ၂၀၁၉
    M-Media

    လှူဒါန်းမှုမြင်ကွင်း

    -ရမ်ဇာန်ဥပုသ်လအတွင်း အကူအညီလိုသူတွေကို ထောက်ပံ့ကူညီမှု တစ်စတ်တစ်ပိုင်းအဖြစ် လန်ဒန်မြို့ အရှေ့ပိုင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ ဒေသတွင်း ကလေးဆေးရုံတစ်ခုကို ငွေကြေးလှူဒါန်းခဲ့ပြီး၊ လူထုအသိပညာပေးရေး လှုပ်ရှားမှုတစ်ခုကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

    ဘာ့ကင်းမြို့ အလ်-မဒီနာ ဗလီက Richard House Children’s Hospice ကလေးဆေးရုံကို လှူဒါန်းခဲ့တဲ့ အလှူငွေ စတာလင်ပေါင် ၃ ထောင်ကို ၀တ်ပြုဖို့ လာရောက်သူတွေက ထည့်ဝင်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

    “အားကျိုးမာန်တက် ၀န်ဆောင်မှုပေးနေတဲ့ ဒီကလေးဆေးရုံကို လှူဒါန်းခွင့်ရတဲ့အတွက် ဗလီဝတ်ကျောင်းတော်က ဂုဏ်ယူမိပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို အထောက်အကူဖြစ်စေဖို့အတွက် ကျွန်တော်တို့ တစ်ဖက်တစ်လမ်းက ကူညီပေးတာပါ” လို့ ဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းရေးမှူး အက်ရှ် ဆစ်ဒစ်က် က ပြောကြားခဲ့ပါတယ်။

    “ဒီဆေးရုံက ပေးအပ်တဲ့ ၀န်ဆောင်မှုကို မွတ်စလင်လူ့အဖွဲ့အစည်းက ကလေးငယ်တွေလည်း ခံစားရပါတယ်။ အသိပညာပေးတာ၊ တိုက်တွန်းအားပေးတာ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်တာတွေလို ပူးပေါင်းမှုတွေကနေတစ်ဆင့် ကျွန်တော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက် အောင်မြင်မှာ ဖြစ်ပါတယ်”

    ကလေးဆေးရုံအကြောင်း အသိပညာပေးတဲ့ လှုပ်ရှားမှုကိုလည်း အလ်-မဒီနာဗလီ တာဝန်ရှိသူတွေက အခြား ဗလီဝတ်ကျောင်းတော်တွေမှာ လုပ်ခဲ့ပြီး လူထုကို ဆေးရုံနဲ့ ဆေးရုံကပေးတဲ့ ၀န်ဆောင်မှုတွေအကြောင်း ရှင်းပြတာ၊ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဆေးရုံအကြီးအကဲ ခရစ် ဘေကာက အလ်-မဒီနာဗလီဝတ်ကျောင်းတော်ရဲ့ ဒီလို ပံ့ပိုးကူညီမှုအတွက် အလွန်ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ သုံးစွဲရတဲ့ ငွေကြေးရဲ့ ၄ ပုံ ၁ ပုံကိုသာ အစိုးရက ထောက်ပံ့တာပါ။ ကျွန်တော်တို့ ၀န်ဆောင်မှုပေးရာမှာ ဒေသခံတွေရဲ့ ကူညီပံ့ပိုးမှုတွေက သိပ်ကို အရေးပါပါတယ်”

    ဆေးရုံရဲ့ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ မန်နေဂျာ ဂျော်ဒန် ရပ်ဆဲလ်က “ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဗလီရှေ့မှာ ကျွန်တော်တို့ ဆေးရုံအကြောင်း လူထုကို သတင်းစကားပါးခဲ့တဲ့ အလ်-မဒီနာဗလီရဲ့ လှုပ်ရှားမှုကို ကျွန်တော့်အနေနဲ့ အရမ်းကျေးဇူးတင်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်တွေ၊ ဘ၀ရှင်သန်ဖို့ အခက်အခဲရှိတဲ့ ကလေးငယ်တွေကို ကူညီပေးဖို့ ကျွန်တော်တို့ ဒီမှာရှိနေတယ်ဆိုတာကို ဒေသခံ ပြည်သူတွေ သိရှိဖို့ လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    Ref: Barking and Dagenham Post

  • ဂျေရုစလင်ကိစ္စ အမေရိကန်၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်ကို လက်မခံဟု OIC ပြော

    ဂျေရုစလင်ကိစ္စ အမေရိကန်၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်ကို လက်မခံဟု OIC ပြော

    ဇွန် ၁၊ ၂၀၁၉
    M-Media

    မက္ကာထိပ်သီးအစည်းအဝေးတွင် တွေ့ရသည့် OIC ခေါင်းဆောင်များ

    -ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် တစ်ဖက်သတ်ကြေငြာတာဟာ ‘တရားမ၀င်တဲ့ တာဝန်ယူမှုမရှိတဲ့ ဆုံးဖြတ်ချက်’ ဖြစ်တယ်လို့ အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ခေါင်းဆောင်တွေ ဆော်ဒီမှာပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    မက္ကာမြို့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲဟာ ဒီကနေ့မှာ ပြီးဆုံးခဲ့တာပါ။ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဂျရုစလင်ကို သံရုံးပြောင်းသွားပြီဖြစ်တဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းထားပြီး၊ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဂျေရုစလင်ကို သံရုံးပြောင်းသွားတဲ့နိုင်ငံတွေကို သင့်လျော်တဲ့ တုန့်ပြန်မှုတွေ ပြုလုပ်ဖို့လည်း ကြေငြာချက်မှာ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

    အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးမူကို အမေရိကန်အပါအ၀င် နိုင်ငံတကာက လက်ခံထားပေမယ့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း
    ကြေငြာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာတော့ အစ္စရေးက အမေရိကန်သံရုံးကို တလ်အဗီးကနေ ဂျေရုစလင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

    နောက်ပိုင်းမှာ ဂွာတီမာလာနိုင်ငံကလည်း သူတို့ရဲ့သံရုံးကို ဂျေရုစလင်မြို့မှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။

    “ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်၊ လွတ်လပ်ပြီး အချုပ်အခြာပိုင်တဲ့ နိုင်ငံတစ်ခုတည်ဆောက်ခွင့်တို့အပါအ၀င် ပါလက်စတိုင်းဟာ သူတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရယူပိုင်ခွင့်ရှိပါတယ်” လို့ OIC ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်ဟာ ပါလက်စတိုင်း-အစ္စရေး ပြဿနာအတွက် အဆိုပြုချက်တစ်ခုကို အခုလနှောင်းပိုင်းမှာ ထုတ်ပြန်ဖို့ ရှိနေပါတယ်။ ဒီအဆိုပြုချက်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံတစ်ခု ပေါ်ပေါက်လာရေးကိစ္စ ပါဝင်မှာမဟုတ်ဘူးလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်ဟာ ဒီကိစ္စမှာ သမာသမတ်ကျတဲ့ ကြားဝင်ဆောင်ရွက်ပေးသူ ဖြစ်လာမှာ မဟုတ်တော့ဘူးလို့ ပါလက်စတိုင်းဖက်က ပြောကြားထားပါတယ်။

    Ref: Aljazeera