News @ M-Media

Author: Ko Lay

  • အေသင်မြို့၏ ပထမဆုံးဗလီ စက်တင်ဘာတွင် ဖွင့်လှစ်မည်

    အေသင်မြို့၏ ပထမဆုံးဗလီ စက်တင်ဘာတွင် ဖွင့်လှစ်မည်

    ဇွန် ၈၊ ၂၀၁၉
    M-Media

    အေသင် ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်း

    − အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ဆောက်လုပ်ထားတဲ့ အေသင်မြို့က ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို လာမယ့် စက်တင်ဘာလမှာ ဖွင့်လှစ်နိုင်တော့မယ်လို့ ဂရိ ပညာရေးနဲ့ သာသနာရေးဝန်ကြီး Kostas Gavroglou က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အေသင်မြို့လယ်ကောင်မှာရှိတဲ့ အဲဒီဗလီဝတ်ကျောင်းတော်ဟာ လွန်ခဲ့တဲ့ ၃ နှစ် လွှတ်တော်က အတည်ပြုပြီးတဲ့နောက်ပိုင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီး Kostas Gavroglou ဟာ သောကြာနေ့က တာဝန်ရှိသူတွေနဲ့အတူ ဆောက်လုပ်ဆဲ ဗလီဝတ်ကျောင်းတော်ကို လာရောက် ကြည့်ရှုခဲ့ပါတယ်။

    “အေသင်ဗလီ ရှေ့ဆောင်အီမာမ်ရဲ့ ပထမဆုံးဝတ်ပြုမှုကို တွေ့ရတော့မယ်ဆိုတော့ သိပ်ကောင်းပါတယ်။ စက်တင်ဘာလောက်မှာ စတင် ၀တ်ပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။

    ကန်ဒေါ်လာ ၁ သန်းနီးပါး ကုန်ကျခဲ့တဲ့ အေသင်က ဒီဗလီဟာ ကမ္ဘ္ဘာပေါ်က တစ်ခြားဗလီဝတ်ကျောင်းတော်တွေလို အမိုးခုံးတွေ၊ ၀တ်ပြုဖို့နှိုးဆော်တဲ့ မျှော်စင်တွေ မပါဝင်ပါဘူး။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုကို ကန့်ကွက်တဲ့အုပ်စုတွေ ရှိခဲ့ပေမယ့် အစိုးရက ပြေလည်အောင် ညှိနှိုင်းပေးနိုင်ခဲ့ပါတယ်။ ဒီဗလီဟာ နှစ်ပေါင်း ၁၈၀ အတွင်း အေသင်မြို့ရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော်ဟာ တစ်ချိန်တည်းမှာ လူပေါင်း ၃၅၀ လောက် ၀တ်ပြုနိုင်မှာပါ။

    ဂရိ သာသနာရေးဝန်ကြီး Kostas Gavroglou က ဗလီဟာ တစ်ဦးပိုင်မဟုတ်ဘဲ အများပိုင်နေရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီနေရာက တစ်ဦးပိုင်နေရာမဟုတ်ဘူး။ ပြည်သူအားလုံး ပိုင်တဲ့နေရာပါ။ လူတစ်ဦး၊ လူတစ်စု ဒါမှမဟုတ် နိုင်ငံခြား တိုင်းပြည်တစ်ခုက ပိုင်ဆိုင်တာမျိုး မဟုတ်ပါဘူး”

    ဂရိတ်အားအေသင် ဒေသမှာ အစ္စလာမ်ဘာသာဝင်ပေါင်း ၃ သိန်းလောက်ရှိပြီး ၂၀၀၇ ခုနှစ်ကတည်းက ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ဖို့ အစိုးရထံ ခွင့်တောင်းခဲ့ပေမယ့် ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်၊ အမျိုးသားရေးအုပ်စုတွေက ကန့်ကွက်တာကြောင့် ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • ဟွာဝေးဖုန်းတွင် ၎င်းတို့၏ app များ အသုံးပြုခွင့်ကို Facebook ပိတ်ပင်

    ဟွာဝေးဖုန်းတွင် ၎င်းတို့၏ app များ အသုံးပြုခွင့်ကို Facebook ပိတ်ပင်

    ဇွန် ၈၊ ၂၀၁၉
    M-Media

    -နောက်ထွက်မယ့် Huawei ဖုန်းတွေမှာ သူတို့ရဲ့ အက်ပလီကေးရှင်းတွေကို ကြိုတင်ထည့်သွင်းခွင့် မပေးတော့ဘူးလို့ Facebook က မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပြီး အမေရိကန်အစိုးရရဲ့ အမည်ပျက်စာရင်းသွင်းမှုကို ခံထားရတဲ့ Huawei ကုမ္ပဏီအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

    စမတ်ဖုန်းရောင်းချသူတွေဟာ Facebook လို လူကြိုက်များတဲ့ အက်ပလီကေးရှင်းတွေကို ကြိုတင်ထည့်သွင်းခွင့်ရနိုင်ရေး ကုမ္ပဏီတွေနဲ့ စီးပွားရေးသဘောတူညီချက်တွေ ရယူထားကြပါတယ်။ ဟွာဝေး ဖုန်းတွေမှာတော့ Twitter နဲ့ Booking.com တွေ အပါအ၀င် အက်ပလီကေးရှင်း တော်တော်များများကို ကြိုတင်ထည့်သွင်းထားလေ့ ရှိပါတယ်။

    Facebook က လက်ရှိ Huawei ဖုန်း ကိုင်ဆောင်ထားသူတွေဟာ Facebook၊ WhatsApp နဲ့ Instagram တို့ကို ဆက်လက်အသုံးပြုခွင့်၊ update လုပ်ခွင့်ရမှာ ဖြစ်ပေမယ့် နောက်ထွက်လာမယ့် Huawei ဖုန်းအသစ်တွေမှာ ထည့်သွင်းခွင့်ရမှာမဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ Twitter Inc က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို၊ Booking.com ကလည်း အကြောင်းမပြန်ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ Huawei ကုမ္ပဏီကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    Huawei ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်က ဒီကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲကာ ပြီးခဲ့တဲ့လမှာ အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီတွေဟာ Huawei နဲ့ အလုပ်ဆက်လုပ်တော့မှာ မဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်။

    လက်ရှိ Huawei ဖုန်း အသုံးပြုနေသူတွေ အဆင်ပြေဖို့အတွက် အမေရိကန်ဟာ Huawei ကုမ္ပဏီအပေါ် ပိတ်ပင်မှုကို သြဂုတ်လအထိ ဆိုင်းငံ့ထားပါတယ်။ Google က ဒီ ဆိုင်းငံ့ကာလ ကုန်သွားရင် သူတို့ရဲ့ Android စနစ်ကို ဆက်လက် ထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ ဒါပေမယ့် ကမ္ဘ္ဘာတစ်ဝှမ်းကို ပို့ဆောင်ခြင်း မပြုရသေးတာတွေ အပါအ၀င် လက်ရှိ ဟွာဝေးဖုန်းမော်ဒေယ်တွေမှာ Playstore နဲ့ Google app အားလုံး အသုံးပြုလို့ရမယ်လို့ ဆိုပါတယ်။

    Facebook ရဲ့ ပိတ်ပင်မှုက Google နဲ့မတူဘဲ မော်ဒယ်အဟောင်းဖြစ်ပေမယ့် စက်ရုံကနေ မထွက်သေးတဲ့ ဖုန်းတွေအပေါ်မှာပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။

    Ref: Reuters

  • လိုင်စင်မရှိဘဲ ၀က်ဝံမွေးသည့် အမျိုးသမီးအဆိုတော်ကို မလေးရှား ဖမ်းဆီးစစ်ဆေး

    လိုင်စင်မရှိဘဲ ၀က်ဝံမွေးသည့် အမျိုးသမီးအဆိုတော်ကို မလေးရှား ဖမ်းဆီးစစ်ဆေး

    ဇွန် ၈၊ ၂၀၁၉
    M-Media

    -၀က်ဝံတစ်ကောင်ကို တရားဝင်လိုင်စင် ရယူထားခြင်းမရှိဘဲ အိမ်မှာမွေးထားတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး အဆိုတော်တစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ မလေးရှားအာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအဆိုတော်ဟာ ကွာလာလမ်ပူမြို့က သူနေတဲ့ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ ၀က်ဝံကို မွေးထားတာပါ။ ပြတင်းပေါက်ကနေ ခေါင်းပြူထွက်ကြည့်တဲ့ ၀က်ဝံကို ပတ်ဝန်းကျင်ကပြည်သူတွေ တွေ့ကာ ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာ လွှင့်တင်တာကနေတစ်ဆင့် ဒီကိစ္စ ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

    မလေးရှား သားရိုင်းတိရစ္ဆာန်နှင့် နိုင်ငံတော်ပန်းခြံများဌာနက ညွှန်ကြားရေးမှူး အဘ်ဒူလ် ကာဒရ် အဘူ ဟာရှင်က လူထုရဲ့ သတင်းပေးမှုကြောင့် ဒီကိစ္စကို သိရှိကာ တိုက်ခန်းအတွင်း ၀င်ရောက်စီးနင်းရာမှာ ၀က်ဝံကို ပိုင်ဆိုင်တယ်ဆိုတဲ့ တရားဝင်အထောက်အထား မတွေ့ရကြောင်း၊ မွေးထားတဲ့ အမျိုးသမီးဟာ အဆိုတော်ဖြစ်ပြီး မျိုးတုန်းမည့်တိရစ္ဆာန်ဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုတော်ရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    အရှေ့တောင်အာရှမှာ အတွေ့များတဲ့ Sun Bear မျိုးနွယ်ဝင် အဲဒီ ၀က်ဝံဟာ အသက် ၆ လအရွယ် ရှိပြီး လက်ရှိမှာတော့ သားရိုင်းတိရစ္ဆာန်ဌာနက ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

    Ref: CNA

  • နည်းပညာသစ်များကို မိတ်ဖက်နိုင်ငံများအား မျှဝေမည်ဟု တရုတ်ပြော

    နည်းပညာသစ်များကို မိတ်ဖက်နိုင်ငံများအား မျှဝေမည်ဟု တရုတ်ပြော

    ဇွန် ၈၊ ၂၀၁၉
    M-Media

    -5G ဆက်သွယ်ရေးကွန်ယက် အပါအ၀င် နိုင်ငံရဲ့ အဆင့်မြင့် နည်းပညာတွေကို မိတ်ဖက်နိုင်ငံတွေဆီ မျှဝေဖို့ အဆင်သင့်ပဲလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီ Huawei ကို အမေရိကန်က ပြီးခဲ့တဲ့လမှာ အမည်ပျက်စာရင်းသွင်းပြီး နည်းပညာတွေ မရောင်းရလို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီကိစ္စအတွက် တရုတ်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ ရှိနေပါတယ်။

    ရုရှားနိုင်ငံ စိန့်ပီတာစဘတ်က စီးပွားရေးဖိုရမ်မှာ ရုရှားသမ္မတ ပူတင်နဲ့အတူ ပါဝင်ခဲ့တဲ့ ရှီက တရုတ်ဟာ နောက်ဆုံးပေါ် နည်းပညာအသစ်အဆန်းတွေ၊ အထူးသဖြင့် 5G နည်းပညာကို မိတ်ဖက်နိုင်ငံတွေထံ မျှဝေဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    5G နည်းပညာကို Huawei ကုမ္ပဏီက ကမ္ဘ္ဘာတစ်ဝှမ်းမှာ ဦးဆောင် ဖြန့်ကျက်ဖို့ စီစဉ်နေပြီး အခုတစ်ပတ်အစောပိုင်းမှာ ရုရှားက Huawei နဲ့ ပူးပေါင်းကာ 5G ကွန်ယက် တည်ဆောက်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယူကေ အပါအ၀င် ဥရောပက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တော်တော်များများကလည်း 5G ကွန်ယက်အတွက် Huawei နဲ့ ပူးပေါင်းဖို့ စီစဉ်နေပါတယ်။ ဒီလိုလုပ်ရင်
    မိမိတို့နဲ့ ဆက်ဆံရေး ထိခိုက်လိမ့်မယ်လို့ အမေရိကန်က မဟာမိတ်နိုင်ငံတွေကို သတိပေးထားပါတယ်။

    ရှီက တရုတ်ဟာ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုကို အခြေခံပြီး မိတ်ဖက်နိုင်ငံတွေနဲ့ အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်သွားချင်တယ်လို့လည်း မနေ့က ဖိုရမ်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် ရောင်းချမှု ရပ်ဆိုင်းမည်ဟု တူရကီကို အမေရိကန်အသိပေး

    နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် ရောင်းချမှု ရပ်ဆိုင်းမည်ဟု တူရကီကို အမေရိကန်အသိပေး

    ဇွန် ၈၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်ကိစ္စကို ရှေ့ဆက်တိုးမယ်ဆိုရင် F-35 တိုက်လေယာဉ်တွေ ရောင်းချမယ့်အစီအစဉ်ကို ပယ်ဖျက်သွားမယ်လို့ အမေရိကန် ခေတ္တ ကာကွယ်ရေးဝန်ကြိး ပက်ထရစ် ရှာနာဟန်က တူရကီကို အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

    F-35 ရောင်းချရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် တူရကီတိုက်လေယာဉ်မှူးတွေကို အမေရိကန်က လေ့ကျင့်သင်ကြားပေးနေပါတယ်။ ရှာနာဟန်ရဲ့ စာမှာ လေ့ကျင့်ပေးတဲ့ အဒီအစဉ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ရပ်ဆိုင်းမှာဖြစ်ပြီး တူရကီလေယာဉ်မှူးတွေအားလုံး အဲဒီနေ့ နောက်ဆုံးထာကာ တိုင်းပြည်က ထွက်ခွာရမယ်လို့လည်း ဖော်ပြထားပါတယ်။

    နှစ်ကုန်ပိုင်းမှာ F-35 တိုက်လေယာဉ်မောင်း လေ့ကျင့်ရေးအတွက် တူရကီကျောင်းသား ၃၄ ဦး အမေရိကန်ကို လာရောက်မယ့်အစီအစဉ်လည်း ပျက်ပြယ်မှာ ဖြစ်ပါတယ်။

    ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်အစီအစဉ်ဟာ နေတိုးအဖွဲ့မှာ တူရကီရဲ့ ပါဝင်မှု၊ တူရကီရဲ့ စီးပွားရေးတို့ကို ထိခိုက် ပျက်ဆီးစေမှာဖြစ်ပြီး ရုရှားအပေါ် အလွန်အမင်း မှီခိုရမှုလည်း ဖြစ်သွားစေနိုင်တယ်လို့ ရှာနာဟန်ရဲ့ စာထဲမှာ သတိပေးခဲ့ပါတယ်။

    S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်ကိစ္စအတွက် မေရိကန်နဲ့ တူရကီတို့ဟာ ပြီးခဲ့တဲ့လ အနည်းငယ်ကတည်းက တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က တူရကီအနေနဲ့ ဒီဒုံးခွင်းစနစ်ကို ၀ယ်မယ်ဆိုရင် သူတို့ထံကနေ F-35 တိုက်လေယာဉ်ကို ရရှိမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

    ရုရှားက ဒုံးခွင်းစနစ်ကို တူရကီထံ မကြာခင်မှာ ပို့ဆောင်သွားမှာဖြစ်ပြီး အားလုံး အစီအစဉ်အတိုင်း အဖြစ်နေတယ်လို့လည်း မနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera