News @ M-Media
Author: Ko Lay
  • တစ်ကျော့ပြန် အီဘိုလာကြောင့် ကွန်ဂိုတွင် သေဆုံးသူ တစ်ထောင်ကျော်ပြီ
    တစ်ကျော့ပြန် အီဘိုလာကြောင့် ကွန်ဂိုတွင် သေဆုံးသူ တစ်ထောင်ကျော်ပြီ
    မေ ၄၊ ၂၀၁၉
    M-Media
    -တစ်ကျော့ပြန်ဖြစ်ပွားတဲ့ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်ရှိပြီလို့ အာဖရိကတိုက် ကွန်ဂိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
    ကွန်ဂိုမှာပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက အီဘိုလာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
    ရောဂါကူးစက်နေသူတွေထဲက ၁၄ ဦး သောကြာနေ့မှာ ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၀၀၈ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်နေသူ ၁၄၅၀ က တစ်ထောင်ကျော် သေဆုံးခဲ့တာပါ။
    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကုန်ဆုံးခဲ့တဲ့ သီတင်းတစ်ပတ်တာ ကာလအတွင်း အီဘိုလာ နောက်ထပ် ကူးစက်မှု အရေအတွက်ဟာ ၁၂၆ ဦးအထိ ရှိလာတာကြောင့် သောကြာနေ့မနက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးခဲ့ပါတယ်။
    ကွန်ဂိုကျန်းမာရေးန်ဝကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီဘိုလာကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လက်နက်ကိုင်တွေက တိုက်ခိုက်တာ၊ ကုသမှုကို နှောက်ယှက်တာကြောင့် ကူးစက်သူ အရေအတွက် တိုးမြင့်လာရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ကွန်ဂိုမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ အီဘိုလာကာကွယ်ဆေး လိုက်လံထိုးနှံပေးနေပြီး ယနေ့အချိန်အထိ လူ တစ်သိန်းတစ်သောင်းနီးပါး ကာကွယ်ဆေး ထိုးထားပါတယ်။ ကာကွယ်ဆေးဟာ စမ်းသပ်ဆဲအဆင့်မှာသာ ရှိပေမယ့် ၉၇.၅ ရာခိုင်နှုန်းလောက် အောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ်။
    အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂီရီ၊ ဆီရာလီယိုနီနဲ့ လိုက်ဘေးရီးယားတို့မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အီဘိုလာကူးစက်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက် အာဖရိကမှာ အီဘိုလာကြောင့်သေဆုံးမှု ဒုတိယမြောက်အများဆုံး ဖြစ်ပါတယ်။
    Ref: Aljazeera
  • ဘာရိန်းနှင့် ယူအေအီးကို အမေရိကန်က ဒေါ်လာ သန်း ၆၀၀၀ ဖိုး လက်နက်ရောင်းမည်
    ဘာရိန်းနှင့် ယူအေအီးကို အမေရိကန်က ဒေါ်လာ သန်း ၆၀၀၀ ဖိုး လက်နက်ရောင်းမည်
    ပက်ထရီယော့ ဒုံးခွင်းစနစ်
    မေ ၄၊ ၂၀၁၉
    M-Media
    -ဘာရိန်းနဲ့ ယူအေအီးနိုင်ငံတွေကို ကန်ဒေါ်လာ ၆ ဘီလီယံဖိုး လက်နက်ရောင်းဖို့အတွက် အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
    Patriot ဒုံးခွင်းစနစ်နဲ့ ဆက်စပ်ပစ္စည်းအပါအ၀င် ဘာရိန်းက လက်နက် ဒေါ်လာ သန်း ၂၅၀၀ နီးပါးဖို့ ၀ယ်ယူမှာပါ။ ဘာရိန်းက ၀ယ်ယူမယ့် လက်နက်တွေထဲမှာ Patriot ဒုံးခွင်းစနစ်မှာ အသုံးပြုလို့ရပြီး လေယာဉ်နဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်ချလို့ရတဲ့ MIM-104E ပဲ့ထိန်းဒုံးကျည်၊ 32 AIM-9X ဒုံးကျ၊ည်၊ 20 AGM-84 Block II Harpoon ဒုံးကျည်၊ F16 တိုက်လေယာဉ်တွေအတွက် အဆင့်မြှင့်တင်ရေးပစ္စည်းတွေနဲ့ အခြားလက်နက်ခဲယမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
    ယူအေအီးကတော့ Patriot ဒုံးခွင်းစနစ်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဒေါ်လာ သန်း ၂၇၀၀ ကျော်ဖိုး ၀ယ်ယူမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ဒီရောင်းချမှုကို အတည်ပြုပေးဖို့အတွက် လွှတ်တော်ကို တင်ထားပါတယ်။
    ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ဆော်ဒီကို THAAD ဒုံးခွင်းစနစ် ရောင်းချဖို့အတွက် အမေရိကန်က သဘောတူခဲ့ပါတယ်။
    Ref: Alarabiya
  • ကိုယ်အင်္ဂါအစားထိုးကုသမှုအတွက် ဒရုန်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ အသုံးပြုနိုင်
    ကိုယ်အင်္ဂါအစားထိုးကုသမှုအတွက် ဒရုန်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ အသုံးပြုနိုင်
    မေ ၂၊ ၂၀၁၉
    M-Media
    ကျောက်ကပ်ပို့ဆောင်သည့် မြင်ကွင်း
    – အမေရိကန်ပြည်ထောင်စု မေရီလန်းတက္ကသိုလ်က ဆေးရုံမှာ လူနာတစ်ဦး ကျောက်ကပ် အစားထိုးကုသမှုအတွင်း ဒရုန်းနဲ့ ကျောက်ကပ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ ဆေးပညာသမိုင်းမှာ အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုအတွက် ပထမဆုံးအကြိမ် လူမဲ့ယာဉ်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
    ဒီအောင်မြင်မှုကို မေရီလန်းတက္ကသိုလ်က ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အစားထိုးမယ့်ကျောက်ကပ်ကို ဘယ်လောက်ဝေးတဲ့နေရာက၊ အချိန်ဘယ်လောက်အတွင်း ဒရုန်းနဲ့ ပို့ဆောင်ခဲ့လဲဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။
    ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသရမှာ တစ်ချို့အစိတ်အပိုင်းတွေဟာ အချိန်အနည်းငယ်သာ အထားခံတာကြောင့် ခွဲစိပ်ခန်းကို အချိန်မီရောက်အောင်
    ပို့ဆောင်နိုင်ရေးဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ဒရုန်းတွေကို အသုံးပြုခြင်းအားဖြင့် ပို့ဆောင်ရာမှာ အချိန်ကြန့်ကြာမှုနဲ့ အခြား ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
    ဒါ့အပြင် ဒရုန်းတွေဟာ အပူချိန်လို ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအတွက် အရေးပါတဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်ပါတယ်။ မေရီလန်းတက္ကသိုလ်က အသုံးပြုခဲ့တဲ့ ဒရုန်းဟာ ပန်ကာနဲ့ ဘတ္တရီအပိုတွေ ပါဝင်သလို မတော်တဆ ပြုတ်ကျတာမျိုးဖြစ်ရင် အသုံးပြုနိုင်မယ့် လေထီးငယ်တစ်ခုလည်း ပါဝင်ပါတယ်။
    ခွဲစိပ်မှုမှာ ပါဝင်ခဲ့တဲ့ ပါမောက္ခ ဒေါက်တာ ဂျိုးဆက်ပ် စကာလီယာက အခုလို ဒရုန်းတွေကို အသုံးပြုနိုင်ခြင်းအားဖြင့် အပြင်မှာ ကြာကြာထားလို့မရတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ အစားထိုးကုသမှုကို ပိုမိုလုပ်ဆောင်လာနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒါဟာ အင်္ဂါအစိတ်ပိုင်းတွေအတွက် Uber ပါပဲ”
    အမှန်တကယ် အသုံးမပြုခင် ၄၄ ကြိမ်၊ နာရီပေါင်း ၇၀၀ ကျော် စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
    ကျောက်ကပ်အစားထိုးကုသူဟာ ဘာလ်တီမိုးမြို့က သူနာပြုတစ်ဦးဖြစ်ပြီး ပုံမှန် ကျောက်ကပ်ဆေးမှုကို ၈ နှစ်တာ ပြုလုပ်ခဲ့ရပြီးတဲ့နောက် အစားထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
    Ref: Business Insider
  • မလေးရှားတရားသူကြီးတစ်ဦး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တရားသူကြီးချုပ် ဖြစ်လာ
    မလေးရှားတရားသူကြီးတစ်ဦး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တရားသူကြီးချုပ် ဖြစ်လာ
    မေ ၂၊ ၂၀၁၉
    M-Media
    ဒါတွတ် တန်ကူ မိုင်မွန် တူအန် မတ်
    – ပြည်ထောင်စု တရားသူကြီး ဒါတွတ် တန်ကူ မိုင်မွန် တူအန် မတ်ကို တရားသူကြီးချုပ်အဖြစ် မလေးရှားက ဒီကနေ့မှာ ခန့်အပ်လိုက်ပြီး မိုင်မွန်ဟာ မလေးရှားရဲ့ ပထမဆုံး အမျိုးသမီးတရားသူကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
    တရားသူကြီးချုပ်ဟောင်းဖြစ်တဲ့ တန်ဆရီ ရစ်ချက် မာလန်ဂျွန်ရဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးအထူးတင်ရှိတယ်လို့လည်း ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ မာလန်ဂျွန်ဟာ တရားရေးနယ်ပယ်မှာ ၂၇ နှစ်တာ ကျင်လည်ခဲ့ပြီးနောက် အငြိမ်းစားယူသွားပြီ ဖြစပါတယ်။
    မာလန်ဂျွန်ဟာ နိုင်ငံရဲ့ တရားသူကြီးချုပ်ရာထူးကို ရရှိခဲ့တဲ့ ပထမဆုံး ဆာဘားတိုင်းရင်းသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသက် ၆၆ နှစ်ပြည့်တဲ့အချိန် သက်ပြည့်ပင်စင်ယူဖို့ စီစဉ်ခဲ့ပေမယ့် အခုနှစ် မေလအထိ နောက်ထပ် ၆ လ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
    အသက် ၆၀ ရှိပြီဖြစ်တဲ့ မိုင်မွန်ဟာ ၂၀၀၆ ခုနှစ်က ကွာလာလမ်ပူ အထက်တရားရုံးမှာ ကော်မရှင်နာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ အထက်တရားရုံး တရားသူကြီး၊ ၂၀၁၃ ခုနှစ်မှာ အယူခံတရားရုံး တရားသူကြီး၊ ၂၀၁၈ ခုနှစ်မှာ တရားရုံးချုပ် တရားသူကြီးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
    Ref: The Star