News @ M-Media

Author: Ko Lay

  • ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်မည်ဟု အီရန် ပြော

    ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်မည်ဟု အီရန် ပြော

    အီရန်သမ္မတ ဟာဆန် ရူဟာနီ

    မေ ၉၊ ၂၀၁၉
    M-Media

    -၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်ပါ ကတိက၀တ်တွေကို ကမ္ဘာ့နိုင်ငံတွေက မလိုက်နာတော့ဘူးဆိုရင် မိမိတို့အနေနဲ့ ယူရေနီယံ သန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတ ဟာဆန် ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရန်အနေနဲ့ ယူရေနီယံသန့်စင်ရေးလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းဖို့နဲ့ အပြန်အလှန်အားဖြင့် စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အမေရိကန်အပါအ၀င် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ဟာ အီရန်နဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က အီရန်ဟာ သဘောတူညီချက်အတိုင်း လိုက်နာလုပ်ဆောင်နေတယ်လို့ ပြောပေမယ့် အမေရိကန်က ပြီးခဲ့တဲ့နှစ် မေလမှာ စာချုပ်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

    မနေ့က ရုပ်သံကတစ်ဆင့်ပြောကြားတဲ့မိန့်ခွန်းမှာ အီရန်သမ္မတ ရူဟာ နီက အီရန် ရေနံနဲ့ ဘဏ်လုပ်ငန်းအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိက၀တ်တွေကို စာချုပ်မှာ ကျန်ရှိနေတဲ့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှားတို့က အကောင်အထည်ဖော်ဖို့ ရက်ပေါင်း ၆၀ အချိန်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြည့်ဝယူရေနီယံ ရရှိအောင် သန့်စင်မှုမလုပ်ဘူးဆိုတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ပါ ကတိက၀တ်ကို အီရန်က လိုက်နာတော့မှာ မဟုတ်ဘူးလို့လည်း ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “စာချုပ်ပါ နိုင်ငံတွေအနေနဲ့ နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း ကတိက၀တ်တွေကို ဆက်လက်လိုက်နာပြီး အီရန်ရဲ့ အကျိုးစီးပွား အန္တရာယ်ကင်းအောင် မဆောင်ရွက်ပေးဘူးဆိုရင် အီရန်က နောက်ထပ် လုပ်ဆောင်စရာရှိတာတွေ ဆက်လုပ်သွားမှာပါ။ နှစ်ဖက်စလုံး အမြတ်ထွက်နိုင်မယ့် အခြေအနေမျိုးကို အီရန်က လက်ခံသွားမှာ ဖြစ်ပါတယ်”

    Ref : Aljazeera

  • ပါကစ္စတန်ရှိ နာမည်ကျော် ဆူဖီဂူဗိမာန်တစ်ခု တိုက်ခိုက်ခံရ

    ပါကစ္စတန်ရှိ နာမည်ကျော် ဆူဖီဂူဗိမာန်တစ်ခု တိုက်ခိုက်ခံရ

    တိုက်ခိုက်မှုအပြီး မြင်ကွင်း

    မေ ၈၊ ၂၀၁၉
    M-Media

    -ပါကစ္စတန်နိုင် ငံ လာဟိုးရ်မြို့က နာမည်ကျော် မွတ်စလင်သူတော်စဉ်တစ်ဦးရဲ့ ဂူဗိမာန်အပြင်ဘက်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    Data Darbar ဂူဗိမာန်အရှေ့က ရဲကားကို ပစ်မှတ်ထား ဗုံးခွဲခဲ့တာဖြစ်ပြီး သေဆုံးသူ ၈ ဦးမှာ ၅ ဦးက ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၅ ဦးက စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အာရစ်ဖ် နာဝဇ်က လက်လုပ်ဗုံးနဲ့ တိုက်ခိုက်တာ၊ ဒါမှမဟုတ် အသေခံဗုံးခွဲတာ ဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Data Darbar ဂူဗိမာန်ဟာ အိန္ဒိယတိုက်ငယ်မှာ ကြည်ညိုလေးစားခြင်းခံရတဲ့ ဆူဖီသူတော်စင် အဘူ ဟာဆန် အလီ ဟဂ်ျဗီရီရဲ့ ရုပ်ကလပ်ကို မြှုပ်နှံထားရာနေရာဖြစ်ပြီး ပါကစ္စတန်နိုင်ငံရဲ့ နာမည်ကျော် ဂူဗိမာန်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဗိမာန်ကို လာရောက်ကာ ဆူဖီသူတော်စဉ်ကို အမှီသဟဲပြု ဆုတောင်းသူတွေ နေ့စဉ်နဲ့အမျှ ရှိနေပြီး ရမ်ဇာန်ဥပုသ်လမှာ လာရောက်သူ အရေအတွက်ဟာ သိသိသာသာ မြင့်တက်လေ့ ရှိပါတယ်။

    ပါကစ္စတန်ဟာ ၂၀၀၇ ခုနှစ်ကတည်းက စတင်ကာ ‘ပါကစ္စတန်တာလီဘန်အဖွဲ့’ (TTP) ရဲ့ တိုက်ခိုက်မှုဒဏ်ကို အလူးအလဲ ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်အတွင်း စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်ဆောင်အပြီးမှာတော့ TTP ရဲ့ တိုက်ခိုက်မှုတွေက သိသိသာသာ လျော့ကျခဲ့ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ IS အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ပါကစ္စတန်က ထပ်မံ ခံစားလာခဲ့ရပါတယ်။ IS အဖွဲ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ သမိုင်းဝင်နေရာတွေ၊ အထွဋ်အမြတ်ထားရာ နေရာတွေ၊ နိုင်ငံအတွင်းက ဘာသာရေး လူနည်းစုတွေကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

    ဒီကနေ့မနက် Data Darbar ဂူဗိမာန်က တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတာကို မသိရသေးပါဘူး။

    ၂၀၁၀ ခုနှစ်ကလည်း Data Darbar ဂူဗိမာန်မှာ အသေခံတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄၂ ဦး သေဆုံးကာ၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန်သမိုင်းတစ်လျှောက် ဆူဖီသူတော်စဉ်တွေရဲ့ ဂူဗိမာန်ကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။

    Ref: Aljazeera

  • တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အင်ဒိုကြေငြာ

    တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အင်ဒိုကြေငြာ

    မေ ၅၊ ၂၀၁၉
    M-Media

    -မိမိတို့ရေပိုင်နက်မှာရှိနေတဲ့ တရားမ၀င် ငါးဖမ်းသင်္ဘောတွေကို နှစ်မြှုပ်သွားတော့မယ်လို့ အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပြီး တောင်တရုတ်ပင်လယ်အနီးမှာ အင်ဒိုရေတပ်ကို ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့က နှောက်ယှက်ခဲ့ပြီးတဲ့နောက် ဒီတုန့်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ဗီယက်နမ်၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေက အပါအ၀င် တရားမ၀င် နိုင်ငံခြား ငါးဖမ်းသင်္ဘော ၅၁ စီးလောက် ရှိနေပြီး လာမယ့် သီတင်းနှစ်ပတ်အတွင်း နှစ်မြှုပ်သွားမယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောပါတယ်။ စနေနေ့က ကလီမန်တန်ပြည်နယ်မှာ ငါးဖမ်းသင်္ဘော တစ်ဒါဇင်ကျော်ကို နှစ်မြှုပ်ခဲ့ပါတယ်။

    အင်ဒိုနီးရှား ငါးလုပ်ငန်းဝန်ကြီး ဆူဆီ ပူဂျီယက်စ်တူတီက မိမိတို့နိုင်ငံဟာ တရားမ၀င် ငါးဖမ်းလုပ်ငန်းတွေကို ပြတ်ပြတ်သားသား နှိမ်နှင်းတယ်ဆိုတာ အိမ်နီးချင်းနိုင်ငံတွေကို သတိပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့မှာ တစ်ခြားနည်းလမ်းမရှိဘူး။ နှစ်မြှုပ်ပစ်တာက ကျွန်မတို့တိုင်းပြည်အတွင်း အသင့်လျော်ဆုံး နည်းလမ်းပါ။ ဒါပေမယ့် တစ်ခြားနိုင်ငံတွေအတွက်တော့ ကြောက်စရာ ဖြစ်နေမှာပေါ့”

    နိုင်ငံရဲ့ ဥပဒေတွေအားနည်းမှုကြောင့် နိုင်ငံခြားငါးဖမ်းသင်္ဘောတွေဟာ အင်ဒိုနီးရှားရေပိုင်နက်မှာ ၀င်ရောက် ငါးဖမ်းမှုတွေ ရှိနေပြီး တိုင်းပြည်ရဲ့စီးပွားရေး အကြီးအကျယ် ဆုံးရှုံးနေတယ်လို့လည်း ၀န်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် သမ္မတ ဂျိုကို ၀ီဒိုဒို အာဏာရပြီးနောက်ပိုင်း အင်ဒိုနီးရှားဟာ တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောတွေကို နှစ်မြှုပ်ခဲ့ပြီး တစ်ဝက်ကျော်ကျော်လောက်က ဗီယက်နမ်ငါးဖမ်းသင်္ဘောတွေ ဖြစ်ပါတယ်။

    ဒီလိုနှစ်မြှုပ်မှုကို အင်ဒိုနီးရှားက လနဲ့ချီ ရပ်ဆိုင်းထားခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ အင်ဒိုနီးရှားရေတပ်တို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်က တရားမ၀င် ငါးဖမ်းသင်္ဘောတစ်စီးကို ဖမ်းဆီးဖို့ကြိုးစားစဉ်မှာ ဗီယက်နမ် ကမ်းခြေစောင့် မော်တော်ဘုတ်တစ်စင်းက ၀င်ရောက်နှောက်ယှက်ခဲ့တာပါ။

    အင်ဒိုနီးရှား ငါးဖမ်လုပ်ငန်းဝန်ကြီး ဆူဆီ ပူဂျီယက်စ်တူတီက မိမိတို့အနေနဲ့ ပြတ်ပြတ်သားသားအရေးမယူရင် ဒီလို အတင့်ရဲမှုတွေ ပိုမိုဖြစ်လာမှာဖြစ်ပြီး၊ တစ်ချိန်ကျရင် အခုထပ်ဆိုးတဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမယ့်အတွက် အရေးယူရတာ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: CNA

  • Fortune မဂ္ဂဇင်း၏ ကမ္ဘာ့ခေါင်းဆောင် ၅၀ စာရင်းတွင် မဟာသီယာ မိုဟာမက် ပါဝင်

    Fortune မဂ္ဂဇင်း၏ ကမ္ဘာ့ခေါင်းဆောင် ၅၀ စာရင်းတွင် မဟာသီယာ မိုဟာမက် ပါဝင်

    မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်

    မေ ၅၊ ၂၀၁၉
    M-Media

    – Fortune မဂ္ဂဇင်းက ရွေးချယ်ထုတ်ပြန်တဲ့ ကမ္ဘာ့အကြီးအကျယ်ဆုံး ခေါင်းဆောင် ၅၀ စာရင်းထဲမှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ပါဝင်လာပါတယ်။

    မဟာသီဟာ အဆင့် ၄၇ မှာရှိနေပြီး Fortune က အသက် ၉၃ နှစ်မှာ ‘ထူးထူးခြားခြား သမိုင်းမှတ်တိုင်သစ် ရေးထိုးနိုင်ခဲ့သူ’ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    မဟာသီဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မလေးရှားကို အရှေ့တောင်အာရှမှာ စီးပွားရေးကျားတစ်ကောင်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးလောကကနေ အနားယူသွားပေမယ့် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

    Fortune က မဟာသီဟာ ခြစားမှုတိုက်ဖျက်ရေး ကြွေးကျော်သံနဲ့ ထူးထူးခြားခြား ရွေးကောက်ပွဲအောင်နိုင်မှုကို ရခဲ့ကြောင်း၊ တိုင်းပြည်ရဲ့ အသင်းအဖွဲ့တွေတိုင်းမှာ အမြစ်တွယ်နေတဲ့ ခြစားမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေကြောင်း၊ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ကို ခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုထားကြောင်း၊ နိုင်ငံပိုင်လုပ်ငန်း 1MDB က ပျောက်ဆုံးသွားတဲ့ ဒေါ်လာ ဘီလီယံများစွာကို ပြန်ရအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

    “မဟာသီနဲ့ သူ့ရဲ့ပါတီဟာ လက်ရှိမှာ တိုင်းပြည်ရဲ့ လွတ်လပ်တဲ့ တရားရေးစနစ်၊ စာနယ်ဇင်း လွတ်လပ်ခွင့်တို့ကို ကာကွယ်ဖို့ ဆောင်ရွက်နေပြီး ရိုးသားတဲ့ ဒီမိုကရေစီကို အသိအမှတ်ပြုကာ ထိန်းသိမ်းနေပါတယ်” လို့ Fortune က ရေးသားခဲ့ပါတယ်။

    Fortune ရဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ခေါင်းဆောင် ၅၀ စာရင်းထဲမှာ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်၊ သန်းကြွယ်သူဌေး ဘီလ်ဂိတ်နဲ့ သူ့ဇနီး မီလင်ဒါ ဂိတ်၊ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ သူ့ရဲ့ဇနီး မဂ်ဟန် မာကဲလ်တို့အပါအ၀င် ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်တွေ ထင်ပေါ်ကျော်ကြားသူတွေ ပါဝင်ပါတယ်။

    Ref: The Star

  • ဂါဇာကမ်းမြှောင်တွင် အစ္စရေးနှင့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ခိုက်မှုဖြစ်

    ဂါဇာကမ်းမြှောင်တွင် အစ္စရေးနှင့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ခိုက်မှုဖြစ်

    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားသည့် ဂါဇာမှ လူနေအိမ်ယာ

    မေ ၅၊ ၂၀၁၉
    M-Media

    -ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ ဟားမက်စ်နဲ့ အစ္စရေးတို့ရဲ့ ၂ ရက်တာ အပြန်အလှန် ပစ်ခတ်လိုက်မှုတွေဟာ အရှိန်မြင့်လာနေပြီး ဂါဇာကမ်းမြှောင်မှာ သေဆုံးသူ အရပ်သားအရေအတွက်လည်း မြင့်တက်လာပါတယ်။

    အစ္စရေး မီဒီယာတွေက ဂါဇာကမ်းမြှောင်က တိုက်ခိုက်ရေးသမားတွေဟာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဒုံးကျည်ပေါင်း ၄၀၀ လောက် အစ္စရေးတောင်ပိုင်းကို ပစ်လွှတ်ခဲ့ပြီး ၂၅၀ ကို အစ္စရေးရဲ့ Iron Dome ဒုံးခွင်းစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

    ဂါဇာမှာရှိတဲ့ အစိုးရပြန်ကြားရေးရုံးက အစ္စရေး တိုက်လေယာဉ်တွေဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ လောက် ပြုလုပ်ခဲ့ပြီး လူနေအဆောက်အဦးတွေ၊ ဗလီတွေ၊ ဈေးဆိုင်တွေနဲ့ မီဒီယာအဆောက်အဦးတွေအပါအ၀င် အရပ်ဖက်ပစ်မှတ် ၂၀၀ လောက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

    အစ္စရေးတိုက်လေယာဉ်တွေနဲ့ ရေတပ်သင်္ဘောတွေဟာ ဒီကနေ့မှာလည်း ဂါဇာကမ်းမြှောင်ကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ တိုက်ခိုက်မှုကြောင့် တနင်္ဂနွေနေ့မှာ သေဆုံးခဲ့တဲ့ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၅ ဦးရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး
    တစ်ဦးနဲ့ သူမရဲ့ အသက် ၁ နှစ်အရွယ် တူမတို့ ပါဝင်ပါတယ်။

    စနေနေ့ညက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက် ၂၂ နှစ် အရွယ် အီမဒ် နက်စ်အီရ်နဲ့ အသက် ၂၅ နှစ်အရွယ် ခါလစ် အဘူ ကာလီက်တို့ သေဆုံးခဲ့ပါတယ်။ အစ္စရေးကို တိုက်ခိုက်မှုလုပ်နေတဲ့ အစ္စလာမ့်မစ်ဂျီဟတ်အဖွဲ့က စနေနေ့မှာ သူတို့ တပ်ဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် မဟ်မူဒ် အီဆာနဲ့ အသက် ၂၃ နှစ်အရွယ် ဖောင်ဇီ ဘာဝါဒီတို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    သောကြာနေ့ကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲက ၂ ဦးဟာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူတွေ နေရပ်ပြန်ရေး ရည်ရွယ်တဲ့ Great March of Return ဆန္ဒပြမှုမှာ ပါဝင်တဲ့ အရပ်သားတွေဖြစ်ပြီး အခြား ၂ ဦးက ဟားမက်စ်အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

    ဂါဇာကပစ်လွှတ်တဲ့ ဒုံးကျည်ကြောင့် အစ္စရေးမှာ သေဆုံးသူအရေအတွက် ၃ ဦး ရှိနေပါတယ်။

    ဂါဇာကမ်းမြှောင်မှာရှိတဲ့ အကြမ်းဖက်သမားတွေကို အင်အားအကြီးအကျယ်သုံးပြီး တိုက်ခိုက်ဖို့အတွက် စစ်တပ်ကို အမိန့်ပေးထားတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဟားမက်စ်အဖွဲ့နဲ့ အစ္စလာမ့်မစ် ဂျီဟတ်အဖွဲ့တို့ ပေါင်းထားတဲ့ Joint Operations Room စစ်ဆင်ရေးအဖွဲ့က အစ္စရေးအနေနဲ့ ဂါဇာကို ကျူးကျော် တိုက်ခိုက်မှုတွေ ဆက်လုပ်နေရင် မိမိတို့ကလည်း ထပ်မံ လက်တုန့်ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလသမဂ္ဂရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူး ညှိနှိုင်းဆွေးနွေးရေးမှူး နီကိုလေး မာလ်ဒီနော့ဗ်က တိုက်ခိုက်မှုမှာ ပါဝင်သူအားလုံး တင်းမာမှုလျှော့ချပြီး ပြီးခဲ့တဲ့လအနည်းက ရခဲ့တဲ့ သဘောတူညီချက်အတိုင်း ဆက်သွားကြဖို့ ဒီကနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

    ဟားမက်စ်အုပ်စိုးတဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးနဲ့ အီဂျစ်တို့က ၂၀၀၇ ခုနှစ်ကနေစတင်ပြီး ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

    ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစလို့ အစ္စရေးဟာ ဂါဇာကို ၃ ကြိမ်တိုင်တိုင် အကြီးအကျယ် ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ထောင်ချီ သေဆုံးကာ အခြေခံအဆောက်အဦး တော်တော်များများ ပျက်ဆီးခဲ့ပါတယ်။

    ကုလက အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့မှုတွေ၊ အစ္စရေးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် ဂါဇာဟာ ၂၀၂၀ ခုနှစ်ရောက်ရင် လူနေလို့မရတဲ့ နေရာတစ်ခု ဖြစ်လာမယ်လို့ သတိပေးထားပါတယ်။

    Ref: Aljazeera