News @ M-Media
Author: Ko Lay
  • ၀ရမ်းပြေးလုပ်ငန်းရှင်၏ ဇိမ်ခံရွက်လှေကို မလေးရှားက ရောင်းချ၍ ပြည်သူ့ဘဏ္ဍာထဲထည့်မည်
    ဧပြီ ၄၊ ၂၀၁၉
    M-Media
    – နိုင်ငံပိုင် 1MDB လုပ်ငန်းက ပျောက်ဆုံးသွားတဲ့ ရန်ပုံငွေတွေနဲ့ ၀ယ်ယူထားတယ်လို့ သံသယရှိတဲ့ ဇိမ်ခံရွက်လှေကို မလေးရှားအစိုးရက ပြည်တွင်းကုမ္ပဏီတစ်ခုထံ ကန်ဒေါ်လာ ၁၂၆ သန်းနဲ့ ရောင်းချဖို့ စိစဉ်နေပါတယ်။
    Equanimity လို့ အမည်ပေးထားတဲ့ အဲဒီရွက်လှေမှာ ရေကူးကန်၊ ရဟတ်ယာဉ်ကွင်းနဲ့ ရုပ်ရှင်ရုံတွေ ပါဝင်ပြီး မလေးရှားစီးပွားရေးလုပ်ငန်းရှင် လိုတက်ဂျိုက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ သူဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အစိုးရနဲ့ပေါင်းကာ 1MDB လုပ်ငန်းက ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး လက်ရှိမှာ ထွက်ပြေးနေပါတယ်။
    Equanimity ကို ကန်ဒေါ်လာ သန်း ၂၅၀ နဲ့ ၀ယ်ယူခဲ့တာဖြစ်ပြီး အဲဒီငွတွေဟာ 1MDB က ငွေတွေဖြစ်တယ်လို့ ပြောကြားမှုတွေ ရှိနေတာပါ။ မလေးရှားအစိုးရသစ်က ဒီရွက်လှေကို ပြီးခဲ့တဲ့နှစ်မှာ အင်ဒိုနီးရှားကနေ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
    မလေးရှားရှေ့နေချုပ် တော်မီ သောမတ်စ်က ကေမန်ကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ဒီရွက်လှေကို Genting Malaysia စီးပွားရေးလုပ်ငန်းစုထံ ရောင်းချသွားတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ Genting Malaysia လုပ်ငန်းဟာ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေနဲ့ နိုင်ငံရဲ့ ပထမဆုံး လိုင်စင်ရ ကာစီနိုလောင်းကစားလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
    “ဇိမ်ခံရွက်လှေ Equanimity ကို ကန်ဒေါ်လာ ၁၂၆ သန်းနဲ့ Genting Malaysia လုပ်ငန်းကို ရောင်းချတော့မှာဖြစ်ကြောင်း ကြေငြာလိုပါတယ်” လို့ ရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ၅ လ ရွက်လှေကို သိမ်းဆည်းပြီးကတည်းက ဒီရွက်လှေကိုဝယ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပြီး Geting Malaysia ကပေးတဲ့ဈေးဟာ အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
    Ref: Arab News
  • မွတ်စလင်သမိုင်းအမွေအနှစ်စင်တာသို့ ဗြိတိသျှအိမ်ရှေ့မင်းသား သွားရောက်လည်ပတ်
    မွတ်စလင်သမိုင်းအမွေအနှစ်စင်တာသို့ ဗြိတိသျှအိမ်ရှေ့မင်းသား သွားရောက်လည်ပတ်
    ဧပြီ ၄၊ ၂၀၁၉
    M-Media
    – ဗြိတိသျှမွတ်စလင် သမိုင်းအမွေအနှစ်စင်တာ British Muslim Heritage Centre ရဲ့ လုပ်ဆောင်ချက်တွေကို ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ်မင်းသားက ချီးကျူးခဲ့ပြီး အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းဟာ တိုင်းပြည်မှာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    ယူကေ အနောက်မြောက်ပိုင်းက လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှု တစ်စိတ်တစ်ပိုင်းအဖြစ် ချားလ်စ်မင်းသားဟာ မန်ချက်စတာမြို့ Whalley Range ဒေသမှာရှိတဲ့ British Muslim Heritage Centre စင်တာကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
    စင်တာမှာ မွတ်စလင်ကျောင်းသားလူငယ်တွေက ဗြိတိသျှအလံကို ဝှေ့ယမ်းကာ ကြိုဆိုခဲ့ပြီး မင်းသားကလည်း စင်တာအတွင်းက ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ British Muslim Heritage Centre ဟာ ၁၀ နှစ်သက်တမ်း ရှိပြီ ဖြစ်ပါတယ်။
    ဗြိတိသျှမွတ်စလင် သမိုင်းအမွေအနှစ်စင်တာရဲ့ ဆောင်ရွက်ချက်တွေနဲ့ လူ့အဖွဲ့အစည်းတွေအကြား ပေါင်းကူးပေးတဲ့ လုပ်ဆောင်မှုတွေကို ချားလ်စ်မင်းသားက
    ချီးကျူးပြောဆိုခဲ့ပါတယ်။
    “ပြောရရင် ခင်ဗျားတို့ကို ချီးကျူးချင်တယ်။ ခင်ဗျားတို့ ဒီမှာလုပ်ထားတွေအားလုံးကို ကျွန်တော် လေးစားအားကျမိတယ်။ ဒီတိုင်းပြည်မှာ ခင်ဗျားတို့လူ့အဖွဲ့အစည်းဟာ ဘယ်လောက်အထိ ရေးပါလဲဆိုတာကိုလည်း သိလာရပါတယ်”
    စင်တာရဲ့ ပြခန်းဆိုင်ရာအကြီးအကဲ အက်ရှ်ရက်ဖ်အလီက ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မွတ်စလင်တွေအကြောင်း ပြသထားတဲ့ Stories of Sacrifice Exhibition ပြခန်းကို မင်းသားက အထူးစိတ်ဝင်စားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    မင်းသားရဲ့ အဘေးဖြစ်သူ ပဉ္စမမြောက် ဂျော့ဂ်ျဘုရင်ဟာ ဗြိတိသျှစစ်တပ်က မွတ်စလင်မြင်းတပ်ကို ဦးစီးစဉ် ခေါင်းပေါင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း အက်ရှ်ရက်ဖ်အလီက ပြသခဲ့ရာမှာ ချားလ်စ်မင်းသားက အံ့သြခဲ့ပါတယ်။ မင်းသားဟာ ဒေသတွင်းက မွတ်စလင်ခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
    Ref: Asia Image
  • Diet မမျှတမှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးမှု တစ်နှစ်လျှင် ၁၁ သန်း ရှိနေ
    Diet မမျှတမှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးမှု တစ်နှစ်လျှင် ၁၁ သန်း ရှိနေ
    ဧပြီ ၄၊ ၂၀၁၉
    M-Media
    – အစားအသောက်ကို အချိုးအစားနဲ့ ချင့်ချိန်စားသုံးမှုမရှိတာကြောင့် ကမ္ဘာတစ်ဝှမ်း အချိန်မတိုင်မီ သေဆုံးသူအရေအတွက်ဟာ တစ်နှစ်ကို ၁၁ သန်းလောက်ရှိတယ်လို့ ကမ္ဘာ့ နာမည်ကြီး ဆေးပညာဂျာနယ် Lancet မှာ ဖော်ပြထားတဲ့ သုတေသန စာတမ်းသစ်တစ်ခုမှာ တွေ့ရပါတယ်။
    နေ့စဉ် စားသောက်မှုစနစ်က လူတွေရဲ့ အသက်ရှင်သန်မှုကို ဘယ်လောက်အထိ သက်ရောက်စေလဲဆိုတာကို အဓိက သုံးသပ်တဲ့ ဒီသုတေသနကို Global Burden of Disease Study အဖွဲ့က လုပ်ဆောင်တာဖြစ်ပါတယ်။
    ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၅ ဦးမှာ ၁ ဦးဟာ နေ့စဉ်အဟာရကို ချင့်ချိန်စားသုံးမှုမရှိတာကြောင့်ဖြစ်ပြီး ဆေးလိပ်သောက်မှုကြောင့် သေဆုံးမှုထက် ပိုမို ကြောက်စရာကောင်းတဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။
    ဆား အလွန်အကျွံစားသုံးမှုကြောင့် သေဆုံးသူဟာ တစ်နှစ်ကို ၃ သန်းရှိပြီး၊ ဆန်လို သီးနှံအစေ့ (whole grain) တွေ စားသုံးမှုနည်းတာကြောင့် သေဆုံးသူဟာ ၃ သန်းရှိတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။ အသီးအနှံ စားသုံးမှု နည်းတာကြောင့် သေဆုံးသူဟာ ၂ သန်း ရှိနေပါတယ်။
    အခွံမာသီး၊ သီးနှံအစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက် ပင်လယ်စာကနေရတဲ့ omega-3 စားသုံးမှုနည်းတာကလည်း အစားအသောက်မမျှတာတာကြောင့် သေဆုံးရမှု အကြောင်းအရင်းတွေထဲမှာ ပါဝင်ပါတယ်။
    “အစားအစာကို ချင့်ချိန်စားသုံးမှုဟာ ကမ္ဘာ့ကျန်းမာရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ တွေ့ရပြီး တော်တော်လေးကို သက်ရောက်မှုရှိပါတယ်” လို့ သုတေသနမှာ ပါဝင်တဲ့ ပရော်ဖက်ဆာ ခရစ္စတိုဖာ မူရေးက ပြောကြားခဲ့ပါတယ်။
    ကမ္ဘာတစ်ဝှမ်း နေ့စဉ်အဟာရကို ချင့်ချိန်စားသုံးမှု မရှိတာကြောင့် သေဆုံးသူ ၁၁ သန်းမှာ ၁၀ သန်းလောက်က နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ပြီး ဆားအလွန်အကျွံစားသုံးမှု နောက်ဆက်တွဲ ဖြစ်ပါတယ်။ ကျန်တဲ့တစ်သန်းလောက်က ကင်ဆာနဲ့ အဆင့် ၂ ဆီးချိုရောဂါတွေကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။
    နေ့စဉ် အစားအသောက်မှာ လူသားတွေ ထည့်သွင်းစားသုံးဖို့ မေ့လျော့ကျတဲ့ အစားအသောက်တွေက အခွံမာသီးနဲ့ အစေ့အဆံတွေဖြစ်တယ်လို့ အဲဒီလေ့လာမှုမှာ ဖော်ပြထားပါတယ်။
    “ဒီအစားအသောက်က စွမ်းအင်စုလေးတွေလို့ ပြောလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် အဆီဓာတ်ပေးပြီး ကောင်းတဲ့အဆီဓာတ်ဖြစ်ပါတယ်။ လူတော်တော်များများက ဒါကို အဓိက အစားအသောက်အနေနဲ့ မယူဆကြဘူး။ ဈေးကြီးတာကလည်း အကြောင်းတစ်ရပ်ပါ” လို့ ကမ်းဘရစ်ခ်ျတက္ကသိုလ်က ပရော်ဖက်ဆာ နီတာ ဖူရူဟီက သုံးသပ်ပါတယ်။
    ပြင်သစ်၊ စပိန်နဲ့ အစ္စရေးတို့လို မြေထဲပင်လယ်နိုင်ငံတွေဟာ အဟာရ မမျှတာမှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံးနိုင်ငံတွေဖြစ်ပြီး တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အလယ်အာရှနိုင်ငံတွေကတော့ သေဆုံးမှုအများဆုံး နိုင်ငံတွေဖြစ်ပါတယ်။
    Ref: BBC
  • အိန္ဒိယတွင် သတင်းမှားတိုက်ဖျက်ရေး WhatsApp က လုပ်ဆောင်ချက်တစ်ခု ထည့်သွင်း
    အိန္ဒိယတွင် သတင်းမှားတိုက်ဖျက်ရေး WhatsApp က လုပ်ဆောင်ချက်တစ်ခု ထည့်သွင်း
    ဧပြီ ၃၊ ၂၀၁၉
    M-Media
    – အိန္ဒိယမှာ ရွေးကောက်ပွဲအကြို  သတင်းမှားပြန့်နှံ့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဖုန်းမက်ဆေ့ဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ WhatsApp က လုပ်ဆောင်ချက်သစ်တစ်ခို ထည့်သွင်းလိုက်ပါတယ်။
    အဲဒီလုပ်ဆောင်ချက်သစ်ကို Checkpoint Tipline လို့ အမည်ပေးထားပြီး အသုံးပြုသူတွေအနေနဲ့ ရရှိတဲ့သတင်းတွေ မှန်၊ မမှန်  ဒီလုပ်ဆောင်ချက်နဲ့ ဆန်းစစ်ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို အိန္ဒိယ နည်းပညာလုပ်ငန်းသစ် Proto နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဒီလို သတင်းအမှားတွေကို စောင့်ကြည့်ဖော်ထုတ်နိုင်ဖို့အတွက် WhatsApp နဲ့ Proto တို့ဟာ ဒေတာဘေ့စ်တစ်ခုကို တည်ဆောက်ထားပါတယ်။
    အိန္ဒိယမှာ WhatsApp အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိပြီး သတင်းမှားပြန့်နှံ့မှုကို မထိန်းချုပ်နိုင်မှုအတွက်လည်း ဝေဖန်ခံနေရပါတယ်။
    WhatsApp ကို ပိုင်ဆိုင်တဲ့ Facebook က အိန္ဒိယနဲ့ ပါကစ္စတန်မှာ အသုံးပြုနေတဲ့ အကောင့် ၇၁၂ ခုနှစ်နဲ့ ပေ့ဂ်ျ ၃၉၀ တို့ဟာ စစ်မှန်မှုမရှိတဲ့အတွက် ဖျက်ပစ်ခဲ့တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
    အိန္ဒိယဟာ ဧပြီလ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး မေလ ၂၃ ရက်နေ့ကျရင် နောက်ဆုံးရလဒ် ထုတ်ပြန်နိုင်ဖို့ စီစဉ်ထားပါတယ်။
    WhatsApp ကနေ သတင်းမှားတွေ ၀ါဒဖြန့်နေတယ်လို့ အဓိကနိုင်ငံရေး ပါတီကြီးတွေက အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ WhatsApp ရဲ့ အကြီးတန်းတာဝန်ရှိသူ တစ်ဦးကလည်း အိန္ဒိယက နိုင်ငံရေးပါတီတွေဟာ သူတို့ရဲ့ ပလက်ဖောင်းကို မသမာတဲ့အနေအထားနဲ့ အသုံးပြုနေတယ်လို့ ဖေဖော်ဝါရီလမှာ ပြောကြားဖူးပါတယ်။
    ရွေးကောက်ပွဲနီးလာချိန် နိုင်ငံရေးပါတီတွေက WhatsApp ကို သတင်းမှားဖြန့်ဖို့အတွက် အသုံးပြုမှုဟာ ပြီးခဲ့တဲ့နှစ်ဘရာဇီးလ်ရွေးကောက်ပွဲမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။
    ကလေးသူခိုးတွေရောက်နေတယ်ဆိုပြီး WhatsApp ကနေ သတင်းဖြန့်ကာ မျက်နှာစိမ်းတွေကို အုပ်စုဖွဲ့ရိုက်သတ်မှု အများအပြား ဖြစ်ပွားခဲ့ပြီးတဲ့နောက် WhatsApp ဟာ အိန္ဒိယနိုင်ငံမှာ မက်ဆေ့ခ်ျမျှဝေနိုင်မှု အရေအတွက်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ကန့်သတ်ခဲ့ပါတယ်။
    Ref: Aljazeera
  • ပြင်းထန်သည့်ပြစ်ဒဏ်များပါဝင်သော ပြစ်မှုဆိုင်ရာဥပဒေအသစ်ကို ဘရူနိုင်း စတင်ကျင့်သုံး
    ပြင်းထန်သည့်ပြစ်ဒဏ်များပါဝင်သော ပြစ်မှုဆိုင်ရာဥပဒေအသစ်ကို ဘရူနိုင်း စတင်ကျင့်သုံး
    ဧပြီ ၃၊ ၂၀၁၉
    M-Media
    ဘရူနိုင်းဘုရင် ဟာဆန်နဲလ် ဘိုလ်ကိုင်းယား
    – အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ခဲနဲ့ထုပြီး သေဒဏ်ပေးတာ၊ ခိုးသူတွေကို လက်ဖြတ်တာမျိုးလို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပေးမယ့် ပြစ်မှုဆိုင်ရာ ဥပဒေအသစ်ဟာ ဘရူနိုင်းနိုင်ငံမှာ ဒီကနေ့စတင် အသက်ဝင်လာပြီးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဝေဖန်ရှုတ်ချမှုတွေလည်း ရှိနေပါတယ်။
    ထီးနန်းသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဘရူးနိုင်ဘုရင် ဆူလ်တန် ဟာဆန်နဲလ် ဘိုလ်ကိုင်းယားဟာ ဒီလို ပြင်းထန်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေကို ကျင့်သုံးဖို့ ၂၀၁၃ ခုနှစ်ကတည်းက ကြေငြာခဲ့ပေမယ့် အကောင်အထည်ဖော်မှုမှာ ကြန့်ကြာခဲ့ပါတယ်။
    ဥပဒေအသစ်အရ အဓမ္မကျင့်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ လိင်တူဆက်ဆံမှု၊ ဓားပြတိုက်မှု၊ တမန်တော် မုဟမ္မဒ်ကို စော်ကားပြောဆိုမှုတွေအတွက် အမြင့်ဆုံး သေဒဏ်အထိ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပြင်းထန်တဲ့ ပုဒ်မအများစုဟာ အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ သက်ရောက်မှာဖြစ်ပေမယ့် ပြစ်မှုဆိုင်ရာ ဥပဒေအသစ်က တစ်ချို့ ရာဇ၀တ်မှုတွေအတွက် အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေပါ အပြစ်ပေး အရေးယူခံရမှာ ဖြစ်ပါတယ်။
    ကလေးဖျက်ချမှုအတွက် ကြိမ်ဒဏ်ခတ်တာ ပါဝင်သလို၊ အစ္စလာမ်ဘာသာဝင် မိဘတွေကမွေးဖွားတဲ့ ကလေးငယ်တွေကို အခြားဘာသာတွေရဲ့ အယူအဆတွေသွတ်သွင်းတာ၊ ဒါမှမဟုတ် ကျင့်သုံးခိုင်းတာတွေကိုလည်း ဥပဒေအသစ်မှာ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
    ဒီလိုပြစ်မှုဆိုင်ရာ ဥပဒေသစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင့်သုံးတာဟာ ကမ္ဘာ့အရှေ့ခြမ်း၊ အထူးသဖြင့် အရှေ့တောင်အာရှမှာ ဘရူနိုင်းက ပထမဆုံးဖြစ်ပါတယ်။ ဒီဥပဒေတွေကို ဆော်ဒီအပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ချို့မှာ ကျင့်သုံးပါတယ်။
    ဘရူနိုင်းနိုင်ငံရဲ့ ဒီဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့နိုင်ငံတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ရှုတ်ချခဲ့ကြပါတယ်။
    သက်တော် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဆူလ်တန် ဟာဆန်နဲလ် ဘိုလ်ကိုင်းယားက အစ္စလာမ်သာသနာရဲ့ သင်ကြားမှုကို ပြည့်ပြည့်၀၀ လိုက်နာဖို့ လိုအပ်ကြောင်း ဒီကနေ့ ရုပ်သံကနေတစ်ဆင့် တိုင်းပြည်ကိုပြောကြားခဲ့ပါတယ်။
    ဘရူးနိုင်းနိုင်ငံဟာ လူဦးရေ ၄ သိန်းကျော်သာရှိပြီး ရေနံကြွယ်ဝကာ ချမ်းသာတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဘုရင်စနစ်ဖြစ်ပေမယ့် အစိုးရဟာ ပြည်သူတွေကို အခွန်ကင်းလွတ်ခွင့်ပေးတာ၊ အခြားခံစားခွင့်တွေပေးတာ၊ ပညာရေး ထောက်ပံ့တာတွေ လုပ်ဆောင်ပေးထားပါတယ်။
    ဆူလ်တန် ဟာဆန်နဲလ် ဘိုလ်ကိုင်းယားက သူ့နိုင်ငံဟာ မျှတပြီး ပျော်ရွှင်စရာကောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
    “ကျွန်တော်တို့တိုင်းပြည်ကို လာရောက်လည်ပတ်တဲ့ မည်သူမဆို ချိုမြိန်တဲ့အတွေ့အကြုံကို ရရှိခံစားရမှာဖြစ်သလို၊ အန္တရာယ်ကင်းပြီး သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်”
    Ref: Aljazeera