News @ M-Media

Author: Ko Lay

  • ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ တိုက်ခိုက်မှု ပြန်ဖြစ်

    ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ တိုက်ခိုက်မှု ပြန်ဖြစ်

    ဧပြီ ၂၊ ၂၀၁၉
    M-Media

    ကက်ရှ်မီးယားဒေသမှ Line of Control

    – ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဒီကနေ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ပါကစ္စတန်စစ်သား ၃ ဦး သေဆုံးခဲ့ပြီး နျူလက်နက် ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှု တစ်ကျော့ပြန် မြင့်တက်လာတာ ဖြစ်ပါတယ်။

    ထိန်းချုပ်မျဉ်း Line of Control နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပါကစ္စတန်စစ်တပ်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ စစ်သား ၃ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပူလ်ဝါမာမြို့မှာ ဖေဖော်ဝါရီလအစောပိုင်းက အသေခံကားဗုံးခွဲမှုဖြစ်ပွားပြီးတဲ့နောက် အိမ်နီးချင်းနှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။ အိန္ဒိယပြည်သူ့စစ် ၄၀ ကျော် သေဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်အခြေစိုက် ကက်ရှ်မီးယားသူပုန်အဖွဲ့ရဲ့ လက်ချက်ဖြစ်ပြီး အိန္ဒိယက ဒီကိစ္စမှာ ပါကစ္စတန်ပါဝင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    နောက်ပိုင်းမှာ ပါကစ္စတန်ပိုင်နက်ထဲကို အိန္ဒိယတိုက်လေယာဉ်တွေ ၀င်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ အိန္ဒိယတိုက်လေယာဉ်တစ်စီးကို ပါကစ္စတန်က ပစ်ချခဲ့ပါတယ်။

    မတ်လအစောပိုင်းကစလို့ တင်းမာမှုတွေ လျော့ကျခဲ့ပေမယ့် မနေ့က ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်ခြမ်းကို အိန္ဒိယက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အဘိုးအိုဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ပူလ်ဝါမာမြို့က ကားဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါကစ္စတန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့ပြီး အစိုးရနဲ့ ပတ်သက်မှု မရှိတာကို တွေ့ရကြောင်း ပါကစ္စတန်နိုင်ငံခြားရေးရုံးက ကြာသာပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    JeM နဲ့ LeT တို့လို့ စစ်သွေးကြွအဖွဲ့တွေကို ထိထိရောက်ရောက်နှိမ်နှင်းမှုမရှိတဲ့အတွက် ပါကစ္စတန်ဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ ပူလ်ဝါမာတိုက်ခိုက်မှုပြီးတဲ့နောက် ပါကစ္စတန်အစိုးရဟာ စစ်သွေးကြွအဖွဲ့တွေကို နှိမ်နှင်းမှု ပိုမိုပြုလုပ်ခဲ့ပြီး ဒီအုပ်စုတွေက ဖွင့်လှစ်ထားတဲ့ အမျိုးသားရေးကျောင်းတွေကို သိမ်းတာ၊ သူတို့နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • တူရကီဒေသန္တရရွေးကောက်ပွဲ၌ မြို့ကြီးများတွင် အာဏာရပါတီ ရှုံးနိမ့်

    တူရကီဒေသန္တရရွေးကောက်ပွဲ၌ မြို့ကြီးများတွင် အာဏာရပါတီ ရှုံးနိမ့်

    ဧပြီ ၂၊ ၂၀၁၉
    M-Media

    – တူရကီသမ္မတ အာဒိုဂန်ရဲ့ အာဏာရ AK ပါတီဟာ မြို့ကြီး ၃ မြို့က ဒေသန္တရရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တယ်လို့ အတည်မပြုရသေးတဲ့ ရွေးကောက်ပွဲရလဒ်တွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန Anadolu Agency က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ရွေးကောက်ပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့တာဖြစ်ပြီး AK ပါတီဟာ အစ္စတန်ဘူလ်၊ အန်ကာရာနဲ့ အစ်ဇ်မီရ်မြို့တွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံရေးပါတီတွေဖက်က ကန့်ကွက်တိုင်ကြားနိုင်ဖို့အတွက် တူရကီရွေးကောက်ပွဲကော်မရှင်က အချိန် ၃ ရက်ပေးထားပြီး ဒါတွေကို စစ်ဆေးပြီးသွားရင် တရားဝင်ရလဒ်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    အတည်မပြုရသေးတဲ့ ရလဒ်တွေအရ တူရကီရဲ့ အကြီးဆုံးနဲ့ စီးပွားရေးအချက်အခြာ အစ္စတန်ဘူလ်ရဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာ ရီပက်ဘလစ်ကန် ပြည်သူ့ပါတီ CHP က ကိုယ်စားလှယ်လောင်း အက္ကရမ် အီမာမိုဂလူက အနိုင်ရခဲ့ပြီး၊ အန်ကာရာနဲ့ အစ်ဇ်မီရ် မြို့တွေမှာလည်း CHP  ကိုယ်စားလှယ်လောင်းတွေက AK ပါတီ ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရခဲ့တယ်လို့ Anadolu သတင်းဌာနက ဖော်ပြပါတယ်။

    သမ္မတ အာဒိုဂန်ရဲ့ လက်ထက်မှာ တူရကီဟာ ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံး စီးပွားရေး နှေးကွေးမှုနဲ့ ကြုံတွေ့ခဲ့ရပြီး တူရကီ လီရာငွေကြေးတန်ဖိုးဟာလည်း ပြီးခဲ့တဲ့နှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

    သမ္မတအာဒိုဂန်က သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မြို့တော်တော်များများမှာ ရှုံးနိမ့်ခဲ့တယ်လို့ တနင်္ဂနွေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အဓိကထား လုပ်ဆောင်သွားမယ်လို့လည်း ကတိပြု ခဲ့ပါတယ်။

    ကျွမ်းကျင်သူတွေက ဒီ ဒေသန္တရ ရေးကောက်ပွဲရလဒ်တွေဟာ အာဏာရ AK ပါတီကို ပြည်သူတွေက နှစ်သက်မှုမရှိတာကို  ပြသနေတယ်လို့ သုံးသပ်ကြပါတယ်။

    အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ဟာ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုအခြေအနေနဲ့ နိုင်ငံသားတွေအပေါ် ရိုက်ခက်မှုတွေကို အဓိကထားကာ မဲဆွယ်ခဲ့တာဖြစ်သလို၊ မဲဆွယ်ပွဲတွေမှာလည်း ပါတီအလံတွေအစား နိုင်ငံအလံကိုသာ အသုံးပြုခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးနိုင်ရေး တရုတ်က နိုင်ငံအနှံ့ ဘောလုံးမူကြိုများ ဖွင့်လှစ်မည်

    ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးနိုင်ရေး တရုတ်က နိုင်ငံအနှံ့ ဘောလုံးမူကြိုများ ဖွင့်လှစ်မည်

    ဧပြီ ၂၊ ၂၀၁၉
    M-Media

    – လမ်းလျှောက်တတ်စအရွယ် ကလေးငယ်တွေအတွက် ဘောလုံးအခြေပြု မူကြိုကျောင်းကို နိုင်ငံအနှံ့ ဖွင့်လှစ်ပေးသွားဖို့ တရုတ်အစိုးရက စီစဉ်နေပြီး ၂၀၅၀ မှာ ကမ္ဘာ့ ဘောလုံးအင်အားကြီးနိုင်ငံ ဖြစ်လာရေး စီမံကိန်းတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    တရုတ်နိုင်ငံဟာ လူဦးရေး သန်း ၁၄၀၀ ကျော်ရှိပေမယ့် ဘောလုံးအားကစားမှာ အောင်မြင်မှုနည်းပါးပြီး ဒါကို ကွန်မြူနစ်အစိုးရက ပြောင်းလဲချင်နေတာ ဖြစ်ပါတယ်။

    နိုင်ငံပိုင် Xinhua သတင်းဌာနက ပြည်နယ်တစ်ခုဆီမှာ ဘောလုံးအခြေပြု မူကြိုကျောင်း ၅၀ ကနေ ၂၀၀ အထိ ဖွင့်လှစ်နိုင်အောင် တရုတ်ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ မနေ့က ဖော်ပြခဲ့ပါတယ်။ ကလေးငယ်တွေ ဘောလုံးအားကစားကို စိတ်ဝင်စားလာပြီး၊ ဘောလုံးယဉ်ကျေးမှုတစ်ရပ် ဖွံ့ဖြိုးလာဖို့အတွက် ဒီအစီအစဉ်ကို ဆောင်ရွက်တာဖြစ်တယ်လို့လည်း အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တရုတ်ဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံတစ်ဝှမ်း ဘောလုံးမူကြို တစ်သောင်းလောက်အထိ ဖွင့်လှစ်မယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၅၀ မှာ ကမ္ဘာ့ ဘောလုံးအင်အားကြီးနိုင်ငံဖြစ်လာရေး စီမံကိန်းတစ်ခုကိုလည် တရုတ်က ၂၀၁၆ ခုနှစ်မှာ ချပြခဲ့ပြီး၊ ၂၀၂၆ ခုနှစ်အရောက်မှာ နိုင်ငံတစ်ဝှမ်း ဘောလုံးကစားသမား သန်း ၅၀၊ ဘောလုံးသင်တန်းကျောင်း ၅ သောင်း ရှိလာရေး ပစ်မှတ်ထား ဆောင်ရွက်နေပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဘောလုံးအားကစားနည်းကို နှစ်သက်ခုံမင်သူဖြစ်ပြီး ကမ္ဘာဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့နဲ့ ဗိုလ်စွဲနိုင်ဖို့ ရည်မှန်းချက်လည်း ရှိနေပါတယ်။

    တရုတ်ဟာ ၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တစ်ကြိမ်သာ အောင်မြင်ခဲ့ပြီး အုပ်စုအတွင်း ၃ ပွဲလုံးရှုံးနိမ့်ကာ တစ်ဂိုးမှမရဘဲ ထွက်ခဲ့ရပါတယ်။ ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်မှာ တရုတ်က အဆင့် ၇၂ နေရာမှာ ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ဘောလုံးအားကစားဟာ လူကြိုက်များတဲ့ အားကစားနည်းတစ်ခု ဖြစ်ပါတယ်။

    တရုတ်အစိုးရရဲ့ ဘောလုံးမူကြိုအစီအစဉ်ဟာ ကာတာရဲ့ Aspire Academy အစီအစဉ်ကို တုပ ဆောင်ရွက်တာဖြစ်ပါတယ်။ ကာတာရဲ့ ဒီအစီအစဉ်မှာ ဘောလုံးပါရမီရှိတဲ့ လူငယ်တွေကို နိုင်ငံတစ်ဝှမ်း မူလတန်းကျောင်းတွေကနေ ရှာဖွေကာ ဘောလုံးအခြေပြုတဲ့ အထက်တန်းကျောင်းတွေကို ပို့ဆောင်သင်ကြားစေတာ ဖြစ်ပါတယ်။

    အခုနှစ်အစောပိုင်း ယူအေအီးနိုင်ငံမှာကျင်းပတဲ့ အာရှဖလားဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ကာတာဘောလုံးအသင်းသား ၂၃ ဦးမှာ ၁၃ ဦးက Aspire Academy အစီအစဉ်ကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ကာတာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ကို ကျင်းပဖို့လည်း ရှိနေပါတယ်။

    Ref: Aljazeera

  • အာရပ်လိဂ်အစည်းအဝေးတွင် ပါလက်စတိုင်းနှင့် ဂိုလန်ကုန်းမြင့်ကိစ္စကို အဓိကဆွေးနွေး

    အာရပ်လိဂ်အစည်းအဝေးတွင် ပါလက်စတိုင်းနှင့် ဂိုလန်ကုန်းမြင့်ကိစ္စကို အဓိကဆွေးနွေး

    ဧပြီ ၁၊ ၂၀၁၉
    M-Media

    အစည်းအဝေးပြီးတွင် တွေ့ရသည့် အာရပ်ခေါင်းဆောင်များ

    – ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို အာရပ်လိဂ်အဖွဲ့က သူတို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ရှုတ်ချခဲ့ပြီး၊ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးအတွက်လည်း တိုက်တွန်းဆော်သြလိုက်ပါတယ်။

    တနင်္ဂနွေနေ့က တူနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အကြိမ် ၃၀ မြောက် အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အာရပ်ခေါင်းဆောင်တွေက ဂိုလန်ကုန်းမြင့်ဒေသဟာ ဆီးရီးယားရဲ့ ပိုင်နက်ဖြစ်ကြောင်း အပြည့်အ၀လက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးဟာ ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ဒီဒေသကို ကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက် သူ့ရဲ့ပိုင်နက်ထဲ သွင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးရဲ့ပိုင်နက်အဖြစ် အသိအမှတ်ပြုတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။

    အာရပ်လိဂ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်းနဲ့ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဟာ ဆယ်စုနှစ်ချီ ကြာမြင့်နေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဖြေထွက်ရေးအပေါ်မှာ မူတည်ကြောင်း ဖော်ပြထားပါတယ်။ ဒီနှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်ဆောင်ရွက်သွားရေး စိတ်ပိုင်းဖြတ်ထားတယ်လို့ အာရပ်ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားနဲ့ ယီမင်က ပြည်တွင်းစစ်ပွဲ၊ အလ်ဂျီးရီးယားနဲ့ ဆူဒန်တို့က အစိုးရဆန့်ကျင်ရေး မငြိမ်းသက်မှု၊ ပင်လယ်ကွေ့ နိုင်ငံတွေအကြား သံတမန်ရေး တင်းမာမှုတွေလို စစ်ရေး၊ နိုင်ငံရေး တင်းမာမှုတွေဟာ အာရပ်ကမ္ဘာနဲ့ ဘေးပတ်ဝန်းကျင် နိုင်ငံတွေမှာ ဖြစ်ပွားနေပါတယ်။

    တူနီးရှားနိုင်ငံခြားရေးဝန်ကြီး ခေမာအစ် ဂျီနူအီက အာရပ်ကမ္ဘာမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “အာရပ်ကမ္ဘာ ရင်ကြားစေ့ရေးဟာ ဒေသငြိမ်းချမ်းရေးအတွက် အရင်ဆုံးစလုပ်ရမယ့် ကိစ္စပါပဲ”

    ဆော်ဒီဘုရင် ဆလ်မန်က အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားတဲ့ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး ထောက်ခံကြောင်း ပြောကြားခဲ့သလို၊ ဂျော်ဒန်ဘုရင် အဘ်ဒူလာကလည်း ဂျေရုစလင်က အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို ဆက်လက်ကာကွယ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက အာရပ်ကမ္ဘာဟာ ဆယ်စုနှစ် ၇ ခုလောက် အင်အာတွေကို ဖြုန်းတီးဖြစ်ခဲ့ပြီး ဒါတွေကိုရပ်တန့်ကာ ငြိမ်းချမ်းရေးအတွက် ပြည့်စုံတဲ့ အဖြေတစ်ခုရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို အိန္ဒိယက အောင်မြင်စွာလွှတ်တင်

    ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို အိန္ဒိယက အောင်မြင်စွာလွှတ်တင်

    ဧပြီ ၁၊ ၂၀၁၉
    M-Media

    ဂြိုဟ်တုများ တင်ဆောင်သွားသည့် ဒုံးပျံ လွှတ်တင်မှု

    – အိန္ဒိယနိုင်ငံဟာ စစ်ဖက်ထောက်လှမ်းရေးမှာ အသုံးပြုနိုင်မယ့် ဂြိုဟ်တုတစ်စင်းကို ဒီကနေ့မှာ ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    EMISAT လို့ အမည်ပေးထားပြီး ၄၃၆ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အဲဒီထောက်လှမ်းရေးဂြိုဟ်တုကို နိုင်ငံတောင်ပိုင်း ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေက ၇၄၉ ကီလိုမီတာအကွာ ပတ်လမ်းမှာ စတင်လည်ပတ်နေပြီလို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO က ပြောကြားခဲ့ပါတယ်။

    အဲဒီဂြိုဟ်တုနဲ့အတူ အခြား ဂြိုဟ်တုငယ် ၂၈ လုံးကို ဒုံးပျံတစ်ခုတည်းနဲ့ လွှတ်တင်နိုင်ကာ ကမ္ဘာပတ်လမ်း ၃ ခုမှာ နေရချထားပေးနိုင်ခဲ့ပြီး ဒီလိုလုပ်ငန်းမျိုးကို အိန္ဒိယက ပထမဆုံး ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ဂြိုဟ်တုတွေကို ကုန်ကျစားရိတ်အနည်းဆုံးနဲ့ လွှတ်တင်ပေးနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ အာကာသနယ်ပယ် စွမ်းဆောင်ရည်ကို ပိုမိုတောက်ပြောင်စေမယ့် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။

    လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုတွေထဲက ၂၄ ခုဟာ အမေရိကန်ကဖြစ်ပြီး ၂ ခုက လစ်သူယေးနီးယား၊ စပိန်နဲ့ ဆွစ်ဇာလန်တို့က တစ်ခုစီ ဖြစ်ပါတယ်။

    “ဒီလိုလွှတ်တင်နိုင်မှုဟာ ISRO ရဲ့ အထူးစွမ်းဆောင်ရည် ဖြစ်ပါတယ်။ ဒုံးပျံတစ်ခုတည်းနဲ့ ပတ်လမ်း ၃ ခုပေါ်ကို ဂြိုဟ်တုတွေ တင်ပေးနိုင်တာ ပထမဆုံးပါပဲ” လို့ အဖွဲ့ဥက္ကဌ ကေစီဗန်က လွှတ်တင်အပြီးမှာ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာဂြိုဟ်ရဲ့ အနိမ့်ပိုင်းပတ်လမ်းမှာ ရှိမယ့် EMISAT ဂြိုဟ်တုဟာ စစ်ဖက်နဲ့ အရပ်ဖက် စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ရှိပြီး ရန်သူတွေရဲ့ ရေဒါနေရာတွေကို ရှာဖွေပေးပို့မှာ ဖြစ်ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဒီလိုလွှတ်တင်နိုင်မှုအတွက် ISRO အဖွဲ့ကို ချီးကျူးခဲ့ပြီး အစိုးရအနေနဲ့ သိပ္ပံပညာနဲ့ ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Alajazeera