News @ M-Media

Author: Ko Lay

  • မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အာရှ-ပစိဖိတ်၌ အောက်ဆုံးနားတွင် ရှိနေ

    မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အာရှ-ပစိဖိတ်၌ အောက်ဆုံးနားတွင် ရှိနေ

    မတ် ၇၊ ၂၀၁၉
    M-Media

    – ၀ါရှင်တန်အခြေစိုက် ကမ္ဘာ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ WJP က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ တရားဥပဒေ စိုးမိုးမှု အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ အာရှပစိဖိတ်ဒေသ ၁၅ နိုင်ငံမှာ အဆင့် ၁၄ နေရာ ရပ်တည်နေပါတယ်။

    ယခုနှစ်အတွက် နိုင်ငံပေါင်း ၁၂၆ နိုင်ငံကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက အဆင့် ၁၁၀ မှာ ရှိပါတယ်။

    WJP ရဲ့ တရားဥပဒေစိုးမိုးမှု အညွှန်းကိန်း (Rule of Law Index) ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ပတ်သက်ပြီး အားထားရတဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဉ်ဘ၀ တရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ပတ်သက်ပြီး အိမ်ထောင်စုပေါင်း ၁ သိန်း ၂ သောင်းကျော် ပညာရှင်ပေါင်း ၃၈၀၀ လောက်ကို မေးမြန်း စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

    စစ်တမ်းကောက်ယူရာမှာ အစိုးရရဲ့ အာဏာကျုံ့မှု၊ ခြစားမှု ကင်းရှင်းမှု၊ အစိုးရရဲ့ပွင့်လင်းမှု၊ အခြေခံအခွင့်အရေး ရရှိမှု၊ တရားဥပဒေ စိုးမိုးမှု၊ ဥပဒေ သက်ရောက်မှု၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာ တရားမျှတမှု၊ ရာဇ၀တ်မှုဆိုင်ရာ တရားမျှတမှု စတဲ့ အဓိက အချက် ၈ ချက်ကို သုံးသပ်တာ ဖြစ်ပါတယ်။

    အာရှ-ပစိဖိတ်ဒေသမှာ ကမ္ဘောဒီးယားဟာ အဆင့် အနိမ့်ဆုံးဖြစ်ပြီး သူ့ရဲ့ အထက်မှာ မြန်မာနဲ့ ဖိလစ်ပိုင်တို့ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် အညွှန်းကိန်းမှာလည်း အာရှပစိဖိတ်ဒေသမှာ အဆင့် ၁၄ နေရာ ရှိခဲ့ပါတယ်။

    WJP ရဲ့ မှတ်ချက်မှာ မြန်မာနိုင်ငံဟာ ဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေး ယိုယွင်းလာတယ်လို့ သုံးသပ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာ၊ နိုင်ငံတစ်ဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြဿနာတွေကို ထောက်ပြထားပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ ခြုံငုံကြည့်လိုက်ရင်လည်း တရားဥပဒေ စိုးမိုးမှုအခြေအနေဟာ ကျဆင်းလာတယ်လို့ WJP က ဆိုပါတယ်။

    “နိုင်ငံတော်တော်များများဟာ စွမ်းဆောင်ရည် တိုးတက်လာရမယ့်အစား ၂ နှစ်ဆက်တိုက် ကျဆင်းသွားတယ်ဆိုတာ စစ်တမ်းတွေက ပြသနေပါတယ်။ ဒီလို ဆက်လက်ကျဆင်းနေမှုက ကမ္ဘာတစ်ဝှမ်း တရားဥပဒေ စိုးမိုးမှု အားနည်းလာမှုဆီ ဦးတည်နေပါတယ်” လို့ WJP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အစိုးရအာဏာ ကျုံ့သွားမှု နောက်ကွယ်က အကြောင်းအရင်းတွေထဲက တစ်ခုဟာ အာဏာရှင်ဝါဒ မြင့်တက်လာမှုကြောင့် ဖြစ်တယ်လို့ WJP က သုံးသပ်ထားပြီး ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံပေါင်း ၆၁ နိုင်ငံ ကျဆင်းကာ၊ ၂၃ နိုင်ငံက ပုံမှန်အတိုင်းရှိပြီး ၂၉ နိုင်ငံက တိုးတက်လာတယ်လို့ ဆိုပါတယ်။

    “ယေဘူယျအနေအထားမှာ တရားဥပဒေစိုးမိုးမှု ကျဆင်းလာတာ၊ အထူးသဖြင့် အစိုးအာဏာကို ထိန်းကျောင်းနိုင်မှုပိုင်းမှာ ကျဆင်းလာတာဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့ အနေအထားပါ” လို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ အဲလိဇဘက် အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

  • အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက တရားစွဲ

    အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက တရားစွဲ

    မတ် ၇၊ ၂၀၁၉
    M-Media

    သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဟွာဝေးဥက္ကဌ ဂေါ်ပင် (လယ်)

    – အစိုးရ အဖွဲ့အစည်းတွေ၊ ၀န်ထမ်းတွေနဲ့ ကန်ထရိုက်တာတွေကို ဟွာဝေးပစ္စည်းတွေ အသုံးပြုခွင့်မပေးမှုအတွက် အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက ဒီကနေ့မှာ တရားစွဲဆိုလိုက်ပြီး၊ တရုတ်အစိုးရအတွက် သူလျှိုလုပ်ငန်း လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တိုက်ဖျက်မှုလည်း ဖြစ်ပါတယ်။

    တရုတ်နိုင်ငံတောင်ပိုင်း ရှန်ဇန်းမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Huawei ဥက္ကဌ ဂေါ်ပင်က အမေရိကန်အစိုးရရဲ့ ဒီလိုပိတ်ပင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တာဖြစ်ကြောင်း မိမိတို့အနေနဲ့ ‘ဘယ်တုန်းကမှ သူလျှိုအလုပ် မလုပ်ခဲ့သလို ဘယ်တော့မှလဲ လုပ်မှာမဟုတ်ဘူး’ လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်အစိုးရဟာ ဟွာဝေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေပြီး စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထား ဖော်ပြတာမျိုးလည်း မရှိဘူးလို့ ဂေါ်ပင်က ဆိုပါတယ်။

    ဟွာဝေးနဲ့ အခြား တရုတ် ဆက်သွယ်ရေးလုပ်ငန်း ZTE တို့က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို မသုံးစွဲရေး အမိန့်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ပြီး ကာကွယ်ရေးခွင့်ပြုမှုဆိုင်ရာ အက်ဥပဒေ Defense Authorization Act ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဟွာဝေးဟာ သူတို့ရဲ့ ရုံးချုပ်ရှိရာ တက္ကဆက်ပြည်နယ်က အရှေ့ပိုင်းခရိုင် တရားရုံးမှာ အမေရိကန်အစိုးရကို တရားစွဲဆိုခဲ့တာပါ။ တရားစွဲဆိုမှုဖိုင်ထဲမှာ စွပ်စွဲချက်တွေအတွက် ကုမ္ပဏီအနေနဲ့ ခုခံကာကွယ်ပိုင်ခွင့်မရှိဘူးလို့ ထောက်ပြထားပါတယ်။

    ဥပဒေပညာရှင်တွေက ဟွာဝေးရဲ့ အခုလို တရားစွဲမှုဟာ နိုင်ချေမရှိပေမယ့် အမေရိကန်အစိုးရဖက်က ပိတ်ပင်မှုအတွက် အထောက်အထားတွေ ပိုမိုထုတ်ပြဖို့ ဖိအားပေးလိုက်သလို ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

    ဟွာဝေးဟာ ဥရောပနိုင်ငံတစ်ချို့ရဲ့ 5G ကွန်ယက် တည်ဆောက်မှုမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေပြီး အမေရိကန်က မဟာမိတ်နိုင်ငံတွေအနေနဲ့ ဟွာဝေးနဲ့ ဆက်ဆံမယ်ဆိုရင် သူတို့နဲ့ဆက်ဆံရေးကို ထိခိုက်မယ်လို့ သတိပေးထားပါတယ်။

    Ref: Aljazeera

  • တောင်တရုတ်ပင်လယ်ကိစ္စ ရှင်းရှင်းလင်းလင်းပြောရန် တရုတ်ကို မဟာသီ တောင်းဆို

    တောင်တရုတ်ပင်လယ်ကိစ္စ ရှင်းရှင်းလင်းလင်းပြောရန် တရုတ်ကို မဟာသီ တောင်းဆို

    မတ် ၇၊ ၂၀၁၉
    M-Media

    – တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုချက်ကို တရုတ်နိုင်ငံက တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပြီး ဒါမှသာ ပိုင်ဆိုင်ကြောင်း ပြောနေတဲ့ အခြားနိုင်ငံတွေကလည်း အကျိုးအမြတ် ရရှိခံစားနိုင်မယ်လို့ ဆိုပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်ရှိနေတဲ့ မဟာသီဟာ ABS-CBN သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း အခုလို ပြောကြားလိုက်တာဖြစ်ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရရေးက ပိုမိုအရေးကြီးတယ်လို့ ဆိုပါတယ်။

    “ရေကြောင်းသွားလာမှုကို ကန့်သတ်တာမျိုး မရှိဘူးဆိုရင် တရုတ်က ပင်လယ်တစ်ခုလုံးကို ပိုင်တယ်ဆိုလည်း ကျွန်တော်တို့အပေါ် ထိခိုက်မှု များများစားစား ရှိမှာ မဟုတ်ပါဘူး”

    အရင်းအမြစ်ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအတွက် မလေးရှား၊ ဖိလစ်ပိုင်တို့ အပါအ၀င် အာဆီယံနိုင်ငံ တော်တော်များများက တရုတ်နဲ့ အငြင်းပွားနေကြတာပါ။ တရုတ်ကတော့ ပင်လယ်တစ်ခုလုံးဟာ သူတို့ ဘိုးဘွားတွေရဲ့ အမွေအနှစ်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    တရုတ်က ပိုင်ဆိုင်ကြောင်း ပြောကြားထားတဲ့ တောင်တရုတ်ပင်လယ်ကို အမေရိကန် စစ်သင်္ဘော ဖြတ်မောင်းတာတွေ ရှိတာကြောင့် တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုတွေလည်း ရှိနေပါတယ်။

    မနီလာကို ရောက်ရှိနေတဲ့ မဟာသီဟာ သမ္မတ ရော်ဒရီဂို ဒူတာတေး၊ အခြား အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ တောင်ပိုင်းက သူပုန်ကိစ္စမှာ မလေးရှားက ကြားဝင် စေ့စပ်ပေးခဲ့မှုအတွက်လည်း ဖိလစ်ပိုင်အစိုးရ မဟာသီကို ကျေးဇူးတင်ကြောင်း ပြောကြားမှာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • အိန္ဒိယတွင် လူနည်းစုများအပေါ် တိုက်ခိုက်မှု မြင့်တက်လာခြင်းအတွက် ကုလ သတိပေး

    အိန္ဒိယတွင် လူနည်းစုများအပေါ် တိုက်ခိုက်မှု မြင့်တက်လာခြင်းအတွက် ကုလ သတိပေး

    မတ် ၇၊ ၂၀၁၉
    M-Media

    – အိန္ဒိယနိုင်ငံအတွင်းမှာ ဇာတ်နိမ့် ဒါလစ်တွေအပါအ၀င် လူနည်းစုတွေအပေါ် ဖိနှိပ်မှု၊ အရှက်ရအောင်လုပ်မှု မြင့်တက်လာတဲ့အပေါ် ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက သတိပေးလိုက်ပြီး ဒီလို သွေးခွဲတဲ့ ပေါ်လစီတွေဟာ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူနည်းစုတွေ – အထူးသဖြင့် မွတ်စလင်တွေ၊ ဒါလစ်နဲ့ အဒီဝါစစ်တို့လို့ သမိုင်းနဲ့ချီပြီး ဖယ်ကျဉ်ခံထားရတဲ့သူတွေကို ပစ်မှတ်ထားမှု၊ အရှက်ရအောင်လုပ်ဆောင်မှု တွေ မြင့်တက်လာတယ်ဆိုတဲ့ သတင်းတွေ ကျွန်မတို့ ရရှိနေပါတယ်” လို့ မနေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းတဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ လူ့အခွင့်အရေးအကြီးအကဲ မီချဲလ် ဘာချီလက်က ရေးသားထားပါတယ်။

    အိန္ဒိယက အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဘာချီလက်ရဲ့ မှတ်ချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    “လူ့အခွင့်အရေးအကြီးအကဲရဲ့ အစီရင်ခံစာကို ကျွန်တော် ပယ်ချပါတယ်။ ဒါဟာ အိန္ဒိယရဲ့ပုံရိပ်ကို ဖျက်ဆီးဖို့အတွက် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်ပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ မွတ်စလင်တွအတွက် အကောင်းဆုံးနိုင်ငံဖြစ်ပြီး ဟိန္ဒူတွေကလည်း သူတို့အတွက် အကောင်းဆုံး မိတ်ဆွေတွေပါပဲ”

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ အိန္ဒိယရုံးခွဲက ၂၀၁၈ ခုနှစ်အတွင်း ဖယ်ကျဉ်ခံ လူ့အဖွဲ့အစည်းတွေအပေါ် လက်ရောက်ကျူးလွန်မှု၊ အဓမ္မကျင့်မှု၊ သတ်ဖြတ်မှုတွေအပါအ၀င် အမုန်းအခြေခံ ရာဇ၀တ်မှုတွေဟာ စိုးရိမ်စရာကောင်းအောင် မြင့်တက်လာတယ်လို့ အင်္ဂါနေ့က သတိပေးခဲ့ပါတယ်။

    မီဒီယာတွေမှာ ဖော်ပြခဲ့တာတွေကို စုစည်းမှုအရ ပြီးခဲ့တဲ့နှစ်အတွင်း အမုန်းအခြေခံ ရာဇ၀တ်မှုပေါင်း ၂၁၈ ခု ဖြစ်ပွားခဲ့ပြီး ဇာတ်နိမ့် ဒါလစ်တွေအပေါ် ကျူးလွန်မှု ၁၄၂ ခု၊ မွတ်စလင်တွေအပေါ် ကျူးလွန်မှု အခု ၅၀ ရှိတယ်လို့ Amnesty က ဆိုပါတယ်။

    Amnesty India ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ အေကာ ပတေးလ်က အိန္ဒိယဥပဒေအရ အမုန်းဆောင် ရာဇ၀တ်မှုတွေကို သီးခြား ရာဇတ်မှုအဖြစ် သတ်မှတ်ခြင်းမရှိတာကြောင့် အရေးယူခံရမှုကနေ ကင်းလွတ်နေတယ်လို့ ပြောကြားခဲ့ပြီး၊ နိုင်ငံရေးသမားတွေ အနေနဲ့ ဒီလို ရာဇ၀တ်မှုတွေကို ပိုမိုရှုတ်ချပေးဖို့၊ ရဲတပ်ဖွဲ့ကလည်း အမုန်းဆောင်ရာဇ၀တ်မှု ဖြစ်လာနိုင်တဲ့ ခွဲခြားလှုံ့ဆော်မှုတွေကို ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • မြစ်ဆုံစီမံကိန်းကို လက်ခံရန် ကချင်ခေါင်းဆောင်များအား တရုတ် ဖိအားပေး

    မြစ်ဆုံစီမံကိန်းကို လက်ခံရန် ကချင်ခေါင်းဆောင်များအား တရုတ် ဖိအားပေး

    မတ် ၆၊ ၂၀၁၉
    M-Media

    KBC ဥက္ကဌ သိက္ခာတော်ရဆရာတော် Hkalam Samson

    – ရပ်တန့်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မှုကို ထောက်ခံဖို့ တရုတ်အာဏာပိုင်တွေက ကချင်ဘာသာရေးခေါင်းဆောင်တွေကို ဖိအားပေးခဲ့ပြီး၊ ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

    ကချင်နှစ်ခြင်းအသင်းတော် KBC က ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ ထိပ်တန်း တာဝန်ရှိသူ ၇ ဦးဟာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ တွေ့ဆုံခဲ့ကြတာပါ။ တရုတ်အာဏာပိုင်တွေက သမ္မတ ရှီကျင့်ဖျင်ဟာ မြစ်ဆုံဆည် စီမံကိန်းကို တော်တော်လေး အားပေးထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြစ်ဆုံစီမံကိန်းကို ကျွန်တော်တို့ လက်ခံမယ်ဆိုရင် ပိုကောင်းမယ်လို့ သူတို့က ပြောပါတယ်။ သေခံတွေအတွက် အကျိုးအမြတ်ရမယ်ပေါ့” လို့ KBC ဥက္ကဌ သိက္ခာတော်ရဆရာတော် Hkalam Samson က ပြောပါတယ်။

    ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ထားခဲ့ပါတယ်။ တရုတ်က ဒီစီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားလာပြီး တရုတ်သံအမတ် ဟုန်လျန် ဒီဇင်ဘာလက ကချင်ပြည်နယ်ကို သွားရောက်ကာ
    စီမံကိန်းကို ကချင်ပြည်သူတွေ မကန့်ကွက်ဘူးလို့ ပြောခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ရိုက်ခတ်လာခဲ့ပါတယ်။

    ဟုန်က မြစ်ဆုံဆည်ဟာ တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) စီမံကိန်းအောက်မှာ ဆောင်ရွက်ဖို့ လိုအပ်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူနန်အာဏာပိုင်တွေက ကချင်လက်နက်ကိုင်အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်မှာ အမြန်ဆုံး လက်မှတ်ရေးထိုးဖို့ လိုအပ်ပြီး ဒါမှသာ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်တာ၊ စစ်ရှောင်တွေ နေရပ်ပြန်တာ လုပ်ဆောင်နိုင်မယ်လို့ KBC တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့က အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်ထိုးလိုက်ရင် ပြည်နယ်အတွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အာမခံချက်ရှိသွားမယ်လို့ သူတို့က ထင်နေတာ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှ အခွင့်အရေးကို ရရှိဖို့ပါ။ ကျွန်တော်တို့ ဖက်ဒရယ်လိုချင်တယ်။ အဲဒီလို ကွာဟချက် ကြီးကြီးမားမား ရှိနေပါတယ်။ BRI စီမံကိန်းဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်လိ့မ်မယ်။ တရုတ်နိုင်ငံကပဲ အကျိုးအမြတ်ခံစားရမယ်လို့
    မထင်သင့်ဘူးလို့ သူတို့က ပြောပါတယ်။ BRI ကို နားလည်မှုမလွဲဖို့ သူတို့က ကျွန်တော်တို့ကို တိုက်တွန်းပါတယ်” လို့ Hkalam Samson က ပြောပါတယ်။

    ကချင်ပြည်နယ်က ကချင်ဒီမိုကရေစီသစ်တပ်မတော် ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုမှာ ကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိမယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တစ်ခု ဖန်တီးဖို့ မြန်မာနဲ့ တရုတ်တို့က အစီအစဉ် ရှိနေပြီး၊ မြစ်ကြီးနားမှာလည်း ကန်ဒေါ်လာ ၃ သန်းရှိမယ့် တရုတ်ကျောထောက်နောက်ခံပြု စက်မှုဇုန်တစ်ခု
    စတင် တည်ထောင်နေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က တွေ့ဆုံမှုအတွင်း ယူနန်အာဏာပိုင်တွေက သူတို့အနေနဲ့ ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ နေရပ်ပြန်နိုင်ရေး ကူညီပေးမယ်လို့ KBC တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။

    “နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဟာ သမ္မတရှီရဲ့ ပေါ်လစီမှာ အရေးပါတယ်လို့ သူတို့က ပြောတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဟာ ပြည်တွင်းစစ်ကြောင့် နှောင့်နှေးကြန့်ကြာနေတယ်ပေါ့။ သိပ်မကြာခင်မှာ ဒါကို မဖြစ်ဖြစ်အောင် တွန်းလုပ်မယ်လို့ ကျွန်တော် ထင်ပါတယ်”

    Ref: Irrawaddy

    (ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)