News @ M-Media
Author: Ko Lay
  • အီရန်တော်လှန်ရေးအစောင့်တပ် အသေခံဗုံးခွဲ တိုက်ခိုက်ခံရ
    အီရန်တော်လှန်ရေးအစောင့်တပ် အသေခံဗုံးခွဲ တိုက်ခိုက်ခံရ
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၉
    M-Media
    အီရန် တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ဝင်များ
    – အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ အသေခံ ကားဗုံးခွဲမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
    ပါကစ္စတန်နဲ့ကပ်နေတဲ့ စစ္စတန်-ဘာလိုချစ္စတန်ပြည်နယ်က ဇာဟီဒန်နဲ့ ကက်ရှ်မြို့အကြား ကားလမ်းမှာ တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကို ဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသဟာ ဘိန်းမှောင်ခိုလမ်းကြောင်းဖြစ်ပြီး အီရန်တပ်ဖွဲ့ဝင်တွေနဲ့ ဘာလို့ခ်ျ ခွဲထွက်ရေးသမားတွေ၊ မူးယစ်ဂိုဏ်းတွေအကြား မကြာခဏ တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာလည်း ဖြစ်ပါတယ်။
    စစ္စတန်-ဘာလိုချစ္စတန်ပြည်နယ်အခြေစိုက် Jaish al-Adl လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုကို သူတို့ပြုလုပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    အီရန်ဒုတိယသမ္မတ အက်စ်ဟက် ဂျာဟန်ဂီရီက ဒီအဖြစ်အပျက်ဟာ အစ္စလာမ့်မစ်တော်လှန်ရေးကို မမှိတ်မသုန် ကာကွယ်လိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ထိခိုက်စေမှာမဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိတဲ့ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရေးဟာ အရင်ကထက် ပိုမို ခိုင်မာလာမယ်လို့ ပြောကြားခဲ့ပါတယ်။
    နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစီမီက သူရဲကောင်းတွေရဲ့သွေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည် လက်စားချေသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ၂၀၀၉ ခုနှစ်က စစ္စတန်-ဘာလိုချစ္စတန်ပြည်နယ်မှာ အသေခံတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်က တပ်မှူး ၆ ဦးအပါအ၀င် လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်နယ်စပ်မှာ လှုပ်ရှားနေတဲ့ စွန်နီလက်နက်ကိုင်အဖွဲ့ Jundallah က ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း အီရန်နိုင်ငံ အနောက်တောင်ပိုင်း ရေနံကြွယ်ဝတဲ့ဒေသမှာ စစ်ရေးပြမှုတစ်ခု ပြုလုပ်နေစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် ၂၀ ကျော်သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
    Ref: Aljazeera
  • မြောက်ကိုရီးယားအနေဖြင့် နျူလက်နက် စွန့်လွှတ်ဖွယ်မရှိဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ် သုံးသပ်
    မြောက်ကိုရီးယားအနေဖြင့် နျူလက်နက် စွန့်လွှတ်ဖွယ်မရှိဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ် သုံးသပ်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
    M-Media
    – မြောက်ကိုရီးယားဟာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် နျူလက်နက်အားလုံး စွန့်လွှတ်မယ့်အလားအလာ မရှိဘူးလို့ အမေရိကန် ရေတပ်ဗိုလ်ချုပ် ဖီးလစ်ပ် ဒေးဗစ်ဆန်က ပြောကြားလိုက်ပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ဖေဖော်ဝါရီ ၂၇-၂၈ ရက်နေ့ကျရင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူမှာတွေ့ဆုံပြီးနောက် ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
    မနေ့က အထက်လွှတ်တော် စစ်တပ်ကော်မတီရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ဗိုလ်ချုပ် ဇီးလစ်ပ်က လာမယ့် ထိပ်သီးအစည်းအဝေးကို အကောင်မြင်ကြောင်း ပြောကြားခဲ့ပေမယ့် ကော်မရှင်ကိုတင်သွင်းတဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားကို သံသယရှိကြောင်း ဖော်ပြထားပါတယ်။
    “နျူလက်နက်အားလုံး ဒါမှမဟုတ် ထုတ်လုပ်မှုအားလုံးကို မြောက်ကိုရီးယားက စွန့်လွှတ်မယ့်အလားလာမရှိဘူးလို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ဖြေလျော့မှုရဖို့အတွက် နျူကင်းစင်ရေး တစ်စိတ်တစ်ပိုင်းလုပ်ဆောင်ဖို့ ဆွေးနွေးတာမျိုး ရှိနိုင်ပါတယ်”
    ပြီးခဲ့တဲ့လကလည်း အမေရိကန် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ ဒန်ကို့စ်က မြောက်ကိုရီးယားဟာ နျူလက်နက်အားလုံးကို စွန့်လွှတ်ဖို့မရှိဘဲ နျူကင်းစင်အောင်လုပ်မယ်ဆိုတဲ့ ကတိက၀တ်တွေကို ဖောက်ဖျက်ကာ ဆက်လက်လုပ်ဆောင်နေတယ်လို့ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
    ထရမ့်က ယခုလ ထိပ်သီးအစည်းအဝေးအတွက် စိတ်အားထက်သန်နေပြီး ၁၅ လအတွင်း မြောက်ကိုရီးယားက ဒုံးကျည် တစ်လုံးမှ မစမ်းသပ်တော့တာက တိုးတက်မှုတစ်ခုလို့ ရှုမြင်နေပါတယ်။
    ကုလက စောင့်ကြည့်ရေးတာဝန်ရှိတွေရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာလည်း မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်ကို သံသယရှိကြောင်း၊ နျူနဲ့ ဒုံးကျည်စီမံကိန်းအတွက် အရပ်ဖက် အဆောက်အဦးတွေကို အသုံးပြုနေကြောင်း ဖော်ပြထားပါတယ်။
    Ref: CNA
  • မက္ကဆီကိုမူးယစ်ရာဇာကို ထွက်ပြေးရန်မဖြစ်နိုင်သည့်ထောင်တွင်ထားရန် အမေရိကန်စီစဉ်
    မက္ကဆီကိုမူးယစ်ရာဇာကို ထွက်ပြေးရန်မဖြစ်နိုင်သည့်ထောင်တွင်ထားရန် အမေရိကန်စီစဉ်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
    M-Media
    မက္ကဆီကိုမူးယစ်ရာဇာ အလ်ချာပို
    – မက္ကဆီကို မူးယစ်ရာဇာ အလ်ချာပိုကို မူးယစ်မှုတွေနဲ့ အပြစ်ရှိကြောင်း နယူးယောက် ဖက်ဒရယ်တရားရုံးက မနေ့မှာ ဆုံးဖြတ်ခဲ့ပြီး လုံးဝထွက်ပြေးလို့မရမယ့် ထောင်ကို ပို့ဆောင်ဖို့ အမေရိကန်အာဏာပိုင်တွေက စီစဉ်နေပါတယ်။
    အသက် ၆၁ နှစ်အရွယ် အလ်ချာပိုဟာ မက္ကဆီကိုအကျဉ်းထောင်မှာ ထောင်ကျနေစဉ် ၂၀၁၅ ခုနှစ်မှာ မြေအောက်လှိုင်ခေါင်းဖောက်ကာ ထွက်ပြေးသွားခဲ့သူပါ။ ထွက်ပြေးပြီး ၅ လအကြာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ အလ်ချာပိုကို ပြန်မိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ မက္ကဆီကိုက အမေရိကန်ကို လွှဲပြောင်းပေးခဲ့ပါတယ်။
    မနေ့က ကြားနားမှုအတွင်း ဘိန်းဖြူရောင်းချမှု၊ တရားမ၀င်လက်နက်ကိုင်ဆောင်မှု၊ ငွေကြေးခ၀ါချမှုတွေ အပါအ၀င် စွဲချက်စုစုပေါင်း ၁၀ ခုနဲ့ အပြစ်ရှိကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် အလ်ချာပိုဟာ ထောင်ဒဏ်တစ်သက် ကျခံရဖွယ် ရှိနေပါတယ်။ အမိန့်ကို ဇွန်လ ၂၅ ရက်နေ့မှာ ချမှတ်မှာ ဖြစ်ပါတယ်။
    မက္ကဆီကိုမြောက်ပိုင်းအခြေစိုက် Sinaloa မူးယစ်ဂိုဏ်းခေါင်းဆောင် အလ်ချာပိုဟာ ဘိန်းဖြူးကုန်ကူးမှုအပြင် လူရာချီသတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ ပြိုင်ဘက်တွေကို ညှင်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။
    ထွက်မပြေးနိုင်မည့်ထောင်
    အလ်ချာပိုဟာ အရင်က ၂ ကြိမ်တိုင်တိုင် ထောင်ဖောက်ပြေးခဲ့သူဖြစ်ပြီး အမေရိကန်အာဏာပိုင်တွေက ကိုလိုရာဒိုမှာရှိတဲ့ ADX Florence ထောင်မှာ သူ့ကို ထားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်လာပါတယ်။
    ထောင်တွင်းက အခန်းတွေကို နောက်ထပ် အကျဉ်းထောင်ငယ်ပုံစံမျိုးဖြစ်အောင် ဖန်တီးထားပြီး အမေရိကန်က နာမည်ကျော် ရာဇ၀တ်ကောင်တွေ၊ ဂိုဏ်းစတားတွေ၊ အကြမ်းဖက်သမားတွေ၊ တစ်ခြားအကျဉ်းထောင်တွေမှာ တိုက်ခိုက်မှု ပြုလုပ်ခဲ့သူတွေကို ဒီအကျဉ်းထောင်ထဲမှာပဲ ထိန်းသိမ်းခဲ့ပါတယ်။
    အကျဉ်းသားတစ်ဦးဟာ အကျဉ်းထောင်က အချုပ်ခန်းထဲမှာ တစ်နေ့ကို ၂၂ ရီလောက် ပြင်ပနဲ့ ထိတွေ့ဆက်ဆံမှုမရှိဘဲ နေထိုင်ရပါတယ်။ အသိပညာပေးဖို့၊ စိတ်ကျန်းမာရေး အထောက်အကူဖြစ်စေဖို့နဲ့ ဘာသာရေးလုပ်နိုင်ဖို့အတွက် အကျဉ်းသားတွေရဲ့အခန်းထဲမှာ တီဗီတစ်လုံးစီ ထားပေးထားပါတယ်။
    ၁၉၉၄ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကတည်းက ADX Florence အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သူ တစ်ဦးမှ မရှိသေးပါဘူး။
    Ref: Reuters, BBC
  • ၀န်ကြီးချုပ်အဖြစ်ယှဉ်ပြိုင်မည့်ကိစ္စအတွက် ထိုင်းဘုရင့်အမတော်က ပြည်သူကို ပြန်တောင်းပန်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
    M-Media
    – ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုမှာ ပယ်ချခံလိုက်ရတဲ့ ထိုင်းဘုရင့်အမတော် အူဘိုလ်ရတ္တနာ ရာဇကံယာ သီရိဝဒ်ဟာနာ က ထိုင်းပြည်သူတွေကို အခက်အခဲဖြစ်အောင် လုပ်ဆောင်မိတဲ့အတွက် တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။
    လာမယ့်လမှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ Thai Raksa Chart ပါတီ ကိုယ်စားပြု ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ မင်းသမီးက အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမည်စာရင်းတင်သွင်းပြီး နာရီပိုင်းအကြာမှာပဲ ထိုင်းဘုရင် ၀ိဇယလောင်ကွန်က ကြေငြာချက်ထုတ်ပြန်ကာ ဒီလုပ်ရပ်ကို ကန့်ကွက်ခဲ့ပါတယ်။
    ထိုင်းရွေးကောက်ပွဲကော်မရှင်ကလည်း တော်ဝင်အသိုင်းအ၀ိုင်းကသူတွေဟာ နိုင်ငံရေးမှာ ကြားနေဖြစ်ရမှာကြောင့် မင်းသမီးကို ၀န်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခြင်း မပြုခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
    မင်းသမီးကတော့ ဒီကိစ္စတွေအတွက် မနေ့က ပြန်လည်တောင်းပန်ခဲ့ပါတယ်။
    “ကျွန်မ တောင်းပန်ပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ပေးချင်တဲ့ စေတနာနဲ့ လုပ်လိုက်တာပါ။ အခုလိုခေတ်အခါမျိုးမှာ မဖြစ်သင့်တဲ့ ပြဿနာမျိုး ထိုင်းပြည်သူတွေ ကြုံတွေ့ခဲ့ရတာပါ” လို့ မင်းသမီး အူလ်ဘိုရတ္တနာက Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    သူမကို တော်ဝင်မိသားစုဝင်အဖြစ်သာ တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ ထိုင်းပြည်သူတစ်ချို့က ပြောကြားမှုတွေရှိနေပါတယ်။ သူမကတော့ မိမိဟာ တော်ဝင်မိသားစုနဲ့ မဆိုင်တော့ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
    “မင်းသမီးနေရာမှာ ဆက်ပြီး မရှိချင်တော့ပါဘူး။ ဒီနေရာကို စွန့်လွှတ်ခဲ့တာ တော်တော်ကြာပါပြီ”
    အူဘိုလ်ရတ္တနာဟာ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့အတွက် ထီးမွေနန်းမွေကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
    လာမယ့်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာလည်း ၀န်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
    တော်ဝင်မိသားစုကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်စေမှုအတွက် Thai Raksa Chart ပါတီကို ဖျက်သိမ်းရေး ထိုင်းရွေးကောက်ပွဲကော်မရှင်က စဉ်စားသုံးသပ်နေပါတယ်။ Thai Raksa Chart ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နီးစပ်သူတွေ စုပေါင်းတည်ထောင်ထားတဲ့ပါတီ ဖြစ်ပါတယ်။
    Thai Raksa Chart ပါတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကော်မရှင်အနေနဲ့ မျှမျှတတဆုံးဖြတ်ဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။
    Ref: Reuters
  • ဒေသခံများ၏ နွေးထွေးဖေးမမှုကို ရရှိနေသည့် ရှမ်းပြည်နယ်မှ ကချင်စစ်ဘေးရှောင်များ
    ဒေသခံများ၏ နွေးထွေးဖေးမမှုကို ရရှိနေသည့် ရှမ်းပြည်နယ်မှ ကချင်စစ်ဘေးရှောင်များ
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
    M-Media
    မိုင်းပြင်အောက်ရွာတွင် ခိုလှုံနေရသည့် ကလေးငယ်များ (Photo Credit – mmtimes)
    – ရှမ်းပြည်နယ် မိုင်းပြင်အောက်ရွာက အေးစိမ့်လှတဲ့ မနက်ခင်းမှာ Ah Mu တစ်ယောက် တာပေါ်လင်တဲတစ်ခုရှေ့မှာ ထိုင်ကာ အသက်တစ်လအရွယ် သမီးငယ်လေးကို နို့ချိုတိုက်ကျွေးနေချိန် ၄ နှစ်အရွယ် သားငယ်လေးက အနီးအနားမှာ ဆော့ကစားနေပါတယ်။
    ရှမ်းပြည် တိုးတက်ရေးပါတီနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လားရှိုးမြို့ကနေ ၁၂ မိုင်အကွာမှာရှိတဲ့ မိုင်းပြင်က Ah Mu နဲ့ အခြားဒေသခံတွေ ထွက်ပြေးကာ ယိုင်နဲ့နဲ့တဲတွေမှာ ခိုလှုံနေထိုင်နေရတာ ၄ လ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
    မိုင်းပြင်အောက်ပိုင်းမှာ နေထိုင်သူတွေရဲ့ အကူအညီနဲ့ တာပေါ်လင်တဲတွေကို ထိုးတာတာဖြစ်ပြီး စားနပ်ရိက္ခာကိုတော့ ကချင်နှစ်ခြင်းအသင်းတော် KBC၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ မေတ္တာဖောင်ဒေးရှင်းတို့က လှူဒါန်းပါတယ်။ မိုင်းပြင်မှာ နေထိုင်သူတွေအားလုံးဟာ ကချင်လူမျိုးတွေ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး မိုင်းပြင်အနီးမှာ နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေနဲ့  တိုက်ခိုက်ခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။ အနီးအနားရွာကလူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
    “ကိုယ်ဝန့်အရင့်အမာကြီးနဲ့ ကျွန်မ ထွက်ပြေးရတာ။ ကလေးအသက်ရှင်တာ ကံကောင်းတယ်” လို့ Ah Mu က ပြောပါတယ်။ ရွာကလူတွေ အကုန်လုံး ထွက်ပြေးရပြီးတဲ့နောက် သူမရဲ့ခင်ပွန်းဟာ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။ လသားအရွယ်သားကို ကျောပိုးပြီး ဆွေးမျိုးတွေနဲ့အတူ ထွက်ပြေးခဲ့ရတယ်လို့လည်း Ah Mu က ပြောပါတယ်။
    “မိုင်းပြင်မှာ ကျွန်မတို့နေတာ နှစ်တော်တော်ကြာနေပြီ။ အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ရတာနဲ့ ဘယ်တော့မှ ပြန်နိုင်မလဲဆိုတာ မသိသေးတဲ့အပေါ် ၀မ်းနည်းမိပါတယ်” လို့ သူမက မျက်ရည်လည်ရွဲနဲ့ ပြောကြားခဲ့ပါတယ်။
    မိုင်းပြင်ရွာသားတွေဟာ အနီးအနားကရွာကို အောက်တိုဘာလမှာ ထွက်ပြေးခဲ့ရပြီး ၃ ရက်နေထိုင်ခဲ့ရပါတယ်။ အဲဒီရွာမှာ လုံခြုံရေး အာမခံချက်မရှိတာကြောင့် သူတို့တွေဟာ လာရှိုးက KBC မှာ တစ်ပတ်လောက် နေထိုင်ခဲ့ရပြီး အဲဒီနောက် မိုင်းပြင်အောက်ပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။
    မိုင်းပြင်အောက်ရွာမှာ အိမ်ထောင်စု ၃၈ စုက လူ ၁၂၀ လောက်ရှိနေပြီး မိုင်းပြင်အထက်ပိုင်းက ပြောင်းလာသူတွေနဲ့ဆိုရင် ကချင်လူမျိုး ၂၀၀ လောက် ရှိနေတယ်လို့ စခန်းကို ဦးစီးနေတဲ့ Htwel Shaung က ပြောပါတယ်။
    “ကျွန်တော်တို့အားလုံးဟာ ကချင်တွေဖြစ်တာကြောင့် သူတို့ကို လက်ခံခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ရွာကလည်း ဆင်းရဲတယ်။ ဒါ့ကြောင့် နေစရာထိုင်စရာနဲ့ စားနပ်ရိက္ခာတွေပေးဖို့ ခက်ခဲပါတယ်။ ဒုက္ခသည်တွေ သူတို့အိမ်ကို မကြာခင် ပြန်နိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်”
    တိုက်ပွဲတွေစဖြစ်ကတည်းက ရွာသားလေးဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ Khun Sinn ရဲ့ အသက် ၆၀ အရွယ် မိခင်နဲ့ အသက် ၂ နှစ်အရွယ် တူမတို့ ပါဝင်သွားပါတယ်။
    “ကျွန်မအမေနဲ့ အမက ရွာပြင်မှာ ကောက်သွားရိတ်နေတာ။ ပစ်သံခတ်သံတွေကို ကြားတဲ့အခါ အမေက သွေးအိုင်ထဲမှာ လဲနေပြီ။ အမေမသေအောင် ကြိုးစားခဲ့ပေမယ့် အမေ့ကို မကယ်တင်နိုင်ခဲ့ပါဘူး” လို့ Khun Sinn က ပြောပါတယ်။ အသက် ၃၆ နှစ်အရွယ်သူမမှာ သားနှစ်ဦးနဲ့ သမီးနှစ်ဦး ရှိပါတယ်။
    “ရိုးရိုးတန်းတန်း နေမကောင်းဖြစ်ပြီး သေသွားတယ်ဆိုရင်တော့ ဖြေသာသေးတာပေါ့။ ကောင်းကောင်းလည်း ပြုစုခွင့်ရမယ်လေ။ တိုက်ပွဲကြောင့် အခုလိုဖြစ်သွားတယ်ဆိုတော့ တော်တော်လေး နာကျင်ခံစားရပါတယ်။ သူတို့အချင်းချင်းပစ်တာက ပစ်လေ။ ဘာ့ကြောင့် ကျွန်မအမေက ကြားထဲကနေ သေရတာလဲ” လို့ Khun Sinn က မျက်ရည်စက်လက်နဲ့ ပြောပါတယ်။
    အသက် ၂၈ နှစ်အရွယ် Aung Mai ကတော့ တိုက်ပွဲက တုန်လှုပ်စရာအခြေအနေတွေရဲ့ ခြောက်လှန့်မှုကို ခံခဲ့ရပါတယ်။ သူ့ရဲ့ စိတ်ကျဝေဒနာကို မိသားစုက အစွမ်းကုန် စောင့်ရှောက်ကုသပေးခဲ့ပေမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ Aung Mai ဟာ ရွာက မီးတိုင်ပေါ်တက်ပြီး ကြိုးဆွဲချ အဆုံးစီရင်ကာ ဇနီးနဲ့ Mai Jar နဲ့ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူတို့ကို ထားသွားခဲ့ပါတယ်။
    “တိုက်ပွဲကြောင့် ခင်ပွန်း၊ သားသမီးတွေနဲ့အတူ ထွက်ပြေးရရုံတင်မက၊ ဒီဒဏ်ကြောင့်ပဲ ကျွန်မယောက်ျား သေဆုံးခဲ့ပါတယ်။ ဘာအပြစ်တွေလုပ်ခဲ့လို့ ဒီလိုကြုံတွေ့ရလဲဆိုတာ ဘုရားသခင်ကို မေးမိပါတယ်” လို့ Mai Jar က ပြောပါတယ်။
    လာရှိုးက ‘ဒုက္ခသည်စောင့်ရှောက်ရေးကော်မတီ’ ရဲ့ ဒုတိယဥက္ကဌ Sai Ba Nyan က လက်နက်ကိုင်အဖွဲ့နှစ်ခုအကြား တိုက်ပွဲတွေဖြစ်ပွားမှုဟာ ပြဿနာတွေကိုသာ တိုးလာစေပြီး အဖြေရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    “အဖြေတစ်ခု ရှာဖို့ဆိုရင် အတိတ်ကိုချန်ထားပြီး အနာဂတ်ကိုကြည့်ဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခသည်ဘ၀ရောက်တာမျိုး မဖြစ်သင့်ပါဘူး”
    တိုက်ပွဲတွေ၊ မတည်ငြိမ်မှုတွေကနေ ကောင်းမွန်တဲ့အရာ ပေါ်ထွက်လာတာမျိုးလည်း ရှိပါတယ်။ အခက်အခဲတွေ၊ ရာသီဥတုဒဏ်တွေကို ခံစားနေရတဲ့ ကချင်ပြည်သူတွေအတွဟာ မကြာခင် အကူအညီတွေ ရရှိတော့မှာ ဖြစ်ပါတယ်။ ‘မေတ္တာအရင်းအမြစ်ဖောင်ဒေးရှင်း’ (MRF) က မိုင်းပြင်အောက်ပိုင်းမှာ ဒုက္ခသည်မိသားစု တစ်ခုစီအတွက် အိမ်ငယ်လေးတွေ ဆောက်ပေးမှာပါ။
    MRF ဟာ အကျိုးအမြတ်မယူတဲ့ အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ အဲဒီအဖွဲ့ဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိခိုက်ခံစားရသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေပါတယ်။
    အိမ်အသစ်တွေဆောက်လုပ်ဖို့အတွက် မြေနေရာကို ဒေသခံတွေက ပေးတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ တတိယပတ်လောက်မှာ အိမ်တွေကို ဆောက်လုပ်မှာဖြစ်ပြီး သီတင်းပတ် ၆ ပတ်လောက်မှာ ပြီးစီးဖို့ လျာထားပါတယ်။
    မိုင်းပြင်အထက်ရွာရဲ့ အကြီးအကဲ Thein Bwan က ကချင်တွေဟာ သူတို့ကိုယ်တိုင် မပြေလည်ပေမယ့် သူတို့လူမျိုးတွေကို ကူညီကြတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကချင်ရွာသားတွေတင်မကဘဲ အနီးအနားရွာတွေက ရှမ်းနဲ့ ပလောင်လူမျိုးတွေကလည်း ကောက်ပဲသီးနှံတွေ ထောက်ပံ့ကြပါတယ်။
    “ကျွန်တော်တို့ဟာ ရှမ်းပြည်နယ်က ကချင်တိုင်းရင်းသားတွေပါ။ ဒါ့ကြောင့် ကချင်လူမျိုးတူချင်းကလွဲလို့ တစ်ခြားလူတွေ မကူညီဘူးလို့ ထင်တာပေါ့။ ဒါပေမယ့် တကယ်တမ်း အကူအညီလိုအပ်လာတဲ့အခါမှာ ရှမ်းနဲ့ ပလောင်တို့ကလည်း သူတို့ တတ်နိုင်သလောက် ပါဝင်ကူညီကြပါတယ်” လို့ Thein Bwan က ပြောပါတယ်။
    နောက်ထပ် ထွက်ပြေးစရာနေရာ မရှိတော့တာကြောင့် အိမ်တွေမပြီးခင် မိုင်းပြင်အောက်ရွာမှာ တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ ရွာသားတွေက မျှော်လင့်နေကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Fleeing fighting in Shan State, Kachin people find kindness among strangers ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)