News @ M-Media
Author: Ko Lay
  • လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်း ဆော်ဒီ ထပ်မံအတည်ပြု
    လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်း ဆော်ဒီ ထပ်မံအတည်ပြု
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
    M-Media
    ဆော်ဒီဘုရင် ဆလ်မန်နှင့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်
    – အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်လာရေး ဆော်ဒီအာရေဗျက ဆက်လက်ထောက်ခံနေဆဲ ဖြစ်တယ်လို့ ဆော်ဒီဘုရင် ဆလ်မန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။
    မြို့တော်ရီယာ့ဒ်ကို ရောက်ရှိနေတဲ့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေဆုံစဉ်အတွင်း ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ပါလက်စတိုင်းပြည်သူတွေ လွတ်လပ်တဲ့ နိုင်ငံတစ်ခု ရပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်အပေါ် အမြဲတမ်းရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။
    အဘတ်စ်က ပါလက်စတိုင်းပိုင်နက်အတွင်း လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း၊ အစ္စရေးက ပါလက်စတိုင်း ပိုင်နက်၊ ပါလက်စတိုင်းပြည်သူနဲ့ မြင့်မြတ်ရာနေရာတွေအပေါ်မှာ ကျူးလွန်မှုတွေအကြောင်း၊ ‘ရာစုနှစ်၏ သဘောတူညီချက်’ လို့ခေါ်တဲ့ သဘောတူညီချက်တစ်ခုကို အမေရိကန်နဲ့ အပေါင်းအပါတွေက အတည်ပြုဖို့ လုပ်ဆောင်နေတဲ့အကြောင်းတွေကို ဆော်ဒီဘုရင်ထံ ပြောပြခဲ့ပါတယ်။
    အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာညီလာခံတစ်ခုကို အခုတစ်ပတ်အတွင်း ပိုလန်နိုင်ငံ ၀ါဆောမြို့မှာ ကျင်းပဖို့ ရှိနေပြီး အမေရိကန်က ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးအစီအစဉ်အတွက် အရိပ်အမြွက် ထုတ်ပြောမယ်လို့ မျှော်လင့်ရပါတယ်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဒီညီလာခံဟာ အရှေ့အလယ်ပိုင်းမှာ အီရန်က မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေမှုကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဥရောပနိုင်ငံတော်တော်များများဟာ ဒုတိယအဆင့် တာဝန်ရှိသူတွေကိုသာ ညီလာခံလွှတ်ဖို့ရှိနေပါတယ်။
    သမ္မတဒေါ်နယ်ထရမ့်ရဲ့ အကြံပေးဖြစ်ပြီး သားမက်လည်းဖြစ်တဲ့ ဂျရက် ကက်ရှ်နာဟာ ဒီညီလာခံမှာ စကားပြောမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ကက်ရှ်နာဟာ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးအတွက် တာဝန်ယူဆောင်ရွက်နေရသူလည်း ဖြစ်ပါတယ်။
    Ref: Aljazeera
  • ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ဧရာမစီမံကိန်းတစ်ခုကို ဆော်ဒီစတင်
    ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ဧရာမစီမံကိန်းတစ်ခုကို ဆော်ဒီစတင်
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media
    အလ်-အူလာဒေသမှ မြင်ကွင်းတစ်ခု
    – ရှေးဟောင်း သဲကန္တာရမြို့ အလ်-အူလာမှာ ဖော်ဆောင်မယ့် ဧရာမ ခရီးသွားလုပ်ငန်း စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ဆော်ဒီအာရေဗျက မနေ့မှာ ပြုလုပ်ခဲ့ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် တက်ရောက်ခဲ့ပါတယ်။
    အဲဒီစီမံကိန်းတွေထဲမှာ သဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ဘေးမဲ့တောတွေ ဖန်တီးပေးမယ့် Sharaan Nature Reserve စီမံကိန်း၊ အာရေဗျ ကျားသစ်တွေကို ထိန်းသိမ်းမယ့် Global Fund for the Arabian Leopard စီမံကိန်း၊ အလ်-အူလာဒေသက ရှေးဟောင်းမြို့များ ထိန်းသိမ်းရေးစီမံကိန်းနဲ့ အပန်းဖြေစခန်း စီမံကိန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
    တော်ဝင်ကော်မရှင်က ဒီစီမံကိန်းတွေဟာ ၂၀၃၅ ခုနှစ်ရောက်ရင် တိုင်းပြည်ရဲ့ ဂျီဒီပီကို ကန်ဒေါ်လာ ၃၂ ဘီလီယံ တိုးတက်စေမှာဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃၈၀၀၀ လောက်ကို ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
    ယဉ်ကျေးမှုဝန်ကြီးနဲ့ တော်ဝင်ကော်မရှင် အကြီးအကဲဖြစ်သူ မင်းသား ဘဒရ် ဘင် အဘ်ဒူလာ ဘင် ဖာရ်ဟန်က Sharaan Nature Reserve စီမံကိန်းဟာ ဒေသတွင်း ဂေဟစနစ်တွေ ညီညွတ်ရေးအတွက် စံနှုန်းသစ်တစ်ခုကို ဖော်ဆောင်ပေးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    စီမံကိန်းဖွင့်ပွဲအခမ်းအနားကို အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ ဆော်ဒီအစိုးရအကြီးအကဲတွေ တက်ရောက်ခဲ့ပါတယ်။
    အလ်-အူလာဒေသမှာ အာရပ်ဘုရင့်နိုင်ငံတွေ ပေါ်ထွက်ခဲ့ဖူးတာကြောင့် ရှေးဟောင်းအမွေအနှစ် ကြွယ်ဝတဲ့ဒေသလည်းဖြစ်ပါတယ်။ အဲဒီဒေသကို ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်လာရေး ဆော်ဒီက ကြိုးပမ်းနေပြီး အဘူဒါဘီက နာမည်ကျော် အနုပညာနဲ့ ယဉ်ကျေးမှုပြတိုက် Louvre Abu Dhabi ကို တည်ဆောက်ပေးခဲ့တဲ့ ပြင်သစ် ဗိသုကာပညာရှင် ဂျန်နူဗဲလ်က အလ်-အူလာ တောင်တန်းတွေပေါ်မှာ အပန်းဖြေစခန်းတစ်ခုကို တာဝန်ယူ ဒီဇိုင်းဆွဲပေးမှာ ဖြစ်ပါတယ်။
    ဆော်ဒီဟာ စီးပွားရေး ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှောချဖို့အတွက် ၂၀၃၀ ရည်မှန်းချက် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
    Ref: Alarabiya
  • ဟွာဝေးကုမ္ပဏီနှင့် ပတ်သက်ခြင်းမပြုရန် မဟာမိတ်များကို အမေရိကန်သတိပေး
    ဟွာဝေးကုမ္ပဏီနှင့် ပတ်သက်ခြင်းမပြုရန် မဟာမိတ်များကို အမေရိကန်သတိပေး
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယို
    – တရုတ် ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီ Huawei က ပစ္စည်းတွေကို အသုံးမပြုကြဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက မဟာမိတ်တွေကို သတိပေးလိုက်ပြီး၊ အဲဒီလို အသုံးပြုနေတဲ့နိုင်ငံတွေဟာ အမေရိကန်နဲ့ မိတ်ဖက်အဖြစ်ဆက်ဆံဖို့ ခက်ခဲလိမ့်မယ်လို့လည်း ပြောကြားလိုက်ပါတယ်။
    တရုတ်အစိုးရဟာ ဟွာဝေးထုတ်ပစ္စည်းတွေနဲ့ သူလျှိုလုပ်ငန်း လုပ်ဆောင်နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ယုံကြည်နေကြပါတယ်။
    ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ်ကို ရောက်ရှိနေတဲ့ ပွမ်ပီယိုက ဟွာဝေးပစ္စည်းတွေကို အသုံးပြုခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို မဟာမိတ်တွေဆီ ပြောပြထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ပွမ်ပီယိုဟာ ဟန်ဂေရီကနေတစ်ဆင့် ဆလိုဗက်ကီးယားနဲ့ ပိုလန်နိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
    ကမ္ဘာအကြီးဆုံး ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ ဟွာဝေးကုမ္ပဏီဟာ ဟန်ဂေရီနဲ့ ပိုလန်တို့မှာ ဈေးကွက်ချဲ့ထွင်လာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။
    ဟွာဝေးတော့ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ဟန်ဂေရီနိုင်ငံမှာ အစိုးရပိုင်လုပ်ငန်းတွေအပါအ၀င် ပြည်သူ ၇၀ ရာခိုင်နှုန်းလောက်ကို ၀န်ဆောင်မှုပေးနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    ပွမ်ပီယိုက ဟွာဝေးနဲ့ ပတ်သက်လာတာဟာ အမေရိကန်နဲ့ ဆက်ဆံဖို့ ခက်ခဲသွားစေမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “အမေရိကန်ရဲ့ အရေးပါတဲ့စနစ်တွေနဲ့အတူ ဟွာဝေးရဲ့ပစ္စည်းတွေ တွဲပြီး ရှိနေမယ်ဆိုရင် အဲဒီနိုင်ငံတွေနဲ့ ဆက်လက်လက်တွဲဖို့ ခက်မှာပါ”
    ဟန်ဂေရီနဲ့ ကာကွယ်ရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့လည်း ဘူဒါပက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။ ဟန်ဂေရီအစိုးရဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံဖို့ စိတ်အားအထက်သန်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ပွမ်ပီယိုကတော့ တရုတ်ဝင်လာရင် ဖြစ်လာမယ့်အန္တရာယ်အကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
    ဒီကနေ့ ပွပ်ပီယိုသွားရောက်မယ့် ပိုလန်နိုင်ငံဟာ ပြီးခဲ့တဲ့လက ဟွာဝေးကုမ္ပဏီရဲ့ တရုတ်ဝန်ထမ်းတစ်ဦးနဲ့ ပိုလန် လုံခြုံရေးတာဝန်ရှိသူ တစ်ဦးကို သူလျှိုစွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီး နိုင်ငံမှာ ဆောင်ရွက်နေတဲ့ 5G ကွန်ယက်မှာ ဟွာဝေးကုမ္ပဏီ ပါဝင်မှုကို ဖယ်ရှားဖို့ ရှိနေပါတယ်။
    ဟန်ဂေရီဟာ အမေရိကန်ကနေ တာလတ် ဒုံးခွင်းစနစ်ကို ၀ယ်ယူဖို့ရှိနေပြီး၊ ပိုလန်က အမေရိကန်တပ်တွေကို နိုင်ငံအတွင်း ပိုမိုချထားခွင့်ပေးဖို့ စီစဉ်နေပါတယ်။ ဆလိုဗက်ကီးယားကတော့ အမေရိကန်ကနေ F16 တိုက်လေယာဉ်တွေ ၀ယ်ယူမှာ ဖြစ်ပါတယ်။
    Ref: Reuters
  • ထိုင်းဘုရင်အမတော် ၀န်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းမှု ပယ်ချခံရ
    ထိုင်းဘုရင်အမတော် ၀န်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းမှု ပယ်ချခံရ
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media
    မင်းသမီး အူဘိုလ်ရတ္တနာ ရာဇကံယာ သီရိဝဒ်ဟာနာဟာ
    – မတ်လရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်လောက်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဘုရင့်အမတော်ရဲ့ အမည်စာရင်းတင်သွင်းမှုကို ထိုင်းရွေးကောက်ပွဲကော်မရှင်က မနေ့မှာ ပယ်ချလိုက်ပါတယ်။
    လက်ရှိ ထိုင်းဘုရင် ၀ိဇိယလောင်ကွန်ရဲ့ အမတော်ဖြစ်တဲ့ သက်တော် ၆၇ နှစ်အရွယ် မင်းသမီး အူဘိုလ်ရတ္တနာ ရာဇကံယာ သီရိဝဒ်ဟာနာဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြုပြီး ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ အမည်စာရင်းတင်သွင်းခဲ့တာပါ။ Thai Raksa Chart ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ မဟာမိတ်တွေ ပူးပေါင်းထူထောင်ထားတဲ့ပါတီ ဖြစ်ပါတယ်။
    ထိုင်းနိုင်ငံရေးစနစ်အရ တော်ဝင်အသိုင်းအ၀ိုင်းကလူတွေဟာ နိုင်ငံရေးမှာ ပါဝင်လို့မရဘဲ မင်းသမီး အမည်စာရင်းတင်သွင်းပြီး နာရီပိုင်းအကြာမှာပဲ ထိုင်းဘုရင်က ကြေငြာချက်တစ်စောင်ထုတ်ပြန်ကာ ဒီကိစ္စကို သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။
    မနေ့က ထိုင်းရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်တဲ့ ၀န်ကြီးချုပ်လောင်းစာရင်းမှာ မင်းသမီး အူဘိုလ်ရတ္တနာရဲ့အမည် ပါဝင်လာခြင်း မရှိပါဘူး။
    တော်ဝင်အသိုင်းအ၀ိုင်းဟာ နိုင်ငံရေးရဲ့ အထက်မှာရှိပြီး၊ နိုင်ငံရေးမှာ ကြားနေရမှာဖြစ်တာကြောင့် မင်းသမီးရဲ့ အမည်စာရင်းတင်သွင်းမှုကို ပယ်ချခဲ့တာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာလည်း ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
    မင်းသမီးကို ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ Thai Raksa Chart ပါတီကို ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ ရှိပေမယ့် ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ မနေ့ကထုတ်ပြန်မှုမှာ ဒီကိစ္စအကြောင်း ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။
    အူဘိုလ်ရတ္တနာဟာ အမေရိကန်နိုင်ငံသားတစ်ယောက်ကို လက်ထပ်ခဲ့တာကြောင့် ထီးမွေနန်းမွေနဲ့ တော်ဝင်အမှတ်သညာကို စွန့်လွှတ်ခဲ့ရသူ ဖြစ်ပါတယ်။ အိမ်ထောင်ကွဲပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ပြီး ပြည်သူတွေကတော့ သူမကို တော်ဝင်မင်းသမီးတစ်ဦးအဖြစ် ဆက်ဆံကြပါတယ်။
    Ref: CNA
  • ပဋိပက္ခတွင် အရပ်သားများကို စာနာရန် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ကုလ တိုက်တွန်း
    ပဋိပက္ခတွင် အရပ်သားများကို စာနာရန် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ကုလ တိုက်တွန်း
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media
    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
    – ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မကျူးလွန်ဖို့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပြီး အရပ်သားတွေအတွက် လူသားချင်း စာနာနာထောက်ထားမှု အကူအညီတွေ ခွင့်ပြုပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
    ကုလ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခဆိုင်ရာရုံး အထူးကိုယ်စားလှယ် ပရာမီလာ ပက်တန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ပြီးခဲ့တဲ့နှစ်က လွှတ်တော်မှာ တင်သွင်းထားတဲ့ အများသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို မြန်မြန်ဆန်ဆန် တည်ပြုဖို့ တိုက်တွန်းခဲ့ပါတယ်။
    “ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ လိင်အကြမ်းဖက်မှု တားဆီးရေး ပတ်သက်သူအားလုံးက အားထုတ်ကြိုးပမ်းကြဖို့ အရေးကြီးပါတယ်။ ပဋိပက္ခမှာ အရပ်သား၊ တိုက်ခိုက်ရေးသမားဆိုပြီး ခွဲခြားဖို့၊ အရပ်သားတွေ လုံခြုံဘေးကင်းပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိရေး ခွင့်ပြုပေးဖို့ ပါဝင်ပတ်သက်သူအားလုံးကို ထပ်မံ တိုက်တွန်းလိုပါတယ်” လို့ မနေ့ကထုတ်ပြန်တဲ့ ကြောငြာချက်မှာ ပရာမီလာက ပြောကြားခဲ့ပါတယ်။
    မြန်မာအစိုးရနဲ့ ကုလ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခဆိုင်ရာရုံးတို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်ပါ အချက်အလက်တွေအတိုင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုက်ဖျက်ရေး ဘယ်လောက်အထိ ဆောင်ရွက်ထားလဲဆိုတာကို မြန်မာတာဝန်ရှိသူတွေက ပရာမီလာကို ရှင်းလင်းအသိပေးခဲ့ပါတယ်။
    “၀န်ကြီးတွေနဲ့ အစည်းအဝေးဟာ အပြုသဘောဆောင်ပြီး လက်ရှိ မူဝါဒနဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို တွေ့ရတော့ အားတက်မိပါတယ်။ အဲဒီဆောင်ရွက်ချက်တွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီဖို့၊ ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ထိထိရောက်ရောက် သေသေချာချာဖြေရှင်းဖို့အတွက် ကျွန်မရဲ့ရုံးနဲ့ ကုလတို့က ကူညီမယ်လို့ ပြောကြားခဲ့ပါတယ်”
    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသူတွေကို စောင့်ရှောက်ရေး ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေ၊ လူမှုဖူလှုံရေး၊ ကျန်းမာရေး၊ တရားရေးဆိုင်ရာကိစ္စတွေအတွက် ကျူးလွန်ခံရသူတွေကို လွှဲပြောင်းရေးလုပ်ငန်းတွေကို ပိုမိုကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ဖို့လည်း ပရာမီလာပက်တန်က တိုက်တွန်းခဲ့ပါတယ်။
    အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းကို အစိုးရက ၂၀၁၃ ခုနှစ်ကစပြီး သုံးသပ်နေပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလရောက်မှ လွှတ်တော်ကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    Ref: mmtimes