News @ M-Media

Author: Ko Lay

  • ကျေးလက်ဒေသကျန်းမာရေးကဏ္ဍအတွက် နိုင်ငံကြီး ၄ နိုင်ငံက ဒေါ်လာ သန်း ၂၀၀ ကျော် ကူညီမည်

    ကျေးလက်ဒေသကျန်းမာရေးကဏ္ဍအတွက် နိုင်ငံကြီး ၄ နိုင်ငံက ဒေါ်လာ သန်း ၂၀၀ ကျော် ကူညီမည်

    နိုဝင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံက ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ရေး ၅ နှစ်စီမံကိန်းအတွက် ကန်ဒေါ်လာ ၂၁၅ သန်း ထောက်ပံ့သွားမယ်လို့ ယူကေ၊ ဆွီဒင်၊ အမေရိကန်နဲ့ ဆွစ်ဇာလန်တို့က ကတိပြုလိုက်ပါတယ်။

    ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှာ စတင်မယ့် အဲဒီစီမံကိန်းကို ကုလရဲ့ Nations Office for Project Services ရုံးအောက်မှာရှိတဲ့ Access to Health Fund က ဦးစီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ၂၀၃၀ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လွှမ်းခြုံနိုင်မှု ရှိရမယ်ဆိုတဲ့ ကမ္ဘာ့စီမံကိန်းကို အထောက်အကူဖြစ်စေမယ့် ရည်မှန်းချက်တွေ၊ ဦးစားပေးလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံရဲ့ ၂၀၁၇-၂၀၂၁ ကျန်းမာရေးစီမံကိန်းမှာ ထည့်သွင်းထားပါတယ်။ အခု ၅ နှစ်စီမံကိန်းဟာ ဒီလုပ်ငန်းစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    Access to Health Fund ဟာ စီမံကိန်းကို မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေ၊ ဆင်းရဲနွမ်းပါးတဲ့နေရာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အရည့်အသွေးနိမ့်ပါးတဲ့ နေရာတွေမှာ အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    နိုင်ငံ ၄ နိုင်ငံကပေးမယ့် ငွေတွေနဲ့ အခြားအကူအညီတွေကို အရင်က 3MDG Fund အဖွဲ့က ဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုတွေအပေါ် မူတည်ပြီး  သုံးးစွဲသွားမှာ ဖြစ်ပါတယ်။

    ကူးစက်လွယ်တဲ့ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗီနဲ့ တီဘီတို့လို ရောဂါတွေ တိုက်ဖျက်ရေး၊ မိခင်နဲ့ကလေး ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စတွေမှာလည်း Access to Health Fund က ကူညီသွားဖို့ ရှိနေပါတယ်။

    မြန်မာအစိုးရရဲ့ ဘက်ဂျက်မှာ ကျန်းမာရေးအတွက် ၃.၆၅ ရာခိုင်နှုန်းသာ ခွဲတမ်းပေးထားပြီး ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စံနှုန်း၊ ဒေသတွင်း စံနှုန်းတွေနဲ့တွက်ရင် အရမ်းနည်းပါးတဲ့ ပမာဏ ဖြစ်ပါတယ်။

    Ref: mmtimes

  • ကရာချီရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပါကစ္စတန်ခွဲထွက်ရေးသမားများ တိုက်ခိုက်၊ ဂုတ်သွေးစုပ်မှုကို မကျေနပ်ဟု ပြော

    ကရာချီရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပါကစ္စတန်ခွဲထွက်ရေးသမားများ တိုက်ခိုက်၊ ဂုတ်သွေးစုပ်မှုကို မကျေနပ်ဟု ပြော

    နိုဝင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ဘာလို့ခ်ျခွဲထွက်ရေးအဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ တိုက်ခိုက်ရေးသမား ၃ ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    စီးနင်းတိုက်ခိုက်မှု ပြုလုပ်ပြီး သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့က သေနတ်သမား ၃ ဦးစလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ကောင်စစ်ဝန်ရုံး အဆောက်အဦးကို လုံခြုံအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ကောင်စစ်ဝန်ရုံးက တရုတ်နိုင်ငံသားတွေ၊ ပါကစ္စတန် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါဘူး။

    နိုင်ငံအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ဘာလို့ခ်ျလူမျိုး ခွဲထွက်ရေးအဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ သူတို့ဒေသက သယံဇာတတွေကို ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့အတွက် ဒီလိုတိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ တရုတ်-ပါကစ္စတန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်အောင် ကြံစည်ဆောင်ရွက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ရွှမ်းကလည်း တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး ပါကစ္စတန်အာဏာပိုင်တွေအနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ၊ ရုတ်အသင်းအဖွဲ့တွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ဒေါက်တာဒေါ်သက်ထွေး (သို့မဟုတ်) မြန်မာအမျိုးသမီးထုကို အမြင်ဖွင့်ပေးနေသူ

    ဒေါက်တာဒေါ်သက်ထွေး (သို့မဟုတ်) မြန်မာအမျိုးသမီးထုကို အမြင်ဖွင့်ပေးနေသူ

    နိုဝင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    သင်တန်းတစ်ခုတွင် တွေ့ရသည့် ဆရာမ ဒေါ်သက်ထွေး

    – ဟီဂျဘ် ခေါင်းဆောင်ပုဝါကို နေသားတကျဖြစ်အောင် ပြုလုပ်ပြီးတဲ့နောက် ဒေါက်တာ ဒေါ်သက်ထွေးဟာ သင်တန်းသားတွေဖက် လှည့်ပြီး မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

    “လူတွေရဲ့ လိင်ပိုင်းဆိုင်ရာ သဘောသဘာဝအကြောင်း သိချင်တဲ့သူ ရှိပါသလား”

    တစ်ချို့တွေက ရှက်ကိုးရှက်ကန်းဖြစ်နေပေမယ့် အတန်းထဲကလူတိုင်း လက်ထောင်လာကြပါတယ်။

    ‘မိန်းမကိုယ်’ ကို ရည်ညွှန်းဖို့ သင့်လျော်တဲ့စကားလုံး ပေါ်လာရေးအတွက်တောင် ငြင်းကြခုံကြဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လိင်ကိစ္စ ပြောဆိုတာဟာ မလုပ်သင့်မလုပ်အပ်တဲ့ကိစ္စလို့ ယူဆနေကြတုန်းပါ။ ဒေါက်တာ ဒေါ်သက်ထွေးကတော့ ဒီအတားအဆီးတွေကနေ ဖောက်ထွက်နေပါတယ်။

    အသက် ၃၅ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်အမျိုးသမီးဖြစ်တဲ့ သူမဟာ မြန်မာနိုင်ငံက လိင်အသိပညာပေးဆောင်ရွက်နေတဲ့ ထိပ်တန်းဆရာမတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဓမ္မတာအကြောင်းကနေ၊ လိင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တွေအထိ အမျိုးသမီးတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို နိုင်ငံတစ်ဝှမ်းပတ်ကာ တစ်ရက်သင်တန်းကနေ၊ တစ်ပတ်အထိ ကြာမြင့်တဲ့သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

    သူမဟာ Strong Flowers ဆိုတဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး ၂၀၁၆ ခုနှစ်ကစတင်ကာ ဒီအဖွဲ့မှာ လိင်အသိပညာပေးသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

    အရှေ့တောင်အာရှက အခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာ လိင်အသိပညာပေး သင်ကြားမှုတွေ မရှိပါဘူး။ ဒါ့ကြောင့် ဒေါက်တာဒေါ်သက်ထွေးက ဆယ်ကျော်သက်တွေကနေ အသက် ၆၀ ကျော်အရွယ်တွေအထိ အမျိုးသမီးတွေကို အသိပညာပေးမှုတွေ ပြုလုပ်နေပါတယ်။ တစ်ခါတစ်ရံမှာ ကုမ္ပဏီတွေက သူမကို ခေါ်ပြီး ၀န်ထမ်းတွေကို သင်တန်းပေးခိုင်းတာတွေလည်း ရှိပါတယ်။

    “မိန်းကလေးတွေ တော်တော်များများက ဒီကိစ္စတွေကို အမေတွေ၊ အဒေါ်တွေဆီကနေ သိရှိကြတယ်။ ဒါပေမယ့် များသောအားဖြင့် မသင်ပေးကြဘူး။ သင်ပေးပြန်ရင်လည်း အမှားတွေ အများကြီးပါတတ်တယ်” လို့ သူမက ပြောပါတယ်။

    လစ်လျူရှုခံရသည့် အခြေအနေ

    သူမရဲ့သင်တန်းတွေမှာ အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုလို ကိစ္စတွေကို တိုက်ဖျက်ရေးအကြောင်း ဆွေးနွေးသင်ကြားပေးနေပါတယ်။

    ကုလရဲ့ Population Fund အဖွဲ့က မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုဟာ ‘လစ်လျူရှုခံရတဲ့ အရေးပေါ်အခြေအနေ’မျိုး ဖြစ်နေပြီး ဒီလို အကြမ်းဖက်တာတွေဟာ လုပ်ကောင်းတဲ့အရာတွေလို့ မြန်မာ့လူ့အဖွဲ့အစည်းက လက်ခံထားတာ၊ ဥပဒေက အမျိုးသမီးတွေကို ထိထိရောက် ကာကွယ်မပေးနိုင်တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

    “မိန်းမကို အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” ဆိုတဲ့ စကားပုံက လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို လက်ခံထားတယ်ဆိုတာ ဖော်ညွှန်းနေပါတယ်။

    မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား လက်ထပ်ပြီးအမျိုးသမီးတွေရဲ့ ၁၇ ရာခိုင်နှုန်းလောက်ဟာ ခင်ပွန်းသည်တွေရဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံနေရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူတဲ့အဖွဲ့ United Nations Population Fund တို့က ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေးကို မသိနားမလည်မှု၊ လူ့အဖွဲ့အစည်းက လက်မခံမှာကို ကြောက်ရွံ့ပြီး ထုတ်ဖော် မပြောမှုတွေကြောင့် အမှန်တကယ် အကြမ်းဖက်ခံရတဲ့ အရေအတွက်ဟာ များပြားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    “‘ငါတို့ခွင့်မပြုဘူးနော်’ လို့ ပြောလို့ရတယ်ဆိုတာကို ကျွန်မတို့နိုင်ငံက အမျိုးသမီးတော်တော်များများ မသိကြပါဘူး။ ကိုယ့်ယောက်ျားနဲ့မှ မဟုတ်ဘူး၊ မိသားစုမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ ဒီလို ငြင်းလို့ရပါတယ်။ ဒီသင်တန်းကို တက်ရောက်တဲ့အတွက် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆန္ဒကို အလေးထားရမယ်ဆိုတဲ့အကြောင်း သိရှိခဲ့ပြီး ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတတ်လာပါတယ်” လို့ အသက် ၂၂ နှစ်အရွယ် မဆုမေက ပြောကြားခဲ့ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ်မှာ ဒေါက်တာ ဒေါ်သက်ထွေးရဲ့သင်တန်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

    သူမရဲ့သင်တန်းကို အမျိုးသမီးတွေအပြင် အခြားသူတွေလည်း လာတက်နေကြပြီလို့ ဒေါက်တာက ပြောပါတယ်။

    “အမျိုးသမီးတွေ လာတက်ကြတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် အမျိုးသားတွေ လာတက်တဲ့အရေအတွက်ကလည်း မြင့်တက်လာပါတယ်”

    အမြင်ဖွင့်သင်တန်း

    အမျိုးသားအများစုဟာ အလုပ်ရှင်တွေက လာတက်ခိုင်းလို့ လာတက်ကြတာမျိုးဖြစ်ပေမယ့် ကိုယ့်သဘောဆန္ဒနဲ့ကိုယ် စာရင်းပေးပြီး လာတက်ကြတဲ့ လူငယ်တွေများလာတယ်ဆိုတာ သတိပြုမိတယ်လို့ ဒေါက်တာက ပြောပါတယ်။

    “ကျွန်တော့်အတွက်တော့ ဒီသင်တန်းက အမြင်တွေပွင့်စေပြီး အတွေ့အကြုံကောင်းတွေလည်း တော်တော်လေး ရပါတယ်။ လိင်စော်ကားမှု အကြောင်းကို သင်ရတော့ တော်တော်အံ့အားသင့်သွားတယ်။ ကျွန်တော်တို့ တစ်ခြားနေရာတွေကနေ သိထားတာတွေနဲ့ တစ်ခြားစီဖြစ်နေတာကိုး” လို့ အသက် ၁၇ နှစ်အရွယ် မင်းဂျော်က ပြောပါတယ်။

    သင်တန်းပြီးဆုံးသွားတဲ့နောက် ဆရာမ ဒေါ်သက်ထွေးရဲ့ ပြောကြားမှုတွေကို ပြန်လည်ကြားယောင်နေမိတဲ့အတွက် အမျိုးသမီးတွေကို အရင်ကထက် ပိုပြီး လေးလေးစားစား ဆက်ဆံတတ်လာလို့လည်း သူက ပြောပါတယ်။

    “အရင်ကဆို ကျွန်တော် ကောင်မလေးတွေကို လိုက်လိုက်စတယ်။ ဒါပေမယ့် သင်တန်းတက်ပြီးတဲ့နောက် ဒါမျိုးမဖြစ်အောင် သတိထား တတ်လာတယ်။ သေချာတာက ကျွန်တော့်ရဲ့ အမူအကျင့် ပြောင်းသွားပါပြီ”

    ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဒေါ်သက်ထွေးဟာ ဘာသာဝင်တွေအကြား နားလည်မှုတည်ဆောက်ပေးတဲ့ သံတမန်တစ်ဦးလည်း ဖြစ်လာပါတယ်။

    မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုတွေကို စစ်တပ်က လူမျိုးတုန်းသက်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ ကုလက ပြောကြားထားပါတယ်။ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘာသာရေးစော်ကားမှု၊ ခွဲခြားဆက်ဆံမှုတွေကို မကြာခဏဆိုသလို ခံစားနေရပါတယ်။

    အပြောင်းအလဲတစ်ခု

    ခေါင်းဆောင်ပုဝါ၀တ်ဆင်ထားတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းက စာသင်ခန်းထဲမှာ စာတွေသင်ကြားတဲ့ဘ၀ကို ပျော်မွေ့နေရတာဖြစ်တယ်လို့ ဒေါက်တာဒေါ်သက်ထွေးက ၀န်ခံပါတယ်။

    “လောကကြီးမှာ စိန်ခေါ်မှုတွေကတော့ အများကြီးရှိတာပေါ့။ မြန်မာနိုင်ငံက အမျိုးသမီးတွေမှာလည်း စိန်ခေါ်မှုတွေ တော်တော်များများ ရှိနေပါတယ်။ မွတ်စလင်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက် အဲဒီစိန်ခေါ်မှုဟာ ၂ ဆလောက်ရှိတယ်လို့ ပြောလို့ရတယ်”

    “သင်တန်းသားတွေကို မေးခွန်းမေးချိန်ပေးတဲ့အခါ သူတို့က ‘ဆရာမဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှု အငြင်းပွားစရာတွေ ပြောမယ်လို့ ထင်ထားတာ။ ဒါပေမယ့် သင်တန်းကာလတစ်ခုလုံးကိုကြည့်ရင် ဆရာမဟာလည်း ကျွန်မတို့လိုပါပဲ။ ကျွန်မတို့နဲ့ ဆရာမကြားမှာ ဘာမှ ကွဲပြားတာမရှိဘူး’ လို့ သူတို့ပြောကြတယ်”

    လူ့အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲဖို့ဆိုတာ အချိန်ယူရမှာဖြစ်ပြီး သူမရဲ့သင်တန်းတွေက လူတွေအချင်းချင်းကြားမှာ နားလည်မှု တည်ဆောက်နိုင်အောင် ကူညီပေးတာဖြစ်တယ်လို့ ဒေါက်တာက ပြောကြားခဲ့ပါတယ်။

    “လူ ၂၀ လောက်ရှိတဲ့အတန်းမှာ တစ်ယောက်လောက်ပဲ ပြောင်းလဲမယ်၊ တစ်ခုခုရသွားတယ်လို့ ခံစားရမယ်ဆိုရင်လည်း ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတစ်ခုပါ။ ကျွန်မကတော့ သိထားတာတွေကို တတ်နိုင်သလောက်မျှဝေပြီး ကျွန်မတို့လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ပြောင်းလဲမှုတွေမှာ တစ်နိုင်သမျှ ပါဝင်သွားမှာ ဖြစ်ပါတယ်။  ဒီလိုပဲ ကျွန်မ ဆုံးဖြတ်ထားပါတယ်”

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် The Muslim woman lifting the veil on sex education in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    ကယ်လီဖိုးနီးယား တောမီး

    ကာရှုဂျီအသတ်ခံမှု အိမ်ရှေ့မင်းသားနှင့် မပတ်သက်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးပြော
    ===================
    ဆော်ဒီဂျာနယ်လစ် ဂျမားလ်ကာရှိုဂျီ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံရမှုဟာ မတော်တဆ ဖြစ်ရပ်သာဖြစ်ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ကြိုးကိုင်တယ်ဆိုတဲ့ ပြောကြားမှုတွေဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းရ် မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေက ကာရှိုဂျီကို သတ်ဖို့ ဘင် ဆလ်မန်က အမိန့်ပေးတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားတာပါ။ ဒီကိစ္စကြောင့် ဘင်ဆလ်မန်ကို ထီးနန်းမလွှဲရေး ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းက စီစဉ်နေတယ်ဆိုပြီး ရိုက်တာသတင်းဌာနက အခုသီတင်းပတ်အစောပိုင်းမှာ ဖော်ပြခဲ့ပြီး ဒီသတင်းကိုလည်း ဂျူဘိုင်းရ်က ပယ်ချခဲ့ပါတယ်။

    တောမီးကြောင့် အိုးအိမ်စွန့်ခွာရသည့် အမေရိကန်ပြည်သူများ မိုးကြီးမှုဒဏ်ကို ထပ်မံခံစားနေရ
    ===================
    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေဟာ မိုးသည်းထန်စွာရွာသွန်းပြီး စိုစွတ်မှုဒဏ်ကို ထပ်မံခံစားနေရပါတယ်။ ပြည်နယ်သမိုင်းတစ်လျှောက် အဆိုးဆုံးဖြစ်တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၃ ဦးအထိ ရှိခဲ့ပြီး ၅၆၀ လောက် ပျောက်ဆုံးနေပါတယ်။ ဆက်လက်လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေက ကြိုးစားငြှိမ်းသက်နေရပြီး သေဆုံးသူထပ်မရှိနိုင်တော့ပေမယ့် အိုးအိမ်စွန့်ခွာရသူတွေ ထပ်တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို အဆင့်လျှော့ချ ပြုလုပ်
    =================
    အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်နေတဲ့ Foal Eagle စစ်ဆင်ရေးကို မူလစီစဉ်ထားတဲ့ ပမာဏကနေ မြောက်ကိုရီးယားနဲ့ သံခင်တမန်ခင်း မထိထိုက်စေတဲ့ ပမာဏအထိ လျှော့ချပြုလုပ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ လာမယ့်နှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာပါ။ ခေါင်းဆောင်နှစ်ဦးဟာ ဇွန်လက တွေ့ဆုံကာ နျူကင်းစင်ရေးကိစ္စ ဆွေးနွေးခဲ့ပေမယ့်လည်း ထင်သာမြင်သာတဲ့ တိုးတက်မှုမျိုး မရသေးပါဘူး။ အမေရိကန်ဟာ နျူကင်းစင်ရေးဆောင်ရွက်ပြီးမှ ပိတ်ဆို့မှုအားလုံး ဖယ်ရှားလိုတဲ့ဆန္ဒ ရှိနေပြီး မြောက်ကိုရီးယားက ဒီအချက်ကို လက်မခံပါဘူး။

    Ref: Aljazeera

  • နော်ဝေရှိ ဘောလုံးဒိုင်လူကြီးတစ်ဦး လူငယ် ၃၀၀ ကျော်ကို လိင်စော်ကား

    နော်ဝေရှိ ဘောလုံးဒိုင်လူကြီးတစ်ဦး လူငယ် ၃၀၀ ကျော်ကို လိင်စော်ကား

    နိုဝင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    – နော်ဝေနိုင်ငံက ဘောလုံးဒိုင်လူကြီးတစ်ယောက်ဟာ ယောက်ျားလေး အယောက် ၃၀၀ လောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့အတွက် တရားစွဲဆို ခံခဲ့ရပြီး နိုင်ငံအတွင်း သမိုင်းတစ်လျှောက် အကြီးမားဆုံး လိင်ပြဿနာ ဖြစ်ပါတယ်။

    အသက် ၂၀ ကျော်အရွယ်ရှိတဲ့ အဲဒီဒိုင်လူကြီးဟာ ၂၀၁၁ ခုနှစ်ကစတင်ပြီး အွန်လိုင်းမှာ အမျိုးသမီးအသွင်ယူပြီး အသက် ၁၃ နှစ်ကနေ ၁၆ နှစ်အတွင်းရှိတဲ့ ကောင်လေးတွေကို ပစ်မှတ်ထားကာ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တောင်းယူခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်တွင်း Line နဲ့ Kitt တို့လို စာပို့တဲ့ အက်ပလီကေးရှင်းတွေအသုံးပြုကာ ဆယ်ကျော်သက် ကောင်လေး ၁၀၀ ကျော်လောက်နဲ့ လိင်ပိုင်းဆိုင်ရာ မက်ဆေ့ခ်ျထောင်ချီ အပြန်အလှန် ပေးပို့ခဲ့ကြပါတယ်။ ဒီပုံတွေ စာတွေကို အွန်လိုင်းမှာ ဖြန့်ဝေမယ်လို့ ခြိမ်းခြောက်ပြီး ကလေးငယ်တွေဆီက လိင်ဓာတ်ပုံတွေ၊ ပစ္စည်းတွေကို တောင်းယူခဲ့တယ်လို့ နော်ဝေမီဒီယာတွေက ဖော်ပြပါတယ်။

    လက်ရှိမှာ ဒိုင်လူကြီးကို အဓမ္မကျင့်မှု စွဲချက်တစ်ခု ကလေးငယ် ၃၀၀ ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်တွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

    “တော်တော်ဆိုးဝါးတဲ့ကိစ္စပါ။ နော်ဝေသမိုင်းသမိုင်းတစ်လျှောက် အကြီးမားဆုံး လိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ပါတယ်” လို့ ရှေ့နေချုပ် ဂူရို ဟာဆန် ဘူလ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    တရားစွဲခံထားရသူရဲ့ရှေ့နေက သူ့အမှုသည်ဟာ ဒီလိုလုပ်ရပ်တွေကို လုပ်ခဲ့ကြောင်း ၀န်ခံခဲ့ပေမယ့် တစ်ဦးချင်းစီနဲ့ပတ်သက်လို့ တုန့်ပြန်တာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်ကလည်း ယူကေမှာ ဘောလုံးနည်းပြဟောင်း ဘယ်ရီဘန်နဲလ်ဟာ လူငယ်ကစားသမား မိန်းကလေးငယ် ၃၆ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့ရပြီး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံခဲ့ရပါတယ်။

    Ref: RT