News @ M-Media

Author: Ko Lay

  • ခရစ်ယာန်များအား အကြမ်းဖက်သည့်အဖွဲ့ကို အီဂျစ်က ပိုက်စိတ်တိုက်ရှာဖွေနှိမ်နှင်း၊ ၁၉ ဦးသေဆုံး

    ခရစ်ယာန်များအား အကြမ်းဖက်သည့်အဖွဲ့ကို အီဂျစ်က ပိုက်စိတ်တိုက်ရှာဖွေနှိမ်နှင်း၊ ၁၉ ဦးသေဆုံး

    နိုဝင်ဘာ ၄၊ ၂၀၁၈
    M-Media

    – သောကြာနေ့က ကော့ပတစ်ခရစ်ယာန်တွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို အီဂျစ် ရဲတပ်ဖွဲ့က ပိုက်စိတ်တိုက် ရှာဖွေနှိမ်နှင်းနေပြီး အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ခရစ်ယာန် ၇ ဦး သေဆုံးခဲ့တဲ့ မင်ယာပြည်နယ်က အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ကြေငြာထားတာပါ။

    အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေက ဒီအုပ်စုကို လိုက်လံနှိမ်နှင်းရာမှာ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၁၉ ဦးသေဆုံးခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ခရစ်ယာန်တွေရဲ့ ဈာပနအခမ်းအနားကို မနေ့က ကျင်းပပြုလုပ်ခဲ့ပြီး အီဂျစ်ပြည်သူရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

    အီဂျစ်နိုင်ငံရဲ့ သန်း ၉၀ သော လူဦးရေမျာ ကော့ပတစ်နဲ့ အောသို့ဒေါ့စ် ခရစ်ယာန်အသင်းဝင်တွေဟာ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ ရှိနေပြီး အရှေ့အလယ်ပိုင်းရဲ့ ခရစ်ယာန်လူဦးရေ အများဆုံးလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီဂျာနယ်လစ် ကာရှုဂျီ၏အလောင်းကို အပိုင်းပိုင်းတစ်ကာ အိတ် ၅ လုံးဖြင့် သယ်ထုတ်

    ဆော်ဒီဂျာနယ်လစ် ကာရှုဂျီ၏အလောင်းကို အပိုင်းပိုင်းတစ်ကာ အိတ် ၅ လုံးဖြင့် သယ်ထုတ်

    နိုဝင်ဘာ ၄၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား၏ အကြံပေး မဟာရ် မူထရဘ်ကို အောက်တိုဘာ ၂ ရက်နေ့က တူရကီလေဆိပ်တွင် တွေ့ရစဉ်

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံလိုက်ရတဲ့ ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီကို သတ်ဖြတ်ပြီး အပိုင်းပိုင်းတစ်ကာ ခရီးဆောင်အိတ် ၅ လုံးနဲ့ထည့်ပြီး သယ်ဆောင်သွားတယ်လို့ တူရကီအစိုးရဖက်ယိမ်းတဲ့ Sabah သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အမည်မဖော်လိုတဲ့ တူရကီတာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြတာဖြစ်ပါတယ်။

    အောက်တိုဘာ ၂ ရက်နေ့က ဂျမားလ် ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲဝင်သွားပြီးတဲ့နောက် လည်ပင်းညှစ်အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဆော်ဒီက ထုတ်ပြန်ထားပါတယ်။ ဆော်ဒီဟာ ကာရှိုဂျီပျောက်ဆုံးမှုကို ပထမပိုင်းမှာ ငြင်းဆိုခဲ့ပြီး နိုင်ငံတကာရဲ့ဖိအားကြောင့် နောက်ပိုင်းမှာ အသတ်ခံလိုက်ရတယ်လို့ ၀န်ခံခဲ့ပါတယ်။

    Sabah သတင်းစာက ကာရှိုဂျီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခရီးဆောင်အိတ် ၅ လုံးနဲ့ထည့်ကာ ကောင်စစ်ဝန်ရဲ့ နေအိမ်ကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

    တူရကီက ကာရှိုဂျီကို သတ်ဖြတ်တဲ့အဖွဲ့မှာ လူ ၁၅ ဦး ပါဝင်ပြီး မဟာရ် မူထရဘ်၊ ဆာလာဟ် တူဘီဂျီနဲ့ သာရ် အလ်-ဟာဘီတို့က အဓိက ဦဆောင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ မဟာရ် မူထရဘ်ဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အကြံပေး ဖြစ်ပါတယ်။

    သမ္မတ အာဒိုဂန်က ကာရှိုဂျီကို သတ်ဖြတ်မှုမှာ ဆော်ဒီအစိုးရရဲ့ ထိပ်ပိုင်းအာဏာပိုင်တွေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက်ဒီအချက်အလက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဘာသာရေးကိုခုတုံးလုပ်၍ ဆူပူဆန္ဒပြသူ ၁၅၀ ကျော်ကို ပါကစ္စတန် ဖမ်းဆီး

    ဘာသာရေးကိုခုတုံးလုပ်၍ ဆူပူဆန္ဒပြသူ ၁၅၀ ကျော်ကို ပါကစ္စတန် ဖမ်းဆီး

    နိုဝင်ဘာ ၄၊ ၂၀၁၈
    M-Media

    အာဆီယာဘီဘီ၏ ဓာတ်ပုံဖြင့် ဆန္ဒပြမှု

    – အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုပြီး သေဒဏ်ပေးခံထားရတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာ ဘီဘီကို တရားရုံးချုပ်က တရားသေလွှတ်ပေးမှုနဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် ဆန္ဒပြသူတွေထဲက ၁၅၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အာဆီယာဟာ ၂၀၀၉ ခုနှစ်က မွတ်စလင်အမျိုးသမီး ၂ ဦးနဲ့ သောက်ရေခွက်ကိစ္စ စကားများရာကနေ နောက်ပိုင်းမှာ တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုတယ်ဆိုပြီး သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို ခံရတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ တော့ အာဆီယာကို တရားရုံးက သေဒဏ်ပေးခဲ့ပါတယ်။

    ဒီကိစ္စကို ပါကစ္စတန်တရားရုံးချုပ်က ပြန်လည်စစ်ဆေးရာမှာ အာဆီယာဟာ မျှမျှတတ တရားရင်ဆိုင်ခွင့် မရခဲ့ပဲ၊ အမှန်တရားကိုလည်း မဖော်ထုတ်နိုင်ဘူး ဆုံးဖြတ်ဖြတ်ကာ အာဆီယာကို ဗုဒ္ဓဟူးနေ့မှာ လွှတ်ပေးခဲ့ပါတယ်။

    ဒါပေမယ် လက်ယာနိုင်ငံရေးပါတီတစ်ခု ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး လမ်းတွေပိတ်ဆို့တာ ကား၊ အဆောက်အဦး မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ပါကစ္စတန်ရဲဌာနက အကြီးတန်းတာဝန်ရှိသူ နယဘ်ဟိုင်ဒါကာ ဒီလိုတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့သူတွေကို ဗီဒီယိုမှတ်တမ်းတွေကိုကြည့်ကာ လိုက်လံ ရှာဖွေနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်အစိုးရဟာ အာဆီယာဘီဘီကို နိုင်ငံအတွင်းကနေ ထွက်ခွာခွင့်မပေးဘူးလို့ ဆန္ဒပြခေါင်းဆောင်တွေကို ကတိပေးကာ ဆန္ဒပြမှုကို ရပ်တန့်အောင် ကြိုးစားခဲ့ပါတယ်။

    Ref: Arab News

  • ဆော်ဒီအာရေဗျ၏ အာဏာရှင်စနစ်ကို ထောက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

    ဆော်ဒီအာရေဗျ၏ အာဏာရှင်စနစ်ကို ထောက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

    နိုဝင်ဘာ ၃၊ ၂၀၁၈
    M-Media

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု

    – ဆော်ဒီအာရေဗျက မိသားစုအာဏာရှင်စနစ်ကို ထောက်ခံတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မနေ့မှာ ပြောကြားလိုက်ပြီး ဒေသတည်ငြိမ်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

    ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အစ္စရေးဟာ ကမ္ဘာ့စင်မြင်မှာ ‘အရှေ့အလယ်ပိုင်းက တစ်ခုတည်းသော ဒီမိုကရေစီ’ နိုင်ငံအဖြစ် သူတို့ကိုယ်သူတို့ ဂုဏ်ယူပြောဆိုလေ့ ရှိပါတယ်။

    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အစိုးရဝေဖန်ရေးသမား ဂျာနယ်လစ် ကာရှုဂျီအသတ်ခံရမှုကြောင့် ဆော်ဒီအစိုးရဟာ ကမ္ဘာတစ်ဝှမ်းရဲ့ ဝေဖန်မှုကို ခံနေရတာပါ။ တူရကီက ဒီသတ်ဖြတ်မှုကို ဆော်ဒီအစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေက ကြိုးကိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

    နေတန်ယာဟုက ကာရှိုဂျီအသတ်ခံရမှုကိစ္စဟာ စက်ဆုပ်စရာဖြစ်ပေမယ့် ဆော်ဒီတည်ငြိမ်ရေးအတွက် အာဏာရှင်လိုအပ်ကြောင်း၊ အီရန်ကသာ အဓိကပြဿနာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “အီရန်ရဲ့ပြဿနာက ပိုကြီးတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဥရောပမှာ လုပ်ခဲ့တဲ့ မလိုမုန်းထားတဲ့ လုပ်ရပ်တွေကို အီရန်က ဆက်မလုပ်နိုင်အောင် တားရပါမယ်” လို့ Craiova ဖိုရမ်အတွက် ဘူလ်ဂေးရီးယားကို ရောက်နေတဲ့ နေတန်ယာဟုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ဆော်ဒီနဲ့ အစ္စရေးတို့ဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေဖြစ်ပြီး လက်နက်ဝယ်ယူမှု အများဆုံး နိုင်ငံတွေလည်း ဖြစ်ပါတယ်။ အစ္စရေးဟာ ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့ကို အများဆုံး ရနေပါတယ်။

    Ref: Asia Times

  • ပြည်တွင်းဖြစ် တိုက်လေယာဉ်များကို အီရန်က အကြီးအကျယ်ထုတ်လုပ်

    ပြည်တွင်းဖြစ် တိုက်လေယာဉ်များကို အီရန်က အကြီးအကျယ်ထုတ်လုပ်

    နိုဝင်ဘာ ၃၊ ၂၀၁၈
    M-Media

    အီရန်ပြည်တွင်းဖြစ် Kowsar တိုက်လေယာဉ်

    – ပြည်တွင်းဖြစ် Kowsar တိုက်လေယာဉ်ကို အမြောက်အများထုတ်လုပ်မှု စတင်နေပြီလို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ဖော်ပြလိုက်ပြီး လေတပ်အတွက် လိုအပ်သလောက်အရေအတွက်ကို ထပ်ဖြည့်သွားမယ်လို့ ဆိုပါတယ်။

    Kowsar လေယာဉ်ကို အီရန်က သြဂုတ်လမှာ ထုတ်ပြခဲ့တာဖြစ်ပြီး နောက်ဆုံးပေါ် လေကြောင်းနည်းပညာတွေ၊ ဘက်စုံသုံးရေဒါတွေကို အသုံးပြုထားကာ အီရန်နိုင်ငံရဲ့ ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းဖြစ်တိုက်လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

    အီရန်သမ္မတ ဟာဆန် ရူဟာနီက နိုင်ငံရဲ့ စစ်အင်အားဟာ ရန်သူတွေကို ဟန့်တားဖို့နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ တိုက်လေယာဉ်ထုတ်ပြတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    အီရန် ကာကွယ်ရေးဝန်ကြီး ဟာတာမီကလည်း နိုင်ငံရဲ့ လေယာဉ်ထုတ်လုပ်မှု စီမံကိန်းဟာ ၁၉၈၀ ပြည့်နှစ်တွေက ၈ နှစ်ကြာ အီရတ်နဲ့စစ်ပွဲမှာ ရရှိခဲ့တဲ့ သင်ခန်းစာ၊ အစ္စရေးရဲ့ ရန်လိုမှုတွေကြောင့် ပေါ်ပေါက်လာတာဖြစ်တယ်လို့ သြဂုတ်လမှာ ပြောကြားခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်း ဒေသအတွင်း အီရန်ရဲ့ ပြိုင်ဘက်တွေကို ကန်ဒေါ်လာ ဘီလီယံချီ လက်နက်တွေရောင်းချနေတဲ့ အမေရိကန်ဟာ ဒုံးကျည်ထုတ်လုပ်မှုအပါအ၀င် အီရန်ရဲ့ ကာကွယ်ရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ပိုမို ကြိုးစားလာပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီးနိုင်ငံ ၆ နိုင်ငံနဲ့ ရရှိတဲ့ နျူသဘောတူညီချက်ကနေ အမေရိကန်ဟာ မေလမှာ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera