News @ M-Media
Author: Ko Lay
  • အစ္စလာမ်ကိုစော်ကားသည်ဟုဆိုကာ သေဒဏ်ကျခံနေရသည့် ခရစ်ယာန်အမျိုးသမီးကို ပါကစ္စတန်က တရားသေလွှတ်
    အစ္စလာမ်ကိုစော်ကားသည်ဟုဆိုကာ သေဒဏ်ကျခံနေရသည့် ခရစ်ယာန်အမျိုးသမီးကို ပါကစ္စတန်က တရားသေလွှတ်
    အောက်တိုဘာ ၃၁၊ ၂၀၁၈
    M-Media
    တရားသေ လွတ်မြောက်သွားသည့် အာဆီယာဘီဘီ
    – တမန်တော် မိုဟာမက်နဲ့ အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုတဲ့စွဲချက်နဲ့ သေဒဏ်ကျခံနေရတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီကို ပါကစ္စတန် တရားရုံးချုပ်က ဒီကနေ့မှာ တရားသေလွှတ်ပေးခဲ့ပြီး လက်ယာစွန်းအဖွဲ့တွေကတော့ ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေ ပြုလုပ်လာပါတယ်။
    ၂၀၀၉ ခုနှစ်က ရေတွင်းကိစ္စ စကားများရာကနေ မွတ်စလင်အမျိုးသမီးနှစ်ဦးက အာဆီယာဟာ တမန်တော်နဲ့ အစ္စလာမ်ဘာသာကို စော်ကားခဲ့တယ်ဆိုပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာတော့ သူမဟာ သာသနာ ညှိုးနွမ်းစေမှု စွဲချက်နဲ့ သေဒဏ်ပေးခံခဲ့ရပါတယ်။
    နောက်လေးနှစ်အကြာမှာ လာဟိုးမြို့အဆင့်မြင့်တရားရုံးက ဒီပြစ်ဒဏ်ကို ထပ်မံ အတည်ပြု ခဲ့ပါတယ်။
    ဒါပေမယ့် အာဆီယာရဲ့ တရားရင်ဆိုင်ရမှုဟာ မျှတမှုမရှိဘူးလို့ ဝေဖန်မှုတွေပေါ်ထွက်ခဲ့ပြီး၊ တရားရုံးချုပ်က ပြန်လည်စစ်ဆေးရာမှာ မမျှတမှုတွေ တွေ့ရှိခဲ့တာကြောင့် စွဲချက်တွေအားလုံး ရုပ်သိမ်းပြီး တရားသေ ပြန်လွှတ်ပေးဖို့အတွက် ဒီကနေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။
    တရားသူကြီး အာဆစ်ဖ်ခိုဆာက တရားစီရင်မှုအတွင်း အမှန်တရားကို အပြည့်အ၀ ထုတ်ဖော်နိုင်ခြင်း မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
    တရားရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ လယ်ယာစွန်းရောက် နိုင်ငံရေးနဲ့ ဘာသာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Tehreek-e-Labbaik Pakistan (TLP) ရဲ့ ဆော်သြမှုကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး တရးသေလွှတ်ပေးလိုက်တဲ့ တရားသူကြီးတွေ၊ ၀န်ကြီးချုပ် အင်မရန်းခန်းအစိုးရကလူတွေကို သတ်ဖြတ်ဖို့အတွက် လှုံ့ဆော်လာပါတယ်။
    Ref: Aljazeera
  • မွတ်စလင်များ၏ပေးဆပ်မှုကို စာသင်ကျောင်းများတွင် သင်ကြားရန် ဗြိတိန်လွှတ်တော်အမတ် တိုက်တွန်း
    မွတ်စလင်များ၏ပေးဆပ်မှုကို စာသင်ကျောင်းများတွင် သင်ကြားရန် ဗြိတိန်လွှတ်တော်အမတ် တိုက်တွန်း
    အောက်တိုဘာ ၃၁၊ ၂၀၁၈
    M-Media
    မွတ်စလင်စစ်ပြန်များနှင့်အတူ တွေ့ရသည့် ရော်ဘင်ဝေါလ်ကာ (လယ်)
    – ပထမကမ္ဘာစစ်အတွင်း ဗြိတိန်မွတ်စလင်တွေရဲ့ ပေးဆပ်မှုတွေကို စာသင်ကျောင်းက သင်ခန်းစာတွေမှာ ထည့်သွင်း သင်ကြားသင့်တယ်လို့ ဗြိတိန် လွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်ပါတယ်။
    ကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့ကြတဲ့ ဗြိတိန်မွတ်စလင်စစ်သားတွေအတွက် လွှတ်တော်မှာ တနင်္လာနေ့က အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပါတယ်။ မေ့ဖျောက်ခံထားရတဲ့ သူရဲကောင်းတွေကို ဖော်ထုတ်နေတဲ့ Forgotten Heroes 14-19 ဖောင်ဒေးရှင်းက အခမ်းအနားကို စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။
    အခမ်းအနားကို ဘုရင်မကြီးရဲ့ OBE ဘွဲ့ ရရှိထားတဲ့ ရှေ့ဆောင်အီမာမ် အာဆင် ဟာဖစ်ဇ်အပါအ၀င် နိုင်ငံတစ်ဝှမ်းက ထင်ရှားကျော်ကြားသူ အချို့နဲ့ စစ်ပြန်တွေ တက်ရောက်ခဲ့ကြပါတယ်။
    “လေးစားမှု၊ သည်းညည်းခံမှု၊ လူသားဆန်မှု၊ ညီညွတ်မှု၊ မိတ်ဆွေဖြစ်မှု၊ သူရသတ္တိ၊ မေတ္တာတရား၊ ဖက်စစ်ဆန့်ကျင်ရေးနဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး စတာတွေဟာ ပထမကမ္ဘာစစ်မှာ မွတ်စလင်စစ်သားတွေ ပြသခဲ့တဲ့ တန်ဖိုးတွေ ဖြစ်ပါတယ်။ ဒါတွေဟာ စစ်တပ်ရဲ့ တန်ဖိုးတွေလည်း ဖြစ်ပါတယ်” လို့ အီမာမ် အာဆင်က ပြောကြားခဲ့ပါတယ်။
    “ပထမကမ္ဘာစစ်အတွင်း စစ်ပွဲတွေမှာရော၊ စစ်ပွဲပြင်ပမှာပါ မွတ်စလင်စစ်သားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဂုဏ်ပြုတဲ့ မနေ့ညနေက အခမ်းအနားကို တက်ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ဗြိတိန်နဲ့ ၀ိုဆက်စတာဒေသတွေဟာ ပိုပြီး ဘာသာလူမျိုး စုံတာကြောင့် အားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ ဒီဟာတွေကနေ အနာဂတ်မှာ စည်းလုံးညီညွတ်လာအောင် လုပ်ရမှာပါ။ ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ၀ိုဆက်စတာမြို့တော်ဝန်နဲ့ ဒုတိယမြို့တော်ဝန်တွေဟာ မွတ်စလင်တွေ ဖြစ်လာပါတယ်” လို့ တနင်္ဂနွေနေ့ညနေပိုင်းက ကျင်းပခဲ့တဲ့ Gheluvelt Remembrance အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ရည်ညွှန်းပြီး ဝေါလ်ကာက ပြောကြားခဲ့ပါတယ်။
    Gheluvelt Remembrance အခမ်းအနားဟာ အရေးပါတဲ့ Channel ဆိပ်ကမ်းကို ဂျာမန်တပ်တွေ ထိုးစစ်ဆင်မှု ရပ်တန့်အောင် အသက်ပေး ကာကွယ်ခဲ့တဲ့ ၀ိုဆက်စတာရှိုင်းယားဒေသက မွတ်စလင်စစ်သားတွေကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။ လွှတ်တော်အမတ် ဝေါလ်ကာဟာ အခမ်းအနားကို ၀ိုဆက်စတာ မြို့တော်ဝန် ဂျက်ဘာ ရီအက်ဇ်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။
    မွတ်စလင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားသင့်တယ်လို့လည်း ဝေါလ်ကာက ဆိုပါတယ်။
    “ဒီကနေ့ ကျွန်တော်တို့ ရရှိခံစားနေတဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်အသက်ပေးခဲ့ကြသူတွေကို သတိရဖို့၊ ဂုဏ်ပြုဖို့ ဒီအခမ်းအနားတွေကို ကျင်းပတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့တွေရဲ့အကြောင်းကို နိုင်ငံတစ်ဝှမ်းက စာသင်ကျောင်းတွေမှာ သင်ကြားဖို့အတွက် အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
    Ref: Worcester News
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၃၁၊ ၂၀၁၈
    M-Media
    ယီမင်စစ်ပွဲ ပုံရိပ်
    ယီမင်စစ်ပွဲ ရက် ၃၀ အတွင်းရပ်တန့်ရန် အမေရိကန်တောင်းဆို
    ===========
    ယီမင်မှာဖြစ်နေတဲ့ စစ်ပွဲကို မိမိတို့ စောင့်ကြည့်နေတာ တော်လောက်ပြီဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း ရပ်တန့်ကာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အစိုးရကို ဟူသီသူပုန်တွေက ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ယီမင်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာကာ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ စစ်ပွဲကြောင့် ယီမင်မှာ အငတ်ဘေးဆိုက်မှု၊ ရောဂါဘယ ထူပြောမှုတွေလည်း ဖြစ်နေပါတယ်။ မာတစ်က ဆော်ဒီဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အပစ်ရပ်ဖို့ အဆင်သင့်ရှိကြောင်း၊ စစ်ပွဲတွေ မရပ်ဘူးဆိုရင် အမေရိကန်က ဗုံးတွေကြဲကာ ရပ်တန့်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဖိလစ်ပိုင်တွင် တိုင်ဖုန်းယူတူကြောင့် ၅ ဦးသေဆုံးပြီး ၄၀ နီးပါး ပျောက်ဆုံးနေ
    =============
    ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ မနေ့က တိုင်ဖုန်းယူတူ ၀င်ရောက်မှုကြောင့် ကလေးငယ် ၄ ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မြေပြိုမှုကြောင့် အနည်းဆုံးလူ ၄၀ လောက် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လတုန်းကလည်း တိုင်ဖုန်း မန်ခွတ်ကြောင့် လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ မုန်တိုင်းမ၀င်ခင် လူပေါင်း တစ်သောင်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ မုန်တိုင်းကြောင့် နေအိမ်တွေ ပြိုတာ၊ မြေပြိုမှုကြောင့် လမ်းတွေ ပိတ်ဆို့တာ၊ ဓာတ်အား ပြတ်တောက်တာတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ တစ်နှစ်ကို မုန်တိုင်း ၂၀ လောက် ၀င်လေ့ရှိပြီး လူ ရာနီချီ သေဆုံးလေ့ရှိပါတယ်။
    ဘိုးအင်း 737-MAX လေယာဉ်အားလုံးကို ပြန်လည်စစ်ဆေးရန် အင်ဒိုနီးရှား အမိန့်ထုတ်
    =====================
    Lion Air လေကြောင်းလိုင်းက ခရီးသည် ၁၈၉ ဦးတင်ဆောင်သွားတဲ့ လေယာဉ်တစ်စီး ပျက်ကျမှုပြီးတဲ့နောက် နိုင်ငံအတွင်းက Boeing 737-MAX လေယာဉ်အားလုံးကို စစ်ဆေးဖို့အတွက် အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက မနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ ပျက်ကျသွားတဲ့လေယာဉ်ဟာ ၂၀၁၇ ခုနှစ်ကမှ ဈေးကွက်ထဲဝင်လာတဲ့ Boeing 737-MAX လေယာဉ်အမျိုးအစားဖြစ်ပြီ အသုံးပြုမှုကာလ ၃ လသာ ရှိပါသေးတယ်။ ဒီအဖြစ်အပျက် ဖြစ်ကြောင့် အင်ဒိုနီးရှားရဲ့ လေကြောင်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုတွေအပေါ် စိုးရိမ်မှုတွေလည်း ဖြစ်လာခဲ့ပါတယ်။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရရှိရေး၊ လေယာဉ်ပျံသန်းမှုမှတ်တမ်း Black Box ကို ရရှိရေးတို့အတွက် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။
    ထွက်ပြေးနေသည့် စီးပွားရေးလုပ်ငန်းရှင် ဘယ်မှာရှိလဲ သိနေပြီဟု မလေးရှားပြော
    =================
    နိုင်ငံပိုင် 1MDB လုပ်ငန်းက ဒေါ်လာ သန်းရာချီ ပျောက်ဆုံးမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင် Jho Low ဘယ်မှာရှိလဲဆိုတဲ့သတင်းကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မိမိတို့ ရထားတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး မူဟ်ယစ်ဒင် ယာဆင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ Jho Low ဟာ အဖမ်းခံရမှာ စိုးတဲ့အတွက် တိုင်းပြည်ကနေ ထွက်ပြေးနေတာ ဖြစ်ပါတယ်။ ၀န်ကြီးက Jho Low ဟာ နိုင်ငံတွေလျှောက်ကူးကာ ကိုယ်ယောင်ဖျောက်နေပြီး လက်ရှိနေထိုင်နေတဲ့ တိုင်းပြည်ကနေ ပြန်လည်လွှဲပြောင်းရယူဖို့ ကြိုးစားနေတယ်လို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Aljazerea, CNA
  • ဒုတိယကမ္ဘာစစ်က ကိုရီးယားကျွန်းဆွယ်တွင် အဓမ္မလုပ်အားခိုင်းစေမှုအတွက် ဂျပန်ကုမ္ပဏီက နစ်နာကြေး ပေးရမည်
    ဒုတိယကမ္ဘာစစ်က ကိုရီးယားကျွန်းဆွယ်တွင် အဓမ္မလုပ်အားခိုင်းစေမှုအတွက် ဂျပန်ကုမ္ပဏီက နစ်နာကြေး ပေးရမည်
    အောက်တိုဘာ ၃၀၊ ၂၀၁၈
    M-Media
    – ကိုရီးယားကျွန်းဆွယ်ကို ဂျပန်ဧကရာဇ်စစ်တပ်က ကျူးကျော်သိမ်းပိုက်ခဲ့ချိန် ဒုတိယကမ္ဘာစစ်အတွင်း အဓမ္မလုပ်အား ခိုင်းစေမှုအတွက် လူ ၄ ဦးကို နစ်နာကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးချုပ်က ဂျပန်ကုမ္ပဏီတစ်ခုကို အမိန့်ချမှတ်လိုက်ပါတယ်။
    Nippon Steel & Sumitomo Metal ကုမ္ပဏီဖြစ်ပြီး တရားစွဲသူ တစ်ဦးချင်းစီကို ၀မ် သန်း ၁၀၀ (ဒေါ်လာ ၈၇၇၀၀) ပေးဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
    တရားစွဲဆိုသူတွေထဲမှာ အသက်ရှင်ကျန်ရစ်ဆဲ တစ်ဦးတည်းသောသူဖြစ်တဲ့ အသက် ၉၈ နှစ်အရွယ် လီချွန်ရှစ်က ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ‘ဒီလိုနေ့မျိုးကို သူတစ်ဦးတည်းသာ မြင်တွေ့ခွင့်ရတဲ့အတွက် ကြေကွဲဝမ်းနည်းမိတယ်’ လို့ ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။
    တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ တောင်ကိုရီးယား-ဂျပန်တို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေအပေါ် သိသိသာသာ ရိုက်ခတ်မှုရှိနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်ကြပါတယ်။
    ဂျပန်ဟာ ကိုရီးယားကျွန်းဆွယ်ကို ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ၃၅ နှစ်ကြာ ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီလို သိမ်းပိုက်မှုအတွင်း ဌာနေအမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးချမှု၊ အမျိုးသားတွေကို ချွေးတပ်ဆွဲမှုတွေအတွက် ဂျပန်နဲ့ တောင်ကိုရီးယားအကြား တင်းမာမှုတွေဟာ အခုအချိန်အထိ ရှိနေပါတယ်။
    Nippon Steel ကုမ္ပဏီကတော့ ဒီကနေ့ဆုံးဖြတ်ချက်အတွက် စိတ်ပျက်ရပြီး ပြန်လည်သုံးသပ်ကာ ဂျပန်အစိုးရဲ့ တုန့်ပြန်မှုကိုရဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စအတွက် ဂျပန်သံအမတ်ကို ဆင့်ခေါ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera