News @ M-Media
Author: Ko Lay
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၂၃၊ ၂၀၁၈
    M-Media
    ထောင်ချခံရသည့် ခရိုအေးရှား ၀န်ကြီးချုပ်ဟောင်း
    ဆော်ဒီဂျာနယ်လစ် အသတ်ခံရမှု အသေးစိတ်ကို တူရကီသမ္မတ ယနေ့တွင် ဖွင့်ချမည်
    ================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီနိုင်ငံသား နာမည်ကျော် ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး တူရကီသမ္မတ အာဒိုဂန်က ဒီကနေ့မှာ အသေးစိတ် ထုတ်ပြန်ဖို့ ရှိနေပါတယ်။ ကာရှိုဂျီဟာ ဆော်ဒီအစိုးရက လွှတ်လိုက်တဲ့ ကြေးစား ၁၅ ယောက်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းလုပ်ကာ လက်စ ဖျောက်ခဲ့တယ်လို့ တူရကီ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ တူရကီသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကာလင်က တူရကီအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် ပြည့်ပြည့်၀၀ စုံစမ်းစစ်ဆေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဒိုဂန်ကလည်း သူ့အနေနဲ့ အမှန်တရားကို ဘွင်းဘွင်းရှင်းရှင်းပဲ ထုတ်ဖော်မယ်လို့ ပြောဆိုထားပါတယ်။
    စစ်ပွဲအတွင်း အကျိုးအမြတ်ရှာမှုအတွက် ခရိုအေးရှားဝန်ကြီးချုပ်ဟောင်း ထောင်ကျ
    ===================
    ၁၉၉၀ ပြည့်နှစ်တွေက တိုင်းပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကနေ အကျိုးအမြတ် ရှာမှုအတွက် ခရိုအေးရှား ၀န်ကြီးချုပ်ဟောင်း အိုင်ဗို ဆနာဒါဟာ မနေ့က ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံလိုက်ရပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် သြစတြီးယား Hypo Group Alpe Adria ဘဏ်ကနေ ဒေါ်လာ ၅၅၈၅၀၀ ကို လာဘ်ငွေအဖြစ် ယူခဲ့မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ထောင်ဒဏ်အပြင် ယူထားတဲ့ ငွေကြေး ပမာဏ အတိအကျကိုလည်း ဆနာဒါက ပြန်ပေးရမှာ ဖြစ်ပါတယ်။ ဆနာဒါဟာ တစ်ခြား ခြစားမှုကိစ္စတွေအတွက်လည်း အရင်က ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး လက်ရှိမှာလည်း ဆက်လက် တရားရင်ဆိုင်နေရပါတယ်။
    မိမိသည် မျက်လှည့်ဆရာမဟုတ်ဟု မလေးရှားဝန်ကြီးချုပ် ပြော
    =================
    လက်ရှိ တာဝန်ထမ်းဆောင်နေရတာဟာ အရင်က တာဝန်ထမ်းဆောင်ရတာထက် ပိုပြီး ခက်ခဲတယ်လို့ မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ မဟာသီဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် မလေးရှားကို ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက ပါတီတစ်ခုတည်းကဖြစ်တဲ့ အစိုးရဖြစ်ပြီး၊ အခုအစိုးရက ပါတီ ၄ ခု ပေါင်းထားတာကြောင့် အားလုံးသဘောတူလာအောင် ကြိုးစားရတယ်လို့ မဟာသီက ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကြီးမားမှုအတွက် စိုးရိမ်မိပြီး မိမိဟာ မျက်စိတစ်မှိတ်အတွင်းမှာ အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ မျက်လှည့်ဆရာမဟုတ်ဘူးလို့လည်း မဟာသီက သတိပေးခဲ့ပါတယ်။
    နျူလက်နက် အင်အားကို တိုးချဲ့မည်ဟု ဒေါ်နယ်ထရမ့် ပြော
    ===============
    တရုတ်နဲ့ ရုရှားတို့ကို ဖိအားပေးဖို့အတွက် မိမိတို့ရဲ့ နျူလက်နက်အင်အားကို တိုးချဲ့သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ရုရှားဟာ ၁၉၈၇ ခုနှစ်က လက်မှတ်ထိုးထားတဲ့ အလတ်စား နျူလက်နက်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ထရမ့်က စွပ်စွဲထားပြီး သဘောတူညီချက်နေ နှုတ်ထွက်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ ရုရှားကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ ထရမ့်က ရုရှားနဲ့ တရုတ်တို့ မိမိတို့ရဲ့စကားကို နားထောင်လာစေဖို့အတွက် နျူလက်နက်အင်အား တိုးချဲ့ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
    Ref: Aljazeera, CNA, BBC
  • ကမ္ဘာ့အရှည်ဆုံး ပယ်လယ်ဖြတ်တံတားကို ယခုတစ်ပတ်အတွင်း ဖွင့်လှစ်မည်
    ကမ္ဘာ့အရှည်ဆုံး ပယ်လယ်ဖြတ်တံတားကို ယခုတစ်ပတ်အတွင်း ဖွင့်လှစ်မည်
    အောက်တိုဘာ ၂၂၊ ၂၀၁၈
    M-Media
    ဟောင်ကောင်နဲ့ မကာအိုကို တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ထားတဲ့ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်တံတားကို အခုတစ်ပတ်အတွင်း အများပြည်သူကို အသုံးပြုခွင့်ပေးတော့မှာ ဖြစ်ပါတယ်။
    အင်္ဂါနေ့မှာ ပြုလုပ်မယ့် တံတားဖွင့်ပွဲအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူ ဟောင်ကောင်၊ မကာအိုက အာဏာပိုင်တွေလည်း တက်ရောက်ဖို့ရှိပြီး ဗုဒ္ဓဟူးမှာ ဖြတ်သန်းသွားလာခွင့်ပြုမှာ ဖြစ်ပါတယ်။
    ၃၄ မိုင်ရှည်လျားတဲ့ အဲဒီတံတားကို ကန်ဒေါ်လာ ဘီလီယံ ၂၀ အကုန်အကျခံကာ ၉ နှစ်ကြာ ဆောက်လုပ်ခဲ့ရပြီး ၂၀၁၆ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အကြိမ်ကြိမ်ရွှေ့ဆိုင်းကာ အခုနှစ်မှ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    တံတားဟာ ဟောင်ကောင်နဲ့ မကာအိုအပါအ၀င် မြို့ပေါင်း ၁၁ မြို့ကို ဆက်သွယ်ထားပြီး ဒီမြို့တွေအကြား ခရီးသွားချိန်ဟာ သုံးနာရီကနေ နာရီဝက်အထိ လျော့ကျသွားမှာ ဖြစ်ပါတယ်။
    ဒီတံတားကို ဟောင်ကောင်ပြည်သူတစ်ချို့က ကန့်ကွက်ကြပြီး တံတားကြောင့် ဟောင်ကောင်ကို ပြည်မကလူတွေ စိုးမိုးသွားမှာ စိုးရိမ်တယ်လို့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။
    တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်အကြား ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး ဒီတံတားဟာ ဟောင်ကောင်ကို ပိုမိုလက်လှမ်းမီဖို့အတွက် တရုတ်အစိုးရရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ကြပါတယ်။
    Ref: CNN
  • ဆီးရီးယားရှိ ဗလီတစ်လုံးကို အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၄၁ ဦး သေဆုံး
    ဆီးရီးယားရှိ ဗလီတစ်လုံးကို အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၄၁ ဦး သေဆုံး
    အောက်တိုဘာ ၂၂၊ ၂၀၁၈
    M-Media
    -ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက ဗလီတစ်လုံးကို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့တစ်ပတ် လေကြောင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၄၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
    အလ်-ဆူရှာမြို့က မတ်စ်ဂျစ်ဒ် အလ်-အွတ်စ်မန်း ဗလီဖြစ်ပြီး သောကြာနေ့ ၀တ်ပြုဆုတောင်းနေတဲ့အချိန် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဗလီဝတ်ကျောင်းတော်တစ်ဝိုက်က အိမ်တွေလည်း ထိခိုက် ပျက်ဆီးခဲ့ပါတယ်။
    IS အကြမ်းဖက်သမားတွေဟာ ဒီဗလီကို အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုနေပြီး မဟာမိတ်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ SDF တပ်ဖွဲ့ကို ခုခံတိုက်ခိုက်နေတယ်လို့ အမေရိကန်က ပြောပါတယ်။
    ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့ Syrian Observatory for Human Rights (SOHR) အဖွဲ့က အရပ်သားတွေ သေဆုံးမှုကို အတည်ပြုခဲ့ပြီး အများစုဟာ IS တိုက်ခိုက်ရေးသမားတွေရဲ့ အီရတ်က ဆွေမျိုးတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်ရေးသမားတွေ ဘယ်အချိန်စုရုံးမလဲဆိုတာကို သူတို့အနေနဲ့ စောင့်ကြည့်နေခဲ့ပြီး အရပ်သားတွေ သေဆုံးတယ်ဆိုတဲ့ သတင်းတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    မဟာမိတ်တပ်ဖွဲ့နဲ့ အမေရိကန်ကျောထောက်နောက်ခံပြု SDF တပ်ဖွဲ့တို့ဟာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ယူဖရေးတီး  မြစ်ကမ်းပါးက ဒေသတွေကို ပြီးခဲ့တဲ့လကတည်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    Ref: Middle East Monitor
  • စစ်မဲ့ဇုန်တွင် လက်နက်နှင့် ကင်းစခန်းများ ဖယ်ရှားရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ
    စစ်မဲ့ဇုန်တွင် လက်နက်နှင့် ကင်းစခန်းများ ဖယ်ရှားရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ
    အောက်တိုဘာ ၂၂၊ ၂၀၁၈
    M-Media
    ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ
    – ကိုရီးယားနှစ်နိုင်ငံ နယ်စပ်က စစ်ကင်းမဲ့ဇုန်ဖြစ်တဲ့ ပန်မွန်ဂျွန်းရွာမှာ လက်နက်တွေ၊ အစောင့်ကင်းတဲတွေကို ဖယ်ရှားဖို့အတွက် ကုလနဲ့ ကိုရီးယား နှစ်နိုင်ငံ ဒီကနေ့မှာ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့လ ပြုံးယမ်က တောင်-မြောက် ကိုရီးယားခေါင်းဆောင်တွေအကြား ရရှိခဲ့တဲ့ သဘောတူညီချက်အရ စစ်မဲ့ဇုန်မှာ လက်နက်တွေ ဖယ်ရှားဖို့အတွက် ဒုတိယအကြိမ် ဆွေးနွေးခဲ့ပြီးတဲ့နောက် ဒီလို သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီလိုဆောင်ရွက်မှုဟာ ကာကွယ်ရေး အဆင်သင့်ဖြစ်မှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်လို့ အမေရိကန်က ပြောကြားထားပြီး၊ မြောက်ကိုရီးယားရဲ့ နျူကင်းစင်ရေးဆောင်ရွက်မှုမှာ သိသိသာသာ တိုးတက်မှုတွေကို မတွေ့ရှိရသေးတဲ့အချိန်မှာ ဒီကိစ္စ ပေါ်ထွက်လာတာပါ။
    နယ်စပ် စစ်ကင်းမဲ့မျဉ်းကနေ အချင်းဝက် ၁ ကီလိုမီတာအတွင်း ရှိနေတဲ့ ကင်းစခန်း ၁၁ ခုကို အခုနှစ်ကုန် နောက်ဆုံးထားပြီး ကိုရီးယားနှစ်နိုင်ငံက ဖယ်ရှားသွားမှာ ဖြစ်သလို၊ ပန်မွန်ဂျွန်းက ပူးတွဲ လုံခြုံရေးဧရိယာက လက်နက်တွေ အားလုံးကိုလည်း ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။
    ဧရိယာမှာ အစောင့်တွေကို တစ်ဖက် ၃၅ ယောက်စီ လျှော့ချသွားမှာဖြစ်ပြီး၊ စောင့်ကြည့်ရေးကိရိယာတွေက အချက်အလက်တွေကို ဝေမျှရေးလည်း ကိုရီးယားနှစ်နိုင်ငံ သဘောတူခဲ့ပါတယ်။
    ကိုရီးယားနှစ်နိုင်ငံဟာ နယ်စပ်မှာရှိနေတဲ့ မြေမြှုပ်မိုင်းတွေကိုလည်း လက်ရှိမှာ ဖယ်ရှားရှင်းလင်းနေပါတယ်။
    ဒီကနေ့ရရှိတဲ့ သဘောတူညီချက်ဟာ ရန်စတဲ့လုပ်ရပ်တွေကို မလုပ်ဖို့၊ နယ်စပ်မှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားတာကို ဖယ်ရှားဖို့လည်း ပါဝင်ပါတယ်။
    Ref: CNA
  • ထိုင်းနိုင်ငံအလယ်ပိုင်း ကားမီးလောင်မှု မြန်မာအလုပ်သမား ၉ ဦး သေဆုံး
    ထိုင်းနိုင်ငံအလယ်ပိုင်း ကားမီးလောင်မှု မြန်မာအလုပ်သမား ၉ ဦး သေဆုံး
    အောက်တိုဘာ ၂၂၊ ၂၀၁၈
    M-Media
    အခင်းဖြစ်ပွားမှု မြင်ကွင်း
    – တနင်္ဂနွေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံအလယ်ပိုင်း ကမ်ဖန်ဖတ် ပြည်နယ်က မြို့တစ်မြို့မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ဗင်ကားတစ်စီး လမ်းဘေးသစ်ပင်ကို ၀င်တိုက်ကာ မီးလောင်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
    လူ ၁၆ ဦး တင်ဆောင်လာတဲ့ အဲဒီဗန်ကားဟာ ပက်ချာဘူရီ ပြည်နယ်ကနေ ထိုင်း-မြန်မာ နယ်စပ်က မဲဆောက်မြို့ကိုအသွားမှာ ဒီ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါမှန်း မသိလောက်အောင် မီးလောင်ကျွမ်းခဲ့ပြီး ကားမောင်းသူအပါအ၀င် အခြား ၇ ဦးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
    ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ကားမောင်းသမားဟာ အိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်ခဲ့တာဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ အခုဖြစ်ပွားတဲ့နေရာက ကားလမ်းဟာ ဖြောင့်စင်းပြီး ရှည်လျားတာကြောင့် ကားသမားတွေ အိပ်ငိုက်ကာ မကြာခဏ မတော်တဆမှုတွေ ဖြစ်ပွားတဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။
    ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံတွေကို ပို့ဆောင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း ထိုင်းအာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်နေပါတယ်။
    Ref : CAN