News @ M-Media

Author: Ko Lay

  • လာမည့်နှစ် စင်ကာပူတွင် လေပေါ်တက္ကဆီများ စတင် စမ်းသပ်မည်

    လာမည့်နှစ် စင်ကာပူတွင် လေပေါ်တက္ကဆီများ စတင် စမ်းသပ်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၈

    M-Media

    – ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက် စင်ကာပူနိုင်ငံမှာ လေပ်ါတက္ကဆီတွေကို စတင် စမ်းသပ်သွားမယ်လို့ ဂျာမနီကုမ္ပဏီ Volocopter က ကြာသာပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။

    လျှပ်စစ်စွမ်းအင်သုံး Volocopter လို့ခေါ်တဲ့ ယာဉ်တွေဟာ စင်ကာပူ မြို့ပြ ပတ်ဝန်းကျင်မှာ လေပေါ်တက္ကဆီအဖြစ် အသုံးပြုနိုင်မလား ဆိုတာကို စမ်းသပ်သွားမှာဖြစ်ပါတယ်။ အဲဒီယာဉ်ဟာ အဆင်းအတက်ကို ဒေါင်လိုက် လုပ်ဆောင်နိုင်ပြီး လူ ၂ ယောက်တင်ကာ ကီလိုမီတာ ၃၀ အထိ ပျံသန်းနိုင်ပါတယ်။ ရဟတ်ယာဉ်နဲ့ ဆင်တူပေမယ့် ဒရုန်းနည်းပညာကို အသုံးပြုထားတာပါ။

    စမ်းသပ်ပျံသန်းမှုကို စင်ကာပူ ပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက် အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ (CAAS) နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘုတ်အဖွဲ့ EDB တို့က ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။

    Volocopter တွေဟာ လူနဲ့ဖြစ်စေ၊ လူမဲ့ဖြစ်စေ မောင်းနှင်နိုင်မှာဖြစ်ပြီး စင်ကာပူအတွက် ဘယ်လိုပုံစံမျိုးက သင့်လျော်မလဲဆိုတာကို စမ်းသပ်သွားမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    စမ်းသပ်မောင်းနှင်မှုအတွင်း သင့်လျော်တဲ့လမ်းကြောင်း၊ လေကြောင်းစီမံခန့်ခွဲရေးစနစ်ကို အသုံးပြုပြီး အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိ၊ စင်ကာပူရဲ့ ခြောက်သွေတဲ့ ရာသီဥတုနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စတာတွေကိုလည်း လေ့လာသွားမှာ ဖြစ်ပါတယ်။

    Ref: CNA

     

     

  • ဝေဖန်ရေးသမား ဂျာနယ်လစ် ကောင်စစ်ဝန်ရုံးတွင် အသတ်ခံရကြောင်း ဆော်ဒီ ၀န်ခံ

    ဝေဖန်ရေးသမား ဂျာနယ်လစ် ကောင်စစ်ဝန်ရုံးတွင် အသတ်ခံရကြောင်း ဆော်ဒီ ၀န်ခံ

    အောက်တိုဘာ ၂၀၊ ၂၀၁၈

    M-Media

    အသတ်ခံခဲ့ရသည့် ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ

    –  အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အောက်တိုဘာ ၂ ရက်နေ့က ပျောက်ဆုံးသွားတဲ့ ၀ါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ် ကာရှိုဂျီဟာ သေဆုံးသွားခဲ့တယ်လို့ ဆော်ဒီအာရေဗျက မနေ့မှာ ၀န်ခံလိုက်ပါတယ်။

    ကောင်စစ်ဝန်ရုံးအတွင်း ၀န်ထမ်းတွေနဲ့ တိုက်ခိုက်မှု အကြီးအကျယ်ဖြစ်ရာကနေ ကာရှိုဂျီ အသတ်ခံလိုက်ရတယ်ဆိုတာ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ တွေ့ရှိရတယ်လို့ နိုင်ငံပိုင် SPA သတင်းဌာနက ထုတ်ပြန်ပါတယ်။

    “စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး ဆော်ဒီနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးထားပါတယ်” လို့ ဆော်ဒီ အစိုးရရှေ့နေက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဘုရင့်နန်းတော် အကြံပေး ဆအွဒ် အလ်-ကွာတာနီနဲ့ ထောက်လှမ်းရေး ဒုတိယအကြီးအကဲ အဟ်မဒ် အလ် အစီရီတို့လည်း ရာထူးက ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။

    အသတ်ခံရပြီးတဲ့နောက် ကာရှိုဂျီရဲ့ ရုပ်အလောင်း ဘယ်ရောက်သွားလဲဆိုတာကို တိတိကျကျ ဖော်ပြခြင်း မရှိပါဘူး။

    အရှေ့အလယ်ပိုင်းသာမက၊ အနောက်နိုင်ငံတွေက သံတမန်အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ ကာရှိုဂျီဟာ ဆော်ဒီအစိုးရသစ်ရဲ့ ပေါ်လစီတွေကို တစ်စိုက်မတ်မတ် ဝေဖန်လာသူ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီအစိုးရရဲ့ အခုဖြေရှင်းချက်ဟာ ခိုင်လုံတယ်ဆိုတာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    “စောသေးတယ်။ စုံစမ်းစစ်ဆေးမှုကို ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ မသုံးသပ်ရသေးပါဘူး။ ဒါပေမယ့် အရေးကြီးတဲ့ ပထမခြေလှမ်းလို့ ထင်ပါတယ်”

    ကာရှိုဂျီကို ဆော်ဒီအစိုးရက ကြေးစား ၁၅ ဦးငှားကာ သတ်ခိုင်းကာ အပိုင်းပိုင်းတုံးပြီး အလောင်းကို လက်စဖျောက်လိုက်တယ်လို့ တူရကီအစိုးရက ပြောကြားထားပြီး ဆော်ဒီကတော့ ဒါကို ပထမပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ ထရမ့်ကလည်း ကာရှိုဂျီကို ဆော်ဒီကသတ်တာ သေချာတယ်ဆိုရင် ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားထားပါတယ်။

    ဒါပေမယ့် ဆော်ဒီက အခုလိုဝန်ခံမှုအတွက် ဒေါ်လာဘီလီယံချီ လက်နက်ရောင်းဝယ်မှု သဘောတူညီချက်ကို ပယ်ဖျက်မှာ မဟုတ်ဘူးလို့ ထရမ့်က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မြို့ပြဧရိယာများကို ညဘက် လ,အတုဖြင့် အလင်းပေးရန် တရုတ် စီစဉ်

    မြို့ပြဧရိယာများကို ညဘက် လ,အတုဖြင့် အလင်းပေးရန် တရုတ် စီစဉ်

    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media


    – မြို့ပြဒေသတွေမှာ ညဘက် လမ်းမီးတွေကို အစားထိုးဖို့နဲ့ လျှပ်စစ်ဓာတ်အားတွေ ချွေတာဖို့အတွက် တရုတ်က လ,အတုတစ်လုံးကို ၂၀၂၀ မှာ လွှတ်တင်ဖို့ ရှိနေပါတယ်။

    နိုင်ငံတောင်ပိုင်း ဆီချွမ်ပြည်နယ် ချန်ဒူးမြို့မှာ လ,အတုကို ဖန်တီးနေပြီး တကယ့်လအစစ်လို နေအလင်းရောင်ကို ရယူကာ လ,အစစ်ထက် ၈ ဆ ပိုလင်းမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်းသတင်းဌာန China Daily က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    Tian Fu ခေတ်သစ် အာကာသသိပ္ပံအသင်း အကြီးအကဲ ၀ူချင်ဖန်က ၂၀၂၀ မှာ ဒီ လ,အတုကို စီချွမ်ပြည်နယ် ရှီချန်း အာကာသ လွှတ်တင်ရေး စခန်းကနေ လွှတင်မှာ ဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ရင် ၂၀၂၂ ခုနှစ်မှာ နောက်ထပ် ၃ လုံး ထပ်မံ လွှတ်တင်ကာ ပြည်သူလူထုနဲ့ စီးပွားရေး ကိစ္စတွေအတွက် ထိထိရောက်ရောက် အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နေကအလင်းရောင်းကို အလင်းပြန်ကာ လွှတ်ပေးမယ့် အဲဒီ လ,အတုဟာ စကွဲယားကီလိုမီတာ ၅၀ ရှိတဲ့ဒေသကို ကောင်းမွန်စွာ အလင်းပေးနိုင်မှာဖြစ်ပြီး ချန်ဒူးမြို့မှာ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကန်ဒေါ်လာ သန်း ၁၇၀ ဖိုး ချွေတာနိုင်မှာ ဖြစ်ပါတယ်။

    ၀ူက လ,အတုဟာ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပြတ်တောက်တဲ့အချိန် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာလည်း အထောက်အကူ ဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်ဟာ အာကာသ စူးစမ်းရေးနယ်ပယ်မှာ အမေရိကန်နဲ့ ရုရှားတို့ကို လိုက်မီအောင် ကြိုးစားနေပြီး လစူးစမ်းရေးယာဉ် Chang’e-4 ကို အခုနှစ်နှောင်းပိုင်းမှာ လွှတ်တင်ကာ လရဲ့ အမှောင်ဘက်ခြမ်းကို လေ့လာမှာဖြစ်ပါတယ်။ ဒါဟာ လအမှောင်ဘက်ခြမ်းကို လူသားတွေ ပထမဆုံးေ လ့လာမှုလည်း ဖြစ်ပါတယ်။

    နေရဲ့အလင်းရောင်ကို ရယူကာ ကမ္ဘာကို အလင်းပြန်လွှတ်ပေးတဲ့ စီမံကိန်းကို ၁၉၉၀ ပြည့်နှစ်တွေမှာ ရုရှားက လုပ်ဆောင်ဖူးပါတယ်။

    Ref: Aljazeera

  • တရုတ်ကုန်သည်များကြောင့် ဆန်ဈေးကွက်ပျက်မှု ဆန်စက်ပိုင်ရှင်များ အစိုးရကို တိုင်ကြား

    တရုတ်ကုန်သည်များကြောင့် ဆန်ဈေးကွက်ပျက်မှု ဆန်စက်ပိုင်ရှင်များ အစိုးရကို တိုင်ကြား

    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media

    – တရုတ်ကုန်သည်တွေက ဆန်စပါးတွေကို တရားမ၀င် ၀ယ်ယူမှုတွေကြောင့် ဈေးကွက်မှာ ဈေးတွေ ကမောက်ကမ ဖြစ်နေတဲ့အတွက် ပဲခူးမြို့ဆန်စက်ပိုင်ရှင်တွေက အစိုးရထံကို တိုင်ကြားလိုက်ပါတယ်။

    “စက်တင်ဘာ လလယ်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရကို တိုင်ခဲ့တယ်။ ဒါပေမယ့် ဘာမှ အရေးမယူဘူး။ ဒါ့ကြောင့် အခုလ အစောပိုင်းမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို တိုက်ရိုက် တိုင်ကြားခဲ့ပါတယ်” လို့ ပဲခူးအနောက်ပိုင်း ဆန်စက်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးလှဦးက ပြောကြားခဲ့ပါတယ်။

    ပြည်တွင်းဈေးကွက်မှာ ဆန် တင်း ၁၀၀ ကို ၅၈၀၀၀၀ ကျပ် ဈေးပေါက်ပေမယ့် တရုတ်ကုန်သည်တွေက ၆ သိန်းကျော်အထိ ပေးနေတာပါ။

    ဦးလှဦးက အရင်လည်း တရုတ်ကုန်သည်တွေ အခုလို ဈေးပိုပေးတာတွေ ရှိပေမယ့် အခုတစ်ကြိမ်ဟာ ပြည်တွင်းစားသုံးဖို့ ထားရှိတဲ့ ပမာဏကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ဦးလှဦးက ပြောပါတယ်။

    “အခုနှစ် တစ်နိုင်ငံလုံးမှာ ပဲခူးတိုင်းအနောက်ပိုင်းက ပထမဆုံး စပါးရိတ်တယ်။ ဒါ့ကြောင့် (တရုတ်) ၀ယ်လာဘ်တွေက လာဝယ်ကြတယ်။ ဆိုးတာက ကျွန်တော်တို့ ဆန်တန်ချိန် ၄ သန်းကို နိုင်ငံခြား တင်ပို့ခဲ့ပြီး ပြည်တွင်းမှာရောင်းဖို့က နည်းနေပါပြီ။ တရုတ်ကုန်သည်တွေကြောင့် ဆန်ဈေးက တက်လာပြီး ပြည်တွင်းဈေးကွက်မှာလည်း ဈေးမငြိမ်ပါဘူး”

    မြန်မာအစိုးရဟာ ပြည်ပကို ဆန်တင်ပို့မှု ပိတ်ပင်ထားပြီး ပြည်တွင်းရောင်းချမှုကိုလည်း ကန့်သတ်ထားပါတယ်။

    ဒါပေမယ့် တရားမ၀င် ရောင်းချမှုတွေ ရှိနေတာကြောင့် တိုင်းပြည်အတွက် အခွန်နစ်နာတယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေက ပြောကြားခဲ့ပါတယ်။

    ဆန်ဈေးတက်တာကြောင့် အသားတွေ၊ ငါးတွေရဲ့ ဈေးလည်း တက်လာခဲ့ပြီး ဆန်ကွဲလို၊ ဖွဲနုလို ဆန်ကထွက်တဲ့ တိရစ္ဆာန်အစားအစာတွေလည်း ဒီနှစ်မှာ ဈေးတက်လာတယ်လို့ စီးပွားရေးရင်းမြစ်တွေက ပြောပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

  • ဘန်ကောက်အနီးတွင် မြန်မာလုပ်သား ရာနှင့်ချီ ဖမ်းဆီးခံရ

    ဘန်ကောက်အနီးတွင် မြန်မာလုပ်သား ရာနှင့်ချီ ဖမ်းဆီးခံရ

    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media

    ၂၀၁၇ ခုနှစ်က မဲဆောက်တွင်ဖမ်းခံရသည့် မြန်မာလုပ်သားများ

    – ဘန်ကောက်မြို့အနီး မဟာချိုင်မှာ ထိုင်းအာဏာပိုင်တွေက ရာနဲ့ချီတဲ့ မြန်မာလုပ်သားတွေကို ဒီကနေ့မနက်မှာ ဖမ်းဆီးလိုက်ပြီး နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ကာ အလုပ်လုပ်ကိုင်နေတဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီးရေး တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေခဲ့တာ ဖြစ်ပြီး အထောက်အထားမပြနိုင်သူတွေကို ဖမ်းဆီးကာ နောက်ပိုင်းမှာ နယ်နှင်ဖို့ ရှိနေပါတယ်။

    နေထိုင်သူတစ်ချို့ဟာ ၀င်ရောက်စစ်ဆေးမှုကို ခွင့်မပြုတာကြောင့် ရဲတပ်ဖွဲ့က အဓမ္မ၀င်ရောက်ခဲ့တာတွေလည်း ရှိခဲ့ပြီး အမျိုးသားတွေရဲ့ ဆီးနမူနာတွေကိုယူကာ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိလည်း စစ်ဆေးခဲ့ပါတယ်။

    မဟာချိုင်အခြေစိုက် ‘ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ယက်’ ရဲ့ ဥက္ကဌ ဦးအောင်ကျော်က ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံခြားသားလုပ်သားတွေ အများအပြားရှိနေတဲ့ ဖူးကတ်၊ စမွတ် ဆာခွန်နဲ့ မဟာချိုင်တို့မှာ အခုတစ်ပတ်အတွင်း စီးနင်းဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ (အာဏာပိုင်တွေ) က လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်တာပါ။ တရားဝင်အထောက်အထား ရှိတဲ့သူတွေကို ပြန်လွှတ်ပေးပြီး မရှိသူတွေကိုတော့ နယ်နှင်မှာ ဖြစ်ပါတယ်”

    ဒီကနေ့မနက် မဟာချိုင်မှာ ပြုလုပ်တဲ့ ဖမ်းဆီးမှုအတွင်း အဖမ်းခံရသူ အရေအတွက်ကို အတိအကျ မသိရပေမယ့် ရာချီမယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

    ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံခြားသားတွေကို နေထိုင်ခွင့်အထောက်အထားအပြင် ဗီဇာက ခွင့်ပြုထားတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်မှု ရှိ၊ မရှိကိုလည်း စစ်ဆေးခဲ့ပါတယ်။

    ဗီဇာ ရက်အနည်းငယ်ကျော်နေရင် ဒဏ်ငွေဆောင်ကာ သက်တမ်းတိုးလို့ရမှာ ဖြစ်ပေမယ့် အများကြီးကျော်နေရင်တော့ နယ်နှင်ခံရမယ်လို့ ဦးအောင်ကျော်က ပြောကြားခဲ့ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းအား ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)