News @ M-Media

Author: Ko Lay

  • အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုတစ်ချို့ကို ICJ ပယ်ချ

    အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုတစ်ချို့ကို ICJ ပယ်ချ

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    ICJ ကြားနာမှု မြင်ကွင်း

    – အီရန်အပေါ် အမေရိကန်က ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေထဲက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုန်စည်တွေနဲ့ အရပ်ဖက်လေကြောင်းပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုကို ယာယီဖယ်ရှားဖို့အတွက် နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) က မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီးနိုင်ငံ ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိထားတဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်က မေလမှာ ကြေငြာပြီးနောက်ပိုင်း အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    အီရန်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ကန့်ကွက်ဝေဖန်ကာ ဒီကိစ္စအတွက် ICJ ကို တိုင်ကြားခဲ့ပါတယ်။

    “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖက်က ကြည့်မယ်ဆိုရင် အီရန်နိုင်ငံထဲ ဒီလို ကုန်ပစ္စည်းတွေ ၀င်ရောက်မှုကို ဟန့်တားတဲ့ ဘယ်လိုနည်းလမ်းမျိုးမဆို အမေရိကန်က ဖယ်ရှားပေးရပါမယ်” လို့ ICJ ရဲ့ မနေ့က အမိန့်မှာ ဖော်ပြထားပါတယ်။

    ဒီအမိန့်ဟာ တရားဝင်ဖြစ်ပေမယ့် အမေရိကန်ဟာ ICJ မှ မပါဝင်တော့တာကြောင့် လက်တွေ့ အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။

    “အီရန်ဟာ မှန်ကန်ပြီး အီရန်ပြည်သူတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တရားမ၀င်ဘဲ ရက်စက်ရာရောက်နေတယဆိုတာ ဒီဆုံးဖြတ်ချက်က ထပ်မံ သက်သေပြလိုက်တာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အီရန်ကိစ္စကို စစ်ဆေးနေစဉ်အတွင်း အမေရိကန်ရဲ့ ပိတ်ဆို့မှုအားလုံး ရပ်ဆိုင်းထားရေး အမေရိကန်ကို အမိန့်ပေးဖို့လည်း အီရန်က ICJ ကို တိုက်တွန်းထားပါတယ်။

    အရပ်ဖက်လေကြောင်းနယ်ပယ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ အီရန်အတွက် တော်တော်လေး အထိနာစေပြီး၊ အီရန်ကတော့ ပိတ်ဆို့မှုအားလုံး ICJ က ဖယ်ရှားတာကို လိုချင်နေတာ ဖြစ်ပါတယ်။

    ICJ ကို အီရန်ရဲ့တိုက်ကြားမှုဟာ ခုံသမာဓိရုံးကို အလွဲသုံးစားလုပ်ရာ ရောက်တယ်လို့ အမေရိကန်က ဝေဖန်ပြစ်တင်ထားပါတယ်။

    Ref: Aljazeera

  • အမေရိကန်မကာကွယ်လျှင် ဆော်ဒီ နှစ်ပတ်မခံဟု ထရမ့်ပြော

    အမေရိကန်မကာကွယ်လျှင် ဆော်ဒီ နှစ်ပတ်မခံဟု ထရမ့်ပြော

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – အမေရိကန်ရဲ့ ကာကွယ်ပေးမှုသာ မရှိဘူးဆိုရင် ဆော်ဒီဘုရင် ဆလ်မန်ရဲ့ အုပ်စိုးမှုဟာ ၂ ပတ်တောင် ခံမှာမဟုတ်ဘူးလို့ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က မစ္စစီပီမှာပြုလုပ်တဲ့ လူထုထောက်ခံပွဲအခမ်းအနားတစ်ခုမှာ ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ ရေနံဈေး မြင့်တက်နေတဲ့အတွက် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ အခြေအတင်ဖြစ်နေတဲ့အချိန် ဒီလိုစကားမျိုး ထွက်လာတာလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ ဆော်ဒီအာရေဗျကို ကာကွယ်ပေးထားတာပါ။ သူတို့ချမ်းသာတယ်လို့ ခင်ဗျားတို့ပြောမလား။ ကျွန်တော် ဘုရင်ဆလ်မန်ကို ချစ်တယ်။ ဒါပေမယ့် ‘ဘုရင်ကြီး – ခင်ဗျားကို ကျွန်တော်တို့ ကာကွယ်ပေးထားတာနော်။ ကျွန်တော်တို့မရှိဘဲနဲ့ ခင်ဗျား ၂ ပတ်တောင် ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့စစ်စားရိတ်အတွက် ခင်ဗျား ပိုက်ဆံပေးရမယ်’ လို့ ကျွန်တော် ပြောခဲ့တယ်”

    ဘုရင်ဆလ်မန်ကို ဒီစကား ဘယ်တုန်းကပြောခဲ့သလဲဆိုတာကိုတော့ ထရမ့်က ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

    ဆော်ဒီဟာ ကမ္ဘာ့ ထိပ်တန်း ရေနံတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ရေနံထုတ်လုပ်သူများအဖွဲ့ အိုပက်ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ထရမ့်ကတော့ ကမ္ဘာတစ်ဝှမ်း ရေနံဈေးမြင့်တက်လာမှုအတွက် အိုပက်နိုင်ငံတွေကို အပြစ်တင်ထားပါတယ်။

    စနေနေ့မှာ ထရမ့်ဟာ ဘုရင်ဆလ်မန်ကို ဖုန်းခေါ်ခဲ့ပြီး ရေနံဈေးကွက် တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေနံထုတ်လုပ်မှုကို ထိန်းညှိဖို့ ဆွေးနွေးခဲ့ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကူဝိတ်ကိုသွားရောက်ပြီး ရေနံထုတ်လုပ်မှု တိုးမြှင့်ဖို့ကိစ္စကို ကူဝိတ်ခေါင်းဆောင်နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ တိုးတက်မှု မရှိသေးပါဘူး။

    ဆော်ဒီအပါအ၀င် ပင်လယ်ကွေ့နိုင်ငံမှာ အမေရိကန်စစ်တပ်တွေ တပ်စွဲထားပြီး ထရမ့်က ဒီကုန်ကျစားရိတ်အတွက် လက်ခံထားတဲ့နိုင်ငံတွေကို ပေးစေချင်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ကနေဒါက တရားဝင်ရုပ်သိမ်း

    ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ကနေဒါက တရားဝင်ရုပ်သိမ်း

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ကနေဒါက အင်္ဂါနေ့မှာ တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ကနေဒါအောက်လွှတ်တော်မှာ ဒီဘွဲ့ရုပ်သိမ်းရေး မဲခွဲအတည်ပြုခဲ့ပြီးတဲ့နောက် အထက်လွှတ်တော်မှာ အင်္ဂါနေ့က ထပ်မံမဲခွဲကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါက ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ ပြန်ရုပ်သိမ်းတဲ့ ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်လာပါတယ်။

    ဒီလိုရုပ်သိမ်းလိုက်တာဟာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ကကျူးလွန်ခဲ့မှုတွေကို လူသိရှင်ကြား ဝေဖန်ရှုတ်ချမှု မပြုလုပ်တဲ့အတွက် ဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကနေဒါအောက်လွှတ်တော်အမတ်တွေက ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကနေဒါ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်စလုံးက သတ်မှတ်ထားပါတယ်။

    “ဖြစ်ပျက်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့ လက်ကို လက်ခံရမှာပါ။ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပြီး၊ အဲဒီလိုပဲ ခေါ်ဆိုရမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ပြန်ရုပ်သိမ်းရေး အဆိုပြုခဲ့တဲ့ အထက်လွှတ်တော်အမတ် ရတ္တနာ အိုမစ်ဗာက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေး ကြိုးပမ်းအားထုတ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ၁၉၉၁ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုမှုကိုလည်း ခံခဲ့ရပါတယ်။

    “အဲဒီတုန်းက သူမဟာ အပြောင်းအလဲနဲ့ လူ့အခွင့်အရေးအတွက် ရှေ့ဆောင်ရှေ့ရွက် ပြုသူပါ။ သူမဟာ ငြိမ်းချမ်းပြီး ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်လာရေး မျှော်လင့်ချက်တစ်ခု၊ အလင်းရောင်တစ်ခုလို့ ကမ္ဘာကြီးက မျှော်လင့်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ ဒါမျိုး မဟုတ်တော့ဘူးဆိုတာ အားလုံး သိနေပါပြီ” လို့ အိုမစ်ဗာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငြင်းဆန်တာ၊ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးတွေ၊ ဂျာနယ်လစ်တွေကို ၀င်ခွင့်ပိတ်တာ၊ စစ်တပ်ကို ကာကွယ်တာ၊ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အိုမစ်ဗာက ဆိုပါတယ်။

    “လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ ကြံရာပါတစ်ဦးကို မကြိုဆိုဘူးဆိုတာ ကနေဒါနဲ့ ကမ္ဘာကြီးက ပြသဖို့လိုပါတယ်။ ကနေဒါရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် လုံးဝ လက်မခံနိုင်ပါဘူး”

    Ref: Aljazeera

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ဇနီး ရိုစ်မာ မန်ဆူရ်

    မလေးဝန်ကြီးချုပ်ဟောင်း၏ဇနီး ငွေကြေးခ၀ါချမှုဖြင့် တရားစွဲခံရမည်
    ==================
    မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ရဲ့ ဇနီးဖြစ်သူ ရိုစ်မာ မန်ဆူရ်ဟာ မနေ့ညနေပိုင်းက ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ဒီကနေ့ တရားရုံးမှာ ငွေကြေးခ၀ါချမှုနဲ့ အခြား ဥပဒေချိုးဖောက်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရိုစ်မာဟာ မနက်ပိုင်းက ကော်မရှင်မှာ ၃ ကြိမ်မြောက် သွားရောက် အစစ်ခံခဲ့တာပါ။ ဒီလို ဖမ်းဆီးတရားစွဲဆိုမှုဟာ နာဂျစ်ရင်ဆိုင်နေရတဲ့ 1MDB ငွေကြေးပျောက်ဆုံးမှု ပြဿနာနဲ့ ပတ်သက်နေလားဆိုတာ မသိရသေးပါဘူး။ နာဂျစ်ကိုယ်တိုင်လညး မနေ့က ခြစားမှုတိုက်ဖျက်ရေးကော်မရှင်မှာ ငွေကြေးခ၀ါချမှုအတွက် စစ်ဆေးခံခဲ့ရပါတယ်။

    ဆူနာမီဒဏ်ခံဒေသတွင် အင်ဒိုအစိုးရက စစ်သားများကို ပစ်မိန့်ပေးထား
    ==============
    ပြီးခဲ့တဲ့တစ်ပတ် ငလျင်နဲ့ ဆူနာမီကြောင့် ပျက်ဆီးသွားတဲ့ ဆူလာဝေစီကျွန်းက မြို့တွေမှာ လုယက်မှုတွေ မြင့်တက်လာတာကြောင့် လုယက်သူတွေကိုတွေ့ရင် ပစ်ခတ်ဖမ်းဆီးဖို့ အင်ဒိုနီးရှားအစိုးရက စစ်သားတွေကို အမိန့်ပေးထားပါတယ်။ ဆူနာမီနဲ့ ငလျင်ကြောင့် လူပေါင်း ၁၄၀၀ ကျော်လောက် သေဆုံးခဲ့ပြီး စားနပ်ရိက္ခာ ရှားပါးမှုက လုယက်မှုတွေကို မြင့်တက်စေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒါဇင်နဲ့ချီတဲ့ လုယက်သူတွေကို စစ်တပ်က ဖမ်းဆီးထားပြီး စားနပ်ရိက္ခာယာဉ်တန်းမှာလည်း လက်နက်ကိုင်အစောင့်တွေ ချထားပါတယ်။

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် လူငယ်တစ်ဦးသေဆုံး
    ============
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့ကပြုလုပ်တဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ခွင့်ရရေး Great March of Return အမည်နဲ့ ဂါဇာပြည်သူတွေရဲ့ မေလကတည်းက အပတ်စဉ် ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် ၂၀၀ နီးပါး သေဆုံးခဲ့ပြီး၊ သောင်းနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့ကလည်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်အရွယ်တွေ အပါအ၀င် ပါလက်စတိုင်းပြည်သူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    ဂျော်ဒန်ကို ပင်လယ်ကွေ့ ၃ နိုင်ငံက ငွေကြေး ကူညီမည်
    =====================
    ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဂျော်ဒန်နိုင်ငံကို ငွေကြေးကူညီပေးဖို့အတွက် ဆော်ဒီ၊ ယူအေအီးနဲ့ ကူဝိတ်တို့ဟာ ဒီကနေ့ ဂျော်ဒန်မြို့တော် အမ်နန်မှာတွေ့ဆုံကာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးဖို့ ရှိနေပါတယ်။ ဒီသုံးနိုင်ငံဟာ ဂျော်ဒန်ကို ကန်ဒေါ်လာ ၂.၅ ဘီလီယံ ကူညီပေးဖို့အတွက် ဇွန်လမှာ ကတိပြုခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း သံတမန်ရေးနယ်ပယ်မှာ အရေးပါတဲ့နေရာက ပါဝင်နေတဲ့ ဂျော်ဒန်ဟာ နိုင်ငံခြားအကူအညီတွေနဲ့ ရပ်တည်နေရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အခွန်အခတွေ မြင့်တက်မှုကြောင့် ဂျော်ဒန်ပြည်သူတွေဟာ အခုနှစ်အတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

    Ref: Aljazeera, CNA

  • ၂၀၂၂ ခုနှစ်တွင် ဒူဘိုင်းက ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမည်

    ၂၀၂၂ ခုနှစ်တွင် ဒူဘိုင်းက ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမည်

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    – အဆင့်မြင့်နည်းပညာတွေအသုံးပြုထားတဲ့ ကမ္ဘာပေါ်က ‘စမတ်မြို့တော်’ တွေထဲမှာ ဒူဘိုင်းလည်း ပါဝင်လာပြီး ၂၀၂၂ ခုနှစ်ရောက်ရင် ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမယ်လို့ Future Cities Council ရဲ့ ဥက္ကဌ ဒေါကတာ ကွာလစ်အလီက ပြောကြားလိုက်ပါတယ်။

    “နယ်ပယ် ၄၅ ခုမှာ တိုးတက်နေတဲ့ နည်းပညာ ၆၆ ခုကျော်ကို ကျွန်တော်တို့ လေ့လာခဲ့ပြီး အဲဒီနည်းပညာတော်တော်များများကို ဒူဘိုင်းမှာ အသုံးပြုပြီးနေပါပြီ” လို့ အလီက ဆိုပါတယ်။

    ဒူဘိုင်းမှာ စမတ်နည်းပညာတွေကို စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေမှာ အဓိကထား အသုံးပြုနေတာပါ။ ကမ္ဘာ့အဆင့်မီ စမတ်မြို့တော်တစ်ခု ဖြစ်လာရေး ဆောင်ရွက်ဖို့အတွက် ဒူဘိုင်းမှာ Dubai Plan 2021 စီမံကိန်းလည်း ရှိနေပါတယ်။

    ဒူဘိုင်းအခြေစိုက် သတင်းအချက်အလက်နဲ့ နည်းပညာလုပ်ငန်း Texpo ရဲ့ ဥက္ကဌ ဒေါက်တာ ဆာဖာရက်ဇ် အလမ်က အိမ်နီးချင်းနိုင်ငံ တော်တော်များများနဲ့ယှဉ်ရင် ဒူဘိုင်းဟာ အရှေ့ရောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အခြေခံအဆောက်အဦးတွေ ကောင်းမွန်ပြီးဖြစ်တာကြောင့် ဒူဘိုင်းဟာ ပထ၀ီအနေအထားအရ ဒေသတွင်းမှာ ရှေ့ရောက်နေပါတယ်။ ၂၀၂၂ ခုနှစ်ရောက်ရင် ဒူဘိုင်းဟာ နောက်ဆုံးပေါ်နည်းပညာတွေ ရာနှုန်းပြည့်အသုံးပြုတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ”

    စမတ်နည်းပညာတွေကြောင့် ပြည်သူတွေဟာ ကုန်ကျစားရိတ်တွေ အများကြီး သက်သာသွားပြီး၊ သဘာဝပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံး ထိန်းသိန်းနိုင်မယ်လို့ ဒေါက်တာ ဆာဖာရက်ဇ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Arab News