News @ M-Media

Author: Ko Lay

  • ဆူနာမီ နောက်ဆက်တွဲ ပြဿနာများကြောင့် အင်ဒိုနီးရှားက နိုင်ငံတကာအကူအညီ တောင်းခံ

    ဆူနာမီ နောက်ဆက်တွဲ ပြဿနာများကြောင့် အင်ဒိုနီးရှားက နိုင်ငံတကာအကူအညီ တောင်းခံ

    အောက်တိုဘာ ၁၊ ၂၀၁၈
    M-Media

    သမ္မတ၀ီဒိုဒိုက ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေစဉ်

    – ဆူလာဝေစီကျွန်းမှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် သေဆုံးသူ ၈၀၀ ကျော်လာတဲ့အချိန် ငလျင်နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာက ကူညီပေးကြဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

    ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဆူနာမီ လှိုင်းလှုံးတွေ ၀င်လာတာဖြစ်ပြီး ဆူလာဝေစီမြို့တော် ပါလူနဲ့ ဒွန်ဂါလာမြို့တွေဟာ ဒီဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။

    ထိခိုက်ခံစားရမှု ပမာဏဟာ ကြီးမားတာကြောင့် အစိုးရရဲ့ ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ထိရောက်မှုအားနည်းနေပြီး သမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့အတွက် မနေ့မှာ ခွင့်ပြုခဲ့တယ်လို့ အစိုးရ ရင်းနှီးမြှုပ်နှံမှုအကြီးအကဲ တွမ် လမ်ဘွန်က ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ထိုင်းနဲ့ သြစတေးလျလို နိုင်ငံတွေက အကူအညီတွေပေးနေပြီး အခြားနိုင်ငံတွေက အဖွဲ့အစည်းတွေကလည်း အကူအညီတွေပေးအပ်ဖို့ ကမ်းလှမ်းထားကြပါတယ်။

    ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၂၃ ဦး ရှိလာခဲ့ပြီး ပျောက်ဆုံးနေသူတွေ ရှိနေတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ လက်ရှိမှာ သေဆုံးသူတွေကို စုပေါင်းမြှုပ်နှံမှုတွေ ပြုလုပ်နေရပါတယ်။

    ငလျင်နဲ့ ဆူနာမီဒဏ်ခံ ဒေသတွေမှာ ဒေသခံတွေဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံတွေ့နေရသလို၊ ပုပ်ပွပျက်ဆီးနေတဲ့ အလောင်းတွေကနေ ရောဂါတွေ ကူးစက်နိုင်တဲ့အန္တရာယ် ရှိနေတာကြောင့် အစိုးရက ၁၄ ရက် အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

    Ref: CNA

  • ဂျေရုစလင်ကိစ္စအတွက် အမေရိကန်ကို ပါလက်စတိုင်းက ICJ ထံ တိုင်ကြား

    ဂျေရုစလင်ကိစ္စအတွက် အမေရိကန်ကို ပါလက်စတိုင်းက ICJ ထံ တိုင်ကြား

    စက်တင်ဘ ၂၉၊ ၂၀၁၈
    M-Media

    ဂျေရုစလင်ရှိ အမေရိကန်သံရုံးဖွင့်ပွဲမြင်ကွင်း

    – တလ်အဗီးကသံရုံး ဂျေရုစလင်ကိုရွှေ့တာဟာ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး ပါလက်စတိုင်းက အမေရိကန်ကို ‘နိုင်ငံတကာ ခုံသမာဓိရုံး’ ICJ ထံ တိုင်ကြားလိုက်ပါတယ်။

    ICJ ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါလက်စတိုင်းက အမေရိကန်ရဲ့ သံရုံးရွှေ့ပြောင်းမှုဟာ ‘၁၉၆၁ ခုနှစ် ဗီယင်နာ သံတမတ်ဆက်ဆံရေး သဘောတူညီချက်’ ကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြထားကြောင်း ဖော်ပြထားပါတယ်။

    ဗီယင်နာ သဘောတူချက်မှာ နိုင်ငံတစ်နိုင်ငံရဲ့သံရုံးဟာ လက်ခံထားမယ့်နိုင်ငံရဲ့ ပိုက်နက်အတွင်းမှာသာ တည်ရှိရမှာဖြစ်ပြီး ဂျေရုစလင်ကို ‘အထူးဒေသအဖြစ်’ သတ်မှတ်ထားတာကြောင့် အမေရိရဲ့ သံရုံးပြောင်းရွှေ့မှုဟာ သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ပါလက်စတိုင်းရဲ့ တိုင်ကြားချက်မှာ ရေးသားထားပါတယ်။

    ICJ အနေနဲ့ အမေရိကန်ရဲ့ ဒီရွှေ့ပြောင်းမှုကို တရားမ၀င်အဖြစ် ကြေငြာပြီး၊ ဂျေရုစလင်ကနေ သံရုံး ပြန်လည်ရွှေ့ပြောင်းရေး အမိန့်ထုတ်ပြန်ပေးဖို့လည်း ပါလက်စတိုင်းက တောင်းဆိုထားပါတယ်။

    ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရီယာ့ဒ် အလ်-မာလ်ကီက ဒီလိုတိုင်ကြားမှုဟာ ဂျေရုစလင်ကို နာမ်ပိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ သဟဇတဖြစ်ရာနေရာအဖြစ် ထိန်းသိမ်းသွားမယ်ဆိုတဲ့ ပါလက်စတိုင်းနိုင်ငံရဲ့ ပေါ်လစီအတိုင်း ဆောင်ရွက်တာဖြစ်တယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့အခွင့်အရေး၊ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ တွန့်ဆုတ်နေမှာ မဟုတ်ဘဲ၊ နိုင်ငံရေးအရဖြစ်စေ၊ ဘဏ္ဍာရေးအရဖြစ်စေ ထိပါးလာတာမှန်သမျှကို ငြင်းဆန်သွားမှာပါ”

    အမေရိကန်က အစ္စရေးမှာရှိတဲ့ သူတို့ရဲ့သံရုံး ဂျေရုစလင်ကို ရွှေ့ပြောင်းမှုကို ကမ္ဘာတစ်ဝှမ်းက ကန့်ကွက်ခဲ့ကြပြီး ကုလမှာလည်း ဒီလုပ်ရပ်ကိုဆန့်ကျင်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • အိန္ဒိယမှ ကမ္ဘာ့အသေးဆုံးဗလီ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

    အိန္ဒိယမှ ကမ္ဘာ့အသေးဆုံးဗလီ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    Kishan Bagh ရှေးဟောင်းဗလီ

    – အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ် ဟိုက်ဒရာဘတ်မြို့မှာတည်ရှိပြီး ကမ္ဘာ့အသေးဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်လုံးဖြစ်တဲ့ Kishan Bagh ရှေးဟောင်းဗလီကို ပြုပြင်ထိန်းသိမ်းဖို့အတွက် အိန္ဒိယ ရှေးဟောင်းသမိုင်းဝင်နေရာများ စာရင်းပြုစုရေးအဖွဲ့ ASI က တိုက်တွန်းလိုက်ပါတယ်။

    မွတ်စလင်သူတော်စဉ် မီရ် မဟ်မူးဒ် ကီ ပါဟာဒီရဲ့ ဂူဗိမာန်က တောင်ကုန်းလေးပေါ်မှာ တည်ရှိပြီး “ဂျင် ဗလီဝတ်ကျောင်းတော်” လို့လည်း အမည်တွင်တဲ့ အဲဒီဗလီရဲ့ အကျယ်အ၀န်းဟာ ၁၀ စကွဲယားမီတာလောက် ရှိတယ်လို့ Deccan Heritage အဖွဲ့က တာဝန်ရှိသူ ဒေါက်တာ မိုဟာမက် ဆိုက်ဖွလ္လာဟ်က ပြောကြားခဲ့ပါတယ်။

    Kishan Bagh ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး သွားရောက်ဝတ်ပြုသူတွေ နည်းတာကြောင့် ပြုပြင်ထိန်းသိမ်းမှုမရှိတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်း သမိုင်းဝင်အမွေအနှစ်တွေကို စာရင်းပြုစုကာ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ASI အဖွဲ့က ဒီဗလီကို ကမ္ဘာ့ အသေးဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် စာရင်းဝင်ချင်နေတာ ဖြစ်ပါတယ်။

    ဆိုက်ဖွလ္လာက ‘ဂျင်’ ဗလီဝတ်ကျောင်းတော်ဟာ လက်ရှိ ကမ္ဘာ့အသေးဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် စာရင်းဝင်နေတဲ့ မဒ်ယာပရာဒက်ရှ်ပြည်နယ်က ဘိုပါလ်ဗလီထက် ပိုပြီးသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီဗလီလေးဟာ နိုင်ငံအတွင်းမှာ အသေးဆုံးဖြစ်ပြီး လူ ၈ ယောက်ကနေ ၁၀ ယောက်လောက်အထိသာ ၀တ်ပြုလို့ရပါတယ်။ ဘိုပါလ်ဗလီက ၁၆ စကွဲယားမီတာကျယ်ပြီး ‘ဂျင်’ ဗလီကတော့ ၁၀ စကွဲယားမီတာအောက်သာ ကျယ်ပါတယ်။ ကမ္ဘာ့ပေါ်က အသေးဆုံးဗလီအဖြစ် တရားဝင် စာရင်းဝင်ဖို့အတွက် ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်”

    ‘ဂျင်’ ဗလီဝတ်ကျောင်းတော်မှာ ဗလီတစ်လုံးရဲ့ ကြန်အင်လက္ခဏာတွေဖြစ်တဲ့ ရှေ့ဆောင်အီမာမ်နေရာ၊ တရားဟောစင်မြင့်၊ နိဗ္ဗာန်ဆော်မျှော်စင်တို့ ပါဝင်ပြီး ယနေ့အချိန်မှာတော့ အသုံးပြုမှု မရှိတော့ပါဘူး။

    Ref: Times of India

  • အင်ဒိုနီးရှား ဆူနာမီ သေဆုံးသူ ၄၀၀ နီးပါးရှိလာ

    အင်ဒိုနီးရှား ဆူနာမီ သေဆုံးသူ ၄၀၀ နီးပါးရှိလာ

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    ဆူနာမီပြီးနောက် တွေ့ရသည့် အင်ဒိုပြည်သူများ

    – အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၈၄ ဦး ရှိလာခဲ့ပြီး၊ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ဆူနာမီဒဏ် အခံစားရဆုံးဒေသက လူပေါင်း ၃ သိန်းခွဲလောက် နေထိုင်တဲ့ ပါလူမြို့ဖြစ်ပါတယ်။ သေဆုံးဒဏ်ရာရသူတွေ များပြားလွန်းတာကြောင့် ဆေးရုံတွေမှာလည်း နေရာတွေမလောက်မငှ ဖြစ်နေပါတယ်။

    ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ၅ ပေလောက်မြင့်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေဟာ ပါလူမြို့ကို ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    သမ္မတ ဂျိုကိုဝီဒိုဒိုက ဆူနာမီဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့အတွက် စစ်တပ်ကို အမိန့်ပေးထားပါတယ်။

    ဆူနာမီရေလှိုင်းတွေကြောင့် ပါလူမြို့က နေအိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးခဲ့ပြီး မြို့ရဲ့ အထင်ကရ တံတားကြီးတစ်ခုလည်း ကျိုးကျခဲ့ပါတယ်။

    Ref: CNA

  • ချီလီမှ လိင်ကျူးလွန်သည့် ဘုန်းကြီးကို ပုပ်ရဟန်းမင်းက သာသနာ့ဘောင်မှ ထုတ်ပယ်

    ချီလီမှ လိင်ကျူးလွန်သည့် ဘုန်းကြီးကို ပုပ်ရဟန်းမင်းက သာသနာ့ဘောင်မှ ထုတ်ပယ်

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ဆယ်ကျော်သက် ယောက်ျားလေး တော်တော်များများကို နှစ်များစွာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ ချီလီနိုင်ငံက ခရစ်ယာဘုန်းကြီးတစ်ပါးကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့မှာ သိက္ခာချကာ သာသနာ့ဘောင်ကနေ ထုတ်ပယ်လိုက်ပါတယ်။

    အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းတော်ကြီး ဖာသာ ဖာနန်ဒို ကာရာဒီမာ ဖြစ်ပြိး လက်ရှိ ချီလီမြို့တော် ဆန်တီယာဂိုက ဘိုးဘွားရိပ်သာမှာ နေထိုင်နေပါတယ်။ သူ့ရဲ့ လုပ်ရပ် လူသိရှင်ကြားဖြစ်လာပြီးတဲ့နောက်ပိုင်း ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်ကျူးလွန်မှုတွေကို ကမ္ဘာက အာရုံစိုက်လာခဲ့ပြီး စုံစမ်းဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီလို သာသနာ့ဘောင်ကနေ ထုတ်ပယ်မှုဟာ အပြီးအပြတ် ထုတ်ပယ်မှုဖြစ်ပြီး ရိုမန်ကက်သလစ်အသင်းတော်ရဲ့ အကျိုးအတွက် ဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာရာဒီမာကို ဗာတီကန်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ အပြစ်ရှိကြောင်းတွေ့ခဲ့ရပြီး၊ ပုပ်ရဟန်းမင်းဟောင်း ဘန်နီဒစ်က ကာရာဒီမာအနေနဲ့ ဘ၀တစ်လျှောက်လုံး ဘုရားသခင်ထံ ၀န်ချတောင်းပန်ကာ နောင်တတရားနဲ့ နေသွားဖို့ အမိန့်ချခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သာသနာဘောင်ကနေ မထုတ်ပယ်ခဲ့ပါဘူး။

    စွပ်စွဲချက်တွေအတွက် ကာရာဒီမာက ငြင်းဆိုခဲ့ပြီး၊ ချီလီနိုင်ငံမှာ ခရစ်ယာန်ဘုန်းကြီးတွေရဲ့ ကင်းလွတ်ခွင့်တစ်ချို့ကြောင့် အရက်ဖက်က သူတို့ တရားမစွဲနိုင်ခဲ့ပါဘူး။

    ကာရာဒီမာရဲ့ ရာဇ၀တ်မှုကို ဖုံးကွယ်ရာမှာ ပါဝင်ခဲ့တဲ့ ချီလီ ကက်သလစ်ဘုန်းတော်ကြီး ၇ ပါးဟာ ဇူလိုင်လက အသင်းတော်မှာ တာဝန်ယူထားတဲ့ ရာထူးတွေကနေ နှုတ်ထွက်ခဲ့ပါတယ်။

    ချီလီအပြင်၊ အမေရိကန်၊ သြစတေးလျနဲ့ ဂျာမနီနိုင်ငံတို့က ကက်သလစ်အသင်းတော်တွေကို စုံးစမ်းစစ်ဆေးမှုအတွင်း ဘုန်းကြီးတွေဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အမြောက်အများ ပြုလုပ်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    Ref: Aljazeera