News @ M-Media
Author: Ko Lay
  • ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသား ချီးမြှင့်ထားမှု ကနေဒါ ပြန်ရုပ်သိမ်း
    ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသား ချီးမြှင့်ထားမှု ကနေဒါ ပြန်ရုပ်သိမ်း
    စက်တင်ဘာ ၂၈၊ ၂၀၁၈
    M-Media
    – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ရုပ်သိမ်းဖို့အတွက် ကနေဒါလွှတ်တော်က မနေ့မှာ တညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။
    ကနေဒါဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် ၂၀၀၇ ခုနှစ်က ဒီဘွဲ့ကို ချီးမြှင့်ထားတာဖြစ်ပါတယ်။
    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှု၊ သတ်ဖြတ်ခံရမှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ ကနေဒါက ပြီးခဲ့တဲ့တစ်ပတ်မှာ သတ်မှတ်ခဲ့ပါတယ်။
    ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ အဒမ် အော်စတင်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ‘ရိုဟင်ဂျာတွေ လူမျိုးတုန်း သတ်ဖြတ်ခံရမှုကို ပြစ်တင်ရှုချဖို့ အမြဲတမ်း ငြင်းဆိုခဲ့တဲ့အတွက်’ ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ကို ရုပ်သိမ်းရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးတာ၊ ဗိုလ်ချုပ်တွေအပေါ် ပိတ်ဆို့မှုတွေလုပ်တာ၊ ကျူးလွန်သူတွေကို ခိုင်မာတဲ့ နိုင်ငံတကာအဖွဲ့ရှေ့မှောက်မှာ အပြစ်ပေးဖို့ တောင်းဆိုတာတွေနဲ့ ရိုဟင်ဂျာတွေကို ကျွန်တော်တို့ ကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်”
    ကနေဒါဟာ ဘုန်းတော်ကြီး ဒလိုင်းလားမား၊ နိုဘယ်ဆုရှင် မာလာလာ ယူဆွဖ်ဇိုင်၊ တောင်အာဖရိက လွတ်မြောက်ရေးခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားတို့ အပါအ၀င် စုစုပေါင်း ၅ ဦးကိုသာ ဂုဏ်ထူးဆောင်နိုင်ငံသား ချီးမြှင့်ထားတာ ဖြစ်ပါတယ်။
    ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လူနည်းစု ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ဂုဏ်သိက္ခာ ကျဆင်းနေတာ ဖြစ်ပါတယ်။
    စစ်တပ်ကတော့ သူတို့အနေနဲ့ ဥပဒေအတိုင်းသာ ဆောင်ရွက်တာဖြစ်တယ်လို့ တုန့်ပြန်ပြီး နိုင်ငံတကာက စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
    Ref: CNA
  • အရှေ့အလယ်ပိုင်းမှ ဒုံးခွင်းစနစ် ၄ ခုကို အမေရိကန် ပြန်သိမ်းမည်
    အရှေ့အလယ်ပိုင်းမှ ဒုံးခွင်းစနစ် ၄ ခုကို အမေရိကန် ပြန်သိမ်းမည်
    စက်တင်ဘာ ၂၇၊ ၂၀၁၈
    M-Media
    ပက်ထရီယော့ ဒုံးခွင်းစနစ်
    – တရုတ်နဲ့ ရုရှားတို့ကို ဟန့်ထားဖို့ လိုတဲ့အတွက်ကြောင့် အမေရိကန်ဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ချထားတဲ့ PAC-3 Patriot ဒုံးခွင်းစနစ် ၄ ခုကို ပြန်သိမ်းတော့မယ်လို့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပါတယ်။
    ဂျော်ဒန်နဲ့ ဘာရိန်းတို့က တစ်ခုစီနဲ့ ကူဝိတ်မှာချထားတဲ့ ၂ ခုစလုံးကို လာမယ့်လမှာ ပြန်လည်သိမ်းတော့မှာဖြစ်ပြီး၊ ဒီစနစ်တွေနေရာမှာ အစားထိုးဖို့ ရှိတော့မှာမဟုတ်တဲ့အတွက် ဒီ ၃ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်တွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။
    အမေရိကန်စစ်တပ် ရင်းမြစ်တစ်ခုက လက်ရှိမှာ ဒီစနစ်တွေကို ဖြုတ်ထားပြီး သယ်ယူဖို့ စီစဉ်နေတယ်လို့ Wall Street ဂျာနယ်ကို ပြောကြားခဲ့ပါတယ်။
    အဲဒီ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ဘယ်နေရာမှာ ပြန်လည်ချထားမလဲဆိုတာ ဂျာနယ်က ဖော်ပြခဲ့ခြင်း မရှိပေမယ့် အရှေ့အလယ်ပိုင်းကနေ ရုရှားနဲ့ တရုတ်ဖက်လှည့်မယ့် အမေရိကန်ရဲ့ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
    ထရမ့်အစိုးရလက်ထက် ကာကွယ်ရေးမဟာဗျူဟာ သုံးသပ်ချက်မှာ တရုတ်နဲ့ ရုရှားတို့ကို အမေရိကန်ရဲ့ အကျိုးစီးပွားကို အဓိကခြိမ်းခြောက်သူတွေအဖြစ် ဖော်ပြထားပါတယ်။
    ကူဝိတ်ကတော့ အမေရိကန်ဆုံးဖြတ်ချက်ဟာ သူတို့ကို ထိခိုက်နစ်နာစေမှာမဟုတ်ဘဲ အမေရိကန်က သူတို့ ၀ယ်ယူထားတဲ့ အမျိုးအစားတူ ဒုံးခွင်းစနစ်ဟာ နိုင်ငံကို ကာကွယ်ဖို့ လုံလောက်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: RT
  • မြန်မာ့”အခက်”ဟာ တရုတ် “အချက်” ဖြစ်နေပြီလား
    မြန်မာ့”အခက်”ဟာ တရုတ် “အချက်” ဖြစ်နေပြီလား
    စက်တင်ဘာ ၂၇၊ ၂၀၁၈
    M-Media
    – ဘာမထီတဲ့ မျက်နှာပေးနဲ့ တောင်ဘက်ကိုကြည့်နေတဲ့ တရုတ်အမျိုးသားလေးဦးက ကြီးမားတဲ့ ဘီးကြီးတစ်ခုကို ပြိုင်တူတွန်းနေတဲ့ ရုပ်တုကြီးတစ်ခုဟာ မူဆယ်မြို့မျက်နှာချင်းဆိုင် တရုတ်နယ်စပ် ကြယ်ဂေါင်မြို့မှာ တည်ရှိနေပါတယ်။
    ဒီရုပ်တုကြီးရဲ့အခြေမှာ “ညီညွတ်ပါ၊ လမ်းကြောင်းရှာပါ၊ ရှေ့ဆက်လျှောက်ပါ” ဆိုတဲ့ တရုတ်စကားလုံးတွေကို ရေးထိုးထားပြီး အရပ်သုံးစကားနဲ့ပြောရရင် ‘အရှေ့တောင်အာရှရေ ငါတို့လာပြီကွ’ လို့ အဓိပ္ပါယ်ထွက်ပါတယ်။
    ကြွေးကြော်သံဟာ ၂၀၁၃ ခုနှစ်မှာ သမ္မတရှီကျင့်ဖျင်က စတင်ကြေငြာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ပေးမယ့် ကန်ဒေါ်လာ ၁ ထရီလီယံတန် Belt and Road Initiative (BRI) စီမံကိန်းရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ဆိုလိုပုံရပေမယ့် ကြယ်ဂေါင်က ဒီရုပ်တုကြီးဟာ စီမံကိန်းမပေါ်လာခင် ၁၉၉၃ ခုနှစ်ကတည်းက တည်ထားတဲ့တာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကုန်းတွင်းပိတ်ပြည်နယ်တွေအတွက် မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာဆီထွက်ကာ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖောက်ကို အတွေးကို တရုတ်ဒုတိယ ဆက်သွယ်ရေးဝန်ကြီး ပန်းကျီဟာ ၁၉၈၅ ခုနှစ် စက်တင်ဘာလက နိုင်ငံပိုင် Beijing Review အပတ်စဉ်ဂျာနယ်မှာ ပထမဆုံး ထုတ်ဖော် ရေးသားခဲ့တာ ဖြစ်ပါတယ်။
    စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် အနောက်နိုင်ငံတွေက စစ်အစိုးရအပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်လာတဲ့ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကလာတွေမှာ နယ်စပ်ကုန်သွယ်ရေးဟာ သိသိသာသာ တိုးတက်လာခဲ့ပေမယ့်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ပြည်တွင်းစစ်ဖြစ်နေတာ၊ ဒီထက်ပိုပြီး အရေးပါတာက တရုတ်ရဲ့ ရည်မှန်းချက်တွေအပေါ် စစ်တပ်က သံသယရှိတာတွေကြောင့် ကုန်သွယ်ရေးစင်္ကြန် အမှန်တကယ်ပေါ်ထွက်လာဖို့ အတားအဆီး ဖြစ်ခဲ့ပါတယ်။
    ‘လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်’ နဲ့ လုပ်ဆောင်တယ်လို့ ကုလက ပြောဆိုထားတဲ့ စစ်တပ်ရဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ကို မောင်းထုတ်မှုကြောင့် အမည်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ရွေးကောက်ခံအစိုးရဟာ ဥရောပနဲ့ အမေရိကန်တို့ရဲ့ ဝေဖန်ပြစ်တင်မှုကို သိသိသာသာ ခံစားလာရတဲ့ အခုအချိန်မှာတော့ အနေအထားက ပြောင်းသွားပါပြီ။
    တရုတ်ကတော့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံရဲ့ တစ်ကျော့ပြန်ဂုဏ်ငယ်မှုကို အမြတ်ထုတ်ကာ ကုန်သွယ်ရေးစင်္ကြန် ပေါ်ထွက်လာရေး သူ့ရဲ့ရည်မှန်းချက်ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်လာပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က မြန်မာနဲ့ တရုတ်တို့ဟာ CMEC လို့ခေါ်တဲ့ “တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်” တည်ဆောက်ရေး နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
    CMEC ရဲ့ ရည်ရွယ်ချက်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းကနေ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးအချက်အခြာနေရာတွေဖြစ်တဲ့ မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေကို ဖြတ်ကာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အထိရောက်မယ့် အရှည် ၁၇၀၀ ကီလိုမီတာရှိ ကားလမ်းနဲ့ ရထားလမ်းဖောက်ဖို့ ဖြစ်ပါတယ်။
    လာအိုကနေတစ်ဆင့် အရှေ့တောင်အာရှ ကုန်တွင်းပိုင်းနဲ့ တရုတ်ကို ဆက်သွယ်ဖို့ ရည်ရွယ်တဲ့ ထိုင်း-တရုတ် ရထားလမ်းဖောက်လုပ်ရေး အစီအစီအစဉ် ရပ်ဆိုင်းရမယ့်အနေအထားမျိုး ဖြစ်နေတဲ့အချိန် တရုတ်က CMEC ဖြစ်ပေါ်လာရေး နှစ်ဆတိုး ဆောင်ရွက်နေပုံရပါတယ်။ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအထိပေါက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလည်း တရုတ်က ဆောက်လုပ်ထားပါတယ်။
    ‘အိန္ဒိယသမုဒ္ဒရာကနေ တရုတ်ပြည်ထဲ ရေနံတင်ပို့ရေး’ အတွက် CMEC က နောက်ထပ် လမ်းကြောင်းတစ်ခုဖြစ်လာတယ်လို့ တရုတ်အစိုးရရဲ့ အာဘော်သတင်းစာ Global Times က မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးတဲ့နောက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို မလာကာ ရေလက်ကြားကနေ တင်ပို့နေရတာကို ရှောင်လွှဲနိုင်မယ့် လမ်းကြောင်းတစ်ခုအဖြစ် ရည်ညွှန်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက စာချွန်လွှာ လက်မှတ်ရေးထိုးတာဟာ ‘BRI စီမံကိန်းမှာ မြန်မာနိုင်ငံက ပါဝင်လိုတဲ့၊ အကျိုးအမြတ်ရယူလိုတဲ့ လက္ခဏာတစ်ခုဖြစ်တယ်’ လို့လည်း Global Times မှာ ရေးသားထားပါတယ်။
    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရွေ့အပေါ် အကောင်းမြင်မှု မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး၊ တရုတ်နဲ့ ဆက်ဆံရေးက အနိမ့်ဆုံးကို ရောက်နေတဲ့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မြန်မာအစိုးရရဲ့ အစီအစဉ်တွေထဲမှာ CMEC ကို လက်ခံဖို့ ပါချင်မှ ပါပါလိမ့်မယ်။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဦးဆောင်တဲ့ အစိုးရက တရုတ်ရဲ့ BRI စီမံကိန်းကို ပိုပြီး လိုလားတဲ့အနေအထားကို မြင်လာရတဲ့အချိန်၊ မြန်မာစစ်တပ်နဲ့ အခြား နိုင်ငံရေးခေါင်းဆောင်တွေက တရုတ်နဲ့ လက်တွဲဖို့ စိတ်ဆန္ဒ ဘယ်လောက်ရှိနေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
    လတ်တလော သမိုင်းကြောင်းကို ပြန်ကြည့်ရင် စစ်တပ်ဟာ တရုတ်ဦးဆောင်တဲ့ စီမံကိန်းတွေ၊ အထူးသဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ခြိမ်းခြောက်တယ်လို့ ယူဆရတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာမျိုးတွေကို တွေ့မြင်ရပါတယ်။
    ၂၀၁၁ ခုနှစ်က ကချင်ပြည်နယ်မြောက်ပိုင်းမှာ တရုတ်က တည်ဆောက်နေတဲ့ ကန်ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီစီမံကိန်းကရတဲ့ ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်က ရရှိမှာဖြစ်ပြီး၊ နိုင်ငံရဲ့ အဓိက ဧရာဝတီမြစ် စီးဆင်းမှုကို သိသိသာသာ ထိခိုက်မယ့် အန္တရာယ်လည်း ရှိနေတာပါ။
    ဦးသိန်းစိန်ဟာ ကျယ်ဂေါင်အနီး ရူလီမြို့ကနေ မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းမြို့ ကျောက်ဖြူအထိ ဆက်သွယ်မယ့် အမြန်ရထားလမ်းတစ်ခု ဖောက်လုပ်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ခုကိုလည်း ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် ဒီစာချွန်လွှာသက်တမ်းဟာ ၂၀၁၄ ခုနှစ်မှာ ကုန်ဆုံးသွားခဲ့ပါတယ်။
    ယခုနှစ် ဇူလိုင်လမှာ Myanmar Times သတင်းစာက ဦးသိန်းစိန်လက်ထက်က သက်တမ်းကုန်သွားခဲ့တဲ့ ရထားလမ်းစီမံကိန်းဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ‘မြန်မြန်ဆန်ဆန်ပဲ လမ်းကြောင်းပေါ် ပြန်ရောက်လာတယ်’ လို့ ဖော်ပြခဲ့ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက် ပြည်ပဆက်ဆံရေးမှာ အနေအထားတစ်ခု ပြောင်းသွားတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့က ၀န်ကြီးတစ်ဦးဖြစ်တဲ့ ဦးသောင်းထွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လနှောင်းပိုင်းက ဟောင်ကောင်မှာပြုလုပ်တဲ့ BRI ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဦးသောင်းထွန်းက ‘ရီလီမြို့နဲ့ မန္တလေးမြို့တို့ကို ဆက်သွယ်မယ့် ရထားလမ်းတစ်ခု’ ကို မကြာခင်စတင်တော့မှာဖြစ်ပြီး ‘ရန်ကုန်နဲ့ ကျောက်ဖြူအထိ တိုးချဲ့ဖောက်လုပ်သွားဖို့ အလားအလာများနေကြောင်း’ ပြောကြားခဲ့တယ်လို့ China Morning Post သတင်းစာက ဖော်ပြခဲ့ပါတယ်။
    ဒီရထားလမ်းဟာ ‘နှစ်ဖက်စလုံးအမြတ်ထွက်မယ့် စီမံကိန်း’ ဖြစ်ပြီး သီရိလင်္ကာ၊ ပါကစ္စတန်နဲ့ လာအိုတို့အပါအ၀င် ဒေသတွင်းနိုင်ငံတွေက ဝေဖန်နေသလို BRI ရဲ့ အခြေခံအဆောက်အဦး စီမံကိန်းဟာ ‘အကြွေးထောင်ချောက်တစ်ခု’ မဟုတ်ဘူးလို့လည်း ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် အခြားသူတွေကတော့ ဒီလိုမမြင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ သြစတေးလျနိုင်ငံသား ရှောင်တန်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ တန်ဖိုးကို ကန်ဒေါ်လာ ၇.၆ ဘီလီယံလို့ တပ်ထားတာ၊ ဆိပ်ကမ်းနဲ့တွဲနေတဲ့ အထူးစီးပွားရေးဇုန် တန်ဖိုးကို ကန်ဒေါ်လာ ၂.၃ ဘီလီယံလို့ သတ်မှတ်ထားတာတွေဟာ ‘ရူးနေ’ လို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သြဂုတ်လမှာတော့ တန်နယ်နဲ့ အခြား ဝေဖန်ဆန်းစစ်သူတွေက ရေနက်ဆိပ်ကမ်းရဲ့တန်ဖိုးဟာ ခြေနိုင်လက်နိုင်ရှိတဲ့ ကန်ဒေါ်လာ ၁.၃ ဘီလီယံဖိုးလောက်သာ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ တရုတ်အစိုးရရဲ့ CITIC နဲ့ သူ့ရဲ့ လက်ခွဲတွေက စီမံကိန်း ပိုင်ဆိုင်မှုကို ၈၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး၊ တရုတ်အပေါ် အလွန်အမင်း မှီခိုအားထားရမှာကို မြန်မာနိုင်ငံက စိုးရိမ်လာတာကြောင့် ဖြစ်ပါတယ်။
    ဒါပေမယ့် BRI ရဲ့ အရိပ်ဆိုးကြီးက မြန်မာနိုင်ငံနောက်ကို လိုက်နေတုန်းပါ။ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းကြီးတစ်ခု အကောင်အထည်ပေါ်လာဖို့ရှိပြီး၊ အဲဒီကနေ အမြန်ရထားလမ်းတစ်ခုဟာ ယူနန်ပြည်နယ်က ရီလီမြို့အထိ ပေါက်ဖို့လည်း ရှိပါတယ်။ ဒီစီမံကိန်း ၂ ခုစလုံးမှာ တရုတ်က ရှယ်ယာအများဆုံး ပါတာဖြစ်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်လို့ ငွေရေးကြေးရေး အသေးစိတ်အချက်အလက်တွေအတွက် လက်ရှိမှ ညှိနှိုင်းဆဲဖြစ်ရင်ဖြစ် ဒါမှမဟုတ် ပြည်သူကို ချမပြသေးတာ ဖြစ်နိုင်ပါတယ်။
    ၂၀၁၅ ခုနှစ်နှောင်းပိုင်း ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက ပြသချင်နေတာ ထင်ရှားပါတယ်။
    ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေး ဦးမော့လာမယ်လို့ မြန်မာနိုင်ငံကလူတော်တော်များများက စောစောပိုင်းမှာ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာပြဿနာအပေါ် အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှု မြင့်တက်လာတာကြောင့် ဒီမျှော်လင့်ချက်ဟာ ဖြစ်မလာခဲ့သလို၊ ဖြစ်လာဖို့ အလားအလာလည်း အခုအချိန်မှာ မရှိသေးပါဘူး။
    မြစ်ဆုံရေကာတာစီမံကိန်း၊ တရုတ်-မြန်မာ အမြန်ရထားလမ်း ကနဦးအစီအစဉ်တွေ ပျက်သွားတဲ့ ဦးသိန်းစိန်အစိုးရဟာ စစ်တပ်ဖက်ယိမ်းတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP လွှမ်းမိုးတဲ့ အစိုးရဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ အဓိက ပြိုင်ဘက်လည်း ဖြစ်ပါတယ်။
    နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမှု၊ တင်းကြပ်တဲ့ အာဏာရှင်စနစ်က ပိုမိုပွင့်လင်းတဲ့ နိုင်ငံရေးအသိုက်အ၀န်းတစ်ခု ဖန်တီးပေးမှုတွေလို USDP ရဲ့ ‘ပြုပြင်ပြောင်းလဲရေးအစီအစဉ်’ ဟာ အနောက်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ပြီး တိုင်းပြည်ရဲ့စီးပွားရေး တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    NLD အစိုးရက တရုတ်အပေါ် သိပ်ပြီး ပ,စားပေးနေတယ်လို့ ကိုယ့်မင်းကိုယ်ချင်းစစ်တပ်က ယူဆလာရင် ဘယ်လိုခြေလှမ်းမျိုး လှမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ဒီလိုလမ်းကြောင်းမျိုးမရောက်အောင် တားဆီးဖို့အတွက် အဆိုပြုထားတဲ့ စီးပွားရေးစင်္ကြန်တစ်လျှောက် စစ်တပ်အလုံးအရင်း ချထားတာ အပါအ၀င် ထိထိရောက်ရောက် လုပ်နိုင်တဲ့အနေအထားတွေ စစ်တပ်မှာ အများအပြားရှိနေတာတော့ သေချာပါတယ်။
    မြန်မာနိုင်ငံဟာ မဟာဗျူဟာအရ အနောက်ရဲ့ပစ်ပယ်မှုကို ထပ်မံခံစားလာရတဲ့ အခုအချိန်မှာ တရုတ်ကတော့ ၂၅ နှစ်ကြာပြီဖြစ်တဲ့ တောင်ဘက်တိုးထွက်ရေး ရည်မှန်းချက်အတွက် ရှေ့ဆက်တိုးမှာ သေချာနေပါတယ်။
    Ref: Asia Times
    (Asia Times တွင် ဖော်ပြထားသည့် As West recoils, China surges south in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၂၇၊ ၂၀၁၈
    M-Media
    မကြာမီဝန်ကြီးချုပ်ဖြစ်လာမည့် အန်န၀ါရ် အီဘရာဟင်
    ကင်ဂျုံအွန်ကို အပြုသဘောဖြင့်တုန့်ပြန်ရန် တောင်ကိုရီးယားသမ္မတ တိုက်တွန်း
    ==================
    မြောက်ရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ နိုင်ငံရေးလားရာတစ်ခုကို ပြောင်းလဲနေတယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်က မနေ့က ကုလမိန့်ခွန်းမှာ ပြောကြားလိုက်ပြီး ကုလနဲ့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားကို အပြုသဘောဆောင် တုန့်ပြန်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ မွန်ဟာ ကင်နဲ့ အခုနှစ်အတွင်း ၃ ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့တာပါ။ အမေရိကန်နဲ့ ဂျပန်အပါအ၀င် နိုင်ငံတစ်ချို့က မြောက်ကိုရီးယားရဲ့ အပြောင်းအလဲကို သတိထားနေပေမယ့် မွန်ဂျယ်အင်ကတော့ ကင်ဂျုံအွန်ကို ယုံကြည်ပေးဖို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အငြင်းပွားရေပိုင်နက်အနီး ဗြိတိန်နှင့်ပေါင်းကာ ဂျပန်က စစ်ရေးလေ့ကျင့်
    ==================
    အိန္ဒိယသမုဒ္ဒရာအတွင်း ပြုလုပ်နေတဲ့ ဗြိတိန် ဖရီးဂိတ်သင်္ဘော HMS Argyll ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ရဲ့ အကြီးဆုံးစစ်င်္ဘောဖြစ်တဲ့ ရဟတ်ယာဉ်တင်သင်္ဘော Kaga ပါဝင်လာပြီး တရုတ်နဲ့ ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်ကို သင်္ဘောတွေက ဦးတည်နေပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဗြိတိန်ရဲ့ တိုက်သင်္ဘော HMS Albion ဟာ ဂျပန်ကနေ ဗီယက်နမ်ကို သွားရောက်စဉ် အငြင်းပွား ရေပိုင်နက်အနီးကနေ ဖြတ်သန်းသွားတာကြောင့် တရုတ်က ဒေါသထွက်ခဲ့ပြီး စစ်သင်္ဘောတစ်စီးနဲ့ ရဟတ်ယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်ရဲ့ ဒီလိုဆောင်ရွက်မှုဟာ လက်ရှိ ဆွေးနွေးနေတဲ့ ကုန်သွယ်ရေးကိစ္စကို ထိခိုက်စေမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
    မဟာသီနှင့် ရန်မတိုက်ပေးရန် အန်ဝါရ်ပြော
    =============
    တရုတ်က ရွေးကောက်ပွဲ ၀င်နှောင့်ရန် ကြံနေသည်ဟု ထရမ့်ပြော
    ===============
    အခုနှစ်နိုဝင်ဘာလမှာ ပြုလုပ်မယ့် အမေရိကန် လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ တရုတ်က ၀င်ရောက်နှောက်ယှက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ စွပ်စွဲလိုက်ပြီး၊ တရုတ်ဖက်ကတော့ ဒါကို ငြင်းဆိုလိုက်ပါတယ်။ တရုတ်ဟာ သူ့ရဲ့ ရီပက်ဘလစ်ကန်ပါတီကအမတ်တွေ အခြေအနေမကောင်းအောင် လုပ်ချင်တာလို့ ပြောခဲ့ပေမယ့် အထောက်အထားတော့ မပေးခဲ့ပါဘူး။ တရုတ်က မိမိတို့အနေနဲ့ သူများတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးကို ဘယ်တော့မှာ ၀င်စွက်မှာမဟုတ်ဘဲ၊ ဒီလို ယုတ္တိမရှိတဲ့ စွပ်စွဲမှုကိုလည်း လက်မခံဘူးလို့ ဆိုပါတယ်။
    Ref: CNA, Aljazeera
  • ကောင်းမြတ်သော အမူအကျင့်များဖြင့်သာ အစ္စလာမ်ကို မြှင့်တင်ရမည်ဟု အီရန်သမ္မတပြော
    ကောင်းမြတ်သော အမူအကျင့်များဖြင့်သာ အစ္စလာမ်ကို မြှင့်တင်ရမည်ဟု အီရန်သမ္မတပြော
    စက်တင်ဘာ ၂၆၊ ၂၀၁၈
    M-Media
    အီရန်သမ္မတ ဟာဆန်ရူဟာနီ
    – အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သာသနာကို ကိုယ်ကျင့်တရား၊ ယုံကြည်သက်ဝင်မှု၊ ရိုးသားဖြောင့်မတ်မှုတွေနဲ့ မြှင့်တင်ဖို့လိုတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။
    ကုလအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်ကိုရောက်ရှိနေတဲ့ ရူဟာနီဟာ အမေရိကန်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ မနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့တာပါ။
    “အစ္စလာမ်ဘာသာဝင်တွေ အထူးသဖြင့် လူငယ်တွေကို သွန်သင်ဆုံးမဖို့အတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်။ အခုအချိန်မှာ လူငယ်တွေဟာ ရန်သူတွေရဲ့ ၀ါဒဖြန့်မှုနဲ့ ပညာမဲ့အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး သူတို့တွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ချပြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့တာဝန်ဟာ မျိုးဆက်သစ်တွေကို ကူညီဖို့၊ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ချပြဖို့၊ ကောင်းမြတ်တဲ့စကားတွေ၊ အမူအကျင့်တွေနဲ့ အစ္စလာမ်သာသနာကို မြှင့်တင်ဖို့ ဖြစ်ပါတယ်” လို့ ရူဟာနီက ပြောကြားခဲ့ပါတယ်။
    ရူဟာနီက အရှေ့အလယ်ပိုင်းမှာ IS နဲ့ al-Nusra Front တို့ အကြမ်းဖက်အဖွဲ့တွေအပေါ် အောင်မြင်မှုရနေတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဆီးရီးယားဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် ဆီးရီးယားမှာ အခုထက်ပိုပြီး လုံခြုံဖို့လိုတယ်လို့လည်း ဆိုပါတယ်။
    IS အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်ရဲ့ ငြိမ်းချမ်းတဲ့ပြယုဂ်ကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံး အန္တရာယ်ကောင်တွေ ဖြစ်တယ်လို့လည်း အီရန်သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “IS က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ လူသတ်တာတစ်ခုတည်း မဟုတ်ပါဘူး။ IS အကြမ်းဖက်သမားတွဟာ ဒေသတွင်းက ပြည်သူတွေအပေါ် ဖိနှိပ်ရုံသာမက၊ အစ္စလာမ်သာသနာကို ယုံကြည်သက်ဝင်နေကြသူတွေရဲ့ ယုံကြည်မှုကိုပါ ပျက်ဆီးသွားအောင် လုပ်နေတာပါ”
    Ref: Abna24