News @ M-Media

Author: Ko Lay

  • အမေရိကန်၏ ပိတ်ဆို့မှုကို ရှောင်ရှားရန် အီရန်နှင့် ဥရောပတို့ သဘောတူ

    အမေရိကန်၏ ပိတ်ဆို့မှုကို ရှောင်ရှားရန် အီရန်နှင့် ဥရောပတို့ သဘောတူ

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ် (၀ဲ) နှင့် ဥရောပနိုင်ငံခြားရေးဝန်ကြီး

    – အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားကာ တရားဝင် ဆက်လက်ကုန်သွယ်နိုင်ဖို့အတွက် ငွေပေးချေမှုစနစ်တစ်ခု ဖော်ဆောင်ရေး အီရန်နဲ့ ဥရောပတို့ မနေ့မှာ သဘောတူခဲ့ကြပါတယ်။

    ဥရောပနဲ့ အီရန်တို့ဟာ ရေနံလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေကို ပူပေါင်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မို့ဂ်ဟိရီနီက အခုသဘောတူလိုက်တဲ့ ငွေပေးချေမှု နည်းလမ်းသစ်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    နယူးယောက်မှာလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးအပြီးမှာ ဒီသေဘာတူညီချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်က အမေရိကန်၊ ဥရောပတို့အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

    ဒါ့ကြောင့် အမေရိကန်ရဲ့ မဟာမိတ် ဥရောပအနေနဲ့ အီရန်နဲ့ စီးပွားရေးဆက်လုပ်ဖို့ အခက်တွေ့ခဲ့ပါတယ်။

    ဥရောပသမဂ္ဂ၊ ရုရှားနဲ့ တရုတ်တို့ ပူးပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ အခု ရရှိခဲ့တဲ့ သဘောတူညီချက်က အီရန်နဲ့လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်တရားဝင်နိုင်ရေးအတွက် အထောက်အကူပြုလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ၂၀၁၅ ခုနှစ်က အီရန်နဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်မှာ ဆက်လက်ရှိနေမှာဖြစ်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    Ref: Aljazeera

  • မလေးရှားတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း ဆက်လက်တိုးတက်နေ

    မလေးရှားတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း ဆက်လက်တိုးတက်နေ

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – မလေးရှားနိုင်ငံမှာ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းဟာ ၂၀၂၀ ခုနှစ်အရောက်မှာ ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းလောက် ရရှိတော့မှာဖြစ်ပြီး ဒါဟာ မလေးရှားဗဟိုဘဏ်က ရည်မှန်းထားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးအသင်းအဖွဲ့များဆိုင်ရာ ဥက္ကဌ ဒါတွတ် အဒီဆာဒီကင် အလီက လက်ရှိ ဈေးကွက်ဝေစုဟာ ၃၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါအပြင့် Value-based Intermediary’ (VBI) လို နည်းလမ်းမျိုးတွေနဲ့ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်သွားဖို့လည်း အလီက တိုက်တွန်းခဲ့ပါတယ်။

    “VBI က ရည်မှန်းချက်ဆီ အရောက်ခေါ်ဆောင်သွားမှာပါ။ လက်ရှိအချိန်မှာ ရေရှည် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျွန်တော်တို့ ပိုမို ကြိုးစားအားထုတ်နေပါတယ်။ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းဟာ ရေရှည်တည်တံ့သွားမယ့် ဘဏ်လုပ်ငန်း ဖြစ်ပါတယ်” လို့ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ “၂၀၁၈ ကမ္ဘာ့အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ်ဖိုရမ်” အပြီး သတင်းထောက်တွေကို အလီက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာတစ်ဝှမ်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး မလေးရှားနိုင်ငံဟာလည်း ဒီလုပ်ငန်းမှာ ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

    Ref: Bernama

  • အင်္ဂါနေ့မနက်ပိုင်း နိုင်ငံတကာ သတင်းများ

    အင်္ဂါနေ့မနက်ပိုင်း နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    ဖီဖာ အကောင်းဆုံးဘောလုံးသမားဆုကို မိုဒရစ်ဆွတ်ခူး
    ===================
    ၂၀၁၇-၁၈ ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မနေ့က ချီးမြှင့်ရာမှာ ရော်နယ်ဒို၊ ဆာလာဟ်တို့ကိုကျော်ပြီး ရီးယဲလ်ကွင်းလယ်လူ လူကာမိုဒရစ်က ဆွတ်ခူးရရှိသွားပါတယ်။ ဒါဟာ ၂၀၀၈ ခုနှစ်ကတည်းက ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ဒီဆုအပေါ် လွှမ်းမိုးမှုကို ချိုးဖျက်လိုက်တာလည်း ဖြစ်ပါတယ်။ မိုဒရစ်ဟာ ဘောလုံးရာသီ ၅ ရာသီမှာ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၁၈ ကမ္ဘာ့ဖလား ဖိုင်နယ်ရောက်ခဲ့တဲ့ ခရိုအေးရှားအသင်းရဲ့ အဓိကကစားသမားလည်း ဖြစ်ပါတယ်။

    ခြစားသူများကို အပြစ်ပေးကိုပေးရမည်ဟု မဟာသီပြော
    ====================
    အစိုးရအတွင်းမှာ ခြစားတဲ့သူတွေကို အပြစ် ပေးကိုပေးရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်း 1MDB က ရင်းဂစ် ဘီလီယံချီ ပျောက်ဆုံးမှုအတွင်း ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေဟာ လက်ရှိမှာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မလေးရှားမှာ ခြစားမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ဟာ တစ်သက်တစ်ကျွန်းဖြစ်ပြီး မဟာသီက အခုအချိန်အထိ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချရလောက်အတဲ့အဆင့် မရောက်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်နှင့် ကင်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရန် ရှိနေ
    ============
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ပြုလုပ်မယ့်ရက်ကို မကြာခင် ကြေငြာသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပြီး တွေ့ဆုံမယ့်နေရာကို မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။ ကင်နဲ့ ထရမ့်တို့ဟာ ဇွန်လက စင်ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ ကင်က ထရမ့်ကို စာတစ်စောင်ပေးပို့ခဲ့ပြီး ဒုတိယအကြိမ်မြောက် တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုကလည်း သူ့အနေနဲ့ နှစ်မကုန်ခင် မြောက်ကိုရီးယားကိုသွားရောက်ကာ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်သွားမယ်လို့ မနေ့မှာ ပြောခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း မော်လ်ဒိုက်သမ္မတ ၀န်ခံ

    ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း မော်လ်ဒိုက်သမ္မတ ၀န်ခံ

    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    မော်လ်ဒိုက်သမ္မတ အဘ်ဒူလာ ယာမင်

    – အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မော်လ်ဒိုက်သမ္မတ အဘ်ဒူလာ ယာမင်က ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဒီကနေ့မှာ ၀န်ခံပြောကြားလိုက်ပါတယ်။

    အသက် ၅၉ နှစ်အရွယ် ယာမင်ဟာ သမ္မတအဖြစ် ၅ နှစ်တာအုပ်စိုးမှုအတွင်း အတိုက်အခံတွေကို နှိပ်ကွပ်ခဲ့သူ လည်းဖြစ်ပါတယ်။

    စိုးရိမ်မှုတွေ၊ မသေချာမှုတွေ ဖြစ်ခဲ့တဲ့ မနေ့ကရွေးကောက်ပွဲမှာ ယာမင်ရဲ့ အတိုက်အခံ အီဘရာဟင် မိုဟာမက် ဆိုလီဟ်က မဲအရေအတွက် ၅၈ ရာခိုင်နှုန်းနဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ယာမင်ကတော့ ၄၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

    “မော်လ်ဒိုက်နိုင်ငံသားတွေက အဆုံးအဖြတ်ပေးလိုက်ပါပြီ။ ရလဒ်ကို ကျွန်တော် လက်ခံပါတယ်” လို့ ယာမင်က ဒီကနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    မိန့်ခွန်းမပြောခင် ဆိုလီဟ်နဲ့ တွေ့ဆုံကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့လည်း ယာမင်က ဆိုပါတယ်။

    သမ္မတသက်တမ်းကာလအတွင်း ဒီမိုကရေစီပျက်ဆီးစေတဲ့ ဆောင်ရွက်မှုတွေကြောင့် ဝေဖန်မှုတွေ တော်တော်များများ ခံခဲ့ရတဲ့ ယာမင်ဟာ အစ္စလာမ်ဘာသာကို ကာကွယ်မယ်၊ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • ဆော်ဒီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ ဦး ထိပ်တန်းဆုတစ်ခု ရရှိ

    ဆော်ဒီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ ဦး ထိပ်တန်းဆုတစ်ခု ရရှိ

    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – ကမ္ဘာထိပ်တန်း လူမှုအကျိုးပြုဆုတစ်ခုဖြစ်တဲ့ Right Livelihood Award အတွက် အကျဉ်းကျနေတဲ့ ဆော်ဒီလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ ဦး ရွေးချယ်ခံခဲ့ရပါတယ်။

    Right Livelihood Award ဆုကို ‘ဒုတိယနိုဘယ်ဆု’ လို့လည်းခေါ်ဆိုပြီး ၁၉၈၀ ခုနှစ်မှာ ဂျာမန်-ဆွီဒင် ပရဟိတသမား Jakob von Uexkull က စတင်ဖန်တီးခဲ့ကာ ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်စွမ်းရှိတဲ့ သူတွေကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

    ယခုနှစ်အတွက် ဆုရရှိသူ ဆော်ဒီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ ဦးဟာ အဘ်ဒူလာ အလ်-ဟာမစ်၊ မိုဟာမက် ဖာဟဒ် အလ်-ကွတာနီနဲ့ ၀ါလစ် အဘူ အလ်-ခိုင်ရ်တို့ ဖြစ်ကြပါတယ်။

    Right Livelihood Award ကတော့ သူတို့တွေဟာ ဆော်ဒီအာရေဗျက မိသားစုတစ်စု ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ကြီးကြီး၊ သတ္တိရှိရှိ ကြိုးစားသူတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရွေးချယ်ခံရသူ ၃ ဦးဟာ အာဏာရှင်စနစ်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စိတ်ခေါ်ကာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးရဖို့၊ စည်းမျဉ်းခံဘုရင်စနစ် ထူထောင်ဖို့ ဆော်သြခဲ့ကြသူတွေ ဖြစ်ပါတယ်။ လူအများပါဝင်တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ဖို့ သူတို့ရဲ့ ရဲရဲဝင့်ဝင့်ကြိုးပမ်းမှုကြောင့် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ထောင်ဒဏ်တွေ ချခံထားရပြီး အခု ထောင်ထဲမှာ ဖြစ်ပါတယ်” လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    အလ်-ကွာတာနီနဲ့ အလ်-ဟာမစ်တို့ဟာ HASEM ‘လို့ခေါ်တဲ့ ဆော်ဒီ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အသင်း’ ကို တည်ထောင်ထားကြသူတွေ ဖြစ်ပါတယ်။

    Right Livelihood Award ဆုကို အရင်က ရရှိကြသူတွေထဲမှာ အမေရိကန်လုံခြုံရေးဌာနရဲ့ လုပ်ရပ်တွေကို ဖွင့်ချခဲ့တဲ့ ကွန်ပျူတာပညာရှင် အက်ဒ၀ပ်စနိုးဒင်၊ ယူကေအခြေစိုက် နိုင်ငံတကာလက်နက်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ CAAT၊ ဆီးရီးယားက ကယ်ဆယ်ရေးအဖွဲ့ White Helmets တို့လည်း ပါဝင်ပါတယ်။

    ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera