News @ M-Media
Author: Ko Lay
  • အစွန်းရောက်ဘုန်းကြီးနှင့် ကာချုပ်တို့၏ အကောင့်များကို VK က အပြီးတိုင် ပိတ်သိမ်း
    အစွန်းရောက်ဘုန်းကြီးနှင့် ကာချုပ်တို့၏ အကောင့်များကို VK က အပြီးတိုင် ပိတ်သိမ်း
    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media
    တိုင်းမ်စ်မဂ္ဂဇင်းမျက်နှာဖုံးတွင် တွေ့ရသည့် အစွန်းရောက်ဘုန်းကြီး ၀ီရသူ၏ ပုံ
    – ရုရှား နာမည်ကြီး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ VK က သူတို့အနေနဲ့ အစွန်းရောက်ဘုန်းကြီး ၀ီရသူရဲ့အကောင့်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ အကောင့်တွေကို ပိတ်ပစ်လိုက်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
    အမုန်းစကားဖြန့်ချီမှုအတွက် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် မြန်မာစစ်ခေါင်းဆောင်တစ်ချို့ရဲ့ အကောင့်တွေ၊ စစ်တပ်ရဲ့ ၀ါဒဖြန့်ချီရေး အကောင့်တွေ၊ ပေ့ခ်ျတွေကို ဖျက်ပစ်လိုက်တယ်လို့ Facebook က ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်အသိုင်းအ၀ိုင်းနဲ့ ပြည်သူတစ်ချို့ဟာ VK ကို ပြောင်းလဲသုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။
    VK က ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကောင်သစ်ဟာ လျင်လျင်မြန်မြန်ပဲ follower ၃၇၀၀၀ အထိ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ VK က ကာချုပ်ရဲ့အကောင့် အပိတ်ခံလိုက်ရပြီး၊ နောက်ပိုင်းမှာ အကောင့်အသစ် ထပ်တက်လာခဲ့ပေမယ့် ဒီကနေ့မှာ ထပ်မံ အပိတ်ခံလိုက်ရပါတယ်။
    VK က သူတို့ဟာ အသုံးပြုသူတွေထံကနေ တိုင်ကြားမှုတွေ ရတာကြောင့် ကာကွယ်ရေးဦးစီးချုပ် အကောင့်နဲ့ ဦးဝီရသူတို့ရဲ့အကောင့်တွေကို အပြီးတိုင် ဖျက်ပစ်လိုက်ကြောင်း၊ မြန်မာလိုတင်တဲ့ ပို့စ်တွေကို စောင့်ကြည့်ဖို့ မြန်မာဝန်ထမ်းတွေကို ခန့်ထားကြောင်း AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေကြောင့် မကောင်းသတင်းနဲ့ကျော်ကြားတဲ့ အစွန်းရောက်ဘုန်းကြီး ဦးဝီရသူရဲ့ Facebook အကောင့်ဟာ ဇန်န၀ါရီလမှာ အပြီးတိုင် ပိတ်ပစ်ခဲ့ပါတယ်။
    Ref: CNA
  • အာဖရိက ချန်ပီယံလိဂ်တွင် လူတိုးမှုကြောင့် ၅ ဦးသေဆုံး
    အာဖရိက ချန်ပီယံလိဂ်တွင် လူတိုးမှုကြောင့် ၅ ဦးသေဆုံး
    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media
    အန်ဂိုလာနိုင်ငံမှ ဘောလုံးကွင်းတစ်ခု
    – အန်ဂိုလာနိုင်ငံ လူအန်ဒါမြို့မှာ စနေနေ့က ကစားတဲ့ ‘အာဖရိက ချန်ပီယံလိဂ်’ ဘောလုံးပွဲစဉ်အပြီး လူအုပ် စုပြုံတိုးဝှေ့မှုကြောင့် လူ ၅ ဦးသေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အန်ဂိုလာက Primeiro de Agosto အသင်းနဲ့ ကွန်က TP Mazembe အသင်းတို့ ကစားခဲ့တာဖြစ်ပြီး ဂိုးမရှိသရေ ကျခဲ့ပါတယ်။
    ပွဲအပြီး ပရိတ်သတ်တွေ ပြန်ထွက်ရာမှာ ဘောလုံးကွင်းဂိတ်တံခါးပေါက် ပိတ်ထားတာကြောင့် လူတွေ စုပြုံနေရာ ရဲတပ်ဖွဲ့က တံခါးဖွင့်ပေးရာမှာ တိုးဝှေ့မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ စီးထားတဲ့ မြင်းတွေ အနင်းခံရတာတွေလည်း ရှိခဲ့ပါတယ်။
    အန်ဂိုလာ အားကစားဝန်ကြီးဌာနက ပရိတ်သတ်တွေ သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့အတူ ၀မ်းနည်းကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    ဒီလိုဖြစ်ပျက်ရတာဟာ ပွဲစချိန် နောက်ကျမှုကြောင့် ဖြစ်နိုင်တယ်လို့လည်း ၀န်ကြီးဌာနက ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ်ကလည်း အန်ဂိုလာနိုင်ငံမြောက်ပိုင်းက ဘောလုံးကွင်းတစ်ခုမှာ ပရိသတ်တွေ စုပြုံတိုးဝှေ့မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပါတယ်။
    Ref: RT
  • ၀ီဂါမွတ်စလင်များ ဖိနှိပ်ခံရမှုကိစ္စက တရုတ်နှင့်ဆွေးနွေးနေသည်ဟု အီရန်ပြော
    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media
    ရှင်ကျန်းပြည်နယ် တစ်နေရာတွင် ကင်းလှည့်နေသည့် တရုတ်ရဲ့များ
    – ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေကို တရုတ်အစိုးရက ဖိနှိပ်နေတယ်ဆိုတဲ့ သတင်းတွေအတွက် မိမိတို့အနေနဲ့ တရုတ်အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစေမီက ပြောကြားလိုက်ပါတယ်။
    တရုတ်ဟာ တူရကီစကားပြော ၀ီဂါမွတ်စလင် တစ်သန်းကျော်လောက်ကို အကျဉ်းစခန်းတွေမှာ ပိတ်လှောင်ထားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဖွင့်ချခဲ့ပြီးတဲ့နောက် အမေရိကန်အပါအ၀င် ကမ္ဘာတစ်ဝှမ်းက တရုတ်အစိုးရကို ဝေဖန်ခဲ့ကြပါတယ်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း ဒီကိစ္စမှာ အီရန်ဟာ နှုတ်ဆိတ်နေတယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
    ကာစေမီက ပွမ်ပီယိုရဲ့ ဒီပြောကြားမှုကို ပြန်လည်တုန့်ပြန်ခဲ့ပြီး အီရန်က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်တွေကို အမြဲတမ်း ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “တရုတ်အစိုးရနဲ့ ကျွန်တော်တို့အကြား ရှိနေတဲ့ ဆက်ဆံရေးလမ်းကြောင်းကနေ ဒီကိစ္စကို ဆွေးနွေးအဖြေရှာဖို့၊ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သူ့(ပွမ်ပီယို)ရဲ့စကားကို ကျွန်တော်တို့ သိပ်ပြီး အဖက်မလုပ်ပါဘူး။ အမေရိကန်က မောက်မာတဲ့ခေါင်းဆောင်တွေရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ စကားတွေနဲ့ သူတို့ရဲ့ရည်ရွယ်ချက်ဟာ အီရန်နိုင်ငံရဲ့ ပုံရိပ်ကို ပျက်ဆီးစေဖို့ပဲ ဖြစ်ပါတယ်”
    အီရန်-အာဖဂနစ္စတန်-အိန္ဒိယ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကာစေမီက ဒီလိုအစည်းအဝေးတွေဟာ အမေရိကန်ရဲ့ အနိုင်ကျင့်လိုတဲ့ပေါ်လစီကို ဆန့်ကျင်နေတဲ့ အီရန်အတွက် အပြုသဘောဆောင်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: IRNA
  • ရိုက်နှက်မှုကို မဟန့်တားဘဲ ရပ်ကြည့်နေသည့် အိန္ဒိယရဲများ တာဝန်မှ ရပ်စဲခံရ
    ရိုက်နှက်မှုကို မဟန့်တားဘဲ ရပ်ကြည့်နေသည့် အိန္ဒိယရဲများ တာဝန်မှ ရပ်စဲခံရ
    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media
    ဇူလိုင်လက မွတ်စလင်တစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံရမှု မြင်ကွင်းတစ်ခု
    – မွတ်စလင်အမျိုးသားတစ်ယောက် ရိုက်နှက်ခံနေရမှုကို ရပ်ကြည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို အိန္ဒိယက မနေ့မှာ ရာထူးကနေ ရပ်စဲခဲ့ပါတယ်။
    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ် မြို့တော် အင်မ်ဖာမှာ ကြာသာပတေးနေ့က စီးပွားရေးဘွဲ့ရ မွတ်စလင်ကျောင်းသားတစ်ဦးကို လူတစ်စုက ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့ပြီး ဒီအဖြစ်အပျက် ဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ပါတယ်။
    အခင်းဖြစ်ပွားနေတဲ့အချိန် ရဲတပ်ဖွဲ့ဝင်လေးဦးဟာ အနီးအနားမှာရှိနေပေမယ့် ၀င်ရောက်ဟန့်တားခြင်းမရှိဘဲ ရပ်ကြည့်နေတာကိုလည်း ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့အပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် တပ်ဖွဲ့ဝင် ၄ ဦးဟာ ရာထူးကနေ ရပ်စဲခံခဲ့ရပါတယ်။
    အင်ဖာလ်ရဲတပ်ဖွဲ့တာဝန်ရှိသူ Jogeshchandra Haobijam က အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့ဇူလိုင်လကလည်း အိန္ဒိယနိုင်ငံအနောက်ပိုင်း ပြည်နယ်တစ်ခုမှာ မွတ်စလင် အသားကုန်သည်တစ်ဦးကို ဟိန္ဒူလုပ်အုပ်စုက ရိုက်နှက်နေတဲ့အချိန် ရဲတပ်ဖွဲ့က ၀င်ရောက်ဟန့်တားခြင်း မရှိတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ရိုက်နှက်ခံရသူဟာ နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် သေဆုံးသွား ခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ် ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ မြင့်တက်လာခဲ့ပါတယ်။
    Ref: Daily Mail
  • နယ်သာလန်ရှိ ကက်သလစ်ဘုန်းကြီးများ လိင်ကျူးလွန်မှုသတင်း ထွက်ပေါ်
    နယ်သာလန်ရှိ ကက်သလစ်ဘုန်းကြီးများ လိင်ကျူးလွန်မှုသတင်း ထွက်ပေါ်
    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media
    – ရိုမန်ကက်သလစ်ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို နယ်သာလန် ကက်သလစ်အသင်းတော် ထိပ်ပိုင်းဘုန်းကြီးတွေက ဖုံးကွယ်ပေးခဲ့တယ်လို့ သတင်းထွက်လာပါတယ်။
    ဒက်ခ်ျသတင်းစာတစ်စောင်ဖြစ်တဲ့ NRC က အခုရက်ပိုင်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး သူတို့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ၁၉၄၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကက်သလစ်ဘုန်တော်ကြီးတွေရဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဒက်ခ်ျကက်သလစ်အသင်းတော်က တာဝန်ရှိတဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေ၊ ကာဒီနယ် ဒါဇင်ဝက်ကျော်ကျော်လောက်က သိရှိခဲ့တယ်လို့ ဆိုပါတယ်။
    အဲဒီထဲက ၄ ဦးကလည်း ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်လို့ သတင်းစာက ဖော်ပြပါတယ်။
    ဒက်ခ်ျ ရိုမန်ကက်သလစ်အသင်းတော်က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ လိင်ကျူးလွန်တဲ့ ဘုန်းကြီးတွေကို ကာကွယ်ကာ သာသနာနယ်ပြောင်းရွှေ့တာတွေ၊ တစ်ခါတစ်ရံ အကြိမ်ကြိမ် ပြောင်းရွှေ့တာတွေ လုပ်ခဲ့တယ်လို့ NRC ရဲ့ စုံစမ်းမှုမှာ တွေ့ခဲ့ရပါတယ်။
    ဒါ့အပြင် ကျူးလွန်မှုသတင်းတွေကို မပြန့်နှံ့အောင် ထိပ်ပိုင်းဘုန်းကြီးတွေက လုပ်ဆောင်ခဲ့ပြီး မှတ်တမ်းမှတ်ရာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
    ဒီလို ဖုံးကွယ်တာကြောင့် ကျူးလွန်ခံရသူအရေအတွက်ဟာ နှစ်ကြာလာတာတဲ့အမျှ မြင့်တက်လာခဲ့တယ်လို့ ကျူးလွန်ခံရသူတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။
    ခရစ်ယာန် ရိုမန်ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြဿနာ ပေါ်ပေါက်လာတာဟာ နယ်သာလန်နိုင်ငံတစ်ခုတည်းမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်၊ သြစတေးလျ၊ အိုင်ယာလန်နဲ့ ဂျာမနီနိုင်ငံတို့မှာလည်း ဒီလိုပြဿနာတွေ ပေါ်ထွက်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့လက အမေရိကန်ပြည်စု ပင်ဆဲလ်ဗားနီးယားပြည်နယ် အစိုးရဟာ ကက်သလစ်ဘုန်းတော်ကြီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ပတ်သက်ပြီး ၂ နှစ်ကြာစုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ဘုန်းကြီး ၃၀၀ ကျော်က ကလေးငယ်ပေါင်း တစ်ထောင်ကျော်ကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    ဘုန်းကြီးတွေ ဒီလိုကျူးလွန်မှုနဲ့ပတ်သက်ပြီး ကက်သလစ်အာဏာပိုင်ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်ကပါ ဖုံးကွယ်မှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပြီး ဗာတီကန်ကတော့ ဒီကိစ္စကို ဖြေရှင်းသွားမယ်လို့ ကတိပြုထားပါတယ်။
    Ref: Aljazeera