News @ M-Media

Author: Ko Lay

  • ပင်လယ်ကွေ့နိုင်ငံများ၏ စစ်အသုံးစားရိတ် လာမည့်နှစ်တွင် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်မည်

    ပင်လယ်ကွေ့နိုင်ငံများ၏ စစ်အသုံးစားရိတ် လာမည့်နှစ်တွင် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်မည်

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media

    – ပင်လယ်ကွေ့နိုင်ငံ ၆ နိုင်ငံဟာ စစ်ရေးအသုံးစားရိတ်ကို ပိုမိုသုံးစွဲဖို့အတွက် စီစဉ်နေပြီး လာမယ့်နှစ်မှာ ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်လာနိုင်တယ်လို့ ကမ္ဘာ စစ်လက်နက်ဆိုင်ရာ သတင်းတွေကို ရေးသားနေတဲ့ Jane ၀ဘ်ဆိုက်က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ‘ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC)’ လို့ အမည်ရတဲ့ အဖွဲ့မှာ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကာတာ၊ ယူအေအီး၊ အိုမန်နဲ့ ကူဝိတ်တို့ ပါဝင်ပြီး သူတို့ရဲ့ စစ်အသုံးစားရိတ်တိုးမြှင့်မှု အဓိကအကြောင်းအရင်းဟာ အီရတ်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ ယီမင်တို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

    Jane ရဲ့ လေ့လာဆန်းစစ်သူ ခရေ့ဂ်ျ ကက်ဖရေးက အခုနှစ်အတွင်း ဒီနိုင်ငံတွေရဲ့ စစ်အသုံးစားရိတ်မှာ ၆ ရာခိုင်နှုန်းတိုးလာပြီး လာမယ့် ၁၀ စုနှစ်အတွင်း တစ်နှစ်ကို ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းလောက် တိုးဖို့ရှိနေတယ်လို့ သုံးသပ်ပါတယ်။

    ဒါ့ကြောင့် ကာကွယ်ရေးအသုံးစားရိတ်ဟာ လာမယ့်နှစ်မှာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သွားနိုင်တာ ဖြစ်ပါတယ်။

    “ရေနံဈေး သိသိသာသာ တက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ စစ်အသုံးစားရိတ် ထပ်တိုးတာ၊ အနည်းဆုံး စစ်လက်နက်ဝယ်ယူမှု ပိုလုပ်တာကို တွေ့မြင်ဂရနိုင်ပါတယ်” လို့ ခရေ့ဂ်ျက ပြောကြားခဲ့ပါတယ်။

    ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနဲ့ အီဂျစ်တို့က ကာတာကို ပြီးခဲ့တဲ့နှစ်မှာ သံတမန်အဆက်အသွယ်ဖြတ်တောက်ပြီး စီးပွားရေး၊ လူမှုရေး ပိတ်ဆို့မှုတွေ လုပ်လိုက်တာကလည်း ပင်လယ်ကွေ့ဒေသမှာ စစ်ရေးတိုးချဲ့မှု လုပ်ဆောင်ဖို့ တွန်းအားတစ်ရပ် ဖြစ်တယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

    နောက်ထပ် ၅ နှစ်အတွင်း ပင်လယ်ကွေ့နိုင်ငံတွေဟာ စစ်အသုံးစားရိတ်ကို တိုးမြှင့်သွားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်ရောက်ရင် ဒေါ်လာ ၁၁၇ ဘီလီယံအထိ ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှု ၉၅ ရာခိုင်နှုန်းဟာ မြောက်အမေရိကနဲ့ ဥရောပနိုင်ငံတွေကဖြစ်ပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အမေရိကန်တစ်နိုင်ငံတည်းက ထက်ဝက်ကျော် ၀ယ်ယူခဲ့ပါတယ်။

    ရုရှား၊ တရုတ်၊ တူရကီ၊ သြစတေးလျတို့ကနေလည်း ပင်လယ်ကွေ့နိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူလေ့ ရှိပါတယ်။

    Ref: Aljazeera

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media
    အမေရိကန်နှင့် အိန္ဒိယတို့မှ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ
    ဂျပန်တွင် ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦး ရှိလာ
    ===============
    ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ မနေ့မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၆ ဦးအထိ ရှိလာခဲ့ပြီး လူ ၂ သန်းကျော်လောက်ဟာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ငလျင်ကြောင့် နေအိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာ၊ မြေပြိုတာတွေရှိခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့လတွေအတွင်း တိုင်းဖုန်းမုန်တိုင်း၊ ရေကြီးမှုနဲ့ အပူလှိုင်းဖြတ်မှုဒဏ်တွေကို ခံစားခဲ့ရပြီး လူအသေအပျောက်များခဲ့သလို၊ အခုတစ်ပတ်အစောပိုင်းမှာလည်း တိုင်ဖုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးတွင် ပစ်ခတ်မှုဖြစ်
    ==============
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့လယ်ကောင်က ဘဏ်မှာ မနေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာအသက် ၂၉ နှစ်အရွယ် အိုမာရ် အန်းရစ် ဆန်တာ ပီရက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အမေရိကန်နိုင်ငံမှာ အခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုပေါင်း ၅၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးကတော့ ဖေဖော်ဝါရီလက ဖလော်ရီဒါပြည်နယ် ပါ့က်လန်းမြို့က Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း ကလေးငယ်အများစုအပါအ၀င် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
    အမေရိကန်-အိန္ဒိယ စစ်ရေးစာချုပ်တစ်ခု ချုပ်ဆို
    =============
    စက်ဖက်ဆိုင်ရာ အဆင့်မြင့် ဆက်သွယ်ရေးကိရိယာတွေကို ၀ယ်ယူဖို့အတွက် အိန္ဒိယနိုင်ငံမဟာ မနေ့မှာ အမေရိကန်နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယကို ရောက်ရှိနေပြီး လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ ရေတပ်ဟာ အထူး အကျိုးခံစားရဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
    ရုရှားစီးပွားရေးဖိုရမ်သို့ တရုတ်သမ္မတ တက်ရောက်မည်
    ==============
    စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ ရှိနေတဲ့ ‘အရှေ့တိုင်း စီးပွားရေးဖိုရမ်’ ကို သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ ရုရှားက နှစ်စဉ်ကျင်းပတဲ့ ဒီ စီးပွားရေးဖိုရမ်ကို တရုတ်ခေါင်းဆောင်တစ်ယောက် ပထမဆုံးအကြိမ် တက်ရောက်မှုလည်း ဖြစ်ပါတယ်။ အဲဒီ ဖိုရမ်ကို ဂျပန်နဲ့ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရုရှားသမ္မတ ပူတင်က ဖိုရမ်တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။
    Ref: Aljazeera, CNA
  • ၇ နှစ်အတွင်း နျူအင်အားကြီး ၅ နိုင်ငံစာရင်းတွင် ပါကစ္စတန် ပါလာနိုင်ဖွယ်ရှိနေ

    ၇ နှစ်အတွင်း နျူအင်အားကြီး ၅ နိုင်ငံစာရင်းတွင် ပါကစ္စတန် ပါလာနိုင်ဖွယ်ရှိနေ

    စက်တင်ဘာ ၆၊ ၂၀၁၈
    M-Media

    – ယူရေနီယံ သန့်စင်မှုတွေ၊ ပလူတိုနီယံ ထုတ်လုပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတဲ့ ပါကစ္စတန်ဟာ ၂၀၂၅ ခုနှစ်ရောက်ရင် ကမ္ဘာ့ ပဉ္စမမြောက် နျူအင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်လို့ နျူလက်နက်ဆိုင်ရာ ၀ဘ်ဆိုက်ဖြစ်တဲ့ Bulletin of the Atomic Scientists က အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

    Pakistani nuclear forces, 2018 အမည်နဲ့ အမေရိကန်သိပ္ပံပညာရှင်တွေက ရေးသားထားတဲ့ အဲဒီ အစီရင်ခံစာမှာ ပါကစ္စတန်ဟာ နျူလက်နက် ပစ်လွှတ်တဲ့ စနစ်တွေ တော်တော်များများကိုလည်း တီထွင်နေပြီး နောက်ထပ် ၇ နှစ်အတွင်း နျူထိပ်ဖူး ၂၂၀ ကနေ ၂၅၀ အထိ ပိုင်ဆိုင်လာလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

    “နျူထိပ်ဖူးတွေ၊ နျူလောင်စာတွေနဲ့ ပစ်လွှတ်စနစ်တွေကို များပြားလာအောင်ဆောင်ရွက်ပြီး ပါကစ္စတန်ဟာ သူတို့ရဲ့ နျူလက်နက်အင်အားကို ဆက်လက်ချဲ့ထွင်နေပါတယ်” လို့ စာမျက်နှာ ၁၂ မျက်နှာပါတဲ့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပါကစ္စတန်စစ်တပ်ရဲ့ စစ်စခန်းတွေ၊ လေတပ်အခြေစိုက်စခန်းတွေကို ဂြိုဟ်တုကနေ ကြည့်ရှုမှုအရ နျူလက်နက်တွေနဲ့ သက်ဆိုင်တယ်လို့ ယူဆရတဲ့ ဒုံးပစ်စင်တွေ၊ မြေအောက်စခန်းတွေကို တွေ့ခဲ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    နောက်ထပ် ၁၀ နှစ်အတွင်း ပါကစ္စတန်ဟာ နျူထိပ်ဖူး ၃၅၀ လောက် ပိုင်ဆိုင်ပြီး ကမ္ဘာ့ တတိယ နျူအင်အားကြီးနိုင်ငံ ဖြစ်လာမယ်လို့ ပြောဆိုမှုတွေဟာ ချဲ့ကားပြောဆိုမှုသာ ဖြစ်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ဒီအစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

    လက်ရှိ နျူအင်အားကြီး ၅ နိုင်ငံဟာ အမေရိကန်၊ ရုရှား၊ ယူကေ၊ ပြင်သစ်နဲ့ တရုတ်တို့ဖြစ်ပြီး အိန္ဒိယက အဆင့် ၆၊ ပါကစ္စတန်က အဆင့် ၇ မှာ ရှိနေပါတယ်။

    Ref: NDTV

  • နော်ဝေရှိ မြို့တစ်မြို့တွင် မွတ်စလင်များ၏ ကင်းလှည့်အစီအစဉ်ကြောင့် ရာဇ၀တ်မှုများ လျော့ကျ

    နော်ဝေရှိ မြို့တစ်မြို့တွင် မွတ်စလင်များ၏ ကင်းလှည့်အစီအစဉ်ကြောင့် ရာဇ၀တ်မှုများ လျော့ကျ

    စက်တင်ဘာ ၆၊ ၂၀၁၈
    M-Media

    ကရစ်ရှန်ဆန်းမြို့မြင်ကွင်း

    – နော်ဝေနိုင်ငံက ပဉ္စမအကြီးဆုံးမြို့ ကရစ်ရှန်ဆန်းမှာ အပတ်စဉ် မွတ်စလင်လူ့အဖွဲ့အစည်းက လုပ်ဆောင်တဲ့ ကိုယ်ထူကိုယ်ထ ကင်းလှည့်စောင့်ကြည့်အရေး အစီအစဉ်ကြောင့် ရာဇ၀တ်မှုတွေ သိသိသာသာ ကျဆင်းလာခဲ့ပြီး အာဏာပိုင်တွေရဲ့ ချီးကျူးမှုကိုလည်း ရရှိနေပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း ကရစ်ရှန်ဆန်းမှာ ရာဇ၀တ်မှုကျူးလွန်သူ လူငယ် အရေအတွက်ဟာ ၂၄၀ လောက် ရှိတာကို တွေ့ခဲ့ရပြီးတဲ့နောက် မြို့တွင်းက မွတ်စလင်အကြီးအကဲတွေဟာ လူငယ်တွေကို ထိန်းကျောင်းနိုင်ဖို့အတွက် ရပ်ကွက်တွေမှာ ကိုယ်ထူကိုယ်ထ ကင်းလှည့်စောင့်ကြည့်ရေး အစီအစဉ်တစ်ခုကို စတင် ဆောင်ရွက်ခဲ့ပါတယ်။

    အစီအစဉ် စတင်သူတွေထဲမှာ ပါဝင်ခဲ့တဲ့ မွတ်စလင်သမဂ္ဂဥက္ကဌ တာလာဟ်ဟိုက်ဒါက လူငယ်တွေနဲ့ ဆက်ဆံရေးတစ်ခု ထူထောင်ခဲ့ပြီး၊ နားလည်မှုရအောင် ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြို့တွင်းက လူငယ်တွေကို အသိပညာပေးဖို့ မစွမ်းဆောင်နိုင်ဘူးလို့ ၀န်ခံထားတဲ့ ကရစ်ရှန်ဆန်းမြို့ ရဲတပ်ဖွဲ့နဲ့ စည်ပင်သာယာရေးဌာနကတို့ကတော့ မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ ဒီ ကိုယ်ထူကိုယ်ထ ကင်းလှည့်မှုကို ချီးကျူးခဲ့ပါတယ်။

    “သိသာတဲ့ရလဒ်မျိုးတွေ ရခဲ့တယ်။ လူငယ်တွေဟာ ရဲတွေထက်စာရင် သူတို့ရဲ့ ခေါင်းဆောင်တွေကို ပိုလေးစားပြီး၊ စကားလည်း ပိုနားထောင်ပါတယ်။ အဲဒီအစီအစဉ်စကတည်းက မြို့ဟာ လုံးဝ ပြောင်းလဲသွားပါတယ်” လို့ မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ အိုလေး ဟိုတီမိုက ဆိုပါတယ်။

    တာလာလ် ဟိုက်ဒါဟာ မြို့တွင်းမှာရှိတဲ့ လူနည်းစုလူ့အဖွဲ့အစည်းတွေဟာ ရဲတပ်ဖွဲ့အပေါ် အမြင်မကောင်းကြောင်း၊ ဒီအမြင်တွေ ပြောင်းလဲဖို့အတွက် သူတို့ ကြိုးစားနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကရစ်ရှန်ဆန်းမြို့တော်စည်ပင်က ရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိသူ ဂျိုဟန်နီ ဘနီတက်စ် နီလ်ဆန်က မြို့မှာ ကိုယ်ထူကိုယ်ထ လှည့်ကင်းအစီအစဉ်ကြောင့် ရာဇ၀တ်မှုနည်းသွားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်ခေါင်းတောင်တွေကို တော်တော်လေး ကျေးဇူးတင်ရမှာပါ။ ကျွန်မတို့ဟာ မွတ်စလင်ခေါင်းဆောင်တွေ၊ မိဘတွေနဲ့ ဆွေးနွေးခဲ့ပြီး သိသာတဲ့ အောင်မြင်မှုမျိုးလည်း ရရှိခဲ့ပါတယ်။ သူတို့ကိုပဲ ကျွန်မတို့ အားထားနေရတာပါ”

    နော်ဝေနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကရစ်ရှန်ဆန်းမြို့ဟာ လူဦးရေ ၉ သောင်း နေထိုင်တဲ့မြို့ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းက တစ်ခြားနိုင်ငံကနေ ပြောင်းရွှေ့အခြေချသူတွေ ဖြစ်ပါတယ်။

    Ref: Sputnik News

  • တိုင်းပြည်စီးပွားရေးအပေါ် ရခိုင်ပြဿနာ၏ ရိုက်ခတ်မှုကို လျှော့တွက်မိခဲ့သည်ဟု တာဝန်ရှိသူပြော

    တိုင်းပြည်စီးပွားရေးအပေါ် ရခိုင်ပြဿနာ၏ ရိုက်ခတ်မှုကို လျှော့တွက်မိခဲ့သည်ဟု တာဝန်ရှိသူပြော

    စက်တင်ဘာ ၆၊ ၂၀၁၈
    M-Media

    photo credit – Irrawaddy

    – ရခိုင်ပြည်နယ် ပြဿနာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက်နိုင်မှုကို မိမိအနေနဲ့ လျှော့တွက်မိခဲ့ပြီး၊ ရိုက်တာသတင်းဌာန ၂ ဦးကို ထောင်ချလိုက်တာကလည်း နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်မှုရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA) က ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားလိုက်ပါတယ်။

    မနေ့က စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်က မေးခွန်းတစ်ခုကို ဖြေကြားရာမှာ ညွှန်ကြားရေးမှူးက ဒီလို ပြောကြားလိုက်တာဖြစ်ပြီး လူမျိုးရေးတင်းမာမှုတွေကို အစိုးရက ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရခိုင်ကိစ္စက တစ်မူထူးတယ်လို့ ဆိုပါတယ်။

    “ကျွန်တော် လုံးဝ လျော့တွက်မိခဲ့ပါတယ်။ ဒါပေမယ့် ၂ နှစ်ကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက FDI (တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု) ကျဆင်းသွားတာကို မြင်ရတယ်။ ဆက်ပြီးလည်း ကျဆင်းနေပါတယ်” လို့ ၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကိစ္စကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    DICA ရဲ့ ထုတ်ပြန်မှုအရ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုဟာ ကျဆင်းသွားပြီး၊ ပြီးခဲ့တဲ့နှစ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး ကျဆင်းတဲ့နှစ် ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးဟာ တနင်္လာနေ့မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    ဦးအောင်နိုင်ဦးကတော့ ဒီကိစ္စကို နိုင်ငံတကာ သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြတာကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ဆိုရင် ဒီအချက်ကို ထည့်စဉ်းစားကြလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “နိုင်ငံတကာ အသိုင်းအ၀ိုင်းကတင်မက ပြည်တွင်းကတစ်ချို့လည်း ဒီလိုထောင်ချမှုကို မကြိုက်ကြပါဘူး။ ဒါ့ကြောင့် ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအပေါ် ထိခိုက်မှုတစ်ချို့ ရှိလာပါလိမ့်မယ်”

    Ref: Irrawaddy