News @ M-Media

Author: Ko Lay

  • စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၈၊ ၂၀၁၈
    M-Media

    ဂျော့ဂ်ျ ပါပါဒိုပူလော့စ်

    ရွေးကောက်ပွဲ မသမာမှုအတွက် ထရမ့်၏ အကြံပေးဟောင်း ထောင်ကျ
    =============
    ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ထရမ့်ရဲ့ မဲဆွယ်ရေး တာဝန်ရှိသူတွေ ရုရှားနဲ့ ပူးပေါင်းခဲ့သလားဆိုတဲ့ စုံစမ်းစစ်ဆေးမှုမှာ FBI ကို လိမ်လည်ထွက်ဆိုခဲ့မှုအတွက် ထရမ့်ရဲ့ မဲဆွယ်ရေးအကြံပေး ဟောင်း ဂျော့ဂ်ျ ပါပါဒိုပူလော့စ်ကို ၀ါရှင်တန် ခရိုင်တရားရုံးက မနေ့မှာ ထောင် ၁၄ ရက် ချလိုက်ပါတယ်။ ဒါဟာ အထူးကိုယ်စားလှယ် ရောဘတ်မူလာရဲ့ ရွေးကောက်ပွဲကိစ္စ စုံစမ်းစစ်ဆေးမှုအတွင်း ပထမဆုံး ထောင်ချခံရတဲ့ ထရမ့်ရဲ့ အကြံပေးလည်း ဖြစ်ပါတယ်။ ပါပါဒိုပူလော့စ်ကလည်း သူ့အနေနဲ့ FBI ကို လိမ်ပြောကြောင်း ၀န်ခံခဲ့ပြီး အဲဒီအတွက် ရှက်မိတယ်လို့ဆိုပါတယ်။ ထောင်ဒဏ် ၁၄ ရက်အပြင် သူဟာ ဒဏ်ငွေ ကန်ဒေါ်လာ ၉၅၀၀ ပေးဆောင်ရမှာဖြစ်သလို လူမှုရေးလုပ်ငန်းကိုလည်း တစ်နှစ် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

    အီရတ်နိုင်ငံ ဘာဆရာမြို့တွင် ပြည်သူများ ဆန္ဒပြ
    =============
    အခြေခံဝန်ဆောင်မှုတွေနဲ့ အလုပ်အကိုင်မရရှိမှုတို့ကြောင့် အီရတ်နိုင်ငံတောင်ပိုင်း ဘာဆရာမြို့မှာ ပြည်သူတွေဟာ တနင်္လာနေ့ကတည်းက ဆန္ဒပြခဲ့ကြပြီး မနေ့က မြို့တွင်းမှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံးကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဆန္ဒပြသူတော်တော်များများ သေဆုံးခဲ့ပြီး အစိုးရအဆောက်အဦးတွေလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ လက်ရှိမှာ အီရတ်အစိုးရက ကာဗျူးအမိန့်ထုတ်ပြန်ထားပါတယ်။

    ဂျပန်ငလျင် သေဆုံးသူ ၂၀ အထိ ရှိလာ
    ==============
    ကြာသာပတေးနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းမှာ သေဆုံးသူအရေအတွက်ဟာ ၂၀ အထိ ရှိလာခဲ့ပြီး၊ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးလုပ်သား ၂၂၀၀၀ လောက်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ငလျင်ကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပေမယ့် မနေ့ကညပိုင်းမှာတော့ ဟိုကိုင်းဒိုး တစ်ခုလုံးနီးပါးကို ဓာတ်အား ပြန်လည်ပေးနိုင်ခဲ့တယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒေသခံတွေက နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်မှာကိုလည်း စိုးရိမ်နေပါတယ်။

    အာဖရိက၀က်တုပ်ကွေင်း ကင်းစင်ကြောင်း မလေးရှား ကြေငြာ
    ==========
    သြဂုတ်လ ၃ ရက်နေ့က စတင်တွေ့ရှိခဲ့တဲ့ အာဖရိက၀က်တုပ်ကွေး ASF ရောဂါဟာ အခုအချိန်မှာ တိုင်းပြည်အတွင်း လုံးဝ ကင်းစင်သွားပြီလို့ မလေးရှားနိုင်ငံက မနေ့မှာ ကြေငြာခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေး ဒုတိယ၀န်ကြီး ဆင်မ် တဇီ တဇင်မ်က ၀န်ကြီးဌာနအနေနဲ့ နိုင်ငံ ၆ နိုင်ငံက ၀က်တွေ၊ အေးခဲဝက်သားတွေ တင်သွင်းတာကို ပိတ်ပင်တာအပြင် အဲဒီရောဂါ နိုင်ငံအတွင်း ၀င်မလာရေးအတွက် လိုအပ်တာတွေအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ မလေးရှား စိုက်ပျိုးရေးအဖွဲ့က တရုတ်နိုင်ငံအနေနဲ့ ဒီဗိုင်းရပ်စ်ကို မြန်မြန်ဆန်ဆန် တားဆီးမှု မရှိဘူးဆိုရင် ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့တောင်အာရှက အခြားနိုင်ငံတွေကို ကူးစက်နိုင်တယ်လို့ အရင်က သတိပေးထားပါတယ်။

    Ref: Aljazeera, CNA

  • ရဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သည့် စစ်သွေးကြွနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် နှိမ်နှင်း

    ရဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သည့် စစ်သွေးကြွနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် နှိမ်နှင်း

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media

    – နိုင်ငံအလယ်ပိုင်းက မွန်ရှီးဂန်ဒေသက ရဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်တဲ့ စစ်သွေးကြွနှစ်ဦးကို ဒီကနေ့မှာ ပစ်ခတ်နှိမ်နှင်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က သတင်းထုတ်ပြပါတယ်။

    တိုက်ခိုက်သူတွေဟာ စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်တဲ့ Jamayetul Mujahideen Bangladesh (JMB) က အဖွဲ့ဝင်လို့ ယူဆရသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားတာ ဖြစ်ပါတယ်။

    JMB အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်က တက်ကြွလှုပ်ရှားသူတွေကို သတ်ဖြတ်မှု၊ သံတမန်ဆိုင်ရာ နေရာတွေကို တိုက်ခိုက်မှုတွေမှာ ပါဝင်တယ်လို့ ယူဆခံရတဲ့အဖွဲ့ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်က မြို့တော်ဒါကာမှာရှိတဲ့ ကော်ဖီဆိုင်တစ်ခုမှာ နိုင်ငံခြားသား ၁၈ ဦး အပါအ၀င် လူ ၂၂ ဦး သေဆုံးခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုာ JMB အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့ပါတယ်။

    ဒီကနေ့ သေဆုံးခဲ့တဲ့ စစ်သွေးကြွနှစ်ဦးထဲက တစ်ယောက်ဟာ ဇွန်လအတွင်း မွန်ရှီးဂန်ဒေသက ဂျာနယ်ထုတ်လုပ်သူတစ်ဦးနဲ့ ကွန်မြူနစ်ပါတီ တာဝန်ရှိသူတစ်ဦးတို့ကို သတ်ဖြတ်မှုမှာ အဓိကအခန်း ကဏ္ဍကနေ ပါဝင်သူဖြစ်တယ်လို့ မွန်ရှီးဂန်ရဲချုပ် ဇာအီဒွလ် အလမ်က ပြောကြားခဲ့ပါတယ်။

    နောက်တစ်ဦးကတော့ တိုက်ခိုက်မှုတွေကို ကူညီခဲ့သူ ဗုံးတီထွင်ရေးသမားဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေဟာ စစ်သွေးကြွ ၈၀ ကျော်ကို သတ်ဖြတ်နှိမ်နှင်းခဲ့ပြီး၊ ရာနဲ့ချီကို ဖမ်းဆီးကာ တစ်ချို့ကို သေဒဏ် စီရင်ခံပါတယ်။

    Ref : Malay Mail

  • မြေကျွံမှုသတင်းကြောင့် ဘွက်ကြီးတမံနားမှ ဒေသခံတစ်ချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်

    မြေကျွံမှုသတင်းကြောင့် ဘွက်ကြီးတမံနားမှ ဒေသခံတစ်ချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media

    အောင်လံမြို့မှ ဘုရားကြီးဆည်

    – မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာရှိတဲ့ ဘွက်ကြီး ရေလှောင်တမံမှာ မြေကျွံမှု ဖြစ်လာတာကြောင့် တမံနားက ရွာတွေမှာ နေထိုင်သူတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။

    မြေကျွံမှုဟာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီလို ရွှေပြောင်းမှုတွေ ဖြစ်လာတာပါ။

    “အစိုးရက တရားဝင်ထုတ်ပြန်တဲ့ သတိပေးချက်မျိုး မဟုတ်ပါဘူး။ ရပ်မိရပ်ဖတွေက လော်စပီကာနဲ့ လိုက်ကြေငြာတာပါ။ မြို့လှရွာကလူတစ်ချို့ဟာ ကုန်းမြင့်ရာနေရာကို ရွှေ့သွားကြပါတယ်” လို့ ဘွက်ကြီးတမံနားက သမ္ဗူလရွာရဲ့ တာဝန်ရှိသူ ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့က တမံကို သွာရောက်ကြည့်ရှုခဲ့တဲ့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မြေကျွံမှုဟာ မြေသားသိပ်သည်းဆနည်းမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ဖြစ်ပြီး လက်ရှိအချိန်အထိ အခြေအနေက မဆိုးသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    မြေကျွံမှုကြောင့်ဖြစ်လာတဲ့ အပေါက်ထဲကို ရေမ၀င်စေဖို့အတွက် သဲအိတ်တွေ၊ အခြားပစ္စည်းတွေနဲ့ ပြုပြင်မှုလည်း လုပ်ဆောင်နေပါတယ်။

    တည်ဆောက်ပြီးကတည်းက တမံဆင်ခြေလျောတွေမှာ ဒီလို မြေကျွံမှုတွေ ဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘွက်ကြီး ရေလှာင်တမံမှာ ရေတွေဟာ ရေသိုလှောင်မှု အမြင့်ဆုံး ပမာဏာထက် ၁ ပေကျော်နေခဲ့ပြီး တနင်္လာနေ့က ရေတစ်ချို့ကို ရေပိုလွှဲကနေ ဖောက်ထုတ်ခဲ့ပါတယ်။

    Ref: mmtimes

  • အစွန်းရောက်နှိမ်နှင်းရေးအတွက် စစ်တပ်ပို့ပေးမည်ဟု ဂျော်ဒန်ကို ဒူတာတေး ကမ်းလှမ်း

    အစွန်းရောက်နှိမ်နှင်းရေးအတွက် စစ်တပ်ပို့ပေးမည်ဟု ဂျော်ဒန်ကို ဒူတာတေး ကမ်းလှမ်း

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media

    မာရာဝီစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ဖိလစ်ဖိုင်စစ်သမီးများ

    – အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဂျော်ဒန်က တိုက်ခိုက်နှိမ်နှင်းရာမှာ မိမိတို့စစ်တပ်တွေလွှတ်ပြီး ကူညီပေးသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ကမ်းလှမ်းလိုက်ပါတယ်။

    IS လို အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်နှိမ်နှင်းနေတဲ့ နိုင်ငံတကာ တပ်ပေါင်းစုမှာ ဂျော်ဒန်နိုင်ငံဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပြီး၊ ဖိလစ်ပိုင်နိုင်ငံကလည်း ပြီးခဲ့တဲ့နှစ်မှာ မာရာဝီကို အစွန်းရောက်တွေ လက်ထဲကနေ ၅ လကြာ ပြန်လည် တိုက်ယူခဲ့ရပါတယ်။

    “ကျွန်တော်တို့ လုပ်ပေးနိုင်တာရှိမယ်။ ခင်ဗျားတို့ စစ်တပ်ကလည်း လိုအပ်မယ်ဆိုရင် ကျွန်တော့်ကိုပြောပါ။ တပ်မတစ်ခု လိုအပ်တယ်ဆိုရင်တောင် ကျွန်တော် လွှတ်ပေးပါ့မယ်။ သမိုင်းကြောင်းရဲ့ မှန်ကန်တဲ့ဖက်မှာ ရပ်တည်ဖို့အတွက် ကျွန်တော်တို့အစိုးရက ဆုံးဖြတ်ထားပါတယ်” လို့ မနေ့က ဂျော်ဒန်မြို့တော် အမ်နန်က စီးပွားရေးဖိုရမ်မှာ ဒူတာတေးက ဂျော်ဒန်ဘုရင်ကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းက ဂျော်ဒန်ဟာ ဖိလစ်ပိုင်ကို Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်း ပေးပို့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒူတာတေးဟာ အစ္စရေးနဲ့ ဂျော်ဒန်နိုင်ငံကို ၆ ရက်ကြာ အလည်အပတ်ခရီး သွားရောက်နေတာဖြစ်ပြီး အစ္စရေး လက်နက်ကုမ္ပဏီတွေနဲ့ လက်နက်တွေဝယ်ယူဖို့လည်း စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

    Ref: CNA

  • မြန်မာစာကို အင်္ဂလိပ်ဘာသာပြန်သည့်စနစ် မတိကျသည့်အတွက် Facebook ဖယ်ရှား

    မြန်မာစာကို အင်္ဂလိပ်ဘာသာပြန်သည့်စနစ် မတိကျသည့်အတွက် Facebook ဖယ်ရှား

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media

    – မြန်မာလိုရေးသားထားတဲ့ ပို့စ်တွေ၊ မှတ်ချက်တွေကို အင်္ဂလိပ်ဘာသာပြန်ဖို့ Facebook က ထည့်သွင်းထားတဲ့ စနစ်ဟာ မှန်ကန်အောင် ဘာသာပြန်ဆိုနိုင်ခြင်းမရှိဘူးလို့ ရိုက်တာသတင်းဌာနက သြဂုတ်လ ၁၅ ရက်နေ့မှာ ဖော်ပြခဲ့ပြီးတဲ့နောက် Facebook က အဲဒီစနစ်ကို ဖယ်ရှားလိုက်ပါတယ်။

    အမုန်းစကားဖြန့်ဝေမှုတွေကို Facebook က ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးဆိုတာ အဓိကထား ရေးသားထားတဲ့ ရိုက်တာရဲ့ အဲဒီဆောင်းပါးမှာ မွတ်စလင်တွေအားလုံးကို သတ်ဖြတ်ဖို့ မြန်မာလို ရေးသားထားတဲ့ စာကြောင်းကို Facebook ရဲ့စနစ်က ဘာသာပြန်ရာမှာ လုံးဝ မှားယွင်းနေတယ်ဆိုတာကို ထည့်သွင်း ဖော်ပြထားပါတယ်။

    Facebook ရဲ့ မြန်မာဘာသာပြန်စနစ်ဌာနက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက​ ရိုက်တာရဲ့ ဒီဖော်ပြချက်နဲ့ အသုံးပြုသူတွေရဲ့ ပြောကြားမှုတွေကြောင့် ဘာသာပြန်စနစ်ကို သြဂုတ်လ ၂၈ ရက်နေ့မှာ ပိတ်ပစ်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာဘာသာစကားကို ဘာသာပြန်ဆိုရာမှာ Facebook ဟာ ပြဿနာတွေကို ရင်ဆိုင်နေရပြီး Community Standard ကို မြန်မာဘာသာပြန်ဆိုရာမှာလည်း အဓိပ္ပါယ်လွဲမှားမှုတွေ ရှိနေပါတယ်။

    သြဂုတ်လ ၁၈ ရက်နေ့ ရိုက်တာသတင်းဌာနက ဖော်ပြထားတဲ့ ဆောင်းပါးဟာ မြန်မာနိုင်ငံက မွတ်စလင်တွေ၊ ရိုဟင်ဂျာတွေကို ခွေးတွေ၊ ၀က်တွေ၊ လောက်ကောင်တွေ၊ မုဒိမ်းသမားတွေအဖြစ် ခေါ်ဝေါ်သမုတ်ကြီး သတ်ဖြတ်ပစ်ဖို့ လှုံ့ဆော်တဲ့ အမုန်းစကားပေါင်း ၁၀၀၀ ကျော်ကို စုံစမ်းဖော်ထုတ်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။

    အဲဒီဆောင်းပါးထွက်လာပြီး သိပ်မကြာခင်မှာဘဲ Facebook က ကြေငြာချက်တစ်စောင် ထုတ်ပြန်နေပြီး မြန်မာနိုင်ငံမှာ အမုန်းစကားတားဆီးရေး သူတို့ရဲ့လုပ်ဆောင်မှုဟာ နှေးကွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Reuters