News @ M-Media

Author: Ko Lay

  • ဥရောပမှာ လုံခြုံရေးအတွက် အမေရိကန်ကို မှီခို၍မရတော့ဟု ပြင်သစ်သမ္မတပြော

    ဥရောပမှာ လုံခြုံရေးအတွက် အမေရိကန်ကို မှီခို၍မရတော့ဟု ပြင်သစ်သမ္မတပြော

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ပြင်သစ်မ္မတ အီမန်နျူယဲလ် မာခရွန်

    – ဥရောပ သမဂ္ဂအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရတော့မှာဖြစ်ပြီး အမေရိကန်ကို ဆက်လက် မှီခိုနေလို့ မရတော့ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့ သံတမန်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံမှုမှာ မာခရွန်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဥရောပလုံခြုံရေးအတွက် သူ့ရဲ့ အစီအစဉ် အသစ်တွေကို လာမယ့်လအနည်းငယ်အတွင်း ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံတွေ ပါဝင်တဲ့ နေတိုးအဖွဲ့နဲ့ မပတ်သက်ချင်တော့တဲ့ စကားတွေပြောကြားအပြီးမှာ မာခရွန်ရဲ့ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    မာခရွန်ဟာ ဥရောပကို ပေါင်းစည်းပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်၊ ဥရောပဇုန်အတွက် သီးသန့်ဘက်ဂျက်ထားမယ်ဆိုတဲ့ ကတိတွေနဲ့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

    မနက်ဖြန်မှာ ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့ကို ၃ ရက်ကြာ သွားရောက်မယ့် မာခရွန်က ဥရောပ ပြုပြင်ပြောင်းလဲရေးကို ၂ ဆတိုးလုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “အစီအစဉ်အသစ်တွေ ဆောင်ရွက်ဖို့လိုပြီး၊ မဟာမိတ်အသစ်တွေလည်း ဖွဲ့စည်းရပါမယ်။ အကြမ်းဖက်ဝါဒ အားကောင်းလာပြီး၊ အမျိုးသားရေးဝါဒကလည်း ထကြွနေတဲ့အချိန် ပြင်သစ်ဟာ ဥရောပကို ကာကွယ်ချင်ပါတယ်”

    Ref: AFP

  • မြန်မာစစ်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲရန် ကုလ တိုက်တွန်း

    မြန်မာစစ်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲရန် ကုလ တိုက်တွန်း

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    – ရိုဟင်ဂျာနဲ့ နိုင်ငံအတွင်းက အခြားသော တိုင်းရင်းသား လူနည်းစုတွေအပေါ် ကျူးလွန်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇ၀တ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ တရားစွဲဆိုရမယ်လို့ ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အဲဒီအချက်အလက် ရှာဖွေရေးအဖွဲ့ကို ၂၀၁၇ ခုနှစ် မတ်လက ကုလ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားတွေ၊ လူနည်းစုတွေ ကျူးလွန်ခံနေရတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ရည်ရွယ်ပါတယ်။ မြန်မာအစိုးရက ဒီအဖွဲ့ကို လက်မခံသလို ပြည်ဝင်ခွင့်လည်း မပေးပါဘူး။

    အဖွဲ့ခေါင်းဆောင် မာဇူကီ ဒါရုစ်မန်က သူ့အဖွဲ့က စုံစမ်းစစ်ဆေးရေးမှုးတွေဟာ မျက်မြင်သက်သေတွေ၊ ကျူးလွန်ခံရသူ ၈၇၅ ဦးကို အင်တာဗျူးမှု၊ ဂြိုဟ်တုဓာတ်ပုံတွေ၊ အထောက်အထားခိုင်မာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို အခြေခံကာ အချက်အလက် တော်တော်များများကို ရရှိခဲ့တယ်လို့ ဒီကနေ့ ဂျီနီဗာမှာ ပြောကြားခဲ့ပါတယ်။

    စုံစမ်းလေ့လာမှုတွေအရ မြန်မာစစ်တပ်ရဲ့ ဆောင်ရွက်မှုတွေဟာ ‘နိုင်ငံတကာ ဥပဒေအရ အဆိုးရွားဆုံးလို့ သတ်မှတ်ထားတဲ့ ရာဇ၀တ်မှုတွေ မြောက်နေတယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး’ လို့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကျူးလွန်ခံရသူတွေဟာ သူ့ရဲ့ဘ၀မှာ ကြုံဖူးခဲ့သမျှ ‘အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားခဲ့ရတယ်’ လို့ မာဇူကီက ဆိုပြီး ‘ဒါတွေဟာ ကျန်လူတွေရဲ့ ဘ၀တစ်လျှောက်လုံးမှာ စိတ်အမာရွတ်အဖြစ် ကျန်ရှိသွားမှာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာစစ်တပ်ဟာ ‘လူ့အသက်တွေကို လုံးဝ အလေးမထားခဲ့သလို’ ‘ဆိုးရွားလွန်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ’ ကို လုပ်ဆောင်ခဲ့တယ်လို့လည်း မာဇူကီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က ကျူးလွန်မှုတွေအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် စစ်ခေါင်းဆောင် ၆ ဦးကို စုံစမ်းစစ်ဆေးကာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အစီရင်ခံစာမှာ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ကို အဓိကထား ဖော်ပြထားပေမယ့် အခြား လုံခြုံရေးတပ်ဖွဲ့တွေလည်း ကျူးလွန်မှုတွေမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

    “တွေ့ရာမြင်ရာ သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ကလေးငယ်တွေကို ညှင်းပမ်းစော်ကားတာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို တရားမျှတကြောင်း ပြောဆိုတာဟာ စစ်တပ်က လုပ်ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်ဗျူဟာတွေဟာ အမှန်တကယ် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကို တုန့်ပြန်တာထက် အများကြီးကို ဆိုးရွားလွန်လွန်းနေပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာ ဆီဒိုတီက အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို အရေးယူဖို့အတွက် ကုလလုံခြုံရေးကောင်စီနဲ့ ကုလအထွေထွေညီလာခံကို တိုက်တွန်းခဲ့ပါတယ်။

    အစီရင်ခံစာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေဖန်ခဲ့ပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကို တားဆီးမှုမရှိဘူးလို့ ပြစ်တင်ထားပါတယ်။

    ကုလဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ အစီရင်ခံစာဟာ တစ်ဖက်သက်အချက်အလက်ကို အခြေခံရေးထားတာဖြစ်ပြီး၊ မြန်မာအစိုးရကိုယ်တိုင်က အချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်မခံကြောင်း၊ မိမိတို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ဖလော်ရီဒါ ပစ်ခတ်မှုမြင်ကွင်း

    ပုပ်ရဟန်းမင်းကြီးနှုတ်ထွက်ရန် ဗာတီကန် ထိပ်တန်းဘုန်းတော်ကြီး တောင်းဆို
    =================
    ကာဒီနယ်ဟောင်း သီယိုဒို မက်ကာရစ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျင်လျင်မြန်မြန် အရေးမယူဘူးလို့ စွပ်စွဲကာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှုတ်ထွက်ဖို့ ဗာတီကန်က ထိပ်တန်းဘုန်းတော်ကြီး ကာလို မာရီယာ ဗီဂါနိုက တောင်းဆိုလိုက်ပါတယ်။ မက်ကာရစ်အပေါ် ယခင် ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်က အရေးယူမှုတွေ ပြုလုပ်ထားပြီး လက်ရှိ ပုပ်ရဟန်းမင်းကြီးက အဲဒီအရေးယူမှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒါ့အပြင် မက်ကာရစ်ကို အကြီးတန်း အကြံပေးအဖြစ် ခန့်အပ်ကာ ဖရန်စစ်က ကာကွယ်ပေးခဲ့တယ်လို့လည်း ဗီဂါနိုရဲ့ ၁၁ မျက်နှာပါ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဖလော်ရီဒါ အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်
    ============
    အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီလီမြို့မှာ ပြုလုပ်နေတဲ့ အွန်လိုင်းဂိမ်းပြိုင်ပွဲကို မနေ့က သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်သမားဟာ ဘာလ်တီမိုးမြို့က အသက် ၂၄ နှစ်အရွယ် ဒေးဗစ်ကက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုအတွင်း အခြား လူ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သေနတ်သမားဟာ သူ့ကိုယ့်သူ သတ်သေသွားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၉ ဦး သေဆုံးခဲ့ပါတယ်။

    မလေးရှားက ဆိုဒါခွန်ကောက်ရန် စီစဉ်
    =============
    တိုင်းပြည်အတွင်း သကြားစားသုံးမှုကို လျှော့ချဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ဘ၀ဖြစ်ရေး အားပေးဖို့အတွက် ဆိုဒါခွန်ကောက်ဖို့ စီစဉ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။ မလေးရှားဟာ တိုင်းပြည်ရဲ့ဝင်ငွေ ပိုမိုရရှိဖို့အတွက် ဆိုဒါအခွန်ကောက်ဖို့ စီစဉ်နေပြီး မဟာသီဟာ မလေးရှားမှာ ဆီးချိုဖြစ်မှုနှုန်းဟာ အရမ်းကိုမြင့်မားနေတယ်လို့ ဆိုပါတယ်။

    အိန္ဒိယရေကြီးမှု သေဆုံးသူ ၄၀၀ ကျော်ပြီ
    ==============
    အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်ဟာ မနေ့ကအထိ ၄၄၅ ဦး ရှိလာပြီလို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။ ပျောက်ဆုံးနေသူက ၁၅ ဦးရှိနေပြီး လူပေါင်း ၁ သန်းဝန်းကျင်လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။ အာဏာပိုင်တွေက ပြည်နယ်တစ်ဝှမ်း သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူ တစ်ချို့ကလည်း မူရင်းနေရာတွေကို ပြန်လည်လာရောက် နေထိုင်နေကြပါတယ်။

    Ref : Aljazeera, CNA

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    သြဂုတ် ၂၆၊ ၂၀၁၈
    M-Media

    လုပ်စရာအများကြီးရှိသေးသည်ဟု လီဗာပူးလ်နည်းပြ ပြော
    ==================
    ၃ ပွဲကစား အမှတ်ပြည့်နဲ့ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေပေမယ့် လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်ပါတယ်။ အကြိတ်အနယ်ကစားပြီး ဆာလာဟ်ရဲ့ဂိုးနဲ့ မနေ့က ဘရိုက်တန်ကို အနိုင်ရခဲ့ပြီးနောက် လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် အနိုင်ရထားတဲ့ တစ်ခုတည်းသောအသင်း ဖြစ်လာပါတယ်။ ကလော့ပ်ကတော့ အသင်းသားတွေထံက အခုခြေစွမ်းထက် ပိုမိုမျှော်လင့်ထားပြီး၊ တိုးတက်လာနိုင်တယ်ဆိုတာကိုလည်း သိနေတယ်လို့ ဆိုပါတယ်။

    အိုဇေးလ်နှင့် စကားများသည်ဆိုသည့်သတင်းကို အာဆင်နယ်နည်းပြ ငြင်း
    ==============
    ကွင်းလယ်လူ မီဆုအိုဇေးလ်နဲ့ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ငြင်းဆိုလိုက်ပြီး နေမကောင်းတဲ့အတွက် မနေ့က ၀က်စ်ဟမ်းနဲ့ပွဲမှာ အိုဇေးလ်ကို ထည့်မသုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ မပါရဘူးဆိုတာကို သိတဲ့အတွက် အိုဇေးလ်ဟာ အမ်မရီနဲ့ သောကြာနေ့မှာ စကားများခဲ့ပြီး လေ့ကျင့်ခန်းမဆင်းဘူးလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အမ်မရီကတော့ အိုဇေးလ်ဟာ နေမကောင်းတဲ့အတွက် လေ့ကျင့်ကွင်းကနေ အိမ်ပြန်သွားတာလို့ ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ကို မက်ဆီနေရာ ဆက်ခံသူအဖြစ် ဘာစီလိုနာ ပစ်မှတ်ထား
    ===================
    မက်ဆီရဲ့နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ယူရို သန်း ၂၅၀ နဲ့ ခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဆာလာဟ်ကို ဥရောပအသင်းကြီး တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဘာစီလိုနာကနော့ လာမယ့် ၂၀၁၉ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

    Ref: BBC, Goal

  • ယနေ့မနက် အီရန်ငလျင် လူ ၁၀ ဦးသေဆုံး

    ယနေ့မနက် အီရန်ငလျင် လူ ၁၀ ဦးသေဆုံး

    သြဂုတ် ၂၆၊ ၂၀၁၈
    M-Media

    – အီရန်နိုင်ငံအနောက်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်တစ်ခုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၂၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    အီရတ်နဲ့ကပ်နေတဲ့ ကာရ်မန်ရှားပြည်နယ် တာဇီအာဘဒ်မြို့ဟာ ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။ တာဇီအာဘဒ်မြို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ငလျင်လှုပ်မှုအတွင်း လူပေါင်း ၆၀၀ လောက် သေဆုံးခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။

    ငလျင်ဟာ ပြင်အား ၅.၉ မဂ္ဂနီကျုရှိပြီး နောက်ဆက်တွဲငလျင် အကြိမ် ၃၀ ကျော်လောက် လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကို အီရန်က တစ်ခြားနေရာတွေနဲ့ အီရတ်က ဘဂ္ဂဒတ်မြို့အထိ ခံစားခဲ့ရပါတယ်။

    ကျေးရွာတွေမှာ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျပျက်ဆီးမှု ရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ သောက်သုံးရေ မရရှိမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ငလျင်ဒဏ် ခံစားရသူတွေထံ အကူအညီတွေ အလျင်အမြန်ပေးအပ်ရေး၊ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့အတွက် အမိန့်ပေးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    Ref: Aljazeera, Press TV