News @ M-Media

Author: Ko Lay

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media

    ပရိတ်သတ်များကြောင့် ဂျူဗီကိုပြောင်းလာခြင်းဟု ရော်နယ်ဒိုဖွင့်ဟ
    ===================
    ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အဓိကအကြောင်းအရင်းဟာ ဂျူဗီပရိတ်သတ်တွေ သူ့ကို ကြိုဆိုမှုကြောင့် ဖြစ်တယ်လို့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမကျော့ ဂျူဗင်တပ်စ်အိမ်ကွင်းမှာ ကစားခဲ့ရစဉ်က ရော်ဒိုဟာ ရီးယဲလ်အတွက် နောက်ပြန်ကန်ချက်နဲ့ လှလှပပ ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်ပရိတ်သတ်တွေက အဲဒီအတွက် ရော်နယ်ဒိုကို မတ်တပ်ရပ် ဂုဏ်ပြုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒီအခြေအနေအတွက် ကျေနပ်ပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

    ဖီဖာတာဝန်ရှိသူဟောင်း ခြစားမှုဖြင့် ထောင် ၄ နှစ်ကျ
    ===============
    ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်းဖြစ်ပြီး၊ ဖီဖာက ထိပ်တန်းပုဂ္ဂိုလ်ဟောင်းလည်းဖြစ်တဲ့ အသက် ၈၆ နှစ်အရွယ် ဟိုဆေး မာရီယာ မာရင်ဟာ ခြစားမှုတွေအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံလိုက်ရပါတယ်။ သူဟာ ၂၀၁၅ ခုနှစ် မေလ ဇူးရစ်ခ်ျမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဖီဖာတာဝန်ရှိသူ ၇ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်စဉ်မှာ မာရင်ဟာ ကိုပါအမေရိကပြိုင်ပွဲအပါအ၀င် ဘောလုံးပြိုင်ပွဲတွေ ထုတ်လွှင့်ခွင်အတွက် အားကစားကုမ္ပဏီတွေထံကနေ လာဘ်ငွေရယူခဲ့ပါတယ်။ ထောင်ဒဏ်အပြင် ကန်ဒေါ်လာ ၁.၂ သန်းကိုလည်း ဒဏ်ငွေအဖြစ် ပေးဆောင်ရမှာဖြစ်ကာ သူပိုင်ငွေ ဒေါ်လာ ၃.၃၄ သန်းကို အစိုးရက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူမှာဖြစ်ပါတယ်။

    ရုရှားကလပ်အသင်းက ‘ကံကောင်းစေတဲ့ဂျာစီ’ ကို ထုတ်လုပ်ရောင်းချ
    =================
    ရုရှား ပရီးမီးယားလိဂ်အသင်း FC Rostov ဟာ ကောဇောနဲ့ချုပ်ထားတဲ့ အသင်းဂျာစီသစ်ကို ထုတ်ပြန်လိုက်ပြီး ရူဘဲလ် ၂၅၀၀ (ပေါင် ၂၈.၄၇) နဲ့ ၀ယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပြီးနောက် အသင်းကံကောင်းစေဖို့အတွက် ပရိတ်သတ်တစ်ဦးဟာ တနင်္ဂနွေနေ့ပွဲမှာ ကောဇောအခင်းတစ်ခုကို ယူဆောင်လာကာ အားပေးခဲ့ပြီး FC Rostov ဟာ Yenisey Krasnoyarsk အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် အသင်းတာဝန်ယူရှိသူတွေက ကောဇောယူလာတဲ့ ပရိတ်သတ်ကို ခေါ်တွေ့ကာ အခုလို ကောဇောအင်္ကျီချုပ်ဖို့ စီစဉ်တာဖြစ်ပါတယ်။ ပရိတ်သတ်တွေက ဒီအင်္ကျီကို ‘ကံကောင်းစေတဲ့ဂျာစီ’ လို့ မှည့်ခေါ်နေကြပါတယ်။

    Ref: BBC

  • အိန္ဒိယရေးဘေးအတွက် အကူအညီပေးရန် ပါကစ္စတန်ဝန်ကြီးချုပ် ကမ်းလှမ်း

    အိန္ဒိယရေးဘေးအတွက် အကူအညီပေးရန် ပါကစ္စတန်ဝန်ကြီးချုပ် ကမ်းလှမ်း

    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ်သစ် အမီးရ်ခန်း

     

    – အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့သွားဖို့ ပါကစ္စတန်ဝန်ကြီးချုပ်သစ် အမီးရ်ခန်းက ဒီကနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

    Twitter စာမျက်နှာမှာ ခန်းက ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ရေဘေးဒဏ်ကို ခံစားခဲ့ရသူတွေအတွက် ပါကစ္စတန်ပြည်သူတွေကိုယ်စား စာနာမိပါကြောင်း၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပါကြောင်း ရေးသားခဲ့ပါတယ်။

    ဒါအပြင် လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်သွားဖို့အတွက် ပါကစ္စတန်က အဆင်သင့်ရှိတယ်လို့လည်း ခန်းက ဆိုပါတယ်။

    အကူအညီပေးရေန် Twitter စာမျက်နှာမှတစ်ဆင့် ကမ်းလှမ်းမှု

    ကီရာလာပြည်နယ်မှာ မေလေနှောင်းပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၇၀ လောက် သေဆုံးပြီး တစ်သန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ရေဘေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု UAE က ကန်ဒေါ်လာ သန်း ၁၀၀၊ မော်လ်ဒိုက်နိုင်ငံက ဒေါ်လာ ၅ သောင်း ကူညီဖို့ ကမ်းလှမ်းခဲ့ပါတယ်။

    အိန္ဒိယက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီပေးဖို့ ကမ်းလှမ်းမှုတွေကို ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် အစိုးရပေါ်လစီအရ ဒီအကူအညီကို လက်ခံမှာမဟုတ်ဘဲ အစိုးရဟာ အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ရာဗီရှ်ကူးမားက ပြောကြားခဲ့ပါတယ်။

    Ref: Khaleej Times

  • ချင်းပြည်နယ်တွင် ကလေးများ အဟာရချို့တဲ့မှု တစ်နိုင်ငံလုံးထက် ပိုမိုဆိုးဝါး

    ချင်းပြည်နယ်တွင် ကလေးများ အဟာရချို့တဲ့မှု တစ်နိုင်ငံလုံးထက် ပိုမိုဆိုးဝါး

    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media

    ချင်းပြည်နယ်မှ သားအမိနှစ်ဦး (Photo credit – Myanmar Times)

    – ချင်းပြည်နယ်က ကလေးတွေရဲ့ ကြီးထွားမှုနှုန်းနှေးကွေးမှုဟာ နိုင်ငံရဲ့ ပျမ်းမျှနှုန်းထက် တော်တော်လေးကို မြင့်များနေတယ်လို့ ကုလကစီမံတဲ့ Livelihood and Food Security Trust Fund (LIFT) အဖွဲ့ရဲ့ စစ်တမ်းကောက်ယူမှုမှာ တွေ့ရပြီး ဒါဟာ အဟာရချို့တဲ့မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်တမ်းကောက်ယူမှုကို ပြီးခဲ့တဲ့နှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်နယ်တစ်ဝှမ်းက ရပ်ကွက်နဲ့ ကျေးရွာ ၁၈၉ ခုက လူပေါင်း ၂၅၈၅ ဦးကို လေ့လာမေးမြန်းရာမှာ ၅ နှစ်အောက် ကလေးတွေရဲ့ ကြီးထွားမှုနှုန်း နှေးကွေးမှုဟာ ၃၇.၁ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ နိုင်ငံတစ်ဝှမ်း ပျမ်းမျှ ကြီးထွားမှုနှုန်း နှေးကွေးမှုဟာ ၂၉.၂ ရာခိုင်နှုန်း ရှိနေတာပါ။

    LIFT ရဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ဗြိတိသျှသံအမတ်ပြီး ဒန်နီယဲလ် ချက်ဂ်က အဟာရချို့တဲ့မှုပြဿနာဟာ မြန်မာနိုင်ငံမှာ အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ ချင်းပြည်နယ်က ကလေး ၃ ဦးမှာ တစ်ဦးဟာ အဟာရချို့တဲ့နေပြီး ဒါဟာ တစ်နိုင်ငံလုံးကို ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီလိုဖြစ်တဲ့လူဟာ ဘ၀မှာ အခွင့်အရေးတွေ ဆုံးရှုံးပြီး တိုင်းပြည်တစ်ခုလုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ တုန်လှုပ်စရာကောင်းပေမယ့် ကုသလို့တော့ ရပါသေးတယ်”

    အဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းဖို့အတွက် ကန်ဒေါ်လာ ၆ ဘီလီယံလောက် လိုအပ်မှာဖြစ်ပြီး ကလေးတွေကို မွေးပြီး ရက် ၁၀၀ အတွင်းမှာ အဟာရပြည့်ဝအောင် ဆောင်ရွက်ပေးရမယ်လို့လည်း သံအမတ်က ဆိုပါတယ်။

    “ကြီးထွားမှုနှုန်း နိမ့်ပါးတာကို လျှော့ချမယ်ဆိုရင် ကလေးတွရဲ့ဘ၀ဟာ အခုထက် ၁၀ ဆလောက် တိုးတက်လာပါလိမ့်မယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မိခင်တွေကို အဟာရဆိုင်ရာ မှန်ကန်တဲ့ အသိတွေရအောင် ပညာပေးရပါမယ်”

    မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသက ချို့တဲ့တဲ့ လယ်သမားတွေ၊ လယ်ပိုင်ယာပိုင်မရှိသူတွေကို ကူညီပေးနေတဲ့ LIFT အဖွဲ့ကို ဗြိတိန်က အများဆုံး ထောက်ပံ့နေပြီး သြစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်တို့ကလည်း ငွေကြေးထည့်ဝင်နေပါတယ်။

    ၂၀၁၇ ခုနှစ် ဇွန်လကစတင်ပြီး LIFT ဟာ ချင်းပြည်နယ်တစ်ဝှမ်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အသက် ၂ နှစ်ယောက် ကလေးမိခင်တွေကို ငွေကြေးထောက်ပံ့မှုတွေ လုပ်နေပါတယ်။

    Ref : mmtimes

  • သတင်းအမှားများ ပြန့်နှံ့မှုကို နှိမ်နှင်းရေး WhatsApp ကို အိန္ဒိယတောင်းဆို

    သတင်းအမှားများ ပြန့်နှံ့မှုကို နှိမ်နှင်းရေး WhatsApp ကို အိန္ဒိယတောင်းဆို

    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media

    – အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သတင်းအမှားတွေကို ဖယ်ရှားပေးဖို့ အိန္ဒိယက WhatsApp ကို အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

    အိန္ဒိယမှာ WhatsApp အက်ပလီကေးရှင်း သုံးစွဲသူဟာ သန်း ၂၀၀ လောက်ရှိပြီး အဲဒီကနေတစ်ဆင့် ကောလဟာလတွေ အထူးသဖြင့် ကလေးသူခိုး ကောလဟာလတွေ ပြန့်နှံ့ကာ အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂ လအတွင်း လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

    သတင်းအချက်အလက်ဝန်ကြီး ရာဗီ ရှန်ကာ ပရာဆတ်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး WhatsApp အကြီးအကဲ ခရစ် ဒန်နီယဲလ်နဲ့တွေ့ဆုံကာ ဆွေးနွေးခဲ့ပါတယ်။

    ပရာဆတ်က ‘WhatsApp ကို တစ်လွဲသုံးမှုတွေ တားဆီးရေး ပြည်သူတွေကို အသိပညာပေးဖို့ WhatsApp တာဝန်ရှိသူတွေနဲ့ အိန္ဒိယက ဥပဒေစိုးမိုးရေးအဖွဲ့တွေ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရေး’ တောင်းဆိုခဲ့တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဒန်နီယဲလ်ကလည်း အိန္ဒိယရဲ့ တောင်းဆိုမှုတွေကို သိပ်မကြာခင်မှာပဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အိန္ဒိယမှာ ရုံးခွဲဖွင့်လှစ်တာ၊ တိုင်ကြားမှုတွေကို ကိုင်တွယ်နိုင်မယ့် အရာရှိတစ်ဦး ခန့်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အိန္ဒိယရဲ့ ဖိအားပေးမှုကြောင့် WhatsApp ဟာ မက်ဆေ့ခ်ျ တစ်ဆင့်ပြန်လည်ဖြန့်ဝေနိုင်မှု ပမာဏကို ပြီးခဲ့တဲ့လမှာ ကန့်သတ်ခဲ့ပါတယ်။

    Ref: Alarabiya

  • ရန်ကုန်မြို့ရှိ တရုတ်တန်းကို ပြင်ဆင်ပေးရန် တရုတ်အာဏာပိုင်များ ကမ်းလှမ်း

    ရန်ကုန်မြို့ရှိ တရုတ်တန်းကို ပြင်ဆင်ပေးရန် တရုတ်အာဏာပိုင်များ ကမ်းလှမ်း

    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media

    တရုတ်နှစ်ကူးအချိန်က တွေ့ရသည့် တရုတ်တန်း (Photo Credit – Irrawaddy)

    – ရန်ကုန်မြို့ တရုတ်တန်းမှာ ခြင်္သေ့ရုပ်တုတွေပါဝင်တဲ့ မုခ်ဦးတစ်ခုကို ဆောက်လုပ်ပေးမယ်လို့ တရုတ်နိုင်ငံ ဂွမ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းမြို့အစိုးရက ကမ်းလှမ်းလိုက်ပါတယ်။

    တရုတ်တန်းကို ပြန်လည်ပြင်ဆင်ပေးဖို့ပါ ပါဝင်တဲ့ ဒီအစီအစဉ်ကို နန်နင်းအစိုးရဟာ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီထံ တင်ပြခဲ့တာဖြစ်ပြီး၊ ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး အကြောင်းပြန်လိုက်တယ်လို့ ဆိုပါတယ်။

    “ဒီက တရုတ်တန်းအတွက် သူတို့ ဘာလုပ်ပေးနိုင်လဲဆိုတာ သိချင်တယ်လို့ ပြောလာတယ်။ ဒီကိုလာပြီး ရန်ကုန်မြို့တော်ဝန်၊ ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူတို့ပြန်သွားပြီးတဲ့နောက် မြန်မာကောင်စစ်ဝန်ကနေတစ်ဆင့် စာတစ်စောင်ပို့လာပြီး ခြင်္သေ့ရုပ်ထုတွေပါဝင်တဲ့ မုခ်ဦးတစ်ခုအတွက် ပိုက်ဆံထုတ်ပေးမယ်လို့ ရေးထားပါတယ်”

    အဲဒီနောက် စည်ပင်သာယာရေးကော်မတီဟာ တရုတ်တန်းက ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သူတို့က မုခ်ဦးထက် ပိုမိုအကျိုးရှိစေမယ့် ကိစ္စတွေကို လုပ်ပေးဖို့ ပြောလာတာကြောင့် နန်နင်းအစိုးရကို ဒီကိစ္စ ပြန်လည်အကြောင်းကြားထားတယ်လို့လည်း ဒေါ်လှိုင်မော်ဦးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ရပ်မိရပ်ဖတွေက တရုတ်တန်းမှာရှိတဲ့ တိုက်တွေအရှေ့က ရှုပ်နေတဲ့ ဖုန်းကြိုးတွေ၊ မီးကြိုးတွေကို ရှင်းလင်းပေးဖို့၊ လမ်းတွေ၊ ပလက်ဖောင်းတွေနဲ့ တရုတ်ဘုံကျောင်းတွေကို ပြင်ဆင်ပေးဖို့၊ တရုတ်ဗိသုကာလက်ရာနဲ့ ဆောက်လုပ်ထားတဲ့ သမိုင်းဝင် အဆောက်အဦးကို မွမ်းမံပြင်ဆင်ပေးဖို့၊ လမ်းမီးတွေ တပ်ဆင်ပေးဖို့၊ အမှိုက်ပုံးတွေ စနစ်တကျထားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒေါ်လှိုင်မော်ဦးကတော့ နန်နင်းအစိုးရက အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။

    ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တရုတ်တန်းကို ခရီးသွားတွေ စိတ်ဝင်စားရာ နေရာတစ်ခု ဖြစ်လာစေဖို့ မျှော်လင့်နေပါတယ်။

    Ref: Irrawaddy