News @ M-Media
Author: Ko Lay
  • အာကာသခရီးသွားလက်မှတ် ဒေါ်လာ ၂ သိန်းမှ ၃ သိန်းအထိ ရှိနိုင်
    အာကာသခရီးသွားလက်မှတ် ဒေါ်လာ ၂ သိန်းမှ ၃ သိန်းအထိ ရှိနိုင်
    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media
    Amazon ပိုင်ရှင် ဘီဇော့စ်
    – လာမယ့်နှစ်မှာ စတင်ဖို့ စီစဉ်ထားတဲ့ အာကာသ အလည်ခရီးစဉ်အတွက် လက်မှတ်တစ်စောင်ကို ကန်ဒေါ်လာ ၂ သိန်းကနေ ၃ သိန်းအထိ သတ်မှတ်ဖို့ Amazon ပိုင်ရှင် ဂျက်ဖ် ဘီဇော့စ်ရဲ့ အာကာသကုမ္ပဏီ Blue Origin က စီစဉ်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
    ၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Blue Origin ကုမ္ပဏီက သူတို့ဟာ New Shepard အာကသယာဉ်နဲ့ ခရီးစဉ်တွေကို ပျံသန်းပြေးဆွဲဖို့ ရှိနေပြီး လာမယ့်နှစ်မှာ လက်မှတ်တွေ ရောင်းချသွားမယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပါတယ်။
    ဒါ့ကြောင့် အာကာသကို သွားရောက်လိုသူတွေနဲ့ အာကာသဈေးကွက်က လက်မှတ်ဈေးနှုန်းတွေကို စုံစမ်းလာခဲ့ကြပါတယ်။
    Blue Origin ဟာ အာကသကိုသွားမယ့် ဒုံးကျည်တွေ၊ ယာဉ်ငယ်တွေကို ထုတ်ဖော်ပြသခဲ့ပေမယ့် ဒါတွေ ထုတ်လုပ်မှုအခြေအနေနဲ့ လက်မှတ်ဈေးကိုတော့ ထုတ်ပြန်ကြေငြာခြင်း မရှိပါဘူး။
    ဒီစီမံကိန်းနဲ့ နီးစပ်သူတွေရဲ့ ပြောကြားမှုကို ကိုးကားကာ ရိုက်တာက လက်မှတ်ဈေးနှုန်းကို ဖော်ပြခဲ့တာဖြစ်ပြီး Blue Origin တာဝန်ရှိသူတွေကတော့ မှတ်ချက်ပေးခဲ့ခြင်း မရှိပါဘူး။
    ဘီဇော့စ်ကလည်း လက်မှတ်ဈေးနှုန်းကို သတ်မှတ်ရခြင်း မရှိသေးဘူးလို့ မေလမှာ ပြောကြားခဲ့ပါတယ်။
    ဈေးနှုန်းကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးသိခဲ့တယ်လို့ဆိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက လက်မှတ်တစ်စောင်ဟာ ကန်ဒေါ်လာ ၂ သိန်းကနေ ၃ သိန်းအထိ ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒုတိယတစ်ဦးကလည်း အနိမ်ဆုံး လက်မှတ်ဈေးနှုန်းက ဒေါ်လာ ၂ သိန်းကျမယ်လို့ ပြောကြားခဲ့ပါတယ်။
    Blue Origin ရဲ့ New Shepard အာကာသယာဉ်ငယ်ကို ကမ္ဘာမြေပြင်အထက် ၆၂ မိုင်အထိ ရောက်နိုင်အောင် ဒီဇိုင်းဆွဲထားပြီး လိုက်ပါသွားသူတွေဟာ ကမ္ဘာ့ဆွဲအားလွတ်ကင်းမှုကို ခံစားနိုင်မှာ ဖြစ်သလို၊ ကမ္ဘာဂြိုဟ်ကြီးကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ အာကာသယာဉ်ငယ်ဟာ လေထီးနဲ့ ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
    အခုအချိန်အထိ ယာဉ်ငယ်ကို ၈ ကြိမ်အထိ စမ်းသပ်ထားပေမယ့် လူလိုက်ပါပြီး စမ်းသပ်မှုတော့ မပြုလုပ်ရသေးပါဘူး။
    Ref: Arab News
  • မံမီပြုလုပ်နည်းကို ဖော်ထုတ်နိုင်မည့် ရှေးဟောင်းနေရာတစ်ခု အီဂျစ်တွင် တွေ့ရှိ
    မံမီပြုလုပ်နည်းကို ဖော်ထုတ်နိုင်မည့် ရှေးဟောင်းနေရာတစ်ခု အီဂျစ်တွင် တွေ့ရှိ
    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media
    – အီဂျစ်က ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ ရှေးဟောင်း ဂူသင်္ချီုင်းတစ်ခုနဲ့ အလုပ်ခန်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒီကပစ္စည်းတွေကို လေ့လာမှုကနေတစ်ဆင့် မံမီရုပ်ပြုလုပ်မှုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
    မြို့တော် ကိုင်ရိုတောင်ဘက် ပိရမစ်ကြီးတွေရှိရာ နေရာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိမယ့် ဂူသင်္ချီုင်းထဲမှာ မံမီရုပ်တွေ အပါအ၀င် မံမီရုပ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ မျက်နှာဖုံးတွေ၊ အဆီတွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။
    ပညာရှင်တွေကတော့ ဒါဟာ အရေးပါတဲ့ တွေ့ရှိမှုတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။
    ကျောက်ဆစ်ရုပ်ထုငယ်လေးတွေ၊ ခရား၊ မြေအိုးတွေကိုလည်း ဂူရဲ့အခန်းတွေထဲမှာ တွေ့ခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ မံမီရုပ်လုပ်ရာမှာ အသုံးပြုတာတွေ ဖြစ်ပါတယ်။
    “မြေအိုးတွေကို အစုလိုက် တွေ့ရှိရမှုက ဒီဆီတွေထဲမှာ ဓာတုဗေဒအရ ဘာတွေပါဝင်နေလဲဆိုတာကို အတိအကျသိရဖို့ ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်မှု လုပ်ငန်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” လို့ ဂူသင်္ချီုင်းများ ဖော်ထုတ်ရေး စီမံကိန်းအကြီးအကဲ ရာမဒန် ဘဒ်ရီ ဟူစိန်က ပြောကြားခဲ့ပါတယ်။
    မံမီရုပ်လုပ်တဲ့ အလုပ်ခန်းဟာ အခုအချိန်အထိ တွေ့ရှိရသမျှထဲမှာ အကြီးဆုံးနဲ့ တန်ဖိုးအမြင့်ဆုံးဖြစ်ပြီး မံမီရုပ်တွေကို ဘယ်လိုလုပ်ဆောင်လဲဆိုတာ သိဖို့အတွက် အချိန်တစ်ခု လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
    သေဆုံးသူတွေကို မံမီရုပ်တွေအဖြစ် အသွင်ပြောင်းရာမှာ ရှေးဟောင်းအီဂျစ်တွေ အသုံးပြုတဲ့ ဆီတွေရဲ့ ဓာတုဗေဒဆိုင်ရာ ပါဝင်မှုတွေကို လေ့လာဖို့ အခုတွေ့ရှိတဲ့ အလုပ်ခန်းက အထောက်အကူ ဖြစ်စေမယ်လို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။
    Ref: Press TV
  • ချန်ပီယံပွဲအတွက် လေ့ကျင့်သည့်ပစ္စည်းများကို ပက်ကွီအိုက မလေးရှားကို လှူဒါန်း
    ချန်ပီယံပွဲအတွက် လေ့ကျင့်သည့်ပစ္စည်းများကို ပက်ကွီအိုက မလေးရှားကို လှူဒါန်း
    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media
    – ကမ္ဘာ့ WBA ၀ယ်သာဝိတ်ချန်ပီယံဆုကို ပူပူနွေးနွေး ရရှိထားတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုဟာ သူအသုံးပြုခဲ့တဲ့ လေ့ကျင့်ရေးပစ္စည်းတွေကို မလေးရှားအစိုးရထံ လှူဒါန်းမယ်လို့ သိရပါတယ်။
    အသက် ၃၉ နှစ်အရွယ် လွှတ်တော်အမတ် ပက်ကွီအိုဟာ ဒီကနေ့ထိုးသတ်ခဲ့တဲ့ ချန်ပီယံလုပွဲမှာ အာဂျင်တီးနား လက်ဝှေ့သမား လူးကက်စ် မက်သိုင်စီကို ၇ ချီမြောက်မှာ အလဲထိုး အနိုင်ယူနိုင်ခဲ့ပါတယ်။
    အခု မလေးရှားကို လှူဒါန်းမယ့် လေ့ကျင့်ရေး ကိရိယာတွေဟာ Fight of the Champions လို့ အမည်ပေးထားတဲ့ သူနဲ့ လူးကက်စ်တို့ ပွဲအတွက် လေ့ကျင့်ခဲ့တာတွေ ဖြစ်ပါတယ်။ ပက်ကွီအိုက မလေးရှားနိုင်ငံရဲ့ ဘောက်ဆင်လောက တိုးတက်စေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်ဟာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုပစ္စည်းတွေဟာ ကွာလာလမ်ပူမှာ လေ့ကျင့်စဉ်အတွင်း အသုံးပြုခဲ့တာတွေဖြစ်ပြီး လှူဒါန်းသွားမှာပါ။ ကျွန်တော်တို့ဟာ မလေးရှားနိုင်ငံမှာ ဘောက်ဆင်အားကစားနည်း တိုးတက်ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။ စပြီး လုပ်ဆောင်တော့မှာပါ” လို့ ပက်ကွီအိုက ပြောကြားခဲ့ပါတယ်။
    ပက်ကွီအိုဟာ မလေးရှားမှာ ဘောက်ဆင်အကယ်ဒမီတစ်ခုလည်း ဖွင့်လှစ်ဖို့ စီစဉ်နေပြီး နောက်ထပ် ပွဲကြီးပွဲကောင်းတွေကို မလေးရှားမှာ ကျင်းပဖို့ စီစဉ်သွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ဒီကနေ့ ရရှိခဲ့တဲ့ WBA ၀ယ်သာဝိတ် ချန်ပီယံဘွဲ့ဟာ ပက်ကွီအိုဘ၀မှာ ရရှိတဲ့ ၁၂ ခုမြောက် ဆုတံဆိပ်ဖြစ်ပါတယ်။
    အဆက်မပြတ် ထိုးချက်တွေကြောင့် “ယန္တယား” လို့ နာမည်ကျော်တဲ့ လူးကက်စ်ဟာ ဇန်န၀ါရီလကမှ ထိုင်းနိုင်ငံသား တီဝါ ကီရမ်ကို အနိုင်ယူပြီး ၀ယ်သာဝိတ် ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
    Ref: CNA
  • ဒူဘိုင်း၌ ယခုနှစ်အတွင်း စမတ်ရဲစခန်းများ ဖွင့်လှစ်မည်
    ဒူဘိုင်း၌ ယခုနှစ်အတွင်း စမတ်ရဲစခန်းများ ဖွင့်လှစ်မည်
    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media
    – လူသားရဲတွေမပါဘဲ အဆင့်မြင့် နည်းပညာတွေနဲ့သာ လည်ပတ်မယ့် စမတ်ရဲစခန်းတွေကို အခုနှစ်အတွင်း တည်ဆောက်အသုံးပြုသွားမယ်လို့ ဒူဘိုင်းက ကြေငြာလိုက်ပါတယ်။
    ဒူဘိုင်း နည်းပညာရပ်ကွက်ဖြစ်တဲ့ Dubai Silicon Oasis မှာ ထားရှိအသုံးပြုမှာဖြစ်ပြီး ဒူဘိုင်းရဲတပ်ဖွဲ့နဲ့ DSOA တို့အကြား နားလည်မှုစာချွန်လွှာတစ်ခုကို မနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
    ဒူဘိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီစီမံကိန်း အခုနှစ်အတွင်း ပြီးစီးဖို့အတွက် DSOA နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
    “ပြည်သူတွေ၊ အလုပ်သမားတွေ၊ ဧည့်သည်တွေ အလွယ်တကူ အသုံးပြုနိုင်မယ့် စမတ်ရဲစခန်းတွေအတွက် သင့်လျော်တဲ့ နေရာကို DSOA က ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က စီမံကိန်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကိုင်တွယ်သွားမှာဖြစ်ပြီး စမတ်ရဲစခန်း လည်ပတ်ဖို့အတွက် လိုအပ်တဲ့နည်းပညာနဲ့ ဆော့ဖ်ဝဲတွေကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်”
    စမတ်ရဲစခန်းတွေကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်သွားမှာဖြစ်ပြီး ယာဉ်စည်ကမ်းနဲ့ ရာဇ၀တ်မှုဆိုင်ရာ ၀န်ဆောင်မှု ၂၇ ခု၊ ပြည်သူလူထု လုံခြုံရေးဆိုင်ရာ ၀န်ဆောင်မှု ၃၃ ခု ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဒူဘိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အဘ်ဒူလ်လာ ခါလီဖာ အလ် မာရီက ပြောကြားခဲ့ပါတယ်။
    အဲဒီ စမတ်ရဲစခန်းတွေမှာ ပြည်သူတွေဟာ အမှုဖွင့်တာ၊ ထောက်ခံစာတွေ၊ ပါမစ်တွေ တောင်းခံတာ၊ ပစ္စည်းပျောက်၊ လူပျောက်တိုင်ကြားတာ စတဲ့လုပ်ငန်းတွေကို လူသားရဲတွေ ၀င်ရောက်စွက်ဖက်မှု မပါဘဲနဲ့ ကိုယ်တိုင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
    “စမတ်ရဲစခန်းတွေကို ပြည်သူတွေ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ဒူဘိုင်းကို ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာ အကောင်းဆုံးနဲ့ စမတ်အကျဆုံး မြို့တော်အဖြစ် ဖန်းတီးနေမှုကို ပိုမို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” လို့ ရဲချုပ်က ပြာကြားခဲ့ပါတယ်။
    Ref: Khaleej Times
  • အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ဆယ်ကျော်သက် ၂ ဦး သေဆုံး
    အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ဆယ်ကျော်သက် ၂ ဦး သေဆုံး
    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media
    သေဆုံးသတစ်ဦး၏ မိခင်
    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက် ၂ ဦး သေဆုံးခဲ့ပါတယ်။
    ပါလက်စတိုင်း အာဏာပိုင်တွေက သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အရွယ် အမီရ် အလ်-နင်မရီနဲ့ အသက် ၁၆ နှစ်အရွယ် လူအေ ခါဟီလ်တို့ဖြစ်ပြီး အစ္စရေးက ဂါဇာအနောက်ပိုင်း အလ်-ကူတိုင်ဘာရပ်ကွက်ကို တိုက်ခိုက်မှုအတွင်း ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၁၂ ဦး ရှိခဲ့ပါတယ်။ အဲဒီရပ်ကွက်ဟာ ပါလက်စတိုင်းမိသားစုတွေ နွေရာသီမှာ မကြာခဏ သွားရောက်လေ့ရှိတဲ့ ပန်းခြံတစ်ခုဘေးမှာ တည်ရှိတာကြောင့် အရပ်သားတွေ အထိအခိုက်များခဲ့တာ ဖြစ်ပါတယ်။
    အစ္စရေးစစ်တပ်က အထပ်မြင့်အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး၊ တိုက်ခိုက်မှုမပြုလုပ်ခင် အရပ်သားတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
    မနေ့က စောစောပိုင်းတိုက်ခိုက်မှုမှာလည်း လူ ၂ ဦး ဒဏ်ရာရခဲ့တာကြောင့် တစ်ရက်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂ ဦး ဒဏ်ရာရသူ ၁၄ ဦး ရှိခဲ့ပါတယ်။
    ပါလက်စတိုင်းလွတ်မြောက်ရေး ဟားမက်စ်အဖွဲ့က ဒုံးကျည်တွေ ပစ်ခတ်ပြီးတဲ့နောက် ဒီလိုတိုက်ခိုက်တာဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။
    ဂါဇာဟာ အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့ထားမှုကြောင့် လဟာပြင်ထောင်လို့ လူသိများပါတယ်။ ၂၀၁၄ ခုနှစ် အစ္စရေးနဲ့ ဟားမက်စ်တို့အကြား စစ်ပွဲအတွင်း အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၂၅၁ ဦး သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။
    ဟားမက်စ်ရဲ့ လက်ချက်ကြောင့် အစ္စရေးစစ်သား ၆၆ ဦးနဲ့ အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera