News @ M-Media

Author: Ko Lay

  • တော်ဝင်မိသားစုကို ဝေဖန်သည့် ပညာရှင်တစ်ဦးကို ဆော်ဒီထောင်ချ

    တော်ဝင်မိသားစုကို ဝေဖန်သည့် ပညာရှင်တစ်ဦးကို ဆော်ဒီထောင်ချ

    ဇူလိုင် ၁၇၊ ၂၀၁၈
    M-Media

    ရှိခ် အလ်-ဟာဝါလီဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အားကောင်းခဲ့တဲ့ Sahwa Movement အဖွဲ့က အရေးပါသူ ပညာရှင်တစ်ယောက်ဖြစ်ပြီး အစ္စလာမ့်ရေးရာနဲ့ အယူဝါဒဆိုင်ရာမှာ ဒေါက်တာဘွဲ့အထိရထားကြောင်း အာရပ်မီဒီယာတွေက ဖော်ပြပါတယ်။

    – ဘုရင်ဆလ်မန်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီတွေကို ဝေဖန်ခဲ့တဲ့ အစ္စလာမ့် ဓမ္မပညာရှင်တစ်ဦးနဲ့ သူ့ရဲ့သားတွေကို ဆော်ဒီက ဖမ်းဆီးလိုက်တယ်လို့ သတင်းထွက်လာပါတယ်။

    Moatqali Al-Ray (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) အမည်နဲ့ Twitter စာမျက်နှာက အသက် ၆၈ နှစ်အရွယ် ဓမ္မပညာရှင် အလ်-ဟာဝါလီဟာ သူ့ရဲ့ Muslims and the Western Civilisation (မွတ်စလင်နှင့် အနောက်တိုင်းယဉ်ကျေးမှု) စာအုပ်ကို ထုတ်ဝေပြီး သိပ်မကြာခင်မှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဖော်ပြခဲ့ပါတယ်။

    အလ်-ဟာဝါလီဟာ Sahwa Movement (နိုးထမှုလှုပ်ရှားမှု) လို့ အမြည်ပေးထားတဲ့ အဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး စာအုပ်မှာ ဆော်ဒီက တော်ဝင်မိသားစုနဲ့ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇေယဒ်တို့ကို တိုက်ခိုက်ရေးသားထားပါတယ်။

    ဆော်ဒီလုံခြုံရေးတပ်ဖွဲ့တွေဟာ အလ်-ဟာဝါလီရဲ့အိမ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး သူနဲ့ သူ့သားတွေကို မျက်နှာအ၀တ်စီး၊ လက်ပြန်ကြိုးတုပ်ကာ ခေါ်ဆောင်သွားတယ်လို့ Moatqali Al-Ray စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

    အလ်-ဟာဝါလီက ဆော်ဒီ တော်ဝင်အသိုင်းအ၀ိုင်းဟာ ‘အလိမ်အညာ စီမံကိန်းတွေနဲ့ ပြည်သူ့ငွေကြေးတွေကို ဖြုန်းတီးပစ်နေကြောင်း’၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အစ္စရေးနဲ့ ဆက်ဆံရေးဟာ ‘သစ္စာဖောက်မှု’ ဖြစ်ကြောင်း၊ ယူအေအီးရဲ့နည်းလမ်းကို လိုက်စရာမလိုကြောင်း Muslims and the Western Civilisation စာအုပ်မှာ ရေးသားထားပါတယ်။

    ရှိခ် အလ်-ဟာဝါလီဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အားကောင်းခဲ့တဲ့ Sahwa Movement အဖွဲ့က အရေးပါသူ ပညာရှင်တစ်ယောက်ဖြစ်ပြီး အစ္စလာမ့်ရေးရာနဲ့ အယူဝါဒဆိုင်ရာမှာ ဒေါက်တာဘွဲ့အထိရထားကြောင်း အာရပ်မီဒီယာတွေက ဖော်ပြပါတယ်။

    အလ်-ဟာဝါလီဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ တည်ရှိမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ ဆော်ဒီထဲ ၀င်လာတာကို ဆန့်ကျင်မှုအတွက် ၁၉၉၀ ပြည့်နှစ်တွေမှာ သူတို့လှုပ်ရှားမှုက အခြားအဖွဲ့ဝင်တွေနဲ့အတူ ထောင်ကျခဲ့ပါတယ်။

    Ref: Middle East Monitor

  • အိမ်အကူကို ညှင်းပမ်းသည့် မြန်မာနိုင်ငံသားကို စင်ကာပူက ထောင် ၂ နှစ်ချ

    အိမ်အကူကို ညှင်းပမ်းသည့် မြန်မာနိုင်ငံသားကို စင်ကာပူက ထောင် ၂ နှစ်ချ

    ဇူလိုင် ၁၇၊ ၂၀၁၈
    M-Media

    နှိပ်စက်ခံခဲ့ရသည့် မအိဖြူထွန်း

    – မြန်မာအိမ်အကူလုပ်သားတစ်ဦးကို နှိပ်စက်ညှင်းပမ်းခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို စင်ကာပူတရားရုံးက ဒီကနေ့မှာ ထောင်ဒဏ် ၂ နှစ်နဲ့ တစ်လ ချမှတ်လိုက်ပါတယ်။

    ထောင်ဒဏ်ချမှတ်ခံရသူဟာ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ အသက် ၃၉ နှစ်အရွယ် ဒေါ်ချမ်းမြအေးဆိုသူ ဖြစ်ပါတယ်။

    သူမဟာ မအိဖြူထွန်းဆိုတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို အေဂျင်စီကနေမဟုတ်ဘဲ အသိကနေတစ်ဆင့် ၂၀၁၅ ခုနှစ် ဧပြီလမှာ အိမ်အကူအဖြစ် အလုပ်ခန့်ခဲ့ပါတယ်။

    မအိဖြူထွန်းဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီး အလုပ်ခန့်ပြီး တစ်လအကြာမှာပဲ အလုပ်မပြီးမှု၊ အမှားလုပ်မှုတွေကြောင့် အိမ်ရှင် ဒေါ်ချမ်းမြအေးရဲ့ ဆူပူမှုကို ခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဇွန်လမှာတော့ မအိဖြူထွန်းဟာ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုကိုပါ ခံခဲ့ရပါတယ်။

    နောက်ပိုင်းမှာ မအိဖြူထွန်းရဲ့ မျက်နှာ၊ လည်ပင်းနဲ့ ရင်ပတ်တို့ကို အ၀တ်ချိတ်နဲ့ရိုက်တာ၊ ပါးရိုက်တာ၊ ၀ါယာကြိုးနဲ့ ကျောကုန်း၊ တင်ပါး၊ လက်နဲ့ ခြေထောက်တွေ ရိုက်တာကို ဒေါ်ချမ်းမြအေးက အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

    မအိဖြူထွန်းက ဒဏ်ရာတွေအပေါ် ဒဏ်ကြေးဆေးလိမ်းတာကိုလည်း ဒေါ်ချမ်မြအေးက ဒေါသထွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့မှာ ၀ါယာကြိုးနဲ့ အကြိမ်ကြိမ် ထပ်မံ ရိုက်နှက်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း မအိဖြူထွန်းက အိမ်ကနေ ထွက်ပြေးခဲ့ပြီး လမ်းသွားလမ်းလာတွေရဲ့ အကူအညီနဲ့ စင်ကာပူ လူ့စွမ်းအား ၀န်ကြီးဌာနကို သွားရောက်တိုင်ကြားခဲ့ကာ ၀န်ကြီးဌာနက ရဲတပ်ဖွဲ့ကို ဖုန်းခေါ်အမှုဖွင့်ခဲ့ပါတယ်။

    ဒေါ်ချမ်းမြအေးဟာ စွဲချက်နှစ်ခုနဲ့ တရားစွဲဆိုခံရပြီး ဒီကနေ့မှာတော့ ခရိုင်တရားသူကြီးက ထောင်ဒဏ် ၂၅ လ ချမှတ်ခဲ့ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေပြီး စင်ကာပူက တရားခွင်ကို လာရာက်နေားထောင်ခဲ့တဲ့ မအိဖြူထွန်းက အမိန့်ချမှတ်ပြီးတဲ့နောက် တရားရုံးအပြင်ဘက်မှာ ငိုကြွေးခဲ့ပါတယ်။

    စင်ကာပူ အိမ်အကူ ဥပဒေအရ အန္တရာယ်ရှိတဲ့ လက်နက်တွေနဲ့ ထိခိုက်အနာတရဖြစ်အောင် လုပ်မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ကြိမ်ဒဏ် သို့မဟုတ် ပြစ်ဒဏ်အားလုံးပေါင်းကာ ချမှတ်နိုင်ပါတယ်။

    Ref: CNA

  • ပါလက်စတိုင်းမှာ မိမိနှလုံးသားဟု မာရာဒိုနာပြော

    ပါလက်စတိုင်းမှာ မိမိနှလုံးသားဟု မာရာဒိုနာပြော

    ဇူလိုင် ၁၇၊ ၂၀၁၈
    M-Media

    အစ္စရေးနှင့်ကစားမည့်ပွဲကို အာဂျင်တီးနားက ပယ်ဖျက်မှုအား သရုပ်ဖော်ထားသည့် ကာတွန်း

    – ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေ့ဆုံစဉ်အတွင်း မာရာဒိုနာက ပါလက်စတိုင်းဟာ ‘သူ့ရဲ့နှလုံးသား’ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာဟာ အဘတ်စ်နဲ့တွေ့ဆုံမှု ဗီဒီယိုအတိုကို သူ့ရဲ့ Instagram စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီး အာရပ်နဲ့ အစ္စရေးမီဒီယာတွေက ဒီဗီဒီယိုကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် မျှဝေခဲ့ကြပါတယ်။

    အဘတ်စ်နဲ့တွေ့ဆုံစဉ် မာရာဒိုနာက ပါလက်စတိုင်းတွေရဲ့ ဒုက္ခ၊ သုက္ခတွေအတွက် စာနာကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီလူကြီးက ပါလက်စတိုင်းကို ငြိမ်းချမ်းချင်တာ။ သမ္မတအဘတ်စ်ဟာ နိုင်ငံတစ်ခုရှိနေပြီး နိုင်ငံတည်ထောင်ဖို့ အခွင့်အရေးလည်း ရှိပါတယ်” လို့ မာရာဒိုနာက အဘတ်စ်ကို ဖက်လှဲတကင်း ကြိုဆိုပြီးတဲ့နောက် ပြောကြားခဲ့ပါတယ်။

    အဘတ်စ်ကလည်း မာရာဒိုနာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး၊ သံလွင်ခက်ကို ကိုက်ချီထားတဲ့ ကြိုးငှက်ပုံပန်းချီနဲ့၊ ပါလက်စတိုင်းထွက် သံလွင်ဆီကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း အာဂျင်တီးနားဟာ အစ္စရေးနဲ့ကန်ဖို့ စီစဉ်ထားတဲ့ ဘောလုံးပွဲကို ဖျက်သိမ်းကာ ပါလက်စတိုင်းတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့ပါတယ်။

    Ref: Middle East Monitor

  • အင်ဒိုနီးရှားတွငိ မိကျောင်း ၃၀၀ နီးပါးကို လက်တုန့်ပြန် သတ်ဖြတ်မှု ဖြစ်ပွား

    အင်ဒိုနီးရှားတွငိ မိကျောင်း ၃၀၀ နီးပါးကို လက်တုန့်ပြန် သတ်ဖြတ်မှု ဖြစ်ပွား

    ဇူလိုင် ၁၆၊ ၂၀၁၈
    M-Media

    – အင်ဒိုနီးရှားနိုင်ငံက ရွာတစ်ရွာမှာ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရတာကို မကျေနပ်တဲ့အတွက် ရွာသားတွေဟာ မိကျောင်း ၃၀၀ နီးပါးကို လက်တုန့်ပြန် သတ်ဖြတ်ခဲ့ပါတယ်။

    နိုင်ငံအရှေ့ပိုင်း အနောက်ပါပူအာပြည်နယ် ဆိုရောင်ခရိုင်က မိကျောင်းသားပေါက်စခန်းမှာ ဖြစ်ပွားခဲ့တာပါ။

    အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ နွားစာအတွက် အဲဒီ သားပေါက်စခန်းကို ၀င်ရောက်ပြီး မြက်ရိတ်တဲ့အချိန် မိကျောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    စနေနေ့ အဲဒီအမျိုးသားကို သင်္ဂြီုဟ်ပြီးတဲ့အချိန်မှာ ရွာသားတွေဟာ သားပေါက်စခန်းကို လာရောက်ကာ မိကျောင်းအားလုံးကို ဓားတွေ၊ ပေါက်တူးတွေနဲ့ သတ်ဖြတ်ခဲ့ပါတယ်။

    အင်ဒိုနီးရှား သဘာဝရင်းမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီအကြီးအကဲ ဘာဆာ မာနူလန်က အဲဒီ မိကျောင်းသားပေါက်စခန်းဟာ လိုင်စင်ရထားပြီး နိုင်ငံတော်က ကာကွယ်ဖို့ သတ်မှတ်ထားတဲ့ ရေငံနဲ့ နယူးပါပူအာ မိကျောင်းတွေကို မွေးထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိ သူတို့အေဂျင်စီက စုံစမ်းစစ်ဆေးရေးလုပ်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့လည်း မာနူလန်က ဆိုပါတယ်။

    “ဒါမျိုး နောက်ထပ် မဖြစ်ဖို့အတွက် လိုင်စင်ရ မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ပတ်ဝန်းကျင်ကို လုံခြုံအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ မိကျောင်းတွေဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ သတ္တ၀ါတွေဖြစ်ပြီး ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်”

    Ref: Aljazeera

  • ထရမ့်နဲ့ပူတင်တို့ ဟယ်လင်စကီးမှာ ဘာတွေဆွေးနွေးကြမလဲ

    ထရမ့်နဲ့ပူတင်တို့ ဟယ်လင်စကီးမှာ ဘာတွေဆွေးနွေးကြမလဲ

    ဇူလိုင် ၁၆၊ ၂၀၁၈
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ဟာ ဖင်လန်နိုင်ငံ ဟယ်လင်စကီးမှာ ဒီကနေ့ စတင်တွေ့ဆုံနေကြပြီး ‘ကုန်သွယ်ရေးကိစ္စကနေစပြီး စစ်ရေး၊ ဒုံးကျည်အရေးနဲ့ တရုတ်အရေးအထိ’ ဆွေးနွေးဖို့ ရှိနေပါတယ်။

    ပူတင်က အခုအချိန်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကမ္ဘာပေါ်က ကိစ္စတွေအကြောင်းကို စေ့စေ့စပ်စပ် ဆွေးနွေးရမယ့်အချိန်လို့ ထရမ့်ကို ပြောခဲ့ပြီး၊ ထရမ့်ကလည်း သမိုင်းတစ်လျှောက် အကောင်းဆုံး ကမ္ဘာ့ဖလားပွဲတွေထဲကတစ်ခုကို ရုရှားနိုင်ငံက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

    ရုရှားနဲ့ မိတ်ဖက်ဖြစ်မှုဟာ ကောင်းမွန်တဲ့ကိစ္စဖြစ်ပြီး၊ မကောင်းတဲ့ကိစ္စမဟုတ်ကြောင်း၊ ဆွေးနွေးမှုအတွင်း ကုန်သွယ်ရေး၊ စစ်ရေး၊ ဒုံးကျည်အရေး၊ နျူလက်နက်အရေးနဲ့ တရုတ်အရေးတို့ ပါဝင်မှာဖြစ်ကြောင်း ဆိုပါတယ်။

    “(သမ္မတအဖြစ်) ကျွန်တော် ရည်ရှည်ရှိမှာ မဟုတ်ပါဘူး။ ၂ နှစ်ပြည့်တော့မယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ထူးခြားတဲ့ ဆက်ဆံရေး ရှိလာမှာဖြစ်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်”

    အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တဲ့ကိစ္စအတွက် ပူတင်ကို ဖိအားပေးမလားလို့ ဆွေးနွေးမှုမတိုင်ခင် ထရမ့်ကို သတင်းထောက်တွေက မေးရာမှာ “အေးဆေးဖြစ်သွားမှာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ အမေရိကန်အာဏာပိုင်တွေဟာ ရုရှား စစ်ထောက်လှမ်းရေး ၁၂ ယောက်ကို ၂၀၁၆ ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

    Ref: Aljazeera