News @ M-Media
Author: Ko Lay
  • ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ထောင် ၁၀ နှစ်ချခံရ
    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ထောင် ၁၀ နှစ်ချခံရ
    ဇူလိုင် ၆၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှရစ်ဖ်
    – ၀န်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်ကို ခြစားမှုနဲ့ အပြစ်ရှိတယ်ဆို့ ဆုံးဖြတ်ပြီး ပါကစ္စတန် ခြစားမှုတိုက်ဖျက်ရေးခုံရုံးက ဒီကနေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
    ၂၀၁၆ ခုနှစ်က ပေါက်ကြားခဲ့တဲ့ ‘Panama Papers’ အရ ရှရစ်ဖ်နဲ့ သူ့မိသားစုဟာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အကြီးအကျယ် လာဘ်စားခဲ့တယ်လို့ တွေ့ခဲ့ရပြီးနောက်ပိုင်း ရှရစ်ဖ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ၀န်ကြီးချုပ်အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး တရားရုံးချုပ်ကလည်း သူနဲ့ သူမိသားစုကို စုံစမ်းစစ်ဆေးဖို့အတွက် ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။
    ရှရစ်ဖ်ကိုဆွဲတဲ့အမှုဟာ လန်ဒန်က တိုက်ခန်း ၄ ပိုင်ဆိုင်မှုနဲ့ ဆက်နွယ်နေပြီး ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ၂၀၀၇ ခုနှစ်က မသမာတဲ့နည်းလမ်းနဲ့ ရယူခဲ့တာ ဖြစ်ပါတယ်။
    တရားသူကြီး မိုဟာမက် ဘရှီးရှ်က ထောင်ဒဏ် ၁၀ နှစ်အပြင် ဒဏ်ငွေ ကန်ဒေါ်လာ ၁၀.၅ သန်း ပေးဆောင်ဖို့လည်း အမိန့်ချခဲ့ပါတယ်။
    ရှရစ်ဖ်ရဲ့ သမီးဖြစ်သူ နိုင်ငံရေးသမား မရ်ယမ်လည်း ခြစားမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၂.၆ သန်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ သူမရဲ့ခင်ပွန်း မိုဟာမက် ဆက်ဖ်ဒါရ်က ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။
    ဒီပြစ်ဒဏ်တွေကြောင့် သူတို့ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ၀င်ရာက်ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။
    လန်ဒန်က သူတို့တိုက်ခန်းတွေကိုတော့ သိမ်းဆည်းကာ ပါကစ္စတန်အစိုးရထံလွှဲပြောင်းဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။
    နာဝက်ဇ် ရှရစ်ဖ်ရဲ့ ညီဖြစ်ပြီး လက်ရှိ PML-N ပါတီရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ရှဟ်ဘက်ဇ် ရှရစ်ဖ်က ဒီပြစ်ဒဏ်ကို လက်မခံကြောင်း၊ ဥပဒေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေနဲ့အညီ ဆန့်ကျင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ရှရစ်ဖ်ဟာ ဒီနေ့ဆုံးဖြတ်ချက်အတွက် တရားရုံးချုပ်ကို အယူခံဝင်ဖို့ ရှိနေပါတယ်။
    Ref: Aljazeera
  • ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ်သတ်မှတ်မှု ကုလ ရပ်ဆိုင်းမည်
    ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ်သတ်မှတ်မှု ကုလ ရပ်ဆိုင်းမည်
    ဇူလိုင် ၆၊ ၂၀၁၈
    M-Media
    မလေးရှားရှိ ချင်းလူမျိုးများ ဆန္ဒပြမှု မြင်ကွင်း
    – ချင်းပြည်နယ်မှာ အခြေအနေတွေဟာ တည်ငြိမ်ပြီး လုံခြုံလာတာကြောင့် ချင်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် သတ်မှတ်မှုကို ရပ်ဆိုင်းသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး ချင်းလူမျိုးတွေကတော့ ဒါကို ကန့်ကွက်ခဲ့ပါတယ်။
    မလေးရှားနိုင်ငံမှာရှိတဲ့ UNHCR အဖွဲ့က သူတို့ဟာ သြဂုတ်လကစပြီး ချင်းလူမျိုးတွေကို ဒုက္ခသည်အဆင့်ကနေ ပယ်ဖျက်တော့မယ်လို့ ဇွန်လ ၁၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ ချင်းလူမျိုးတွေဟာ မလေးရှားမှာ ဒုတိယအများဆုံး ဒုက္ခသည်အုပ်စု ဖြစ်ပါတယ်။
    ချင်းလူမျိုးတွေကတော့ UNHCR ရဲ့ ဒီကြေငြာချက်ကို ကန့်ကွက်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့က UNHCR ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြမှုကို ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ ACR က ဦးဆောင်တာဖြစ်ပြီး ကျောင်းသားကလေးငယ်တွေလည်း ပါဝင်ပါတယ်။
    “ကျွန်တော်တို့ဟာ ဒုက္ခသည်တွေဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားတွေ မဟုတ်ပါဘူး။ နောက်တစ်ပတ်မှာ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များအစည်းအဝေး ကျင်းပဖို့ ရှိနေပြီး ကျွန်တော်တို့အခြေအနေကို သူတို့ အာရုံစိုက်လာစေဖို့ ဒီဆန္ဒပြမှုကို ပြုလုပ်တာဖြစ်ပါတယ်” လို ACR အဖွဲ့ရဲ့ ညှိနှိုင်းဆွေးနွေးရေးမှူး James Bawi Thang Bik က ပြောကြားခဲ့ပါတယ်။
    UNHCR ကတော့ မြန်မာနိုင်ငံ ချင်းပြည်နယ်က နိုင်ငံရေ၊ လူမှုရေး၊ လုံခြုံရေးဆိုင်ရာ တိုးတက်မှုတွေကို သုံးသပ်ခဲ့ပြီး ရေရှည်တည်တံ့မယ့် အနေအထားကို မြင်နေရတဲ့အတွက် ဒီလို ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ချင်းဒုက္ခသည်တွေဟာ မြန်မာအစိုးရရဲ့ ကာကွယ်ပေးမှုကို ရရှိကာ အန္တရာယ်ကင်းမှာ ဖြစ်တဲ့အတွက် UNHCR ရဲ့ ကာကွယ်ပေးမှုကို မလိုအပ်တော့ဘူးလို့ UNHCR က ယူဆပါတယ်”
    သြဂုတ်လကစလို့ UNHCR မှာ သက်တမ်းလာတိုတဲ့ ချင်းဒုက္ခသည်တွေအနေနဲ့ အင်တာဗျူးဖြေစရာမလိုဘ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ဒုက္ခသည်ကဒ်ကို သက်တမ်းတိုးပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကနေစပြီး ဒီကဒ်တွေရဲ့ အကျုံးဝင်မှုကို ရပ်ဆိုင်းမှာဖြစ်ပြီး နောက်ထပ် ထုတ်ပေးမှာ မဟုတ်တော့ပါဘူး။
    ဒီဆုံးဖြတ်ချက်ဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့အတွက် မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယတို့က ချင်းဒုက္ခသည်တွေအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
    Ref: The Star
  • ပိတ်မိ ထိုင်းကလေးများအား ကယ်ဆယ်ရင်း ရေတပ်သားဟောင်း သေဆုံး
    ပိတ်မိ ထိုင်းကလေးများအား ကယ်ဆယ်ရင်း ရေတပ်သားဟောင်း သေဆုံး
    ဇူလိုင် ၆၊ ၂၀၁၈
    M-Media
    သေဆုံးသွားသည့် ထိုင်းရေတပ်သားဟောင်း ဆာမန် ဂူနန်
    – ထိုင်း-မြန်မာနယ်စပ်က ထမ်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေး ငယ် ၁၂ ယောက်နဲ့ နည်းပြည်တို့ကို ကယ်ထုတ်ရေးလုပ်ငန်းမှာ ထိုင်းရေတပ်က ရေငုပ်သမားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
    ဆာမန် ဂူနန်ဆိုသူဖြစ်ပြီး ဂူအတွင်း အောက်ဆီဂျင်ဘူး သွားပို့ပြီး ပြန်အထွက်မှာ အောက်ဆီဂျင်ပြတ်ကာ မေ့မြောသွားခဲ့တာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့ပေမယ့် သတိပြန်မလည်လာတော့ပါဘူး။
    ကလေးငယ်တွေ ရောက်ရှိနေတဲ့ နေရာဟာ ဂူအတွင်းပိုင်း တော်တော်ကျပြီး ပုံမှန်အားဖြင့် အောက်ဂျီဂျင် ၂၁ ရာခိုင်နှုန်း ရှိပေမယ့် အခုအချိန်မှာ ၁၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    အသက် ၃၈ နှစ်အရွယ် ဂူနန်ဟာ အရာရှိငယ်ဘ၀မှာပဲ ရေတပ်ကနေ ထွက်ခဲ့ပေမယ့် အခု ကယ်ဆယ်ရေးလုပ်ငန်းမှာ ပြန်လည်ပါဝင်လာခဲ့တာပါ။
    သူ့ရဲ့ ဈာပနအခမ်းအနားကို ထိုင်းဘုရင်ကိုယ်တိုင်က ဦးစီးကျင်းပပေးမယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ ဂူအတွင်း ရေကြီးတာကြောင့် ကလေးတွေကို ရေငုပ်သင်ပေးပြီး အပြင်ထုတ်ဖို့ စီစဉ်နေပမယ့် သူတို့နဲ့အနီးဆုံးနေရာကနေ လှိုင်တူးကာ ခေါ်ထုတ်ဖို့အပါအ၀င် အခြားနည်းလမ်းတွေကိုလည်း အာဏာပိုင်တွေက စဉ်စားနေပါတယ်။ ဒီလိုမှအဆင်မပြေရင် ကလေးတွေဟာ ဂူထဲမှာပဲ ၄ လလောက် နေရဖို့ရှိနေပြီး မိုးကုန်မှ အပြင်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
    လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းမှာ ရေတပ်က ရေငုပ်သမားတွေ၊ စစ်သားတွေ၊ အရပ်သား စေတနာ့ဝန်ထမ်းတွေ အပါအ၀င် လူပေါင်း ၁၀၀၀ လောက် ပါဝင်နေပါတယ်။
    Ref: BBC
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    ဇူလိုင် ၆၊ ၂၀၁၈
    M-Media
    တရားရုံးတွင်တွေ့ရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏သမီး
    ဂူထဲပိတ်မိနေသည့် ထိုင်းကလေးများအတွက် လမ်းကြောင်းတိုများ ရှာဖွေမည်
    ================
    ဂူထဲမှာ ပိတ်မိနေတဲ့ ကလေး ၁၃ ယောက်နဲ့ နည်းပြတို့ကို အပြတ်ထုတ်ဖို့အတွက် ပိုမိုတိုတောင်းတဲ့ လမ်းကြောင်းကို ရှာဖွေနေတယ်လို့ ထိုင်းအာဏာပိုင်တွေက မနေ့မှာ ပြောပါတယ်။ လက်ရှိ ဂူအတွင်း ရေကြီးနေသေးတာကြောင့် သူတို့ကို အပြင်အမြန်ထုတ်ဖို့အတွက် အခက်တွေ့နေတာပါ။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ ဗိုလ်ချုပ် Bancha Duriyaphan က ကလေးတွေရှိတဲ့ ဂူရဲ့အပေါ်ကို ဖောက်ပြီး ကယ်ဆယ်တာအပါအ၀င် အခြားလမ်းကြောင်းတွေကို ရှာဖွေနေကြောင်း၊ ဒါပေမယ့် သူတို့ဟာ ဂူအတွင်းပိုင်းကို ရောက်နေတာကြောင့် အခက်အခဲတွေ ရှိနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မလေးဝန်ကြီးချုပ်ဟောင်း သားသမီးများ၏ ဘဏ်အကောင့်များ ရပ်ဆိုင်းခံရ
    ===============
    စွဲချက် ၄ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ သမီး နူရ်ယာနာ နာဂျွာ၊ သားဖြစ်သူ နူရ်ရှာမန်တို့ရဲ့ ဘဏ်အကောင့်တွေကို မလေးရှား အာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ မနေ့က ရင်းဂစ် ၁ သန်း ပေးချေပြီး နာဂျစ်ကို အာမခံရအောင် လုပ်ခဲ့တာပါ။ နူရ်ယာနာနဲ့ ၁၀ လအရွယ် သားဖြစ်သူရဲ့အကောင့်လည်း ရပ်ဆိုင်းခံရမှုမှာ ပါဝင်ပါတယ်။ နာဂျစ်ဟာ ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်ပေါင်း ၄ ခုနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရရင် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရနိုင်ပါတယ်။
    ၆ နှစ်အတွင်း အင်ဒိုက အကြမ်းဖက်ရန်ကြံစည်မှု ၅၀၀ ကျော်ကို ဖော်ထုတ်နိုင်
    ===============
    ၂၀၁၂ ခုနှစ်ကနေစပြီး အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်ဖို့ ကြံစည်မှုပေါင်း ၅၀၀ လောက်ကျော်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အင်ဒိုရဲချုပ် တီတို ကာရ်နာဗီယန်က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အကြမ်းဖက်သမားတွေရဲ့ရန်ကို တိုးမြှင့်ခံစားလာရပြီး မြို့ကြီးတွေမှာ တိုက်ခိုက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ကာရ်နာဗီယန်က အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်လာပြီဆိုရင် မီဒီယာတွေက အလုအယက် ဖော်ပြကြပေမယ့် မိမိတို့ရဲ့ ဖော်ထုတ်တားဆီးမှုတွေကိုတော့ စိတ်မ၀င်စားကြကြောင်း၊ ကြိုတင်လက်ဦးနိုင်မှုမှာ မိမိတို့ရဲတပ်ဖွဲ့ဟာ အံ့သြစရာကောင်းလောက်အောင် အောင်မြင်မှု ရရှိထားကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အင်ဒိုဟာ အကြမ်းဖက်လုပ်ရပ်တွေကို ကြိုးကိုင်မှုအတွက် ပြီးခဲ့တဲ့လက အစွန်းရောက် ဘာသာရေးဆရာ အေမန် အဘ်ဒူရဟ်မန်ကို သေဒဏ်ပေးခဲ့ပါတယ်။
    ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး အဆုံးမသတ်သေး
    ===========
    ခြစားမှု တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ တော်ဝင်မင်းသားတွေ၊ ၀န်ကြီးတွေ၊ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေကို ဆော်ဒီက ထိန်းသိမ်းထားဆဲဖြစ်ပြီး ဖမ်းဆီးမှုတွေ ထပ်မံဆောင်ရွက်ဖို့ ရှိနေတယ်လို့ Wall Street Journal က ဖော်ပြပါတယ်။ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ တစ်ချို့ တော်ဝင်မင်းသားတွေနဲ့ စီးပွားရေးသမားတွေက လျော်ကြေးပေးကာ လွတ်မြောက်လာခဲ့ပေမယ့် တစ်ချို့ကိုတော့ တရားစွဲသွားမယ်လို့ ဆော်ဒီအစိုးရက ကြေငြာပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ နှိပ်စက်မှုတွေလည်း ခံနေရတယ်လို့လည်း WSJ က ဆိုပါတယ်။ ခြစားမှု တိုက်ဖျက်မှုအတွင်း ကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ပြန်သိမ်းနိုင်ခဲ့တယ်လို့ ဇန်န၀ါရီမှာ ဆော်ဒီက ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera, CNA
  • အစိုးရဟောင်းလက်ထက်မှ တရုတ်စီမံကိန်းများကို မလေးရှား ရပ်ဆိုင်း
    အစိုးရဟောင်းလက်ထက်မှ တရုတ်စီမံကိန်းများကို မလေးရှား ရပ်ဆိုင်း
    ဇူလိုင် ၆၊ ၂၀၁၈
    M-Media
    မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည့် တရုတ်စီမံကိန်း ၃ ခုကို ရပ်ဆိုင်းကြောင်း မလေးရှားက မနေ့တွင် ကြေငြာခဲ့ပြီး စီမံကိန်းများကို ပြန်လည်သုံးသပ်သွားမည်ဟု ပြောကြားလိုက်သည်။
    ရေနံပိုက်လိုင်း စီမံကိန်းနှစ်ခုနှင့် ရထားလမ်း စီမံကိန်းတစ်ခုတို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုး ရင်းဂစ် ၉၀.၄ ဘီလီယံ (ကန် ၂၂.၃၅ ဘီလီယံ) ရှိနေသည်။ ပိုက်လိုင်းစီမံကိန်းကို China Petroleum Pipeline Bureau က လုပ်ပိုင်ခွင့် ရရှိထားကာ ရထားလမ်း စီမံကိန်းကို China Communications Construction ကုမ္ပဏီက ရရှိထားသည်။
    ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်က တိုင်းပြည်၍ ကန်ဒေါ်လာ ဘီလီယံ ၂၅၀ အကြွေးနှင့် အခြားအကြောင်းအရင်းများကြောင့် အဆိုပါ စီမံကိန်းများကို ရပ်ဆိုင်းရန် ၀န်ကြီးချုပ် မဟာသီက အမိန့်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
    1MDB ကိစ္စနှင့် ဆက်နွယ်နေသည့် ပိုင်လိုင်းစီမံကိန်းနှစ်ခုကိုလည်း မလေးရှာအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    အသက် ၉၂ နှစ်အရွယ် ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က တရုတ်နှင့် ချုပ်ဆိုခဲ့သော စီမံကိန်းများကို ပြန်လည်သုံးသပ်သွားမည်ဟု ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်း ပြောကြားခဲ့သည်။ နာဂျစ်လက်ထက် စင်ကာပူနှင့် သဘောတူညီခဲ့သည့် မလေးရှား-စင်ကာပူ ရထားလမ်းစီမံကိန်းကိုလည်း မဟာသီက ရပ်ဆိုင်းခဲ့သည်။
    Ref: CNA