News @ M-Media

Author: Ko Lay

  • အာဏာသိမ်းရန် ကြိုးစားမှုနှင့်ဆက်စပ်၍ တူရကီက နိုင်ငံ့ဝန်ထမ်း ၂ သောင်းနီးပါး ထုတ်ပယ်

    အာဏာသိမ်းရန် ကြိုးစားမှုနှင့်ဆက်စပ်၍ တူရကီက နိုင်ငံ့ဝန်ထမ်း ၂ သောင်းနီးပါး ထုတ်ပယ်

    ဇူလိုင် ၈၊ ၂၀၁၈
    M-Media

    တူရကီစစ်သားတစ်ဦး

    – အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရ၀န်ထမ်း ၁၈၅၀၀ ကျော် ကို ထုတ်ပယ်ခဲ့တယ်လို့ တူရကီအစိုးရက ထုတ်ပြန်တဲ့ ဥပဒေဆိုင်ရာ ကြေငြာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၈၉၉၈ ဦး၊ ကြည်းတပ်က ၃၀၇၇ ဦး၊ လေတပ်က ၁၉၄၉ ဦး၊ ရေတပ်က ၁၁၂၆ ဦး အပါအ၀င် စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၁၈၆၃၂ ဦးကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

    အစိုးရ၀န်ထမ်းတွေထဲမှာ ၁၀၅၂ ဦး၊ ပညာရှင် ၁၉၉ ဦးလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အာဒိုဂန်ဦးဆောင်တဲ့ တူရကီအစိုးရဟာ သတင်းစာ ၃ ခု၊ ရုပ်သံဌာနတစ်ခု၊ အသင်းအဖွဲ့ ၁၂ ခုကို ပိတ်ပစ်ခဲ့ပါတယ်။

    အစိုးရဲ့ထုတ်ပြန်ချက်မှာ ထုတ်ပယ်ခံလိုက်ရသူတွေထဲက ၀န်ထမ်း ၁၄၈ ဦးကို ပြန်ခန့်ခဲ့တယ်လို့ ဆိုပါတယ်။

    တူရကီမီဒီယာတွေက အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အာဏာသိမ်းမှုကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ပြီး အရေးပေါ်အခြေအနေ ကြေငြာထားမှုကို အစောဆုံး တနင်္လာနေ့လောက် ရုပ်သိမ်းဖို့ရှိတယ်လို့ ဖော်ပြကြပါတယ်။

    ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ သမ္မတ အာဒိုဂန်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနောက်ပိုင်း တူရကီဟာ အရေးပေါ်အခြေအနေ ကြေငြာကာ ၇ ကြိမ်တိုင်တိုင် သက်တမ်းတိုးခဲ့ပြီး အခုနောက်ဆုံးတစ်ကြိမ် သက်တမ်းကုန်မယ့်ရက်က ဇူလိုင် ၁၉ ရက်နေ့ ဖြစ်ပါတယ်။ အာဏာသိမ်းဖို့ကြိုးစားမှုကို အမေရိကန်မှာနေထိုင်တဲ့ တူရကီဘာသာရေးခေါင်းဆောင် ဖာသွလ္လာဟ် ဂူလမ်က ကြိုးကိုင်တာဖြစ်တယ်လို့ အာဒိုဂန်က စွပ်စွဲထားပါတယ်။

    ဇွန်လ ၂၄ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ အာဒိုဂန် ပြန်လည်အနိုင်ရရှိခဲ့ပြီး မနက်ဖြန်မှာ နောက်ထပ် ၅ နှစ်အတွက် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

    တူရကီ လွှတ်တော်ဟာ သမ္မတရွေးကောက်ပွဲ မကျင်းပခင် ပြီးခဲ့တဲ့နှစ်ကတည်းက သမ္မတကို အာဏာအများစုအပ်နှင်းထားတဲ့ ဥပဒေတွေကို အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • ပိတ်မိ ထိုင်းကလေးများအား ဂူပြင်ထုတ်ရေးလုပ်ငန်း စတင်

    ပိတ်မိ ထိုင်းကလေးများအား ဂူပြင်ထုတ်ရေးလုပ်ငန်း စတင်

    ဇူလိုင် ၈၊ ၂၀၁၈
    M-Media

    ဂူထဲဝင်ရောက်ကယ်ဆယ်မည့် ထိုင်း နေဗီဆီးလ် တပ်ဖွဲ့ဝင်များ

    – ထိုင်းနိုင်ငံမြောက်ပိုင်း ချန်ရိုင်းပြည်နယ်က ထန်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတို့ကို ဂူပြင်ထုတ်ရေး လုပ်ငန်းကို ထိုင်း Navy Seal တပ်ဖွဲ့က ဒီကနေ့မှာ စတင်ခဲ့ပါတယ်။

    ကလေးတွေရဲ့ အခြေအနေ၊ ဂူထဲက ရေအနေအထား၊ ရာသီဥတု စတဲ့ အချက်အတွေကို တွက်ချက်ပြီးတဲ့နောက် အပြင်ထုတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအမည်ကို D-Day လို့ပေးထားကြောင်း ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲ Narongsak Osottanakorn က ပြောကြားခဲ့ပါတယ်။

    ထိုင်းစံတော်ချိန် ည ၉ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ) မှာ ၁၃ ယောက်စလုံး အပြင်ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။

    ထိုင်းစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ) မှာ ကလေးငယ်နှစ်ဦး ဂူပြင်ရောက်လာခဲ့ပြီး ဆေးဝါးကုသမှုတွေ ခံယူနေတယ်လို့ ချန်ရိုင်း ကျန်းမာရေး ဌာနက အတည်ပြု ပြောဆိုပါတယ်။

    အဲဒီကလေးငယ် ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်နေ့က ထန်လွန်ဂူထဲ ၀င်ရောက်သွားခဲ့ပြီးတဲ့နောက် ဂူထဲရေတွေဝင်ကာ ပြန်မထွက်နိုင်ဘဲ ပိတ်မိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြင်းအထန် ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဂူထဲက သူတို့ရှိရာနေရာကို ရှာတွေ့ခဲ့ပါတယ်။

    Ref : CNA

  • နျူဖျက်သိမ်းရေး အမေရိကန်နှင့်ဆွေးနွေးမှု စိတ်ပျက်ဖွယ်ကောင်းဟု မြောက်ကိုရီးယားပြော

    နျူဖျက်သိမ်းရေး အမေရိကန်နှင့်ဆွေးနွေးမှု စိတ်ပျက်ဖွယ်ကောင်းဟု မြောက်ကိုရီးယားပြော

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    ပြုံးယမ်သို့ ရောက်ရှိလာသည့် ပွမ်ပီယို

    – အမေရိကန်ဟာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးက သဘောထားကို ပျက်ဆီးအောင် လုပ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနဲ့ ဆွေးနွေးမှုဟာ ‘စိတ်ပျက်ဖွယ်’ကောင်းခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

    “ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ စိတ်ဓာတ်ပေါ် အခြေခံပြီး ယုံကြည်မှုတည်ဆောက်ဖို့အတွက် အမေရိကန်ဖက်က ပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုမျိုး ရှိလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း သူတို့ပုံစံအတိုင်း တုန့်ပြန်ဖို့ စဉ်းစားထားတာပါ” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ပထမဆုံး နှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေးမှာ အမေရိကန်ရဲ့ ရပ်တည်ချက်၊ အပြုအမူတွေဟာ စိတ်ပျက်စရာကောင်းခဲ့တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက သူနဲ့ မြောက်ကိုရီးယား အကြီးတန်းတာဝန်ရှိသူ ကင်ယွန်ချိုတို့ရဲ့ ဆွေးနွေးမှုဟာ အပြုသဘောဆောင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ နာရီပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။ ပြဿနာတွေက ရှုပ်ထွေးတယ်၊ ဒါပေမယ့် အဓိကိစ္စတွေ အားလုံးနီးပါးမှာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ တစ်ချို့ဆိုရင် တော်တော်လေးကို တိုးတက်မှု ရှိခဲ့ပါတယ်။ ထပ်ပြီး ကြိုးစားရမယ့် ကိစ္စတွေလည်း ရှိနေပါသေးတယ်”

    ပွမ်ပီယိုဟာ မြောက်ကိုရီးယား နျူလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် ပြုံယမ်းကို ၂ ရက်ကြာ လာရောက်ကာ ဆွေးနွေးမှု ပြုလုပ်ခဲ့တာပါ။

    ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ပထမနှစ်ကြိမ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တွေ့ဆုံခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။

    ပွမ်ပီယိုဟာ ထရမ့်က ကင်ကို ပေးအပ်တဲ့ စာတစ်စောင်ကို ယူဆောင်သွားခဲ့တယ်လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီသာ နျူအာ့တ်က ပြောကြားခဲ့ပါတယ်။
    Ref: Fox News

  • ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ဇက်ကာဘတ် အဆင့် ၃ ရောက်လာ

    ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ဇက်ကာဘတ် အဆင့် ၃ ရောက်လာ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    – Facebook ကို တည်ထောင်သူဖြစ်ပြီး စီအီးအိုလည်းဖြစ်တဲ့ မာ့ခ် ဇက်ကာဘာ့ဂ်ဟာ အသားတင် ကြွယ်ဝမှု ကန်ဒေါ်လာ ၈၁.၆ ဘီလီယံနဲ့ ကမ္ဘာ့ တတိယမြောက် အချမ်းသာဆုံး ဖြစ်လာပါတယ်။

    Bloomberg က ထုတ်ပြန်တဲ့ Billionaires Index အညွှန်းကိန်းမှာ ဇက်ကာဘာ့ဂ်ဟာ နာမည်ကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ၀ါရင် ဘက်ဖက်ထက် ဒေါ်လာ ၃၇၃ သန်း ပိုများကာ တတိယနေရာကို ရောက်လာတာဖြစ်ပါတယ်။

    အချမ်းသာဆုံးက Amazon ပိုင်ရှင် ဂျက်ဖ် ဘီဇို့စ်ဖြစ်ပြီး ကြွယ်ဝမှု ၁၄၁ ဘီလီယံရှိကာ၊ မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ်ဂိတ်က ဒုတိယနေရာမှာ ရှိနေပါတယ်။

    သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ပေးမှု အားနည်းခဲ့တဲ့အတွက် ဝေဖန်မှုကို ခံခဲ့ရပေမယ့် အခုနှစ်အတွင်း Facebook ရဲ့ ရှယ်ယာဟာ ၁၅ ရာခိုင်နှုန်း တက်လာပါတယ်။ နည်းပညာလုပ်ငန်းတွေရဲ့ ရှယ်ယာတွေဟာ ၂၀၁၈ ခုနှစ်မှာ သိသိသာသာကို မြင့်တက်လာခဲ့ပါတယ်။

    အရင်းအနှီးဈေးကွက်ကိုသာ အဓိကအာရုံစိုက်တဲ့ ဘက်ဖက်ဟာ အခုနှစ်အစောပိုင်းမှာ Apple ရဲ့ ရှယ်ယာ ၇၅ သန်း ၀ယ်ယူခဲ့ကာ စုစုပေါင်း Apple ရှယ်ယာ ၁၆၅ သန်း ရှိလာပြီ ဖြစ်ပါတယ်။ ဘက်ဖက်ဟာ Apple ရဲ့ ရှယ်ယာတွေ ၀ယ်ယူမှုကို လွန်ခဲ့တဲ့ ၂ နှစ်ကမှ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

    နှစ်စဉ် ပရဟိတလုပ်ငန်းတွေအတွက် ဘက်ဖက်ဟာ ဒေါ်လာ ဘီလီယံချီ လှူဒါန်းလေ့ရှိပြီး ဇက်ကာဘက်ကလည်း သူရဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို စွန့်လွှတ်သွားမယ်လို့ ကြေငြာထားပါတယ်။

    Ref: CNN

  • ဂျပန်ရေကြီးမှု လူ ၃၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူ အများအပြား ရှိနေ

    ဂျပန်ရေကြီးမှု လူ ၃၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူ အများအပြား ရှိနေ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    ရေကြီးမှုမြင်ကွင်း

    – ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတာကြောင့် လူ ၂၀ လောက်သေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

    မိုးရွာမှုကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေပါတယ်။

    ဒေသခံ အာဏာပိုင်တွေက လူ ၂၀ လောက်သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် NHK သတင်းဌာနက သေဆုံးသူ အရေအတွက်ကို ၃၈ ဦးလို့ ဖော်ပြပါတယ်။ လူပေါင်း ၁.၆ သန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားတယ်လို့လည်း သတင်းဌာနက ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေကတော့ တော်တော်များများ ရှိနေပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိခိုက်ခံစားရသူတွေကို အားသွန်ခွန်စိုက် ကယ်ဆယ်ကြဖို့အတွက် ၀န်ကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။

    လာမယ့်ရက်တွေမှာ မိုးထပ်ရွယ်မယ်လို့ ဂျပန် မိုးလေသဌာနက ခန့်မှန်းထားပြီး အစိုးရကလည်း ရေကြီးမှုတွေ ဖြစ်လာနိုင်တဲ့ ဒေသတွေမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera