News @ M-Media

Author: Ko Lay

  • ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံအဖြစ် စင်ကာပူ ၃ နှစ်ဆက် ရပ်တည်

    ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံအဖြစ် စင်ကာပူ ၃ နှစ်ဆက် ရပ်တည်

    ဇွန် ၂၁၊ ၂၀၁၈
    M-Media

    – ကမ္ဘာပေါ်က အလုံခြုံဆုံးနိုင်ငံတွေစာရင်းမှာ စင်ကာပူဟာ ၃ နှစ်ဆက်တိုက် ထိပ်ဆုံးမှာရှိပြီး အရှေ့တောင်အာရှက အင်ဒိုနီးရှားနိုင်ငံကလည်း အလုံခြုံဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်လာခဲ့ပါတယ်။

    သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Gallup က နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှာရှိတဲ့ နေထိုင်သူတွေကို မေးမြန်းကာ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး Law and Order Index ဆိုတဲ့အမည်နဲ့ ရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

    မေးခွန်းတွေထဲမှာ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု၊ တစ်ကိုယ်ရည် လုံခြုံမှုနဲ့ သူခိုးသူဝှက် အန္တရာယ်၊ အနိုင်ကျင့်ခံရမှု၊ လုယက်ခံရမှု စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

    ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ၂ နှစ်စလုံးမှာ စင်ကာပူဟာ အမှတ် ၁၀၀ မှာ ၉၇ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း ၉၃ မှတ်နဲ့ ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံအဖြစ် စာရင်းဝင်ပါတယ်။

    ၂၀၁၈ ခုနှစ် အလုံခြုံဆုံးစာရင်း ဒုတိယနေရာမှာ နော်ဝေ၊ အိုက်စလန်နဲ့ ဖင်လန်နိုင်ငံတို့က ၉၃ မှတ်စီနဲ့ ရှိနေကြပါတယ်။ အဆင့် ၁၀ အတွင်းဝင်တဲ့ အာရှက နောက်ထပ်နှစ်နိုင်ငံဟာ ဟောင်ကောင်နဲ့ အင်ဒိုနီးရှားတို့ ဖြစ်ပါတယ်။

    ဒီစာရင်းမှာ အဆင့်အနိမ့်ဆုံးက ဗင်နီဇွဲလားနိုင်ငံဖြစ်ပြီး ၄၄ မှတ်ရရှိကာ၊ အာဖဂန်နစ္စတန်က ၄၅ မှတ်နဲ့ သူ့အထက်မှာ ရှိနေပါတယ်။

    နိုင်ငံအတွင်း ညဖက် တစ်ယောက်တည်းလမ်းလျှောက်သွားဖို့ လုံခြုံတယ်လို့ ဖြေကြားသူဟာ ဗင်နီဇွဲလားမှာ ၁၇ ရာခိုင်နှုန်းသာရှိပြီး အာဖဂန်က ၂၀ ရာခိုင်နှုန်း ရှိပါတယ်။

    တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဖြေကြားသူ ၆၉ ရာခိုင်နှုန်းက ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုရှိကြောင်း တွေ့ရပြီး၊ ညဖက် လမ်းလျှောက်ရာမှာ လုံခြုံမှုရှိတယ်လို့ ဖြေကြားသူက ၆၈ ရာခိုင်နှုန်းရှိပါတယ်။

    ကမ္ဘာ့အလုံခြုံဆုံး ၁၀ နိုင်ငံက စင်ကာပူ၊ နော်ဝေ၊ အိုက်စလန်၊ ဖင်လန်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ အင်ဒိုနီးရှားနဲ့ ဒိန်းမတ်နိုင်ငံတို့ ဖြစ်ပါတယ်။

    Ref: CNA

  • ပြောင်းရွှေ့အခြေချမှုကိစ္စတွင် ဝေဖန်ခံနေရသည့် ပေါ်လစီတစ်ခုကို အမေရိကန် ပယ်ဖျက်

    ပြောင်းရွှေ့အခြေချမှုကိစ္စတွင် ဝေဖန်ခံနေရသည့် ပေါ်လစီတစ်ခုကို အမေရိကန် ပယ်ဖျက်

    ဇွန် ၂၁၊ ၂၀၁၈
    M-Media

    နယ်စပ်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် တွေ့ရသည့် ကလေးများ

    – တရားမ၀င် နယ်စပ်ဖြတ်ကျော်လာသူတွေထဲက ကလေးတွေကို မိဘနဲ့ခွဲပြီး ထိန်းသိမ်းထားတဲ့ ပေါ်လစီကို ရုပ်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ထရမ့်ရဲ့ ဒီပေါ်လစီအတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် ရုပ်သိမ်းကြောင်းအမိန့် မူကြမ်းကို အမိမြေလုံခြုံရေးဆိုင်ရာဝန်ကြီး ကီရ်ဂျန် နီလ်ဆန်က ရေးဆွဲပေးကာ ထရမ့်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    “နယ်စပ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားမှာဖြစ်ပေမယ့် မိသားစုတွေကို ခွဲမထားတော့ပါဘူး” လို့ ထရမ့်က လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ကလေးတွေ မိဘနဲ့ခွဲနေရတာကို မကြည့်ရက်ဘူးလို့ဆိုပေမယ့် တရားမ၀င် ပြောင်းရွှေ့အခြေချမှုအပေါ် လုံးဝသည်းမခံတဲ့ပေါ်လစီကို ကျင့်သုံးသွားမှာဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်အစိုးရဟာ တရားမ၀င် ၀င်ရောက်လာသူတွေအပေါ် တရားစွဲဆိုတာတွေ ပြုလုပ်နေပြီး အရွယ်ရောက်သူတွေကို အမေရိကန် Marshals Service ဌာနက ထိန်းသိမ်းထားပါတယ်။ ကလေးတွေကိုတော့ ကျန်းမာရေးနဲ့ လူသားရေးရာ ဦးစီးဌာနက တာဝန်ယူပါတယ်။

    သမ္မတအိုဘားမားလက်ထက်မှာ တရားမ၀င် ၀င်ရောက်လာတဲ့ မိသားစုတွေကို သီးသန့်ခွဲထားတာမျိုးမလုပ်ဘဲ အရပ်ဖက်ဥပဒေအရ နယ်နှင်တာမျိုးတွေသာ လုပ်ဆောင်ပါတယ်။

    ဒါပေမယ့် ထရမ့်လက်ထက်မှာ မိဘတွေနဲ့ ကလေးတွေကို သီးခြားခွဲထားတာမျိုး ပိုမိုလုပ်ဆောင်လာခဲ့ပြီး မေလ ၅ ရက်နေ့ကနေ ၉ ရက်အတွင်း ဒီလို ခွဲပြီး ထိန်းသိမ်းထားတဲ့ ကလေးငယ်အရေအတွက်ဟာ ၂၃၀၀ အထိ ရှိလာတယ်လို့ အမိမြေလုံခြုံရေး ဦးစီးဌာနက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ

    ဇွန် ၂၁၊ ၂၀၁၈
    M-Media

    အရှေ့ဂူတာမှ ဆီးရီးယားပြည်သူများ

    တရုတ်-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    =================
    တရုတ်သမ္မတ ရှီကျင့်ဖျင့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ မနေ့က တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ မဟာဗျူဟာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ပြုလုပ်သွားဖို့ သဘောတူခဲ့ပါတယ်။ ကင်ဂျုံအွန်ဟာ အင်္ဂါနေ့က တရုတ်နိုင်ငံကို ၂ ရက်ကြာ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ၂ လအတွင်း ၃ ကြိမ်မြောက် ရောက်ရှိမှုလည်း ဖြစ်ပါတယ်။ ရှီနဲ့တွေ့ဆုံမှုမှာ ကင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ စင်ကာပူတွေ့ဆုံပွဲအကြောင်း အကျဉ်းချုပ် တင်ပြခဲ့သလို၊ လတ်တလော အရေးကြီးတဲ့ ကိစ္စတွေနဲ့ လာမယ့်အခင်းအကျင်းအသစ်အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

    အမေရိကန်ကို ဥရောပက တန်ပြန်အခွန်ကောက်မည်
    =============
    အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံဖို့ ဥရောပနိုင်ငံတွေရဲ့ အစီအစဉ်ဟာ မနက်ဖြန်မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဒါဟာ ကနေဒါ၊ အီးယူနဲ့ မက္ကဆီကိုတို့က တင်သွင်းတဲ့ စတီးနဲ့ အလူမီနီယံတွေကို အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမှုကို တုန့်ပြန်တာ ဖြစ်ပါတယ်။ ထရမ့်က ဒီလို ကောက်ခံတာဟာ
    အမျိုးသားလုံခြုံရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ အီးယူ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး စီလီယာ မာမ်စထရောင်းက သူတို့အနေနဲ့ ဒီလိုမလုပ်ချင်ပေမယ့် အမေရိကန်ရဲ့ တစ်ဖက်သတ်လုပ်ရပ်အတွက် ရွေးစရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    အရှေ့ဂူတာတွင် ဆီးရီးယားစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့
    ============
    မြို့တော်ဒမတ်စကတ် ဆင်ခြေဖုံးက အရှေ့ဂူတာဒေသကို ဆီးရီးယားအစိုးရတပ်ဖွဲ့က ၅ နှစ်ကြာ ပိတ်ဆို့မှုအတွင်း ကျူးလွန်ခဲ့တာတွေဟာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ မြောက်နေပြီလို့ ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ပြောကြားလိုက်ပါတယ်။ သူပုန်တွေ သိမ်းထားတဲ့ အရှေ့ဂူတာဒေသကို ဆီးရီးယားအစိုးရတပ်က ဧပြီလမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကုလလူ့အခွင့်အရေးကောင်စီက အဲဒီဒေသမှာ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ၂၃ မျက်နှာပါတဲ့ အစီရင်ခံစာကို မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ အရပ်သားတွေရဲ့ ထိခိုက်ခံစားရမှု အသေးစိတ်ကို ဖော်ပြထားပါတယ်။

    ဂါဇာကမ်းမြှောင်ကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
    ==========
    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာကမ်းမြှောင်က ၂၅ နေရာကို မနေ့ကမနက်ပိုင်းမှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့ ဒုံးကျည်နဲ့ပစ်တယ်လို့စွပ်စွဲကာ အစ္စရေးက ဒီလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဟားမက်စ်ကတော့ ပါလက်စတိုင်းပိုင်နက်ကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုက ပြဿနာရဲ့အရင်းအမြစ်ဖြစ်ကြောင်း၊ အရပ်သားတွေ၊ ရေလုပ်သားတွေ၊ လယ်သမားတွေအပေါ် အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဖလား သတင်းများ

    ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဖလား သတင်းများ

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ချင်သည်ဟု ရော်နယ်ဒိုပြော
    =================
    နောက်တစ်ဆင့်ကို အုပ်စုပထမနဲ့တက်နိုင်အောင် ကြိုးစားသွားမယ်လို့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ ဒီနေ့ကစားခဲ့တဲ့ မော်ရိုကိုနဲ့ပွဲမှာ ပေါ်တူဂီဟာ ရော်နယ်ဒိုရဲ့ ပွဲအစ ၄ မိနစ်သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး စုစုပေါင်း ၄ မှတ်ရထားကာ၊ ရော်နယ်ဒိုကလည်း နှစ်ပွဲပေါင်း ၄ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ မော်ရိုကိုကို ခက်ခက်ခဲခဲ ကစားခဲ့ရကြောင်း၊ ဂိုးသွင်းနိုင်တဲ့အတွက် ပျော်ရွှင်မိပြီး နောက်တစ်ဆင့်တက်ဖို့အတွက် လက်တစ်ကမ်းသာ လိုတော့ကြောင်း ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

    မက်ဆီအတွက် ကမ္ဘာ့ဖလားမလိုဟု ခရက်စပိုပြော
    ==============
    မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် မှတ်ယူဖို့အတွက် ကမ္ဘာ့ဖလားရဖို့ မလိုဘူးလို့ အာဂျင်တီးနားအသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှူး ဟာနန် ခရက်စပိုက ပြောကြားလိုက်ပါတယ်။ အသက် ၃၀ အရွယ် မက်ဆီဟာ ဘာစီလိုနာမှာ ၁၄ ရာသီကစားစဉ်အတွင်း ဖလား ၃၂ လုံး၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅
    ကြိမ် ရရှိခဲ့ပေမယ့် အာဂျင်တီးနားနဲ့ အဓိကပြိုင်ပွဲတွေမှာ အောင်ပွဲမရသေးပါဘူး။ ခရက်စပိုက ကြီးကျယ်တဲ့ကစားသမားတွေဟာ ကမ္ဘာ့ဖလား မရခဲ့ကြဘူးဆိုတဲ့ သမိုင်းတွေရှိကြောင်း၊ မက်ဆီအနေနဲ့ ကမ္ဘာ့ဖလားမရလဲ အကောင်းဆုံးကစားသမား ဖြစ်နေမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂျာမနီအသင်း မညီမညွတ်ဖြစ်နေသည်ဆိုသည့်သတင်းကို မူလာငြင်းဆို
    =================
    ဂျာမနီအသင်း ကစားသမားတွေကြားမှာ သွေးကွဲမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကို တိုက်စစ်မှူး သော
    မတ်စ်မူလာနဲ့ မန်နေဂျာ အိုလီဗာ ဘီရ်ဟော့ဖ်တို့က ငြင်းဆိုလိုက်ပါတယ်။ လက်ရှိချန်ပီယံ ဂျာမနီဟာ အုပ်စုအဖွင်
့ပွဲစဉ်မှာ မက္ကဆီကိုကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဝေဖန်မှုခံနေရသလို၊ ကစားသမားတွေအကြား မညီမညွတ်ဖြစ်ေ
    နယ်တယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။ မူလာကတော့ မိမိတို့အနေနဲ့ လာမယ့် အုပ်စုလက်ကျန် ၂ ပွဲကို
    အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

    Ref: Goal, BBC

  • ခရစ္စတီယာနို ရော်နယ်ဒို တင်နိုင်ဖွယ်ရှိနေသည့် စံချိန်သစ် ၁၀ ခု

    ခရစ္စတီယာနို ရော်နယ်ဒို တင်နိုင်ဖွယ်ရှိနေသည့် စံချိန်သစ် ၁၀ ခု

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    ၁။ ကမ္ဘာ့ဖလား ဂိုးသွင်းဘုရင်

    ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင် ၄ ခုမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ဂျာမနီ ဂန္တ၀င်ကစားသမားကြီးတွေဖြစ်တဲ့ ကလိုစေး၊ ယူဝီ ဆီလာ၊ ဘရာဇီးလ် ဘောလုံးသူရဲကောင်း ပီလီတို့နဲ့ စံချိန်တူနေပါတယ်။ ၂ ၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ၁ ဂိုးစီသာ သွင်းယူနိုင်ခဲ့ပေမယ့် အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ ရော်နယ်ဒိုဟာ ပွဲဦးထွက်မှာပဲ ဟက်ထရစ် သွင်းယူထားနိုင်ပြီး ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

    ၂။ ကမ္ဘာ့ဖလား ဆွတ်ခူးမှု

    လွန်ခဲ့တဲ့ ၂ နှစ် ပဲရစ်မှာ ပေါ်တူဂီဟာ ပြင်သစ်ကို အနိုင်ရပြီး ဥရောပချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက် ပထမဆုံး နိုင်ငံတကာ ဆုဖလားလည်း ဖြစ်ပါတယ်။ ယူရို ၂၀၁၆ မှာ ရေပန်းမစားဘဲနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီဟာ အခု ကမ္ဘာ့ဖလားမှာလည်း ဒီလို စွမ်းဆောင်နိုင်မလားဆိုတဲ့ စောင့်ကြည့်မှုတွေ ရှိနေပါတယ်။ ရော်နယ်ဒိုကတော့ “ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်း မဟုတ်ပေမယ့်၊ ချန်ပီယံဖြစ်နိုင်တဲ့အသင်းပါ” လို့ စပိန်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ၃။ နိုင်ငံတကာအဆင့်တွင် ဂိုးအများဆုံး ဥရောပကစားသမား

    ဒီစံချိန်တင်နိုင်ဖို့ သိပ်မကြာတော့ပါဘူး။ စပိန်နဲ့အဖွင့်ပွဲမှာ ၃ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၈၄ ဂိုးအထိ ရှိလာခဲ့ပြီး ဟန်ဂေရီ ဂန္တ၀င်ကစားသမား ဖီရန့်စ် ပွတ်စ်ကက်စ် တင်ထားတဲ့စံချိန်ကို လိုက်မီသွားပြီ ဖြစ်ပါတယ်။ ဒီနေ့ညကစားမည့် မော်ရိုကိုနဲ့ပွဲမှာ နောက်တစ်ဂိုး ထပ်သွင်းလိုက်တာနဲ့ ရော်နယ်ဒိုဟာ နိုင်ငံတကာအဆင့်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ ဥရောပ ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်။ (ပေါ်တူဂီဟာ ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ မော်ရိုကိုကို အနိုင်ရခဲ့ပါတယ်)

    ၄။ အလီဒါအီ၏ နိုင်ငံတကာသွင်းဂိုးစံချိန်

    ပွတ်စ်ကက်စ်ရဲ့ စံချိန်ကို ချိုးနိုင်သွားပြီးတဲ့နောက် ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ဂိုး ၁၀၀ သွင်းနိုင်ရေး ပစ်မှတ်ထားလာပါတယ်။ ဒါဆိုရင်တော့ အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ နိုင်ငံတကာ သွင်းဂိုးစံချိန် ၁၀၉ ဂိုးကို လိုက်မီဖို့လည်း ရှိနေပါတယ်။ လက်ရှိမှာ ၂၅ ဂိုး လိုနေသေးပေမယ့် နောက်ထပ် ၂ နှစ် နိုင်ငံတကာပွဲတွေ ဆက်ကစားမယ်ဆိုရင်တော့ ဒီစံချိန်ကို ချိုးနိုင်မှာ ဖြစ်ပါတယ်။

    ၅။ ချန်ပီယံလိဂ်ဖလား အများဆုံးစံချိန်

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ရီးယဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ် ဆွတ်ခူးခဲ့ပြီး မန်ယူနဲ့ တစ်ကြိမ်ရထားတဲ့ ရော်နယ်ဒိုရဲ့ စုစုပေါင်း ချန်ပီယံလိဂ်ဖလား ရရှိမှုဟာ ၅ ကြိမ် ရှိနေပါပြီ။ ရီးယဲလ်အသင်းရဲ့ စပိန်ဂန္တ၀င်ကစားသမား ပါကို ဂျန်တိုဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုအနေနဲ့ သူ့စံချိန် လိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

    ၆။ ၆ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား

    ဘာစီလိုနာတိုက်စစ်မှူး မက်ဆီလိုပဲ ရော်ဒိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ၅ ကြိမ် ရရှိထားပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက တွက်ရင် ရော်နယ်ဒိုဟာ ၄ ကြိမ်အထိ ရထားပြီး မက်ဆီကတော့ ၁ ကြိမ်သာ ရရှိထားပါတယ်။ နောက်တစ်ကြိမ်ထပ်ရမယ်ဆိုရင်တော့ ရော်နယ်ဒိုဟာ မက်ဆီကိုကျော်ပြီး ကမ္ဘာ့အကောင်းဆုံး ၆ ကြိမ်ရ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မှာပါ။ ချန်ပီယံလိဂ်မှာ ရီးယဲလ်နဲ့အတူ ဗိုလ်စွဲပြီး လက်ရှိ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ရင်တော့ ဒီဇင်ဘာမှာ ရော်နယ်ဒိုဟာ ဒီအောင်မြင်မှုကို ရနိုင်မယ့်အနေအထား ရှိနေပါတယ်။

    ၇။ ရီးယဲလ်တွင် ဖလားအများဆုံးရ ကစားသမား

    ရော်နယ်ဒိုဟာ ရီးယဲလ်မှာ ဖလား စုစုပေါင်း ၁၆ လုံးအထိ ရရှိထားပြီး ချန်ပီယံလိဂ် ၄ ကြိမ်၊ ကလပ်အသင်း ကမ္ဘာ့ဖလား တစ်ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ လာလီဂါ ၂ ကြိမ်၊ ကိုပါဒီရေး ၂ ကြိမ်၊ စပိန် စူပါကိုပါ ၂ ကြိမ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်ကစားသမားဟောင်း ပါကို ဂျန်တို ရရှိထားတဲ့ ဖလား ၂၃ လုံး စံချိန်ကို လိုက်နိုင်ဖို့အတွက် နည်းနည်း အလှမ်းဝေးနေပါသေးတယ်။ အသင်းဖော် ဆာဂျီယိုရာမို့စ်နဲ့ ၃ လုံးကွာနေပေမယ့် ရော်နယ်ဒိုဟာ ကလပ်အသင်းအဆင့် စုစုပေါင်း ဖလားရရှိမှုမှာတော့ ရာမို့စ်ထက် ပိုများပြီး မန်ယူမှာတင် ၉ လုံး ရရှိခဲ့ပါတယ်။

    ၈။ ဒီစတီဖာနို၏ သွင်းဂိုးစံချိန်

    ဧပြီလက နျူးကမ့်မှာ ဘာစီလိုနာနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့နိုင်တဲ့ ရော်နယ်ဒိုဟာ ရီးယဲလ် ဂန္တ၀င်ကစားသမား ဒီစတီဖာနို ဘာစီလိုနာနဲ့ပွဲမှာ သွင်းထားတဲ့ ဂိုးအများဆုံး ၁၈ ဂိုးစံချိန်နဲ့ တူသွားခဲ့ပါတယ်။ လာမယ့်နှစ် ရီးယဲလ်မှာ ဆက်ရှိနေပြီး ဘာစီလိုနာနဲ့ပွဲမှာ ဂိုးထပ်သွင်းနိုင်ရင်တော့ ရော်နယ်ဒိုဟာ ဒီစတီဖာနိုရဲ့ စံချိန်ကို ချိုးနိုင်မှာပါ။ မက်ဆီဟာ ရီးယဲလ်နဲ့တွေ့ဆုံမှုမှာ စုစုပေါင်း ၂၆ ဂိုးအထိ သွင်းထားပြီး ဒီစံချိန်ကို ရော်နယ်ဒိုလိုက်နိုင်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။

    ၉။ ၅ ကြိမ်မြောက် ဥရောပ ရွှေဖိနပ်ဆု

    အရင်နှစ်တွေကနဲ့စာရင် ပွဲစဉ်တွေမှာ ပါဝင်မှု နည်းလာတာကြောင့် ဒီအောင်မြင်မှုကို ရယူဖို့အတွက် နည်းနည်းခက်ခဲပါတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာ ဥရောပရဲ့ ဂိုးသွင်းအများဆုံး ဖြစ်လာမယ်ဆိုရင် ရော်နယ်ဒိုဟာ မက်ဆီတင်ထားတဲ့ ဥရောပရွှေဖိနပ်ဆု ၅ ကြိမ်ရရှိတဲ့ စံချိန်ကို မှီသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ၄ ကြိမ် ရရှိထားပြီး ရီးယဲလ်နဲ့ ၃ ကြိမ်၊ မန်ယူနဲ့တစ်ကြိမ် ဖြစ်ပါတယ်။

    ၁၀။ ရီးယဲလ်အတွက် ဂိုး ၅၀၀

    ရီးယဲလ်မက်ဒရစ်မှာ ဂိုးအများဆုံးသွင်းခဲ့ထားတဲ့ တိုက်စစ်မှူး ရာအူးလ်ရဲ့ ၃၂၃ ဂိုးစံချိန်ကို ရော်နယ်ဒိုဟာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရီးယဲလ်အတွက် ၄၃၈ ပွဲကစားရာမှာ ရော်နယ်ဒိုဟာ ဂိုးပေါင်း ၄၅၀ အထိ သွင်းထားပါတယ်။ နောက်နှစ် ဘာနေဗျူးမှာ ဆက်ရှိနေမယ်ဆိုရင် ရီးယဲလ်အတွက် ဂိုးပေါင်း ၅၀၀ ပြည့်မယ့် အလားအလာ ရှိနေပါတယ်။

    Ref: Goal