News @ M-Media
Author: Ko Lay
  • ကမ္ဘာ့ ဒုက္ခသည်အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၄ နေရာ ရှိနေ
    ကမ္ဘာ့ ဒုက္ခသည်အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၄ နေရာ ရှိနေ
    ဇွန် ၂၀၊ ၂၀၁၈
    M-Media
    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင် ဒုက္ခသည်စခန်း
    – ကမ္ဘာပေါ်က ဒုက္ခသည်အရေအတွက်မှာ မြန်မာနိုင်ငံက ထွက်ပြေးရသူတွေဟာ ၁.၂ သန်းလောက်ရှိနေပြီး စတုတ္ထမြောက်အများဆုံးဖြစ်နေတယ်လို့ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    မြန်မာနိုင်ငံက ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ သန်းဝက်လောက် ရှိခဲ့ရာကနေ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ နှစ်ဆကျော် တက်လာတာဖြစ်ပါတယ်။
    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အများဆုံးရှိတဲ့နိုင်ငံဟာ ၇ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ဖြစ်ပြီး သူ့နောက်မှာ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်နဲ့ မြန်မာတို့က အသီးသီး ရပ်တည်နေပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံက ဒုက္ခသည် အများဆုံးလက်ခံထားရတဲ့ နိုင်ငံအဖြစ် စာရင်းဝင်နေပြီး ၉၃၂၀၀၀ လောက်ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သိန်းလောက် ရှိနေကာ မလေးရှားမှာ ၉၈၀၀၀၊ အိန္ဒိယမှာ ၁၈၁၀၀ လောက်ရှိနေပါတယ်။
    ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ကမ္ဘာတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၆၈.၅ သန်းအထိ မြင့်တက်လာပြီး စံချိန်တင် မြင့်တက်လာတာဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီစောင့်ရှောက်ပေးတဲ့ သူတွေကိုလည်း မဟာမင်းကြီးက ချီးကျူးခဲ့ပါတယ်။
    မြန်မာနိုင်ငံမှာ UNHCR ဟာ ကရင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးတွေမှာ ‘ကမ္ဘာ့ဒုက္ခသည်များနေ့’ အခမ်းအနားတွေ ကျင်းပခဲ့ပြီး အစိုးရတာဝန်ရှိသူတွေ၊ ကရင်အမျိုးသားအစည်းအရုံးက ကိုယ်စားလှယ်တွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ ဒုက္ခသည်ဘ၀ကနေ မိမိနေရပ် ပြန်ရောက်လာကြသူတွေ တက်ရောက်ခဲ့ကြပါတယ်။
    Ref: Frontier Myanmar
  • အပစ်ရပ်မှုအပြီး တာလီဘန်က အာဖဂန်တွင် တိုက်ခိုက်မှု ပြန်လုပ်
    အပစ်ရပ်မှုအပြီး တာလီဘန်က အာဖဂန်တွင် တိုက်ခိုက်မှု ပြန်လုပ်
    ဇွန် ၂၀၊ ၂၀၁၈
    M-Media
    – အာဖဂန်နစ္စတနအနောက်ပိုင်း ဘဂ်ျဟီပြည်နယ်က စစ်ရေးဂိတ်နှစ်ခုကို တာလီဘန်တို့ရဲ့ ဒီနေ့မနက် တိုက်ခိုက်မှုအတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
    အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂနီက ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် အပစ်ရပ်ရေးကို ၁၀ ရက်အထိ ဆက်လက် သက်တမ်းတိုးသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေငြာခဲ့တာပါ။ ဒါပေမယ့် တာလီဘန်အဖွဲ့က လက်မခံဘူးလို့ ပြောကြားခဲ့ပြီးနောက် ဒီလိုတိုက်ခိုက်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    တိုက်ခိုက်မှုအတွင်း တာလီဘန်တွေဟာ ဘာလာမဂ်ဟဘ်က စစ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အဘ်ဒူလ် ကဖူးရ် မာလစ်ဇိုင်က ပြောကြားခဲ့ပါတယ်။
    မနေ့ညမှာ ပြည်နယ်အတွင်းက အခြားနေရာတစ်ခုကို တိုက်ခိုက်မှုအတွင်း တာလီဘန် ၁၅ ဦး သေဆုံးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
    တာလီဘန်ဟာ အာဖဂန်အစိုးရနဲ့ ၃ ရက် အပစ်ရပ်ရေးအတွက်သာ သဘောတူခဲ့ပြီး တနင်္ဂနွေနေ့မှာ အဆုံးသတ်သွားပါတယ်။
    အပစ်ရပ်မှုအတွင်း နန်ဂါဟာပြည်နယ်မှာ IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၅၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • အစ္စရေးကိစ္စ မကျေနပ်၍ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေငြာ
    အစ္စရေးကိစ္စ မကျေနပ်၍ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေငြာ
    ဇွန် ၂၀၊ ၂၀၁၈
    M-Media
    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး
    – အစ္စရေးနဲ့ပတ်သက်ပြီး နာတာရှည်ဘက်လိုက်မှုကြောင့် ကုလ လူ့အခွင့်အရေးကောင်စီက နှုတ်ထွက်တယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။
    “လူ့အခွင့်အရေးကို ပြောင်လှောင်နေတဲ့ ကြောင်သူတော်၊ တစ်ဘို့တည်းအဖွဲ့အစည်းမှာ ဆက်ပြီးပါဝင်ဖို့အတွက် စိတ်မသန့်တာကြောင့် ဒီလို နှုတ်ထွက်ရခြင်း ဖြစ်ပါတယ်” လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက အမရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့အတူ ပြောကြားခဲ့ပါတယ်။
    ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ် ဟူစိန်က အမေရိကန်အစိုးရရဲ့ ဒီလုပ်ရပ်ဟာ စိတ်ပျက်စရာဖြစ်ပေမယ့် အံ့သြစရာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    “ဒီနေ့ကမ္ဘာရဲ့ လူ့အခွင့်အရေး အခြေအနေအရ အမေရိကန်ဟာ နောက်ပြန်ဆုတ်ရမှာမဟုတ်ဘဲ၊ ရှေ့ဆက်တိုးရမှာပါ”
    ဥရောပသမဂ္ဂက ဒါဟာ ကမ္ဘာ့စင်မြင့်မှာ ဒီမိုကရေစီကို ဦးဆောင်သူ၊ ပံ့ပိုးသူဆိုတဲ့ အမေရိကန်ရဲ့အခန်းကဏ္ဍကို ပျက်စီးစေမယ့်အန္တရာယ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒါဟာ ၀မ်းနည်းဖွယ်ရာလုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
    အမေရိကန်ရဲ့ အဓိကမဟာမိတ် အစ္စရေးက အမေရိကန်အနေနဲ့ လူ့အခွင့်အရေးကောင်စီက ဒီလိုနှုတ်ထွက်မှုဟာ သတ္တိရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
    ဂါဇာကမ်းမြှောက်မှာ ပါလက်စတိုင်း အရပ်သားတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက်ကို ကုလက ပြီးခဲ့တဲ့တစ်မှာ မဲခွဲအတည်ပြုခဲ့ပြီးတဲ့နောက် အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    အစ္စရေးရဲ့လုပ်ရပ်တွေကို အရေးယူဖို့၊ စုံစမ်းစစ်ဆေးဖို့၊ ဆန့်ကျင်ရှုတ်ချဖို့အတွက် ကုလက ဆောင်ရွက်တဲ့အခါတိုင်း အမေရိကန်ဟာ အမြဲလိုလို ဗီတိုအာဏာသုံးပြီး ပယ်ချလေ့ ရှိပါတယ်။
    Ref: Aljazeera
  • အင်္ဂါနေ့ ကမ္ဘာ့ဖလားသတင်းများ
    အင်္ဂါနေ့ ကမ္ဘာ့ဖလားသတင်းများ
    ဇွန် ၁၉၊ ၂၀၁၈
    M-Media
    ဆာလာဟ် ကြံ့ခိုင်နေပြီဟု အီဂျစ်က ရုရှားကို သတိပေး
    ==============
    မိမိတို့အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာဟ်ဟာ ကြံ့ခိုင်နေပြီလို့ အီဂျစ်အသင်းနည်းပြ ဟက်တာ ကူးပါးက အိမ်ရှင်ရုရှားကို သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရခဲ့တဲ့ ပုခုံးဒဏ်ရာကြောင့် ဆာလာဟ်ဟာ ဥရုဂွေးကိုရှုံးခဲ့တဲ့ အုပ်စု A အဖွင့်ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ကူးပါးကတော့ သူတို့အနေနဲ့ ဆာ လာဟ်ရဲ့ကြံ့ခိုင်မှုကို အမြဲတမ်း စစ်ဆေးနေကြောင်း၊ ဒီနေ့ည ရုရှားနဲ့ပွဲမှာ ဆာလာဟ် ပါဝင်ကစားနိုင်မှာဖြစ်ပြီး သူဟာ အသင်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
    လက်ကျန်နှစ်ပွဲ ဖောင်ဖျက်ကစားရမည်ဟု ဂျာမနီဂိုးသမားပြော
    ================
    အုပ်စုတွင်း လက်ကျန် ၂ ပွဲဟာ ဖောင်ဖျက်ကစားရမယ့်ပွဲတွေ ဖြစ်တယ်လို့ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီ အသင်းရဲ့ ဂိုးသမား မန်နျူယဲလ် နျူအာက ပြောကြားလိုက်ပါတယ်။ အုပ်စု F အဖွင့်ပွဲစဉ် မက္ကဆီကိုနဲ့ပွဲမှာ ဂျာမနီဟာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရပြီး ပြင်ပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ ဂျာမနီရဲ့ လက်ကျန်နှစ်ပွဲဟာ ဆွီဒင်၊ တောင်ကိုရီးယားတို့နဲ့ ကစားရမှာဖြစ်ပြီး နျူအာကတော့ မိမိတို့ဟာ လုပ်နိုင်တဲ့အသင်းဆိုတာ ပြသရမယ့်အချိန်ဖြစ်ကြောင်း၊ လုပ်နိုင်မယ်လို့လည်း ယုံကြည်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဘရာဇီးလ်တိုက်စစ်မှူးနေးမာ ဒဏ်ရာကြောင့် လေ့ကျင့်ခန်းမဆင်းနိုင်
    ===============
    ဘရာဇီးလ်တိုက်စစ်မှူး နေးမာဟာ ဒဏ်ရာကြောင့် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာပြုလုပ်တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်နိုင်ခြင်းမရှိပါဘူး။ ဆွစ်ဇာလန်နဲ့ ၁ ဂိုးစီသရေကျတဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ နေးမာဟာ ပြိုင်ဘက်က စားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖြတ်ထုတ်မှုကို ၁၀ ကြိမ်လောက်အထိ ခံခဲ့ရပါတယ်။ နေးမာဟာ ခြေချောင်းကြိုးဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက အနားယူနေရတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမစခင်ကမှ ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ကစားမယ့် ကော်စတာရီကာနဲ့ အုပ်စုဒုတိယပွဲစဉ်မှာ နေးမာပါဝင်နိုင်မလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။
    Ref: Goal, Aljazeera
  • ၀န်ကြီးချုပ်ဟောင်းနာဂျစ် စွဲချက်အများအပြားဖြင့် တရားစွဲခံရမည်ဟု မဟာသီပြော
    ဇွန် ၁၉၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ငွေကြေးအလွဲသုံးစားလုပ်မှု၊ ခြစားမှုတွေအပါအ၀င် စွဲချက်များစွာနဲ့ တရားစွဲဖို့ ရှိနေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    နာဂျစ်ဟာ နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေကြေးတွေ အလွဲသုံးစားလုပ်မှုနဲ့ စုံစမ်းစစ်ဆေးမှုကို လက်ရှိမှာ ခံနေရပါတယ်။
    မဟာသီယာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အမှုတစ်ခုကို စုံစမ်းစစ်ဆေးသူတွေက တည်ဆောက်ပြီးပြီလို့ Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပြီး 1MDB လုပ်ငန်းက ငွေတွေကို အလွဲသုံးစားလုပ်မှုမှာ နာဂျစ်ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။
    “1MDB နဲ့ပတ်သက်ပြီး သူဟာ လုံးလုံးတာဝန်ရှိပါတယ်။ သူ့ရဲ့လက်မှတ်မပါဘဲနဲ့ ဘာမှ လုပ်လို့ မရပါဘူး။ 1MDB ပါဝင်တဲ့ သဘောတူညီချက်အားလုံးက သူ့ရဲ့လက်မှတ်တွေကို ကျွန်တော်တို့ ရထားပါပြီ။ ဒါ့ကြောင့် သူဟာ တာဝန်ရှိသူပါ”
    အမေရိကန် တရားရေးဌာနက 1MDB ကနေ စုစုပေါင်း ကန်ဒေါ်လာ ၄.၅ ဘီလီယံလောက် အလွဲသုံးစား လုပ်ခံခဲ့ရပြီး အဲဒီအထဲက သန်း ၇၀၀ လောက်ဟာ နာဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်တွေထဲ ရောက်သွားတယ်လို့ ပြောကြားထားပါတယ်။
    ရွေးကောက်ပွဲအနိုင်ရကာ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီးတဲ့နောက် မဟာသီဟာ နာဂျစ်ကို တိုင်းပြည်အတွင်းကနေ မထွက်ခွာဖို့ တားမြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က နာဂျစ်နဲ့ပတ်သက်တဲ့ အဆောက်အဦးတွေမှာ ၀င်ရောက်ရှာဖွေခဲ့ကြပါတယ်။ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း နာဂျစ်နဲ့ သူ့ရဲ့ဇနီး ရိုစ်မာ မန်ဆူရ်တို့ကို ခေါ်ယူ စစ်ဆေး
    ခဲ့ပါတယ်။
    နာဂျစ်ကတော့ သူ့အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ပြောကြားထားပါတယ်။
    Ref: Malaysia Kini