News @ M-Media

Author: Ko Lay

  • လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မည်

    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မည်

    မေ ၂၇၊ ၂၀၁၈
    M-Media

    – ဒီနေ့မနက် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ၂ လလောက် အနားယူရမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။

    ရီးယဲလ်က ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီး ဗိုလ်စွဲခဲ့တဲ့ အဲဒီပွဲ ပထမပိုင်း မိနစ် ၃၀ မှာပဲ ဆာလာဟ်ဟာ ရီးယဲလ်နောက်ခံလူ ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ဖြတ်ထုတ်ပုံကြောင့် ပုခုံးဒဏ်ရာရရှိကာ လူစားလဲခဲ့ရပါတယ်။

    ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ဆာလာဟ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်နိုင်တယ်လို့ ပြောကြားခဲ့ပေမယ့် အီဂျစ်ဘောလုံးအဖွဲ့ချုပ် EFA က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဇွန်လ ၁၅ ရက်နေ့ ဥရုဂွေးနဲ့ကစားမယ့် အုပ်စုအဖွင့်ပွဲမတိုင်ခင် ပြန်လည်သက်သာလာဖို့ မျှော်လင့်ချက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒါပေမယ့် ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့ ဥက္ကဌ အလ်-ရှိခ်က ဆာလာဟ်ရဲ့ဒဏ်ရာဟာ ၂ လလောက် နားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ အာရပ်စတား မိုဟာမက် ဆာလာဟ်ဟာ ဒဏ်ရာကြောင့် ၂ လောက်နားရမယ်လို့ စိတ်မကောင်းစွာနဲ့ပဲ အတည်ပြုပါတယ်။ ဒါ့ကြောင့် သူဟာ ကမ္ဘာ့ဖလားကို လွဲချော်မှာ ဖြစ်ပါတယ်”

    ရှေရှည်မှာ အန္တရာယ်ရှိနိုင်တာကြောင့် လီဗာပူးလ်အသင်းဟာ ဆာလာဟ်ကို ကမ္ဘာ့လားပြိုင်ပွဲ လွှတ်မှာ မဟုတ်ဘူးလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဟာ အီဂျစ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်နေတာလည်း ဖြစ်ပါတယ်။

    Ref: Goal

  • အမြင်အာရုံချို့တဲ့သူများအတွက် စာရေးနည်းသစ်တစ်ခုကို ဆော်ဒီကျောင်းသူ တီထွင်

    အမြင်အာရုံချို့တဲ့သူများအတွက် စာရေးနည်းသစ်တစ်ခုကို ဆော်ဒီကျောင်းသူ တီထွင်

    မေ ၂၇၊ ၂၀၁၈
    M-Media

    တာလာ အဘူလ်နာဂါ (လယ်)

    – အမြင်အာရုံချို့တဲ့သူတွေအတွက် အာရဘီစာရေးနည်းသစ်တစ်ခုကို ဆော်ဒီအာရဗျက အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လေးက တီထွင်ခဲ့ပါတယ်။

    တာလာ အဘူလ်နာဂါဆိုတဲ့ အဲဒီ မိန်းကလေးငယ်ဟာ နိုင်ငံအရှ့ပိုင်း ဒါရန်မြို့ကဖြစ်ပြီး ကျောင်းမှာ မျက်စိအလင်းမရတဲ့ ကျောင်းသူတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် စာရေးနည်းသစ်တစ်ခုကို တီထွင်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။

    တာလာရဲ့သူငယ်ချင်းဟာ ကမ္ဘာတစ်ဝှမ်း အမြင်အာရုံချို့တဲ့သူတွေ စာရေး၊ စာဖတ်အတွက် အသုံးပြုနေတဲ့ ဖောင်းကြွအစက်အခြေပြု Braille စနစ်ကို အသုံးမပြုနိုင်ပါဘူး။

    တာလာတီထွင်ခဲ့တဲ့ စနစ်သစ်ကတော့ ဂျီသြမေတြီပုံသဏ္ဍာန်တွေကို အခြေပြုပြီး အာရဘီစကားလုံးတွေကို အုပ်စု ၃ စု ခွဲထားပါတယ်။ အုပ်စုတစ်ခုချင်းစီမှာ သီးခြားသရတွေ ထည့်ပေးထားပြီး အမြင်အာရုံ ချို့တဲ့သူတွေအနေနဲ့ အာရဘီစကားလုံးတွေကို ရေးသားဖတ်ရှုရာမှာ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

    သူမက အမြင်အာရုံချို့တဲ့သူတွေဟာ ပတ်ဝန်းကျင်က အရာတွေနဲ့ပတ်သက်ပြီး ကိုယ်ပိုင်နားလည်နိုင်စွမ်းရှိကြောင်း၊ သူတို့ကို မိမိတို့ နားလည်ထားတဲ့အတိုင်း သင်ပေးလို့ မရကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန် စိတ်ပညာဆိုင်ရာအသင်းက သူမရဲ့ တီထွင်မှုကို ဂုဏ်ပြုတဲ့အနေနဲ အခုလအတွင်း ပြုလုပ်ခဲ့တဲ့ ISEF 2018 ဆုပေးပွဲမှာ အထူးဆုတစ်ခု ချီးမြှင့်ခဲ့ပါတယ်။

    Ref: Alarabiya

  • ဟိန္ဒူများအား သတ်ဖြတ်သည်ဆိုသည့် AI ၏ အစီရင်ခံစာကို အာဆာအဖွဲ့ ငြင်းဆို

    ဟိန္ဒူများအား သတ်ဖြတ်သည်ဆိုသည့် AI ၏ အစီရင်ခံစာကို အာဆာအဖွဲ့ ငြင်းဆို

    မေ ၂၆၊ ၂၀၁၈
    M-Media

    – ပြီးခဲ့တဲ့နှစ်အတွင်း ဟိန္ဒူအရပ်သားတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ Amnesty International ရဲ့ အစီရင်ခံစာပါကိစ္စကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က မနေ့မှာ ငြင်းဆိုလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ကာ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ AI ရဲ့ ဒီအစီရင်ခံစာမှာ ARSA အဖွဲ့ဟာ ဟိန္ဒူဘာသာဝင် အနည်းဆုံး ၉၀ ကျော်လောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

    ARSA အဖွဲ့ကတော့ အစီရင်ခံစာပါ အကြောင်းအရာတွေကို ပြတ်ပြတ်သားသားငြင်းဆိုကြောင်း မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပြီး လက်မခံနိုင်စရာ စွပ်စွဲချက်ဖြစ်ကြောင်း၊ မိမိတို့က ခြိမ်းခြောက်မှုလို့ မရှုမြင်တဲ့ ဟိန္ဒူတွေကို ပစ်မှတ်ထားတယ်ဆိုတာမျိုးဟာ ယုတ္တိမရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

    Amnesty ကတော့ ARSA ဟာ ဟိန္ဒူတွေကို တမင်ရည်ရွယ်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။ ဒီကိစ္စကို မြန်မာစစ်တပ်က အရင်ဆုံး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Amnesty ရဲ့ အစီရင်ခံစာကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောဆိုမှုကို
    တော့ မြန်မာအစိုးရက ငြင်းဆိုထားပြီး အခင်းဖြစ်ရာနေရာတွေကိုလည်း ဂျာနယ်လစ်တွေ၊ စုံစမ်းစစ်ဆေးသူတွေကို ၀င်ရောက်ခွင့် မပေးပါဘူး။

    Amensty ကတော့ စုံစမ်းစစ်ဆေးမှုတွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးဖို့အတွက် အစီရင်ခံစာမှာ တောင်းဆိုခဲ့ပါတယ်။

    Ref: Wall Street

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    မေ ၂၆၊ ၂၀၁၈
    M-Media

    ပလာတီနီနှင့် ဆပ်ဘလတ္တာ

    အသင်း၏ဗီဇတွင် အောင်မြင်မှုကိန်းဝပ်နေသည်ဟု ကလော့ပ်ပြော
    ==============
    မိမိတို့အသင်း ဒီလိုအဆင့်မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ပေမယ့် အသင်းရဲ့ ဗီဇဟာ ကြီးကျယ်မှုတွေနဲ့ ထိုက်တန်တဲ့ ဗီဇမျိုးဖြစ်တယ်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ လီဗာပူးလ်ဟာ ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ ဒီနေ့ညမှာ ဗိုလ်လုရမှာပါ။ ကလော့ပ်က မကစားခင် စက္ကန့်အနည်းငယ်မှာ ရီးယဲလ်ဟာ မိမိတို့ထက် ယုံကြည်မှု ပိုကောင်းနိုင်ပေမယ့် ပွဲက စက္ကန့်ပိုင်းအတွင်း ပြီးသွားမှာမဟုတ်ကြောင်း၊ မယုံကြည်နိုင်လောက်အောင် တိုက်ပွဲဝင်နိုင်တဲ့ ကစားသမားတွေ ရှိနေတဲ့အတွက် မိမိအနေနဲ့ ဂုဏ်ယူမိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ချန်ပီယံလိဂ်ဖလားအတွက် ၅၀-၅၀ ပဲဟု ဇီဒိန်းပြော
    ==================
    ဒီနေ့ညကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မိမိတို့အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်း မဟုတ်ဘူးလို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်ကို ၁၂ ကြိမ်ရထားပြီး လက်ရှိချန်ပီယံလည်းဖြစ်တဲ့ ရီးယဲလ်ဟာ ဗိုလ်စွဲဖို့အတွက် တစ်ပေးခံနေရတာပါ။ ဇီဒိန်းကတော့ နှစ်သင်းစလုံးဟာ ၅၀-၅၀ အနေအထားသာ ရှိနေကြောင်း၊ အခုလိုအဆင့်ကို ရောက်လာတဲ့အတွက် ပျော်ရွှင်ကြောင်း၊ အခွင့်အရေးကို အရယူမှာဖြစ်ပြီး ဖိအားရှိမယ်ဆိုရင်လည်း ကျော်ဖြတ်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖီဖာမှာ ကျင့်ဝတ်ဖောက်ဖျက်မှုအတွက် အရေးယူခံရမည်မဟုတ်ဟု ပလာတီနီဆို
    ==============
    ဘောလုံးလောကကနေ ၄ နှစ် ပိတ်ပင်ခံထားရတဲ့ ကိစ္စအတွက် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုခံရမှာ မဟုတ်ဘူးလို့ ယူအီးအက်ဖ်အေ ဥက္ကဌဟောင်း ပလာတီနီက ပြောပါတယ်။ ပလာတီနီဟာ ဖီဖာဥက္ကဌ ဘလတ္တာကို ဆွစ်ဖရန့် ၂ သန်း မရိုးဖြောင့်စွာ ပေးခဲ့မှုအတွက် ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ၂၀၁၅ ခုနှစ်မှာ အရေးယူခံခဲ့ရတာြ
    ဖစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးကတော့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ အဲဒီအချိန်က ပြောကြားခဲ့ပါတယ်။ ပလာတီနီက အာဏာပိုင်တွေဟာ အမှန်တရားကို သိလာပြီဖြစ်တာကြောင့် ဖီဖာမှာ သူ့ရဲ့ဆောင်ရွက်ချက်တွေအတွက် တရားစွဲဆိုမှု လုပ်မှာမဟုတ်ဘူးလို့ အသိပေးခဲ့ကြောင်း ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

    မန်ချက်စတာ ၂ သင်းစလုံးက ဖရဒ်ကို စိတ်ဝင်စားနေ
    =================
    မန်ချက်စတာအသင်း နှစ်ခုစလုံးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ရှက်တာဒိုးနက် အလယ်တန်းကစားသမား ဖရဒ်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာ မန်ယူဟာ ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ဖူးပြီး ရှက်တာဒိုးနက်က ပယ်ချခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဖရဒ်ကတော့ မန်ချက်စတာမြို့ကို သူရောက်နိုင်ကြောင်း၊ မန်ချက်စတာ နှစ်သင်းစလုံးက သူ့ရဲ့အေးဂျင့်၊ အသင်းတို့နဲ့ ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိမှာ မိမိအနေနဲ့ ကမ္ဘာ့ဖလားကိုသာ အာရုံစိုက်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC, UEFA

  • ကုရ်အာန်ကိုစော်ကားသည့် ဗိုလ်လောင်း ၃ ဦးကို ကနေဒါစစ်တပ်က ထုတ်ပယ်မည်

    ကုရ်အာန်ကိုစော်ကားသည့် ဗိုလ်လောင်း ၃ ဦးကို ကနေဒါစစ်တပ်က ထုတ်ပယ်မည်

    မေ ၂၆၊ ၂၀၁၈
    M-Media

    ကနေဒါစစ်သည်များ

    – ကုရ်အာန်ကျမ်းစာကို မလေးမစားလုပ် စော်ကားခဲ့တဲ့ ဗိုလ်လောင်း ၃ ဦးကို စစ်တပ်ကနေ ထုတ်ပယ်သွားမယ်လို့ ကနေဒါစစ်တပ် အာဏာပိုင်တွေက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အီစတာအားလပ်ရက်မှာ ဖြစ်ပွားခဲ့တာပါ။ ဗိုလ်လောင်း ၄ ဦးဟာ ကုရ်အာန်ကျမ်းစာကို ၀က်အူချောင်း၊ ခန္ဓာကိုယ်က မသန့်ရှင်းတဲ့အရည်တွေနဲ့ သုတ်လိမ်းကာ စော်ကားခဲ့တာဖြစ်ပြီး အဲဒါကို ဗီဒီယိုရိုက် မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။

    ဗီဒီယိုကို တစ်ခြားဗိုလ်လောင်းတွေကို ပြသရာကနေတစ်ဆင့် အထက်အရာရှိတွေဆီကို တိုင်ကြားခံခဲ့ရတာပါ။

    မနေ့ကထုတ်ပြန်တဲ့ စစ်တပ်ရဲ့ကြေငြာချက်မှာ အဖြစ်အပျက်အတွင်း ပါဝင်ခဲ့တဲ့ ဗိုလ်လောင်း ၄ ဦးထဲက ၃ ဦးကို ထုတ်ပယ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ စတုတ္ထတစ်ဦးကိုတော့ သတိပေးခဲ့ပြီး၊ ခေါ်ယူဆုံးမမှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

    “ဒီလို မလျော်ကန်တဲ့လုပ်ရပ်ဟာ ကျွန်တော်တို့ရဲ့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့ ဆန့်ကျင်ပြီး ကနေဒါစစ်တပ်ရဲ့ အနာဂတ်ခေါင်းဆောင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ RMC (ဗိုလ်သင်တန်းကျောင်း) မှာ ဒါမျိုးကို သည်းခံမှာမဟုတ်ပါဘူး” လို့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ရေး ချားလ်စ် လာမာရီကလည်း နောက်ပိုင်းမှာ ဗိုလ်ချုပ်တွေဖြစ်လာမယ့် ဒီလူငယ်တွေကို စစ်တပ်မှာ ထားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဗီဒီယိုဟာ ဆိုရှယ်မီဒီယာကို ရောက်မလာဘဲ စစ်တပ်အရာရှိတွေက ဖျက်ဆီးလိုက်ပါတယ်။

    စစ်တပ်ကထုတ်ပယ်မယ့်ကိစ္စကို ဗိုလ်လောင်းတွေက အယူခံဝင်ဖို့ရှိနေပြီး ဇွန်လအလယ်ပိုင်းမှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။

    Ref: Muslim News