News @ M-Media
Author: Ko Lay
  • အစွန်းရောက်ဘုန်းကြီးတစ်ဦးကို ခြိမ်းခြောက်မှုဖြင့် အပြစ်ရှိကြောင်း သီရိလင်္ကာဆုံးဖြတ်
    အစွန်းရောက်ဘုန်းကြီးတစ်ဦးကို ခြိမ်းခြောက်မှုဖြင့် အပြစ်ရှိကြောင်း သီရိလင်္ကာဆုံးဖြတ်
    မေ ၂၅၊ ၂၀၁၈
    M-Media
    အစွန်းရောက်ဘုန်းကြီး  Galagodaatte Gnanasara
    – သီရိလင်္ကာက အမုန်းတရားဟောတဲ့ အစွန်းရောက်ဘုန်းကြီးကို ရာဇ၀တ်မှုဆိုင်ရာစွဲချက်တွေအတွက် အပြစ်ရှိကြောင်း တရားရုံးက မနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
    အဲဒီဘုန်းကြီးဟာ Galagodaatte Gnanasara ဆိုသူဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ စစ်ထောက်လှမ်းရေးရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရတဲ့ ဂျာနယ်လစ်ဦးရဲ့ အမျိုးသမီးကို အရှက်ရအောင်ပြုလုပ်မှု၊ ခြိမ်းခြောက်မှု စွဲချက်နှစ်ခုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
    တရားရုံးက ဒီဘုန်းကြီးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။ စွဲချက်တစ်ခုစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
    သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ပုံမှန်သရော်လေ့ရှိတဲ့ ကာတွန်းဆရာ Sandya Eknaligoda ဟာ ၂၀၁၀ ခုနှစ်မှာ ပြန်ပေးဆွဲခံရပြီးတဲ့နောက် ဇနီးဖြစ်သူ Eknaligoda က ခင်ပွန်းပြန်လည်လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    အစွန်းရောက်ဘုန်းကြီး Gnanasar က အဲဒီ အမျိုးသမီးဟာ တမီလ်အစွန်းရောက်တွေနဲ့ ပတ်သက်နေပြီး စစ်တပ်ကို အကြည်ညိုပျက်အောင် ဆောာင်ရွက်တယ်လို့ စွပ်စွဲခဲ့သလို၊ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
    “တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်မတစ်ယောက်တည်းရဲ့ အောင်ပွဲမဟုတ်ပါဘူး။ ဒီဘုန်းကြီးရဲ့ အမူအကျင့်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ထောင်နဲ့ချီတဲ့သူတွေ အပြစ်ကင်းစင်တယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်” လို့ Eknaligoda က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်တဲ့အချိန်မှာ Gnanasar ဟာ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
    ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့ BBS ရဲ့ အတွင်းရေးမှူးဖြစ်သူ Gnanasar ဟာ မွတ်စလင်တွေအပေါ် အမုန်းပွားလာအောင် မတရားဟောကာ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဖို့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်ခဲ့သူလည်းဖြစ်ပါတယ်။
    အကြမ်းဖက်ဖို့ လှုံ့ဆော်မှုအတွက် ပြီးခဲ့တဲ့နှစ်အတွင်း ရဲတပ်ဖွဲ့ရဲ့ လိုက်လံဖမ်းဆီးမှုမှာ Gnanasar ဟာ တစ်လကျော်လောက် ထွက်ပြေးပုန်းရှောင်နေခဲ့ပါတယ်။
    BBS အဖွဲ့ဟာ ၂၀၁၄ ခုနဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။
    Ref: The Nation
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၂၅၊ ၂၀၁၈
    M-Media
    MH17 ကိစ္စ ရှင်းလင်းပွဲ
    ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားဆဲဟု မြောက်ကိုရီးယားထုတ်ပြန်
    =================
    ဇွန်လ ၁၂ ရက်နေ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်တဲ့အတွက် အလွန်ဝမ်းနည်းရတယ်လို့ တောာင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်က ပြောကြားလိုက်ပါတယ်။ မနေ့က အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ လတ်တလော မြောက်ကို
    ရီးယားရဲ့ ဒေါသတွေ ရန်လိုမှုတွေကို တွေ့ရတဲ့အတွက် အခုအချိန်ဟာ ဆွေးနွေးဖို့ မသင့်တော်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ မွန်ဂျယ်အင်ကတော့ ထရမ့်နဲ့ ကင်ကြား ထိတွေ့ဆက်ဆံမှု၊ ဆွေးနွေးမှုတွေ ပိုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူလက်နက်ကင်းစင်ရေးကိစ္စဟာ ဘယ်လိုနည်းနဲ့မှ နှောင့်နှေးလို့မရဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားက သူတို့အနေနဲ့ ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ ဒီကနေ့မှာ တုန့်ပြန်ခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ် မလေးလေယာဉ် ပစ်ချခံရမှု ရုရှားလက်ချက်ဟု စုံစမ်းစစ်ဆေးသူများပြော
    =====================
    ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှား ခရီးသည်တင်လေယာဉ် MH17 ဟာ ရုရှားရဲ့ ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာဖြစ်တယ်လို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေသူတွေက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၇ နိုင်ငံက လူပေါင်း ၂၉၈ ဦး လိုက်ပါသွားတဲ့ အဲဒီလေယာဉ်ဟာ အမ်စတာဒမ်ကနေ ကွာ
    လာလမ်ပူကိုအသွားမှာ ပစ်ချခံလိုက်ရတာပါ။ ခရီးသည်များစုကတော့ နယ်သာလန်ကဖြစ်ပါတယ်။ နယ်သာလန် စုံစမ်းစစ်ဆေးရေးမှူးအကြီးအကဲ ၀ီလ်ဘာ့တန် ပေါ်လီဆန်က ဒုံးကျည်ကို ရုရှားနိုင်ငံ ကာ့စ်ဒေသအခြေစိုက် လေကြောင်းရန်ာကွယ်ရေးတပ်ဖွဲ့က ပစ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားကတော့ ဒီပြောဆိုမှုကို အလျင်အမြန်ပဲ ငြင်းဆိုခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ရုရှားကို နာမည်ဖျက်တာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    အိန္ဒိယတောင်ပိုင်းတွင် ကလေးခိုးဂိုဏ်း ကောလဟာလကြောင့် မျက်နှာစိမ်းများကို ရိုက်နှက်သတ်ဖြတ်မှုဖြစ်
    ===============
    ဆိုရှယ်မီဒီယာကနေ ကလေးခိုးဂိုဏ်းအကြောင်း ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း မြောက်ပိုင်းသားတွေကို သင်္ကာမကင်းဖြစ်ကာ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၂၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ တမီလ်စကားမပြောသူတွေ၊ မျက်နှာစိမ်းတွေ၊ အမူအရာပျက်သူတွေကို ၀ိုင်
းရိုက်ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့ ကောလဟာလတွေကို မယုံကြဖို့ ဖြေရှင်းမှုတွေ ပြုလုပ်နေရပါတယ်။ တောင်ပိုင်းက ပြည်နယ် ၃ ခုမှာ ကလေးခိုးဂိုဏ်းတွေ သောင်းကျန်းနေတယ်ဆိုတဲ့သတင်း ဘယ်ကနေထွက်လာလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အခုလအစောပိုင်းမှာလည်း တမီလ်နာဒူးမှာ အဲဒီကိစ္စအတွက် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကို ရိုက်နှက်သတ်ဖြတ်မှုကြောင့် လူ ၃၀ ကျော်လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
    သီရိလင်္ကာတွေ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၂ ဦးသေဆုံး
    =============
    သီရိလင်္ကနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး လူ ၄ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လာမယ့်ရက်တွေအတွင်း မိုးထပ်ရွာဖို့ရှိနေတဲ့အတွက မြေပြိုမှုတွေ ရှိလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပးထားပါတယ်။ ပြီးခဲ့တဲ့နှစ် မေလနဲ့ ဇွန်လတွေတုန်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀ လောက် သေဆုံးခဲ့ပြီး သိန်းနဲ့ချီ ထွက်ပြေးခဲ့ပါတယ်။
    Ref: CNA,Aljazeera,BBC
  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    မေ ၂၄၊ ၂၀၁၈
    M-Media
    ဂျပန်ကလပ်သို့ ပြောင်းသွားသည့် အင်နီယေစတာ
    ============
    အာဆင်ဝင်းဂါးရဲ့ နောက်ဆုံးနှစ်တွေမှာ အသင်းဟာ တိုးတက်မှုမရှိဘူးလို့ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ ဆီးဗီးလားနည်းပြဟောင်း အူနိုင် အမ်မရီကို နည်းပြသစ်အဖြစ် မနေ့က ခန့်အပ်ခဲ့ပါတယ်။ အူဘာမီယန်က အသင်းမှာ အပြောင်းအလဲတစ်ခုကို လိုအပ်ခဲ့ပြီး နည်းပြသစ်နဲ့ အသင်းဟာ လတ်ဆတ်လာမှာဖြစ်ကြောင်း၊ အမ်မရီဟာ နည်းပြကောင်းတစ်ယောက်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဘာစီလိုနာကွင်းလယ်လူဟောင်း ဂျပန်ကလပ်ကို ပြောင်းရွှေ့
    =================
    ဘာစီလိုနာအသင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လမ်းခွဲခဲ့တဲ့ အင်နီယေစတာဟာ ဂျပန် ထိပ်သီးကလပ် Vissel Kobe နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် အင်နီယေစတာဟာ ဘာစီလိုနာမှာ ၂၂ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလားပေါင်း ၃၂ လုံးကို ရရှိခဲ့ပါတယ်။ လက်ရှိ Kobe အသင်းမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း လူးကက်စ်ပိုဒေါ့စကီးလည်း ကစားနေပါတယ်။ အင်နီယေစတာက အသင်းတော်တော်များများ သူ့ကို ကမ်းလှမ်းခဲ့ပေမယ့် Kobe အသင်းက သူ့ကို ယုံကြည်မှုရှိတာကြောင့် ဂျပန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Kobe မှာ အင်နီယေစတာဟာ တစ်နှစ်လုပ်ခ ကန်ဒေါ်လာ သန်း ၃၀ လောက် ရမှာဖြစ်ပါတယ်။
    ဆာလာဟ်ကိုခေါ်ရန် ဘာစီလိုနာကို ရီဗယ်ဒို တိုက်တွန်း
    ==========
    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ဘာစီလိုနာအသင်းအတွက် မွေးဖွားလာတာဖြစ်တယ်လို့ ဘာကာကွင်းလယ်လူဟောင်း ရီဗယ်ဒိုက ပြောကြားလိုက်ပါတယ်။ အန်ဖီးလ်မှာ ခြေစွမ်းပြနေတဲ့ ဆာလာဟ်ကို ရီးယဲလ်က ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေတာပါ။ ရီဗယ်ဒိုကတော့ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ဆာလာဟ်ဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့လိုပဲ သူ့ရဲ့ခြေစွမ်းကို နောက်ထပ် ၁၀ နှစ်လောက် ထိန်းထားနိုင်မှာဖြစ်ကြောင်း၊ ဘာစီလိုနာအသင်းအနေဖြင့် မရအရ ခေါ်ယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: BBC, Goal
  • ကင်ဂျုံအွန်နှင့်တွေ့ရန် စီစဉ်မှုကို ဖျက်သိမ်းကြောင်း အမေရိကန်ကြေငြာ
    ကင်ဂျုံအွန်နှင့်တွေ့ရန် စီစဉ်မှုကို ဖျက်သိမ်းကြောင်း အမေရိကန်ကြေငြာ
    မေ ၂၄၊ ၂၀၁၈
    M-Media
    – လာမယ့် ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
    ပြီးခဲ့တဲ့လက ကင်ဂျုံအွန်ဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူလက်နက်ကင်းရှင်းအောင် ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တောင်ကိုရီးယားရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကင်ဂျုံအွန်နဲ့ထရမ့်တို့ တွေ့ဆုံဖို့ ဖြစ်လာတာပါ။
    ဒါပေမယ့် မြောက်ကိုရီးယားထံကနေ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှုအပေါ် ဆန့်ကျင်တဲ့ ပြောကြားမှုတွေ ပြီးခဲ့တဲ့တစ်ပတ်မှာ ထွက်လာပြီးတဲ့နောက် တင်းမာမှုတွေ ပြန်လည် မြင့်တက်လာပါတယ်။
    ဒေါ်နယ်ထရမ့်လက်မှတ်ထိုးကာ အိမ်ဖြူတော်ကထုတ်ပြန်ခဲ့တဲ့ ဒီကနေ့ကြေငြာချက်မှာ မြောက်ကိုရီးယားရဲ့ သည်းခံမှု၊ ကြိုးစားအားထုတ်မှုတွေကို ကျေနပ်ပြီး ထိပ်သီးအစည်းအဝေးဖြစ်လာရေး ဆွေးနွေးမှုတွေကို လေးစားကြောင်း၊ ဒါပေမယ့် လတ်တလော မြောက်ကိုရီးယားရဲ့ စကားတွေမှာ ဒေါသတွေ၊ ရန်လိုမှုတွေကို တွေ့ရတဲ့အတွက် အခုအချိန်ဟာ ဆွေးနွေးပွဲလုပ်ဖို့ မသင့်လျော်ဘူးလို့ ယူဆကြောင်း ဖော်ပြထားပါတယ်။
    အိမ်ဖြူတော်၏ ကြေငြာချက်
    “ဒါ့ကြောင့် နှစ်ဖက်စလုံးအတွက် ကောင်းမွန်ပြီး၊ ကမ္ဘာကြီးအတွက် အဆုံးအဖြစ် ဖြစ်စေမယ့် စင်ကာပူထိပ်သီးအစည်းအဝေး ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ဒီကြေငြာချက်က ကိုယ်စားပြုပါစေ။ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ နျူလက်နက်အစွမ်းတွေအကြောင်း ပြောပေမယ့်၊ ကျွန်တော်တို့ကတော့ ပိုပြီးအစွမ်းထက်တဲ့ ကျွန်တော်တို့ရဲ့ လက်နက်တွေကို ဘယ်တော့မှ အသုံးမပြုပါရစေနဲ့လို့ ဘုရားသခင်ထံမှာ နှစ်နှစ်ကာကာ ဆုတောင်းမှာ ဖြစ်ပါတယ်”
    ထိပ်သီးဆွေးနွေးမှုကို ဘယ်တော့ ပြန်လုပ်မလဲဆိုတာကို ကြေငြာချက်မှာ တိတိကျကျ ဖော်ပြထားခြင်းမရှိဘဲ၊ အမေရိကန် ဓားစားခံနှစ်ယောက်ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဒေါ်နယ်ထရမ့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “တကယ်လို့ အရေးပါဆုံး ဒီထိပ်သီးအစည်းအဝေးအတွက် ခင်ဗျားအနေနဲ့ စိတ်ပြောင်းသွားမယ်ဆိုရင် ကျွန်တော့်ကို ဖုန်းခေါ်ပါ၊ ဒါမှမဟုတ် စာရေးပါ။ ကမ္ဘာကြီး၊ အထူးသဖြင့် မြောက်ကိုရီးယားဟာ ငြိမ်ချမ်းရေး၊ သာယာဝပြောရေးနဲ့ ချမ်းသာကြွယ်ဝရေး မဟာခွင့်အလမ်းကြီးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါပြီ။ ဒါဟာ သမိုင်းမှာ
    တကယ့်ကို ၀မ်းနည်းစရာ ဆုံးရှုံးမှုကြီးပါပဲ” လို့ ကြေငြာချက်ကို အဆုံးသတ်ထားပါတယ်။
    Ref: CNA
  • ဘရာဇီးလ်ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟို အမျိုးသမီးနှစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်မည်
    ဘရာဇီးလ်ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟို အမျိုးသမီးနှစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်မည်
    မေ ၂၄၊ ၂၀၁၈
    M-Media
    – ဘရာဇီးလ်အသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုတစ်ယောက် လာမယ့်သြဂုတ်လမှာ အမျိုးသမီးနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်တော့မယ်လို့ ဘရာဇီးလ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
    ရော်နယ်ဒင်ဟိုဟာ Priscilla Coelho နဲ့ Beatriz Souza ဆိုတဲ့ အမျိုးသမီးနှစ်ယောက်နဲ့ ရီယိုဒီဂျနေရိုးက ဇိမ်ခံတိုက်ခန်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက အတူနေထိုင်ခဲ့တာဖြစ်ပြီး ဘယ်နေရာသွားသွား ၃ ယောက်စလုံး အတူသွားကြတာ ဖြစ်ပါတယ်။
    ဘရာဇီးလ်က O Dia သတင်းစာက ရော်နယ်ဒင်ဟိုတစ်ယောက် Priscilla နဲ့ အရင် ချစ်ကြိုက်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ Beatriz နဲ့ ထပ်တွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးနှစ်ယောက်စလုံးဟာ ရော်နယ်ဒင်ဟို ထံကနေ လစဉ် ငွေကြေးအမြောက်များ ရရှိတယ်လို့ ဆိုပါတယ်။
    ဇန်န၀ါရီလမှာ နှစ်ယောက်စလုံးကို ရော်နယ်ဒင်ဟိုက စေ့စပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ လာမယ့်သြဂုတ်လအတွင်း သူ့ရဲ့ ကန်ဒေါ်လာ ၆.၇ သန်းတန် စံအိမ်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
    ၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့ဖလား၊ ၂၀၀၆ ခုနှစ်မှာ ချန်ပီယံလိဂ်၊ ၂၀၀၅ ခုနှစ်မှာ ကွန်ဖက်ဒရေးရှင်းဖလားတွေကို ရရှိခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ ကစာသမားဘ၀ နောက်ဆုံးအချိန်ကို ဘရာဇီးလ်မှာ ကုန်ဆုံးခဲ့ပြီး အခုနှစ် ဇန်န၀ါရီလမှာ ဘောလုံးလောကကနေ အနားယူခဲ့ပါတယ်။
    Ref: RT