News @ M-Media
Author: Ko Lay
  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၂၁၊ ၂၀၁၈
    M-Media
    အင်ဒိုတွင် ထရမ့်ကားက အိမ်များကို ၀င်တိုက်မှု
    အင်ဒိုနီးရှားတွင် ထရပ်ကားတစ်စီး အိမ်များကို ၀င်တိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး
    ==============
    အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ်မှာ မနေ့က သကြားတင်လာတဲ့ ထရပ်ကားတစ်စီး တောင်အဆင်းလမ်းမှာ ဘရိတ်ပေါက်ပြီး ဆိုင်ကယ် ၁၃ ဆီးနဲ့ အိမ် ၇ လုံးကို ၀င်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်းရှိနေပြီး ကားဒရိုင်ဘာရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။ ဖေဖော်ဝါရီလတုန်းကလည်း အနောက်ဂျာဗားပြည်နယ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို တင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၂၇ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    လ၏ အမှောင်ခြမ်းကို လေ့လာမည့် ဂြိုဟ်တုတစ်လုံး တရုတ်လွှတ်တင်
    ============
    လရဲ့ မှောင်နေတဲ့အခြမ်းကို လေ့လာမှုတွေ ပြုလုပ်မယ့် ဂြိုဟ်တုတစ်စင်းကို တရုတ်နိုင်ငံက နိုင်ငံအနောက်ပိုင်း Xichang အာကာသစခန်းကနေ ဒီကနေ့မှာ လွှတ်တင်လိုက်ပါတယ်။ Queqiao ခေါ်တဲ့ အဲဒီဂြိုဟ်တုဟာ ကမ္ဘာမြေကနေ ကီလိုမီတာပေါင်း ၄၅၅၀၀၀ ဝေးတဲ့ ပတ်လမ်းမှာ လည်ပတ်မယ့် ကမ္ဘာ့ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု ဖြစ်လာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၃၀ ရောက်ရင် ရုရှားနဲ့ အမေရိကန်တို့လို အာကာသအင်အားကြီးနိုင်ငံတစ်ခုဖြစ်ဖို့ မျှော်မှန်းထားပြီး လာမယ့်နှစ်မှာ ကိုယ်ပိုင် အာကာသစခန်းတစ်ခုကို လွှတ်တင်ဖို့ ရှိနေပါတယ်။
    ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ရန် အီးယူကို အီရန် တိုက်တွန်း
    ==========
    အမေရိကန်နှုတ်ထွက်သွားပြီးတဲ့နောက် ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ဆက်လက်ရှင်သန်နေဖို့အတွက် ဥရောပသမဂ္ဂအနေနဲ့ အီရန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့လိုတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က မနေ့မှာ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ အမေရိကန်က အီရန်အပေါ် ပြုလုပ်မယ့် စီးပွားရေးပိတ်ဆို့မှုတွေကို ဥရောပကုမ္ပဏီတွေ မခံစားရအောင် ဥပဒေတစ်ခု ပြဌာန်းသွားမယ်လို့ ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဥရောပကုမ္ပဏီ တော်တော်များများကတော့ အီရန်နဲ့ အလုပ်လုပ်ကိုင်ဖို့ စိုးရိမ်ကြောင်း ပြောကြားနေကြပါတယ်။
    အငြင်းပွားပိုင်နက်တွင် တရုတ်ဗုံးကြဲလေယာဉ်ရှိနေမှု ဖိလစ်ပိုင် ကန့်ကွက်
    =============
    ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ရှိနေတဲ့အတွက် အလွန်အမင်းစိုးရိမ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် စစ်ရေးလေ့ကျင့်မှုမှာ H-6K လို ဗုံးကြဲလေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်က ကျွန်းတွေမှာ ဆင်းသက်တာ၊ ပျံတက်တာတွေ လုပ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအတွက် ဖိလစ်ပိုင်လွှတ်တော်အမတ်တွေက ဒေါသထွက်ခဲ့ပြီး အမေရိကန်ကလည်း အငြင်းပွားကျွန်းတွေအနီးကို သင်္ဘောတွေ လွှတ်ထားပါတယ်။
    Ref: CNA, Aljazeera
  • တိုင်းပြည်ဥပဒေကို လေးစားလိုက်နာဖို့ အစိုးရ၀န်ထမ်းများကို မဟာသီ တိုက်တွန်း
    တိုင်းပြည်ဥပဒေကို လေးစားလိုက်နာဖို့ အစိုးရ၀န်ထမ်းများကို မဟာသီ တိုက်တွန်း
    မေ ၂၁၊ ၂၀၁၈
    M-Media
    – နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တိုင်းပြည်အတွင်း ပူးပေါင်းဆောင်ရွက်ကြဖို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က တိုက်တွန်းခဲ့ပြီး သူကိုယ်တိုင်က ဥပဒေချိုးဖောက်ရင်တောင် လက်မခံကြဖို့ ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ ၀န်ထမ်းတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ မဟာသီက ဒီလို ထည့်သွင်းပြောဆိုခဲ့တာပါ။
    “အရင်က ကျွန်တော်တို့ဟာ အကြွေး ရင်းဂစ် ဘီလီယံ ၃၀၀ (ကန်ဒေါ်လာ ၇၅.၅ ဘီလီယံ) မကျော်ပါဘူး။ ဒါပေမယ့် အခုတော့ ထရီလီယံတောင် ကျော်နေပြီ။ ဒီအကြွေးပြဿနာကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ။ အဲဒီအတွက် အစိုးရနဲ့ အုပ်ချုပ်ရေးဌာနတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါပေမယ့် အစိုးရက ဥပဒေနဲ့ဆန့်ကျင်တဲ့အမိန့်မျိုး ပေးရင်တော့ အုပ်ချုပ်ရေးဌာနတွေက ဘာတစ်ခုမှ လိုက်လုပ်စရာမလိုပါဘူး။ ၀န်ကြီးချုပ်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တိုင်းပြည်ရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်သမျှ ကာလပတ်လုံး ခင်ဗျားတို့ (၀န်ထမ်းတွေ) ဆီက မခိုမကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ရမယ်လို့ မျှော်လင့်ပါတယ်”
    မတော်မတရားလုပ်တာမျိုးတွေ မရှိအောင် လုပ်ပိုင်ခွင့်ကို ခွဲပေးထားဖို့လိုတယ်လို့လည်း ဒေါက်တာ မဟာသီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ပြီးခဲ့တဲ့နှစ်တွေမှာ အုပ်ချုပ်ရးဌာနဟာ သူတို့ကို ခိုင်းတဲ့အမိန့်ကို အသိအမှတ်ပြုဖို့၊ ဒါမှမဟုတ် ဆန့်ကျင်ဖို့ အင်အားမရှိပါဘူး။ ဒါဟာ ကြောက်စရာပါ။ ခြစားမှု တွေဖြစ်နိုင်တဲ့ကိစ္စပါ”
    ဒေါက်တာမဟာသီရဲ့ အာဏာရ မဟာမိတ်အဖွဲ့ Pakatan Harapan ဟာ အစိုးရဖွဲ့ပြီး ရက် ၁၀၀ အတွင်း အဲဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုထားပါတယ်။
    အစိုးရသစ်ရဲ့ အဓိကအလုပ်ဟာ တိုင်းပြည် ပြန်လည်ရှင်သန်လာဖို့နဲ့ ကမ္ဘာ့မျက်နှာစာမှာ လေးစားမှု ပြန်ရဖို့ကြောင်း၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ အောင်မြင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ပြန်လည်အသိအမှတ်ပြုခံရရေး ကြိုးစားရမှာဖြစ်ကြောင်း ၀န်ကြီးချုပ် မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်
    တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်
    မေ ၂၀၊ ၂၀၁၈
    M-Media
    – အပြန်အလှန် ပြုလုပ်ထားကြတဲ့ အခွန်တိုးမြှင့်ကောက်မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းဖို့အတွက် တရုတ်နဲ့ အမေရိကန်တို့က သဘောတူခဲ့ကြပါတယ်။
    နှစ်နိုင်ငံ ကုန်သွယ်ရေးမညီမျှမှုကို လျှော့ချဖို့အတွက် အမေရိကန်ရဲ့ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေကို ပိုမိုတင်သွင်းရေး ရည်ရွယ်တဲ့ ဆွေးနွေးမှုကို ၀ါရှန်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီသဘောတူညီချက် ထွက်လာတာ ဖြစ်ပါတယ်။
    အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မူချင်က တရုတ်နိုင်ငံဟာ အမေရိကန်က တင်သွင်းတဲ့ ဘယ်အရာကိုမဆို အခွန်လျှော့ချလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်ဒုတိယ၀န်ကြီးချုပ် လူဟီကလည်း ဒီသဘောတူညီချက်ဟာ အနိုင်-အနိုင် အနေအထားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
    အခုသဘောတူညီချက်ကြောင့် မိမိတို့ဟာ တရုတ်နဲ့ နှစ်စဉ် ကုန်သွယ်ရေးကွာဟချက်ကို ၃၃၅ ဘီလီယံအထိ လျှော့ချနိုင်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ အိမ်ဖြူတော်က ကွာဟချက်ကို ဘီလီယံ ၂၀၀ လောက်အထိ လျှော့ချချင်နေပြီး လက်ရှိ သဘောတူညီချက်နဲ့ပတ်သက်လို့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
    မစ္စတာ မူချင်က နှစ်ဖက်စလုံးဟာ အင်မတန်အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုကို ပြုလုပ်ခဲ့ပြီး တရုတ်က အမေရိကန်ဆီကနေ ကုန်ပစ္စည်းတွေ ပိုမိုတင်သွင်းကာ ကုန်သွယ်ရေးကွာဟချက်ကို လျှော့ချနိုင်မယ့် မူဘောင်တစ်ခုကို သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
    အမေရိကန်ရဲ့ ဉာဏစွမ်းအားတွေကို တရုတ်က ခိုးယူနေတယ်လို့ စွပ်စွဲကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုနှစ်အစောပိုင်းမှာ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တွေတိုးကောက်ဖို့ စီစဉ်ခဲ့တာပါ။ တရုတ်ကလည်း အမေရိကန် ပစ္စည်းတွေကို အခွန်ပိုမိုကောက်သွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    Ref: BBC
  • နိုင်ငံခြားချေးငွေကြောင့် သီရိလင်္ကာနိုင်ငံ အကြွေးနွံနစ်မည့် အခြေအနေတွင် ရှိနေ
    နိုင်ငံခြားချေးငွေကြောင့် သီရိလင်္ကာနိုင်ငံ အကြွေးနွံနစ်မည့် အခြေအနေတွင် ရှိနေ
    မေ ၂၀၊ ၂၀၁၈
    M-Media
    အရှုံးပြနေသည့် သီရိလင်္ကာ လေကြောင်းလိုင်း
    – ယခင်အစိုးရလက်ထက်မှာ နိုင်ငံခြားကငွေတွေချေးကာ စီမံကိန်းကြီးတွေ မဆင်မခြင်လုပ်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် နိုင်ငံဟာ အကြွေးနွံနစ်မယ့် အနေအထားကို ဦးတည်နေတယ်လို့ သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီးက ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။
    အခုနှစ်အတွင်း နိုင်ငံကပေးရမယ့် အကြွေးနဲ့ အတိုးတွေဟာ ကန်ဒေါ်လာ ၂.၈၄ ဘီလီယံလောက်အထိ ရောက်လာနိုင်တယ်လို့ ၀န်ကြီး မန်ဂါလာ ဆာမာရာဝီရာက ဆိုပါတယ်။ ဒီအကြွေးတွေဟာ သမ္မတ မာဟင်ဒါ ရာဂျာပက်ဆီလက်ထက်မှာ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေကြောင့် ဖြစ်ပါတယ်။
    “အကြွေးပြဿနာက နောက်နှစ်စ်မှာ ပိုဆိုးဖို့ရှိပါတယ်။ ရာဂျာပက်ဆီလက်ထက်က သူနဲ့ နောက်လိုက်တစ်စု ဖြုန်းခဲ့တာ၊ ခြစားခဲ့တာ၊ လိမ်လည်ခဲ့တာတွေကို ပြန်ပေးရမယ့် အကြွေးတွေပါ” လို့ ဆာမာရာဝီရာက ပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အကြွေးဟာ ၄.၂၈ ဘီလီယံအထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။
    သိရီလင်္ကာရဲ့ နိုင်ငံခြားအရန်ငွေဟာ ဧပြီလအကုန်မှာ ၉.၉ ဘီလီယံရှိတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။
    ဆာမာရာဝီရာက ရာဂျာပက်ဆီဟာ ၁၀ နှစ်တာကြာမြင့်ခဲ့တဲ့ သူရဲ့ အုပ်ချုပ်မှုအတွင်း နောက်ဆုံးနှစ်မှာ ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက်ကို အတိုးအများအပြားနဲ့ ချေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    ရာဂျာပက်ဆီဟာ သူ့ရဲ့ အခြေခံအဆောက်အဦး မဟာစီမံကိန်းကြီးအတွက် တရုတ်ဆီက အလွန်အမင်း ပိုက်ဆံတွေ ချေးယူတဲ့အတွက် စီးပွားရေးတန်ဖိုး ကန်ဒေါ်လာ ၈၇ ဘီလီယံရှိတဲ့ သီရိလင်္ကာနိုင်ငံအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်ခဲ့ပါတယ်။
    နောက်ဆက်တွဲအဖြစ် လက်ရှိအစိုးရဟာ ရေနက်ဆိပ်ကမ်းတစ်ခုကို တရုတ်လက်ထဲ နှစ် ၁၀၀ လောက် ထိုးအပ်ခဲ့ရပါတယ်။
    သီရိလင်္ကာဟာ အကြွေးတွေဆပ်ဖို့အတွက် ၂၀၁၆ ခုနှစ် ဇွန်လမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် ချေးယူဖို့ မေတ္တာရပ်ခံခဲ့ပြီး လက်ရှိအချိန်အထိ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
    Ref: CNA
  • ဘင်္ဂလားဒေ့ရှ်က မူးယစ်မှောင်ခိုသမားများကို ပြင်းပြင်းထန်ထန်နှိမ်နှင်း
    ဘင်္ဂလားဒေ့ရှ်က မူးယစ်မှောင်ခိုသမားများကို ပြင်းပြင်းထန်ထန်နှိမ်နှင်း
    မေ ၂၀၊ ၂၀၁၈
    M-Media
    – ဘင်္ဂလားဒေ့ရှ်ဟာ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို ပြင်းပြင်းထန်ထန် လုပ်ဆာင်နေပြီး စစ်ဆင်ရေးတွေအတွင်း မူးယစ်မှောင်ခိုသမား အနည်းဆုံး ၁၃ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    အင်္ဂါနေ့က စီးနင်းမှုအတွင်း မှောင်ခိုသမား ၉ ဦး သေဆုံးခဲ့ပြီး၊ ဒီနေ့မနက်ပိုင်း စစ်ဆင်ရေးမှာတော့ နောက်ထပ် ၄ ဦး သေဆုံးခဲ့ပါတယ်။
    မေလအစောပိုင်းကတည်းက စတင်ခဲ့တဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း မူးယစ်မှောင်ခိုသမား၊ ဒါမှမဟုတ် သုံးစွဲသူလို့ ယူဆရသူ ၂၃၀၀ ၀န်းကျင်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း စစ်ဆင်ရေးကို ကိုင်တွယ်နေတဲ့ Rapid Action Battalion တပ်ဖွဲ့က ပြောပါတယ်။ ကန်ဒေါ်လာ ၂.၅ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
    မူးယစ်မှောင်ခိုသမားတွေအနေနဲ့ အဖမ်းခံကြဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဒီလိုမှမဟုတ်ရင် ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးထားတာပါ။
    ယာဘလို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေ မြန်မာနိုင်ငံဖက်က အမြောက်အမျာတင်သွင်းမှုကို ဘင်္ဂလားဒေ့ရှ်က ရင်ဆိုင်နေရပြီး၊ မြန်မာစစ်တပ်ကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခတွေက ယူဆောင်လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
    ဘင်္ဂလားဒေ့ရှ်ရဲ့ မူးယစ်နှိမ်နှင်းမှုမှာ ဝေဖန်မှုတွေ ရှိနေပြီး တပ်ဖွဲ့တွေဟာ တရားလက်လွတ် သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုတွေက ပြောကြားခဲ့ပါတယ်။
    Ref: CNA