News @ M-Media
Author: Ko Lay
  • သောကြာနေ့ ဘောလုံးသတင်းများ
    သောကြာနေ့ ဘောလုံးသတင်းများ
    မေ ၁၈၊ ၂၀၁၈
    M-Media
    အာဆင်နယ်ကိုကိုင်တွယ်ရန် ကွင်းလယ်လူဟောင်း အာတီတာ သဘောတူ
    ================
    အာဆင်နယ်အသင်းကို ကိုင်တွယ်ဖို့အတွက် ကွင်းလယ်လူဟောင်း အာတီတာဟာ မူအရ သဘောတူလိုက်ပါတယ်။ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်နေတဲ့ အာတီတာဟာ ၀င်းဂါးနေရာကို အစားထိုးဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရေပန်းစားလာခဲ့ပြီး ၀င်းဂါးကိုယ်တိုင်ကလည်း အာတီတာကို ထောက်ခံထားပါတယ်။ အာဆင်နယ်နဲ့ အာတီတာတို့ မူအရ သဘောတူညီချက်ရခဲ့ပေမယ့် လက်မှတ်ရေးထိုးတာ မရှိသေးဘဲ လာမယ့်ရက်ပိုင်းမှာ တရားဝင်ကြေငြာဖို့ ရှိနေပါတယ်။ အာတီတာကို အာဆင်နယ်အသင်းက ၀န်ထမ်းတွေကလည်း ထောက်ခံထားပါတယ်။
    အသင်းအခြေအနေကို FA ဖလားဗိုလ်ပွဲနှင့် သုံးသပ်၍မရဟု မော်ရင်ဟိုပြော
    =================
    မန်ယူအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ စွမ်းဆောင်ရည်ကို မနက်ဖြန်ကစားမယ့် FA ဖလား ဗိုလ်လုပွဲရလဒ်နဲ့ ဆုံးဖြတ်လို့မရဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ ရာသီသိမ်းခဲ့ပြီး ၂၀၁၂-၁၃ နောက်ပိုင်း အမြင့်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ မနက်ဖြန်မှာကစားမယ့် ချယ်ဆီးနဲ့ FA ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်မယ်ဆိုရင် မန်ယူဟာ ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းမှာပါ။ မော်ရင်ဟိုကတော့ တစ်ပွဲတည်းနဲ့ သူ့အသင်းအခြေအနေကို သုံးသပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
    အင်္ဂလန်အသင်းမှ ချန်လှပ်ခံရမှုအတွက် ဂျိုးဟတ် မကျေနပ်
    =============
    လာမယ့်လ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းကနေ ချန်လှပ်ခံရမှုကို လက်ခံဖို့ ခက်ခဲတယ်လို့ ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျိုးဟတ်ဟာ အင်္ဂလန်အသင်းအတွက် ၇၁ ပွဲ ကစားပေးထားပြီး ပြီးခဲ့တဲ့ အဓိကပြိုင်တွေမှာ ဆက်တိုက် ပါဝင်ကစားခွင့် ရခဲ့တာပါ။ ဒါပေမယ့် အခုတစ်ပါတ်အတွင်း ထွက်လာတဲ့ နည်းပြဆောက်ဂိတ်ရဲ့ ၂၃ ဦးလူစာရင်းမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ဂျိုးဟတ်က ဒီအတွက် မကျေနပ်ဘဲ အသင်းကို သူဘာတွေပေးဆပ်ခဲ့သလဲဆိုတာ သူသာအသိဆုံးလို့ ဆိုပါတယ်။
    ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ရော်နယ်ဒို အကောင်းဆုံးအနေအထားတွင် ရှိနေ
    =================
    မေလ ၂၆ ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ရေး တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုဟာ ၁၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ အခုလအစောပိုင်း ဘာစီလိုနာနဲ့ သရေကျခဲ့တဲ့ လာလီဂါပွဲမှာ ရော်နယ်ဒိုဟာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ ဇီဒိန်းကတော့ မနက်ဖြန်ကစားမယ့် ဗီလာရီးယဲလ်နဲ့ လာလီဂါနောက်ဆုံးပွဲမှာပါ ရော်နယ်ဒို ပါဝင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: BBC, Goal
  • ဂါဇာတွင် အစ္စရေး၏သတ်ဖြတ်မှုများအား စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းမည်
    ဂါဇာတွင် အစ္စရေး၏သတ်ဖြတ်မှုများအား စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းမည်
    မေ ၁၈၊ ၂၀၁၈
    M-Media
    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်ရေးအတွက် စစ်ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု စေလွှတ်ဖို့ ကုလ လူ့အခွင့်အရေးကောင်စီက ဒီကနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
    လုံခြုံရေးကောင်စီက အတည်ပြုခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းမှာ ‘လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တစ်ခု အမြန်ဆုံးစေလွှတ်ဖို့’ တိုက်တွန်းထားပါတယ်။ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၁၄ နိုင်ငံက ကြားနေခဲ့တာ၊ ၂ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။
    စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ‘၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က စတင်ခဲ့တဲ့ အရပ်သားတွေရဲ့ ဆန္ဒပြမှုကို စစ်ဆင်ရေးနည်းလမ်းနဲ့ နှိမ်နှင်းမှုအတွင်း ချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှု’ ပြုလုပ်ရမယ်လို့လည်း ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။
    ဒီကနေ့မနက်အစောပိုင်းကလည်း လူ့အခွင့်အရေးကောင်စီအကြီးအကဲ ဇိုက် ရာအဒ် အလ် ဟူစိန်က ဂါဇာကိစ္စမှာ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ရေး တိုက်တွန်းမှုတွေကို ထောက်ခံခဲ့ပါတယ်။
    တနင်္လာနေ့တုန်းက ဂါဇာမှာ ဆန္ဒပြလူအုပ်ကို အစ္စရေး စနိုက်ပါသမားတွေက ပစ်ခတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၆၂ ဦး သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်သည့် အစွန်းရောက်အဖွဲ့ခေါင်းဆောင်ကို အင်ဒိုက သေဒဏ်ပေးရန် စီစဉ်
    ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်သည့် အစွန်းရောက်အဖွဲ့ခေါင်းဆောင်ကို အင်ဒိုက သေဒဏ်ပေးရန် စီစဉ်
    မေ ၁၈၊ ၂၀၁၈
    M-Media
    အစ္စလာမ်ဘာသာရေးခေါင်းဆောင် အေမန် အဘ်ဒူရဟ်မန်
    – ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆူရာဘာယာက ခရစ်ယာန်ဘုရားကျောင်းတွေကို တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွးအဖွဲ့ Jemaah Ansharut Daulah (JAD) က ခေါင်းဆောင်လို့ ယူဆရသူကို သေဒဏ်ပေးဖို့အတွက် အင်ဒိုနီးရှား အစိုးရရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။
    အစ္စလာမ်ဘာသာရေးခေါင်းဆောင် အေမန် အဘ်ဒူရဟ်မန်ဆိုသူဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်မှု၊ လှုံ့ဆော်မှုတွေအတွက် လက်ရှိမှာ တရားရင်ဆိုင်နေရပါတယ်။
    အစိုးရရှေ့နေ အေနီတာ ဒီဝါယာနီက အဘ်ဒူရဟ်မန်ဟာ ပြည်သူတွေကြားထဲမှာ အကြမ်းဖက်ရပ်ဝန်းတစ်ခု ဖန်တီးသူဖြစ်တဲ့အတွက် သေဒဏ်ပေးဖို့ ဂျကာတာတောင်ပိုင်း ခရိုင်တရားရုံးက တရားသူကြီးတွေကို ဒီကနေ့ ကြားနာမှုမှာ တောင်းဆိုခဲ့ပါတယ်။
    အာဏာပိုင်တွေက အဘ်ဒူရဟ်မန်ဟာ IS အကြမ်းဖက်အဖွဲ့အပေါ် သစ္စာခံတဲ့ အင်ဒိုနီးရှား အစွန်းရောက်အဖွဲ့ Jemaah Ansharut Daulah (JAD) ရဲ့ အဓိကခေါင်းဆောင်ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ အဲဒီအဖွဲ့ဟာ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့မှာ ဒုတိယမြို့တော် ဆူရာဘယာက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ရဲဌာနချုပ်တို့ကို တိုက်ခိုက်မှုပြုလုပ်တယ်လို့ ပြစ်တင်ခံထားရပါတယ်။
    အဲဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
    ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကလည်း ဗုံးခွဲသမားနဲ့ သေနတ်သမား စုစုပေါင်း ၄ ဦးဟာ ဂျကာတာက ဈေးဝယ်ဒေသတစ်ခုမှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး တိုက်ခိုက်သူတွေအပါအ၀င် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
    အဲဒီအချိန်ကတည်းက အဘ်ဒူရဟ်မန်ကို ဖမ်းဆီး အချုပ်ချခဲ့တာဖြစ်ပါတယ်။ သူဟာ အကျဉ်းထောင်ထဲကနေပြီး တိုက်ခိုက်မှုတွေကို ကြိုးကိုင်နေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
    Ref: Press TV
  • ယူအေအီးတွင် ခရစ်ယာန်လုပ်ငန်းရှင်က မွတ်စလင်လုပ်သားများအတွက် ဗလီဆောက်ပေး
    ယူအေအီးတွင် ခရစ်ယာန်လုပ်ငန်းရှင်က မွတ်စလင်လုပ်သားများအတွက် ဗလီဆောက်ပေး
    မေ ၁၈၊ ၂၀၁၈
    M-Media
    ချီရီယန်ကို ၎င်းဆောက်ပေးထားသည့် ဗလီအရှေ့တွင် တွေ့ရစဉ်
    – ယူအေအီးမှာအခြေစိုက်တဲ့ အိန္ဒိယ ခရစ်ယာန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့အလုပ်က မွတ်စလင်အလုပ်သမားတွေ ၀တ်ပြုဆုတောင်းနိုင်ဖို့အတွက် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ပေးခဲ့ပါတယ်။
    ဆာဂျီ ချီရီယန်ဆိုတဲ့ လုပ်ငန်းရှင်ဖြစ်ပြီး သူဟာ ၂၀၀၃ ခုနှစ် ယူအေအီးကိုရောက်စဉ်အချိန်က ငွေကြေးအနည်းငယ်သာ ပါလာခဲ့ကာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း စီးပွားရေးလုပ်ငန်းကြီးတစ်ခု တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    အလုပ်သမားတွေဟာ ဗလီဝတ်ကျောင်းတော်ကို တက္ကဆီတွေ ငှားသွားရတာကို တွေ့ခဲ့ရပြီးတဲ့နောက် သူတို့အတွက် ၀တ်ပြုရာနေရာတစ်ခု ဆောက်လုပ်ပေးဖို့ ချီရီယန်က စီစဉ်ခဲ့ပါတယ်။
    “ဗလီမှာ သောကြာနေ့ဝတ်ပြုဖို့အတွက် သူတို့ဟာ ဖူဂျိုင်ရာက အခြားစက်မှုဇုန်တစ်ခုကို ဒီရ်ဟမ် ၂၀ (ကန် ၅.၄၄ ဒေါ်လာ) အကုန်အကျခံကာ တက္ကဆီစီးသွားနေရပါတယ်။ ဒါ့ကြောင့် သူတို့အဆောင်ဘေးနားမှာ ဗလီတစ်လုံးလောက်ဆောက်ပေးလိုက်ရင် သူတို့ ပျော်ရွှင်သွားမှာပဲလို့ ကျွန်တော် အတွေးဝင်ခဲ့ပါတယ်” လို့ ချီရီယန်က ပြောပါတယ်။
    လူပေါင်း ၂၅၀ လောက် တစ်ပြိုင်တည်းဝတ်ပြုနိုင်တဲ့ အဆိုပါ ဗလီဝတ်ကျောင်းတော်အတွက် ဒီရ်ဟမ် ၁.၃ သန်း (ကန်ဒေါ်လာ ၃၅၄၀၀၀) ကုန်ကျခဲ့ပါတယ်။ ဗလီရဲ့ ပရဝုဏ်ပါ ထည့်တွက်မယ်ဆိုရင် လူပေါင်း ၇၀၀ လောက် ၀တ်ပြုနိုင်မှာဖြစ်ပါတယ်။
    ဗလီဝတ်ကျောင်းတော်ကို လွန်ခဲ့တဲ့တစ်နှစ်လောက် တည်ဆောက်ခဲ့တာဖြစ်ပြီး အခုနှစ် ရမ်ဇာန်ဥပုသ်လအမှီ ပြီးစီးသွားခဲ့ပါတယ်။
    “ကျွန်တော် ဗလီဆောက်မယ့်သတင်း ပြန့်သွားတဲ့အခါမှာ တစ်ချို့တွေက ငွေသားအလှူငွေထည့်တာ၊ သဲတို့၊ ဆေးတို့လို ဆောက်လုပ်ရေးပစ္စည်းတွေ ၀ယ်ပေးတာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဗလီကို ကျွန်တော်တစ်ယောက်တည်းရဲ့ ပိုက်ဆံနဲ့ ဆောက်လုပ်ချင်တာကြောင့် ဒါတွေအားလုံးကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ပါတယ်” လို့ ချီရီယန်က ဆိုပါတယ်။
    ဗလီဝတ်ကျောင်းတော်ကိုတော့ ယေရှုခရစ်တော်ရဲ့ မိခင် မေရီသခင်မရဲ့ အာရဘီအခေါ်အဝေါ် ‘မရ်ယမ်’ လို့ အမည်မှည့်ခေါ်ခဲ့ပါတယ်။
    Ref : RT
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၁၈၊ ၂၀၁၈
    M-Media
    စကားနားမထောင်လျှင် ကဒါဖီကဲ့သို့ဖြစ်မည်ဟု ကင်ဂျုံအွန်ကို ထရမ့် သတိပေး
    ==================
    နျူလက်နက်ကို စွန့်လွှတ်မယ်ဆိုရင် ကင်ဂျုံအွန် အာဏာဆက်ရှိနေဖို့အတွက် အာမခံပြီး၊ ဒီလိုမှမဟုတ်ရင်တော့ လစ်ဗျားခေါင်းဆောင် ကဒါဖီလိုကံကြမ္မာမျိုး ကြုံရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။ ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှု ဆက်လုပ်မှာကို ဆန့်ကျင်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ ဗုဒ္ဓဟူးနေ့မှာလုပ်ဖို့ စီစဉ်ထားတဲ့ ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေးကို ရပ်ဆိုင်းပြီး လာမယ့်လ ထရမ့်နဲ့ တွေ့ဖို့ကိစ္စကိုလည်း ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ ထရမ့်ကတော့ သူနဲ့တွေ့မယ့် အစီအစဉ် အောင်မြင်မယ်ဆိုရင် ကြီးမားတဲ့ ကာကွယ်မှုမျိုး ရမယ်လို့ ဆိုပါတယ်။
    မလေးဝန်ကြီးချုပ်ဟောင်းအိမ်မှ တန်ဖိုးကြီးပစ္စည်း အများအပြား သိမ်းဆည်းရမိ
    ================
    e-cigarette ပေါက်ကွဲမှုကြောင့် အမေရိကန်တွင် အမျိုးသားတစ်ဦး သေဆုံး
    ==============
    ဖလော်ရီဒါပြည်နယ်မှာ တာလ်မဒ်ဂီ ဒီအီလီယာဆိုတဲ့ အမျိုးသားတစ်ဦးဟာ အီးစီးကရက် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပြီး အမေရိကန်မှာ အဲဒီလိုကိစ္စကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ ဒီအီလီယာရဲ့ တိုက်ခန်းမှာ မေလ ၅ ရက်နေ့က မီးလောင်မှုဖြစ်တဲ့အတွက် မီးသတ်သမားတွေဟာ အခန်းကိုဖျက်ကာ ၀င်ရောက်ငြှိမ်းသက်ခဲ့ရပါတယ်။ အလောင်းခွဲစိပ်စစ်ဆေးမှုအရ အီးစီးကရက် ပေါက်ကွဲမှုကြောင့် ဒီအီလီယာရဲ့ ဦးခေါင်းခွံကို ထိခိုက်ကာ သေဆုံးခဲ့ပြီး၊ မီးလောင်တာကလည်း ပေါက်ကွဲမှုနောက်ဆက်တွဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုကို တားဆီးရန် ဥရောပ လုပ်ဆောင်မည်
    ================
    အီရန်အပေါ် အမေရိကန်က ထပ်မံပြုလုပ်တဲ့ ပိတ်ဆို့မှုတွေကို ဥရောပ ကုမ္ပဏီတွေ၊ တရားရုံးတွေက လိုက်နစရာမလိုမယ့် ဥပဒေတစ်ခုကို ဥရောပကော်မရှင်က ပြဌာန်းဖို့ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ သမ္မတထရမ့်က ၂၀၁၅ အီရန်နဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့လည်း စီစဉ်နေပါတယ်။ သဘောတူညီချက်မှာပါဝင်နေတဲ့ ဥရောပသမဂ္ဂကတော့ သူတို့အနေနဲ့ ဒီကတိက၀တ်ကို စောင်ထိန်းသွားမယ်လို့ ပြောကြားထားပါတယ်။ ဥရောပကော်မရှင်ဥက္ကဌ ဂျန်ကလုဒ် ဂျန်ကာက အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကနေ ဥရောပကုမ္ပဏီတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: CNA, Aljazeera