News @ M-Media

Author: Ko Lay

  • မိုဟာမက် ဆာလာဟ် (သို့) တစ်ဂိုးသွင်းတိုင်း ပရိတ်သတ်ကို ရင်ဘတ်ချင်း နီးကပ်စေသူ

    မိုဟာမက် ဆာလာဟ် (သို့) တစ်ဂိုးသွင်းတိုင်း ပရိတ်သတ်ကို ရင်ဘတ်ချင်း နီးကပ်စေသူ

    မေ ၇၊ ၂၀၁၈
    M-Media

    – တိုက်စစ်မှူး မိုဟာမက်ဆာလာဟ်ရဲ့ အပြုအမူကို အခုဆိုရင် လူတော်တော်များများက ရင်းနှီးနေကြပါပြီ။ သူ့ရဲ့ ဂိုးအတွက် အိမ်ကွင်းပရိတ်သတ်က အုပ်အောင်သောင်းနင်း သြဘာပေးကြမယ်။ သူက အနီးဆုံး ပရိတ်သတ်ခုံတန်းကို ပြေးသွားပြီး လက်ကို ဆန့်တန်းလိုက်မယ်။ ခဏတာရပ်နေပြီး ကောင်းချီးသြဘာကို ခံယူမယ်။

    အသင်းဖော်တွေက သူ့ကို ဂုဏ်ပြုပြီးရင် သူဟာ ကွင်းလယ်စက်ဝိုင်းဆီ ဖြည်းဖြည်းချင်းလျှောက်သွားမယ်။

    “အဲဒီမှာ ခဏရပ်ထားမယ်” လို့ လီဗာပူးလ် podcast အစီအစဉ် Anfield Wrap ကို တင်ဆက်သူ နီးလ် အက်ကင်ဆန်က ပြောပါတယ်။ သူဟာ အန်ဖီးလ်မှာ ပုံမှန်လိုလို ရှိတတ်သူတစ်ဦးပါ။

    မိုဟာမက် ဆာလာဟာဟာ သူ့ရဲ့လက်ကို မိုးပေါ်မြှောက် ဒူးနှစ်ဖက်ကို မြက်ခင်းပြင်ပေါ်မှာ ထောက်ချပြီး ပျပ်ဝတ်ဦးချလိုက်ပါတယ်။ ဒါဟာ အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်မှုတစ်ခုကို နှစ်နှစ်ကာကာ လုပ်ပြလိုက်တာ လည်း ဖြစ်ပါတယ်။

    “ပရိတ်သတ်တွေရဲ့အသံက နည်းနည်းတိတ်သွားပြီး၊ ဆာာလာဟ်ရဲ့ ဒီအပြုအမူအတွက် အချိန်တစ်ခုပေးလိုက်တယ်” လို့ အက်ကင်ဆန်က ဆိုပါတယ်။ သူ မတ်တတ်ရပ်လိုက်တဲ့ အချိန်မှာတော့ ပရိတ်သတ်ဆီက နောက်ထပ် သြဘာသံတစ်ခု ထွက်လာပြီး သူ့ကို ဂုဏ်ပြုလိုက်ကြပါတယ်။

    မိုဟာမက် ဆာလာဟ်ဟာ ဒီနှစ် ဥရောပဘောလုံးရာသီမှာ မထင်မှတ်တာတွေကို လုပ်ပြသူတစ်ဦး ဖြစ်လာပါတယ်။ လီဗာပူးလ်နဲ့ ပထမ ရာသီမှာပဲ ၄၉ ပွဲကစားကာ ၄၃ ဂိုး သွင်းယူထားပါတယ်။ သူ့ကြောင့် အသင်းဟာ ၁၀ စုနှစ်တစ်ခုကျော်အတွင်း ချန်ပီယံလိဂ်ဖိုင်နယ်ကို ပထမဆုံး ပြန်ရောက်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းနဲ့ ဘောလုံးကလောင်ရှင်များအသင်းတို့က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး သမားဆုတွေကိုလည်း သူက ရရှိထားပါတယ်။

    သူ့ရဲ့ယုံကြည်မှု၊ အဲဒီသက်ဝင်မှုကို လူသိရှင်ကြား ဖော်ပြမှုတို့က လူမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာမှာ အရေးပါတဲ့ ပြယုဂ်တစ်ခု ဖြစ်လာစေပါတယ်။ ဗြိတိန်မှာ အစ္စလာမ်ရောဂါမြင့်တက်မှုကို တိုက်ဖျက်နေရပြီး အစိုးရရဲ့ ပေါ်လစီက တရားမ၀င် ပြောင်းရွှေ့အခြေချသူတွေအတွက် ရန်လိုတဲ့ ပ်ဝန်းတစ်ခုကို ဖြစ်ပေါ်နေပေမယ့် မြောက်အာဖရိကသား မွတ်စလင်တစ်ယောက်ဖြစ်တဲ့ ဆာလာဟ်ကို ဗြိတိန်က လက်ခံအသိအမှတ်ပြုယုံသာမက၊ ချစ်လည်း ချစ်ကြပါတယ်။,

    “သူဟာ အစ္စလာမ့်တန်ဖိုးတွေကို ဖော်ကြူးသူ၊ ယုံကြည်မှုကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးသူဖြစ်တယ်” လို့ ဗြိတိန် မွတ်စလင်ကောင်စီရဲ့ လက်ထောက် အတွင်းရေးမှူး မစ်က်ဒက် ဗာဆီက ပြောပါတယ်။

    “သူက ချစ်မွှေးပါတယ်။ အသင်းရဲ့ သူရဲကောင်းဖြစ်တယ်၊ အထူးသဖြင့် လီဗာပူးလ်မှာ သူ့ကို တကယ် နှစ်နှစ်ကာကာနဲ့ ၀န်းရံကြတယ်။ သူဟာ အစ္စလာမ်ကြောက်ရောဂါအတွက် အဖြေတစ်ခုသာမဟုတ်ဘဲ တကယ့်ကို အရေးပါတဲ့နေရာမှာ ရှိနေသူတစ်ယောက်ပါ”

    အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာလာဟ်ကို အမှတ်သညာတစ်ခုအဖြစ်လည်း ဖော်ကျူးလာကြပါတယ်။ နောက်ဆုံးမိနစ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ပင်နယ်တီကန်သွင်းပြီး ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံအသင်းကို ကမ္ဘာ့ဖလား ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဆာလာဟ်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အီဂျစ်က နိုင်ငံ့ရတနာတစ်ပါးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အလက်ဇန်းဒရီးယားက ဘောလုံးကွင်းမှာ ပရိတ်သတ်တွေဟာ ဆာလာဟ်ကို ပုခုံးပေါ်တင်ပြီး ကွင်းထဲပတ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

    ကိုင်ရိုက နံရံတွေမှာ ရေးဆွဲဖော်ကျူးထားတဲ့ သူ့ပုံတွေဟာ မရေမတွက်နိုင်ပါဘူး။ ကိုင်ရိုမြို့လယ်ကောင်ကကော်ဖီဆိုင်အပြင်ဘက် နံရံမှာ ချယ်မှုန်းထားတဲ့ သူရဲ့ ရုပ်ပုံဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ နေရာတစ်ခု ဖြစ်လာပါတယ်။ မြို့ထဲက ဈေးတွေမှာလည်း အိမ်ယာခင်းကနေ၊ ရမ်ဇာန်ဥပုသ်လမှာ လက်ဆောင်အဖြစ် ပေးကြတဲ့ မီးအိမ်တွေအထိ သူ့ပုံတွေကို မမြင်ချင်မှ အဆုံးပါ။ သူဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေမယ့် မတ်လက အီဂျစ်သမ္မတ ရွေးကောက်ပွဲမှာ ပြည်သူတွေက သူ့ကို သိသိသာသာ ထောက်ခံအားပေးခဲ့ကြပါတယ်။

    ပရီးမီးယားလိဂ်နဲ့ ဥရောပ ဘောလုံးပြိုင်ပွဲတွေဟာ အီဂျစ်မှာ ပေါ်ပျူလာဖြစ်နေပေမယ့် အခုအချိန်မှာတော့ ကိုင်ရိုက ကော်ဖီဆိုင်တွေ၊ ရှီရှားဘားတွေမှာ လီဗာပူးလ်ပွဲကို လူထောင်ချီ တိုးဝှေ့ကြည့်တာတွေ ရှိလာပါတယ်။

    “မိုဟာမက် ဆာလာဟ် စွမ်းဆောင်နိုင်သလို ဘယ်အီဂျစ်လူမျိုးကမှ မစွမ်းဆောင်နိုင်သေးဘူးဗျ။ ဒါ့ကြောင့် သူ့ရဲ့ ကျော်ကြားမှုဟာ ပြည်သူလူထုအတွက် သိပ်ကို အရေးကြီးလာတာ။ လူတိုင်းက အခုအချိန်မှာ ပရီးမီးယားလိဂ်ကို စောင့်ကြည့်လာကြတယ်။ ဆိုရှယ်မီဒီယာမှာလည်း သူ့ပုံတွေနဲ့ ပြည့်နေတယ်”
    လို့ အီဂျစ်က ဘောလုံးဆိုင်ရာ သုံးသပ်သူ အဟ်မဒ် အတ္တာက ပြောပါတယ်။

    မိုဟာမက် ဆာလာဟ် ကျော်ကြားလာမှုဟာ သူ့ရဲ့ ကွင်းအတွင်းစွမ်းရည် တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူ့ရဲ့ ပရဟိတစိတ်ဓာတ်ကလည်း အရေးပါပါတယ်။

    “သူ့ဇာတိက အကူအညီပေးရေးအဖွဲ့တွေကို သူက ငွေတွေ အမြဲလိုလို လှူတန်းနေတာ။ ဒါ့ကြောင့်လည်း လူတိုင်းက သူ့ကို ချစ်ကြတာပေါ့” လို့ နိုင်းမြစ်ဝှမ်းက နက်ဂရစ်ဆိုတဲ့မြို့လေးမှာ ဆာလာဟ်ရဲ့ အစွမ်းအစကို တွေ့မြင်ခဲ့တဲ့ နည်းပြ စအစ် အဲလ်ရှီရှီနီက ပြောပါတယ်။

    နက်ဂရစ်က ဆေးရုံအတွက် ကျောက်ကပ်ဆေးတဲ့ စက်တစ်ခုကို ဆာလာဟ်က ၀ယ်ယူလှူဒါန်းခဲ့ပြီး၊ ရေဆိုးစီမံမှု စက်ရုံ တည်ဆောက်ဖို့အတွက် မြေ၀ယ်ပေးခဲ့ပါတယ်။ မြို့က အားကစားစင်တာ၊ ကျောင်းတစ်ကျောင်းနဲ့ ဗလီတစ်လုံးတို့ကို ပြုပြင်မွမ်းမံဖို့လည်း ဆာလာဟ်က ငွေကြေးလှူဒါန်းခဲ့ပါတယ်။ အီဂျစ်ရဲ့ ကျဆင်းနေတဲ့ စီးပွားကို ကျားကန်ဖို့အတွက် ဆာလာဟ်ဟာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ခုကိုလည်း တည်ထောင်ပေးခဲ့ပါသေးတယ်။ ဧပြီလက အစိုးရရဲ့ မူးယစ်တိုက်ဖျက်ရေး ဗီဒီယိုတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ ဗီဒီယိုထွက်လာတဲ့အခါ ၃ ရက်အတွင်း ဆေးစွဲနေသူတွေ ဆေးရုံကို လာရောက်ဆေးဖြတ်တဲ့ ပမာဏဟာ ၃ ဆ တက်လာတယ်လို့ အီဂျစ် လူမှုရေးနဲ့ စည်းလုံးရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ယုံကြည်သက်ဝင်မှုကို ဖုံးကွယ်ထားဖို့ မလိုဘူးဆိုတဲ့ သူ့ရဲ့ ယူဆချက်ကလည်း သူ့အပေါ် လူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို မြင့်တက်စေပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာနေတဲ့အချိန် မွတ်စလင်နိုင်ငံမဟုတ်တဲ့ တိုင်းပြည်တစ်ခုမှာ လူတိုင်းရဲ့ရှေ့မှောက် ပျက်ဝပ်ဦးချဖို့ မကြောက်ရွံ့ဘူးဆိုတဲ့ အချက်ကို လူတွေက သဘောကျပါတယ်။ ဒါဟာ သူတို့အတွက် အောင်မြင်မှုတစ်ခုလို ဖြစ်နေပါတယ်” လို့ အတ္တာက ထပ်ပြောပါတယ်။

    ဆီးရီးယား၊ ယီမင်ကနေ ဘင်္ဂလားဒေ့ရှ်၊ လီဗာပူးလ်အသင်း တည်ရှိနေတဲ့ မာဆေးဆိုက်ဒေသအထိ မွတ်စလင်လူ့အဖွဲ့အစည်းတွေကလည်း ဒီလိုမျိုး ခံစားရပါတယ်။

    လီဗာပူးလ်ရဲ့ အတွင်းပိုင်းကျတဲ့ ခရိုင်မြိ့ Toxteth က အလ် မက်ဆရာ ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူ အဘူ အူဆာမာ အတ္တာဘာဘီက ဗြိတိန်မှာ မွတ်စလင်တွေဟာ ဖိအားအောက် ရောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် ပဲရစ်၊ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ် လန်ဒန်နဲ့ မန်ချက်စတာတို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အပြီး ဘာသာရေးလှုံ့ဆော်မှုပါတဲ့ အမုန်းရာဇ၀တ်မှုတွေ တိုးလာမှုနဲ့အတူ ဗြိတိန်တစ်ဝှမ်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အမုန်းရာဇ၀တ်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မြင့်တက်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းအရ
    သိရပါတယ်။ Tel MAMA လို့ခေါ်တဲ့ ပရဟိတအဖွဲ့က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ၂၀၁၆ ခုနှစ်အတွင်း အစ္စလာမ်ကြောက်ရောဂါကနေ သန္ဓေတည်တဲ့ တိုက်ခိုက်မှုတွေဟာ ၄၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

    “ဒါဟာ တိုက်ခိုက်မှုတွေ မြင့်တက်လာတယ်ဆိုတဲ့ အထောက်အထားတင်မဟုတ်ပါဘူး။ အမြဲလိုလိုဖြစ်နေတယ်ဆိုတဲ့ သဘောပါ။ အဓိကနယ်ပယ်တွေမှာ အစ္စလာမ်ကြောက်သဘောထားတွေကို ဖော်ပြတာမျိုးကို ပိုပြီး လက်ခံလာကြတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ” လို့ မစ္စတာ ဗာဆီက ပြောပါတယ်။

    ဗြိတိန်ဟာ ဥရောပသမဂ္ဂနေ ထွက်တော့မယ့်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုရဲ့ နောက်ဆက်တွဲ အဆိပ်အတောက်တွေ၊ လက်ယာစွန်း သတင်းမီဒီယာတွေရဲ့ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး အညှီအဟောက်တွေက ‘လူတွေဟာ တစ်ဖက်ဆောင်းနင်းအမြင်တွေ ထုတ်ဖော်ပြောဆိုရတာကို ပိုပြီး ဘ၀င်ကျတဲ့’ အနေအထားမျိုးကို အထောက်အပံ့ဖြစ်စေတယ်လို့လည်း သူက ဆိုပါတယ်။

    လီဗာပူးလ်မှာလည်း ပြဿနာတွေ ရှိပါတယ်။ ဗြိတိန်က အခြားဒေသတွေထက် လီဗာပူလ်းဟာ ပိုမိုနွေးထွေးတဲ့ သဘောကို ဆောင်နေပြီး အက်ကင်ဆန်ကတော့ ‘အပြင်လူတွေနေတဲ့မြို့၊ အစိုးရဆန့်ကျင်ရေးမြို့’ ဖြစ်တယ်လို့ ကင်ပွန်းတပ်ပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က ဗြိတိန်ကို ပြောင်းလာပြီး ၂၀၁၀ ကစလို့ လီဗာပူးလ်မှာ နေထိုင်နေတဲ့ ဆီးရီးယားဆရာဝန် ရဒ်ဝမ် အလ်ဘာဘန်ဒီက မွတ်စလင်တွေဟာ လီဗာပူးလ်မှာ ‘ပိုဘေးကင်းပြီး သက်တောင့်သက်သာဖြစ်တယ်’ လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်ဟာ အင်္ဂလန်ရဲ့ သက်တမ်းအရင့်ဆုံး မွတ်စလင်လူ့အဖွဲ့အစည်း နေထိုင်ရာဒေသဖြစ်ပြီး၊ နိုင်ငံရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်ကလည်း ဒီမြို့မှာ ရှိနေပါတယ်။

    ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်တဲ့ မစ္စတာ အတ္တာဘာဘီက လီဗာပူးလ်မြို့ဟာ မတူကွဲပြားသူတွေ စုပေါင်းနေထိုင်တဲ့၊ မတူကွဲပြားမှုကို မြတ်နိုးတဲ့ ရှည်လျားတဲ့သမိုင်းကြောင်းကောင်းရှိရာ ဒေသလို့ ညွှန်းဆိုပါတယ်။ လီဗာပူးလ်ပရိတ်သက် ၉၆ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဟီလ်ဘိုရို ဖြစ်ရပ်ဆိုးကြီးအကြောင်း ရေးသားဖော်ပြခဲ့တဲ့ The Sun သတင်းစာကို လီဗာပူးလ်မြို့သားတွေက သပိတ်မှောက်ကာ အခုထက်ထိ မဖတ်ကြတာကိုလည်း အတ္တာဘာဘီက ထောက်ပြပါတယ်။

    ‘ဒီမြို့ဟာ လက်ဝဲယိမ်းမြို့ပါ’

    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လီဗာပူးလ်က ဗလီတွေကို ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ပေးခဲ့တာလည်း အခုအချိန်အထိ အသက်ဝင်နေတုန်းပါ။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက် လန်ဒန်က တိုက်ခိုက်မှုအပြီးမှာ လီဗာပူးလ်ရဲ့ မျက်နှာချင်းဆိုင် မာဆေးမြစ် ကမ်းနဖူးပေါ်က ဘီရန်ကင်ဟဒ်မြို့မှာ ဗလီတစ်လုံး တိုက်ခိုက်ခံခဲ့ရပါတယ်။ မာဆေးဆိုက်ရဲတပ်ဖွဲ့က ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အမုန်းရာဇ၀တ်မှုတွေဟာ ၇၅ ရာခိုနှုန်း မြင့်တက်လာတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

    ဒါပေမယ့် မိုဟာမက် ဆာလာဟ်ကတော့ ဒီလိုဖိအားတွေကို လျော့ပါးစေသူတစ်ယောက် ဖြစ်တယ်လို့ အတ္တာဘာဘီက ပြောပါတယ်။ သမိုင်းကြောင်းတွေပြည့်နှက်ရာ အန်ဖီးလ်ကွင်းမှာ ဆာလာဟ်ကို ဂုဏ်ပြုတဲ့ သီချင်းသံညံနေပြီး၊ ဖာရိုဘုရင်သရဖူနဲ့ ဆာလာဟ်ရဲ့ ရုပ်ပုံပါ အလံတွေကိုလည်း ပရိတ်သတ်တွေက တလူလူ လွှင့်ထူနေကြပါတယ်။ ဆာလာဟ်သွားတဲ့နေရာတိုင်းမှာ လူတွေက အလုအယက်တိုးဝှေ့နှုတ်ဆက်ကြပြီး၊ ဓာတ်ဆီဆိုင်၊ မုန့်ဆိုင်တွေပါကျန် လူတွေက သူနဲ့ ဆဲလ်ဖီရိုက်ရိုက်ကြပါတယ်။

    ဒါဟာ ဘောလုံးအသင်းနှစ်ခုနဲ့ ပုံပေါ်ထားပြီး ဂီတအမွေအနှစ်ဖြစ်တဲ့ Beatles အဖွဲ့မွေးဖွားရာ လီဗာပူးလ်က ဒါတွေက အထူးအဆန်း မဟုတ်တော့ပါဘူး။

    “သူဟာ လီဗာပူးအသင်းအင်္ကျီဝတ်ကာ၊ ဆူပါဟီးရိုးတစ်ယောက်ဖြစ်လာပြီး၊ဘ ပရိတ်သတ်တိုင်းရဲ့ အိပ်မက်တွေကို ရှင်သန်လာစေတဲ့ ရို့ကျိုးနှိမ့်ချသူတစ်ယောက်ပါ” လို့ လီဗာပူးလ် ပရိတသတ်အဖွဲ့တစ်ခုဖြစ်တဲ့ Spirit of Shankly က ဂျိမ်းစ် မက်ကန်နာက ပြောပါတယ်။

    ဒါပေမယ့် တစ်ကယ်တော့ မွတ်စလင်တွေကလည်း ထူးထူးခြားခြားကို ကြည်နှုးပျော်ရွှင်နေပါတယ်။

    “မွတ်စလင်တိုင်းက သူ့အတွက် ဂုဏ်ယူကြတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ဒုတိယတန်းစား နိုင်ငံသားအဖြစ် ခံစားရတာတွေ ရှိပါတယ်။ အရှေ့အလယ်ပိုင်းက ကျွန်တော်တို့မြို့ကို လာရောက်သူတစ်ယောက်အတွက် တကယ့်ကို ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်” လို့ လီဗာပူးလ်က အလ် ရဟ်မာ ဗလီရဲ့ အပြင်ဘက်မှာ
    ကုန်စုံပစ္စည်းနဲ့ ရေမွှေးဆိုင်တစ်ခု ဖွင့်ထားတဲ့ အလီအေဒင်က ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ကို ဂုဏ်ပြုတဲ့ သီချင်းစာသားထဲမှာ “သူဂိုးတွေနောက်ထပ်သွားပါက… ငါတို့လည်း မွတ်စလင်ဖြစ်ပြီဗျ” ဆိုတာလည်း ပါဝင်ပြီး အဲဒီလိုစာသားအပေါ် ဝေဖန်မှုတစ်ချို့ ရှိပေမယ့်လည်း ဘောလုံးအားပေးသူများအသင်းက မတူကွဲပြားစွာညီညွတ်ရေး အစီအစဉ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဘောလုံးသမားဟောင်း အန်ဝါ အူဒင်က ဒါဟာ စိတ်ကူးကောင်းတစ်ခုဖြစ်တယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီလိုကိစ္စမျိုးတွေက အတားအဆီးတွေကို ချိုးဖျက်ပေးနိုင်ပါတယ်” လို့ သူကဆိုပြီး ဂိုးသွင်းပြီးတဲ့နောက် ဆာလာဟ်တစ်ယောက် ဦးချတာကို မြင်ရတာဟာ မွတ်စလင်တွေရဲ့ ၀တ်ပြုမှုအပေါ်မှာ အထင်မှားမှုတွေကို ဖယ်ရှားရာမှာ အထောက်အကူဖြစ်စေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်လူ့အဖွဲ့အစည်းကို မြို့က အခြားသူတွေနဲ့ ပေါင်းကူးတံတားထို့အတွက် သူက အကူအညီဖြစ်စေပါတယ်။ ကျွန်တော်တို့ဟာ အစွန်းရောက်တွေထက် ဆာလာဟ်နဲ့ ပိုတူတယ်ဆိုတဲ့ အမြင်မျိုး သူက လူတွေကို မြင်စေနိုင်ပါတယ်” လို့ အတ္တာဘာဘီက ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ရဲ့အောင်မြင်မှု မွတ်စလင်တွေအပေါ် ရိုက်ခတ်တာထက် တစ်ခြားသူတွေအတွက်က ပိုပြီးတော့ အဓိပ္ပါယ်ပြည့်ဝပါတယ်။ ဘာ့ကြောင့်လဲဆိုတာ့ ချယ်ဆီးမှာ တစ်ရာသီ တိမ်မြုပ်ခဲ့ပြီးတဲ့နောက် ၄ နှစ်အကြာ အင်္ဂလန်ပြန်ရောက်လာတဲ့အခါကျမှ သူ အောင်မြင်လာလို့ ဖြစ်ပါတယ်။

    “အထူးသဖြင့် သူဟာ လူငယ်မျိုးဆက်သစ်တွေကို ယုံကြည်မှု ပိုပေးနိုင်သူတစ်ယာက်ပါ။ ဒါကို ကြည့်ရုံနဲ့ သိမြင်နိုင်ပါတယ်။ လူငယ်တွေဟာ ပိုတက်ကြွလာတယ်၊ အပေါင်းသင်းဆံ့လာတယ်၊ ကိုယ်ကျင့်တရား မြင့်မားလာပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံမယ်၊ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်မယ်၊ တန်ဖိုးရှိသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ၀တ်ပြုဆုတောင်းမှု၊ မုတ်ဆိတ်ထားမှုတွေကို ဘယ်သူကမှ ဟန့်တားကြမှာ မဟုတ်ပါဘူး။ ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် လူတွေက လေးစားကြမှာပါ” လို့ ဒေါက်တာ အလ်ဘာဘန်ဒီက ပြောကြားခဲ့ပါတယ်။

    အလ် ရဟ်မာဗလီရဲ့ အပြင်ဘက်မှာတော့ အဘ်ဒူလ် အဇစ်နဲ့ မိုဟာမက် ယက်ဖ်ဖီတို့ဟာ သောကြာနေ့ ၀တ်ပြုဖို့အတွက် ပြင်ဆင်နေပါတယ်။ မစ္စတာ ယက်ဖီက ဆာလာဟ်အကြောင်း ရယ်ရယ်မောမောပဲ ပြောနေပါတယ်။ ယက်ဖီဟာ လီဗာပူးလ် ပရိတ်သတ်တစ်ဦးဖြစ်ပြီး တစ်ခြားသူတွေလိုပဲ ဆာလာဟ်ကို နှစ်သက်သူပါ။ ဒါပေမယ့် မစ္စတာ အဇစ်ကတော့ နည်းနည်း အားတုံ့အားနာ ဖြစ်နေပါတယ်။

    “ဒါဟာ နည်းနည်းဖြေရခက်တဲ့ မေးခွန်းပါ” လို့ သူက ပြောကြားခဲ့ပါတယ်။

    မစ္စတာ ယက်ဖီက အဇစ်ကို ငဲ့ညှာတဲ့အကြည့်နဲ့ ကြည်လိုက်ပြီး “သူက အဲဗာတန်ပရိတ်သတ်ဗျ” လို့ လီဗာပူးလ်ရဲ့ မြို့ခံပြိုင်ဘက်အသင်း ရည်ညွှန်းပြီး ပြောပါတယ်။ အဇစ်က ဆာလာဟ်တစ်ယောက် အဲဗာတန်ကို ဂိုးမသွင်း သမျှ သူ့အပေါ် ဘယ်လိုမှသဘောမထားဘဲ လူ့အဖွဲ့အစည်းအတွက် လုပ်ဆောင်နေတာတွေကို အားပေးနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါဟာ ဆာလာဟ်တစ်ယောက် ဖြည့်ပေးနိုင်ခဲ့တဲ့ ကွက်လပ်တစ်ခုလည်း ဖြစ်ပါတယ်။

    Ref: New York Times

    (New York Times တွင် ဖော်ပြထားသည့် Mo Salah of Liverpool Breaks Down Cultural Barriers, One Goal at a Time ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၇၊ ၂၀၁၈
    M-Media

    မဟာသီယာမိုဟာမက် မိန့်ခွန်းပြောနေစဉ်

    အတိုက်အခံဘက်ကို ပြတ်ပြတ်သားသားမဲထည့်ရန် မလေးပြည်သူများအား မဟာသီတိုက်တွန်း
    =================
    အတိုက်အခံဘက်ကို ပြတ်ပြတ်သားသား မဲပေးကာ လက်ရှိအစိုးရကို ဖြုတ်ချဖို့အတွက် မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ကွာလာလမ်ပူမှာ မနေ့ကပြုလုပ်တဲ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ မဟာသီရဲ့ ဒီမိန့်ခွန်းပြောကြားမှုကို အတိုက်အခံခေါင်းဆောင်အားလုံးနဲ့ ပြည်သူလူထု အမြောက်အများ တက်ရောက် နားထောင်ခဲ့ကြပါတယ်။ မဟာသီက မိမိတို့ဟာ ပွတ်ကာသီကာ မဟုတ်ဘဲ၊ သောင်ပြိုကမ်းပြို အနိုင်ရရမှာ ဖြစ်ကြောင်း၊ မလေးလူမျိုး၊ တရုတ်လူမျိုးတွေ အပါအ၀င် မလေးရှားပြည်သူများအားလုံးအနေနဲ့ တိုင်းပြည်မှာ လူထုဆူနာမီ ရှိတယ်ဆိုတာ ပြသသွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မလေးရှားဟာ မေလ ၉ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

    အာဖဂန်ရှိ ဗလီတစ်လုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး ၁၄ ဦးသေဆုံး
    =============
    အာဖဂန်နစ္စတန်အရှေ့ပိုင်း ခို့စ်မြို့က ယာကူဘီ ဗလီဝတ်ကျောင်းတော်မှာ ဗုံးပေါက်ကွဲမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၄ ဦးသေဆုံးကာ ၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဗလီဟာ မဲဆန္ဒရှင်တွေ စာရင်းပေးဖို့အတွက် အသုံးပြုတဲ့ ဗလီလည်းဖြစ်ပြီး ၀တ်ပြုဖို့နဲ့ စာရင်းပေးဖို့ လူတွေ စုရုံးနေတဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်လဲဆိုတာ မသိရသေးပေမယ့်၊ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ IS အကြမ်းဖက်အဖွဲ့က မဲပေးရာမှာ အသုံးပြုရတဲ့ အဆောက်အဦးတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

    ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး သေနတ်ဖြင့် ပစ်ခံရ
    ============
    ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း ပန်ဂျပ်ပြည်နယ်က ရွေးကောက်ပွဲ ချီတက်လမ်းလျှောက်မှုတစ်ခုမှာ အမည်မသိ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ပြည်ထဲရေးဝန်ကြီး အဟ်ဆန် အစ်က္ကဘားလ် ဒဏ်ရာရရှိသွားပါတယ်။ အစ်က္ကဘားလ်ဟာ မိန့်ခွန်းပြောပြီး ကားနဲ့ထွက်ခွာမယ့်အချိန်မှာ အခုလို ပစ်ခတ်ခံရတာဖြစ်ပြီး ပုခုံးကိုထိသွားကာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ မိသားစုက ပြောကြားခဲ့ပါတယ်။

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် သေဆုံးသူအရေအတွက် ၄၀ ကျော်ပြီ
    ============
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုအတွင်း လူငယ် ပါလက်စတိုင်း ၂ ဦး သေဆုံးခဲ့တာကြောင့် မတ်လ ၃၀ ရက်နေ့က စတင်ခဲ့တဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးသူဟာ အနည်းဆုံး ၄၃ ဦး ရှိလာပြီဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ခဲ့မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ခွင့်ရရေး ဂါဇာပြည်သူတွေက အပတ်စဉ် ဆန္ဒပြနေတာဖြစ်ပြီး အစ္စရေးက နယ်စပ်ဖြတ်ကျော် ပစ်ခတ်တာ ဖြစ်ပါတယ်။

    Ref: Aljazeera, CNA

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    မေ ၆၊ ၂၀၁၈
    M-Media

    မန်ယူနည်းပြဟောင်း ဖာဂူဆန်

    ဖာဂူဆန်ကို အထူးကြပ်မတ်ကုသနေရဆဲဟု မန်ယူထုတ်ပြန်
    ============
    မနေ့က ဦးနှောက်သွေးခဲမှုကြောင့် အရေးပေါ်ခွဲစိပ်မှု ပြုလုပ်ခဲ့ရတဲ့ မန်ယူနည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ ခွဲစိပ်မှု အောင်မြင်ခဲ့ပေမယ့် အထူးကြပ်မတ်ကုသဆောင်မှာပဲ ရှိနေပါသေးတယ်။ မန်ယူက နောက်ဆုံး ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဆောင်ရွက်ချက်တွေဟာ တော်တော်လေးကို ကောင်းမွန်တယ်လို့ ဖော်ပြထားပေမယ့် အသက် ၇၆ နှစ်အရွယ် ဖာဂူဆန်ရဲ့ အခြေအနေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဖာဂူဆန်ရဲ့ မိသားစုကလည်း ကျန်းမာရေးအခြေနေကို မထုတ်ပြန်ဖို့ မေတ္တာရပ်ခံထားပါတယ်။

    နေးမာ ရီးယဲလ်ကိုပြောင်းချင်သည်ဟု သတင်းထွက်
    ================

    ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေးမာဟာ ရီးယဲလ်မက်ဒရစ်မှာ ကစားချင်နေတယ်လို့ စပိန်အားကစားသတင်းစာ Marca က ဖော်ပြပါတယ်။ အခုနှစ်အစပိုင်းက ဘာစီလိုနာကနေ ပြောင်းရွှေ့လာတဲ့ နေးမာဟာ ရာသီကုန်ရင် အသင်းကထွက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။ ရီးယဲလ်ကလည်း နေးမာကို ခေါ်ယူမယ်ဆိုရင် အသင်းမှာရှိနေတဲ့ ရော်နယ်ဒိုကိုပါ လခတိုးပေးသွားဖို့ ပြင်ဆင်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

    ပေါ်တူဂီအမှတ်ပေးဖလားကို ပေါ်တိုအသင်း ဆွတ်ခူး
    =============
    ပေါ်တူဂီ အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲမှာ ပေါ်တိုအသင်းက ဗိုလ်စွဲသွားခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ဗိုလ်စွဲမှုဖြစ်ပါတယ်။ ရာသီကုန်ဖို့ တစ်ပွဲသာလိုတော့တဲ့အချိန်မှာ လက်ရှိချန်ပီယံ ဘင်ဖီကာအသင်းက မနေ့ကပွဲမှာ ဂိုးမရှိသရေကျသွားခဲ့တဲ့အတွက် တစ်ပွဲလျော့ပေါ်တိုနဲ့ ၄ မှတ်ကွာဟသွားပြီး ပေါ်တိုကို ဗိုလ်စွဲစေခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုဂိုးသမား အီကာကာဆီးလက်စ်ဟာ ၂၀၁၅ ခုနှစ် ရီးယဲလ်ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် ပထမဆုံး ဖလားကိုင်မြှောင်နိုင်တာလည်း ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ်သို့ ၀ုလ်ဗာဟက်တန်နှင့် ကာဒစ်ဖ်တို့ တန်းတက်ခွင့်ရ
    ====================
    အင်္ဂလန် ပထမတန်း ချန်ပီယံရှစ်က ကာဒစ်ဖ်အသင်းဟာ ပရီးမီးယားလိဂ်ကို ၀ုလ်ဗာဟက်တန်နဲ့အတူ အလိုအလျောက် တက်ရောက်ခွင့်ရခဲ့ပါတယ်။ မနေ့က နောက်ဆုံးပွဲစဉ် ရီးဒင်းနဲ့ပွဲမှာ ကာဒစ်ဖ်ဟာ ဂိုးမရှိသရေကျခဲ့ပေမယ့် တတိယနေရာက ဖူလ်ဟမ်အသင်း အဝေးကွင်းမှာ ရှုံးသွားတာကြောင့် ဒုတိယနေရာ ရရှိခဲ့တာပါ။
    ချန်ပီယံရှစ်မှာ ဗိုလ်စွဲတဲ့အသင်းက ၀ုလ်ဗာဟက်တန်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ချန်ပီယံရှစ်က ၃ သင်း တက်ရောက်ခွင့်ရမှာဖြစ်ပြီး အဆင့် ၃ ကနေ အဆင့် ၆ အသင်းတွေဟာ နောက်ဆုံးတစ်နေရာအတွက် ရှုံးထွက်ပွဲတွေ ကစားရမှာ ဖြစ်ပါတယ်။

    Ref: BBC, Goal

  • နိုင်ငံခြားသားအလုပ်သမားများကို အစားအသောက် ပုံမှန်ဝေမည့် အစီအစဉ်တစ်ခု ဒူဘိုင်းစတင်

    နိုင်ငံခြားသားအလုပ်သမားများကို အစားအသောက် ပုံမှန်ဝေမည့် အစီအစဉ်တစ်ခု ဒူဘိုင်းစတင်

    မေ ၆၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းမှာ ရှိနေသူတွေအားလုံး ပျော်ရွှင်ဖို့အတွက် ဒူဘိုင်းအခြေစိုက် အကူအညီပေးရေးအဖွဲ့ Dar Al Ber Society ဟာ နိုင်ငံတစ်ဝှမ်း ကားနဲ့ အစားအသောက်လိုက်ဝေတဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။

    ယမန်နေ့နေ့လည် ၁၂ နာရီက စတင်ခဲ့တဲ့ အဲဒီအစီအစဉ်ကို Zayed Happiness Van (ပျော်ရွှင်စရာ ဇေယဒ်ဗန်ကား) လို့ အမည်ပေးထားပြီး ယူအေအီးရဲ့ Year of Zayed (ဇေယဒ်နှစ်) စီမံကိန်း၊ နိုင်ငံတည်ထောင်သူ ရှိခ် ဇေယဒ် ဘင် ဆူလ်တန် အလ် နဟ်ယန်ရဲ့မွေးနေ့တွေကို ဂုဏ်ပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    တစ်နှစ်တာကြာမြင့်မယ့် ဒီအစဉ်အစဉ်မှာ သီတင်းပတ်တိုင်း Dar Al Ber Society ဟာ ဒူဘိုင်းက နွမ်းပါးတဲ့နေရာတွေကို သွားရောက်ကာ အစားအသောက်တွေ ဝေငှမှာ ဖြစ်ပါတယ်။

    နိုင်ငံခြားသား အလုပ်သမားတွေနေထိုင်ရာနေရာတွေ၊ စက်မှုဇုန်တွေကို အဓိကထား သွားရောက်မှာဖြစ်ပြီး အစားအသောက်တွေအပြင် အခြားလိုအပ်တဲ့ပစ္စည်းတွေ၊ လက်ဆောင်တွေကိုလည်း ဝေငှဖို့ ရှိနေပါတယ်။

    မနေ့က ပထမဆုံး အစီအစဉ်မှာတော့ Dar Al Ber Society အဖွဲ့က ဆောင်ရွက်တဲ့ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်၊ အလှူဒါနပြုမှုဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ မေးခွန်းတွေမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဖြေမှန်ကန်တဲ့သူတွေဟာ စားသောက်ဆိုင်မှာ စားသောက်နိုင်မယ့် ဘောက်ချာတွေကို ဆုအဖြစ်ရခဲ့ပြီး၊ ကံကောင်းသူတစ်ဦးကတော့ မိခင်နိုင်ငံကို ပြန်လို့ရမယ့် လေယာဉ်တစ်ကြောင်းစာလက်မှတ် အခမဲ့ရရှိခဲ့ပါတယ်။

    “ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရှိခ် ဇေယဒ်ရဲ့ မွေးနေ့ဟာ ကျွန်တော့်အတွက်တော့ ကံကောင်းခြင်းလက်ဆောင်ပါ။ လေယာဉ်လက်မှတ် မဲပေါက်ခဲ့ပြီး အိန္ဒိယက ကျွန်တော့်မိသားစုဆီ သွားလည်ဖို့အတွက် အရမ်းကို စိတ်အားထက်သန်နေပါတယ်။ ဒီလို အံ့သြစရာကိစ္စအတွက် ကျွန်တော် အရမ်း စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀တွေ တိုးတက်ကောင်းမွန်ဖို့နဲ့ ကျွန်တော်တို့ ပြုံးပျော်နိုင်ဖို့အတွက် အမြဲတမ်း နည်းလမ်းရှာ ဆောင်ရွက်ပေးတဲ့ Dar Al Ber Society ကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ အိန္ဒိယရွှေ့ပြောင်းလုပ်သား လီယိုနယ် တီရန့်စ်က ပြောကြားခဲ့ပါတယ်။

    မနေ့ကအစီအစဉ်မှာ ပိတ်စ ကိုက် ၂၀၊ ဖိနစ်အသစ်တစ်ရံနဲ့ ကျောပိုးအိတ်တစ်လုံးကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ အစားအသောက်တွေမှာတော့ ဒန်ပေါက်၊ ရေခဲမုန့်၊ ကွတ်ကီး၊ သစ်သီး၊ ဖျော်ရည် စတာတွေ ပါဝင်ပါတယ်။

    “Zayed Happiness Van ဟာ ကျွန်တော်တို့ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခေါင်းဆောင်ကြီး ရှိခ် ဇေယဒ် အလ် နဟ်ယန်ရဲ့ စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်တွေကို ဂုဏ်ပြုဖို့ဖြစ်ပါတယ်” လို့ Dar Al Ber Society ရဲ့ စီအီးအိုဖြစ်သူ အဘ်ဒူလာ အလီ ဘင် ဇေယဒ် အလ် ဖာလာစီက ပြောကြားခဲ့ပါတယ်။

    Ref: Khaleej Times

  • အမေရိကန်၏သဘောထားက ကိုရီးယားကျွန်းဆွယ်ကို ခြိမ်းခြောက်နေဟု ကင်ဂျုံအွန်ပြော

    အမေရိကန်၏သဘောထားက ကိုရီးယားကျွန်းဆွယ်ကို ခြိမ်းခြောက်နေဟု ကင်ဂျုံအွန်ပြော

    မေ ၆၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်

    – နျူလက်နက်စွန့်မှ ပိတ်ဆို့မှုတွေ ဖယ်ရှားမယ်ဆိုတဲ့စကားဟာ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ လာမယ့် သီတင်းပတ်အနည်းငယ်မှာ တွေ့ဆုံဖို့ရှိနေပြီးသမိုင်းတစ်လျှောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    ကင်ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံခဲ့ပြီး ဒေသတွင်း နျူလက်နက်ဖျက်သိမ်းရေးကို သဘောတူခဲ့ကြပါတယ်။

    မြောက်ကိုရီးယားအနေနဲ့ နျူလက်နက်ကို လုံးဝ စွန့်လွှတ်မှသာ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ်လို့ အမေရိကန်ကပြောကြားခဲ့တာပါ။ မြောက်ကိုရီးယား နိုင်ငံခြားရေးတာဝန်ရှိသူတစ်ဦးက အမေရိကန်ဟာ မြာက်ကိုရီးယားအပေါ် တမင် ရန်စနတာဖြစ်ပြီး၊ ပိတ်ဆို့မှုတွေလုပ်မှ၊ အခြား ဖိအားတွေလုပ်မှ နျူလက်နက်ဖျက်သိမ်းရေး ကတိက၀တ် ရမယ်ဆိုပြီး ပြည်သူတွေ အတွေးမှားအောင် ပြုလုပ်နေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အမေရိကန်ကို မြောက်ကိုရီးယားက ပုံမှန်လိုလို ပြစ်တင်ပြောဆိုခဲ့ပေမယ့် ထိပ်သီးအစည်းအဝေးလုပ်ဖို့ စီစဉ်နေတဲ့အချိန် ပြီးခဲ့တဲ့သီတင်းပတ်တွေမှာတော့ ဒီလိုပြောဆိုမှုတွေ မရှိခဲ့ပါဘူး။

    ဒါပေမယ့် ဒီကနေ့ပေါ်ထွက်လာတဲ့ မြောက်ကိုရီးယားရဲ့ဝေဖန်မှုကြောင့် လတ်တလော တိုးတက်မှုတွေကို စောင့်ကြည့်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

    Ref: BBC