News @ M-Media

Author: Ko Lay

  • အမျိုးသမီးများ ကားမောင်းနိုင်မည့် ရက်အတိအကျကို ဆော်ဒီထုတ်ပြန်

    အမျိုးသမီးများ ကားမောင်းနိုင်မည့် ရက်အတိအကျကို ဆော်ဒီထုတ်ပြန်

    မေ ၈၊ ၂၀၁၈
    M-Media

    – ဆော်ဒီအမျိုးသမီးတွေဟာ ဇွန်လ ၂၄ ရက်နေ့ကနေစပြီး ကားမောင်းနိုင်ပြီလို့ ဆော်ဒီ မော်တော်ယာဉ်ဆိုင်ရာဌာနက ညွှန်ကြားရေးမှူး မိုဟာမက် အလ်-ဘက်ဆာမီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    “အမျိုးသမီးတွေ စတင်ကားမောင်းနိုင်ဖို့အတွက် လိုအပ်တာအားလုံးကို လုပ်ဆောင်ပြီးပါပြီ” လို့ အစိုးရရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဘက်ဆာမီက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ဆော်ဒီဘုရင်က အမိန့်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေ ကားမောင်းမှု ပိတ်ပင်ထားတာကို ဖယ်ရှားလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

    အသက် ၁၈ နှစ်နဲ့အထက် အမျိုးသမီးတွေ လိုင်စင်လျှောက်ထားနိုင်ဖို့အတွက် ဆော်ဒီက စီစဉ်ပေးခဲ့ပြီး နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေမှာ အမျိုးသမီးတွေအတွက် ကားမောင်းသင်တန်းကျောင်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

    နိုင်ငံရပ်ခြားမှာ ကားမောင်းလိုင်စင်ရထားတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဒေသတွင်းလိုင်စင်ကို ပြန်လည်လျှောက်ထားဖို့လိုတယ်လို့ ဆိုပါတယ်။

    အမျိုးသမီးတွေ ကားမောင်းခွင့်ပိတ်ပင်ထားတာကို ဖယ်ရှားတဲ့အစီအစဉ်မှာ အသက် ၃၂ နှစ်အရွယ် မိုဟာမက် ဘင် ဆလ်မန်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Alarabiya

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၈၊ ၂၀၁၈
    M-Media

    ဂျေရုစလင်သံရုံးဖွင့်ပွဲ တက်ရောက်မည့်သူများကို အမေရိကန်ထုတ်ပြန်
    ============
    မေလ ၁၄ ရက်နေ့ ဂျရုစလင်က အမေရိကန်သံရုံးဖွင့်ပွဲအခမ်းအနားကို ၅ ဦးပါတဲ့ အဖွဲ့တစ်ခု တက်ရောက်မယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ သမ္မထရမ့်ဟာ ဒီဇင်ဘာလက အမေရိကန်သံရုံးကို တလ်အဗီးကနေ ဂျေရုစလင်ကို ပြောင်းရွှေ့မယ်လို့ ကြေငြာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။ သံရုံးဖွင့်ပွဲအခမ်းအနားကို ထရမ့်ကိုယ်တိုင် တက်ရောက်မှာမဟုတ်ဘဲ သမီးဖြစ်သူ အိုင်ဗန်ကာ၊ သားမက် ဂျာရဒ် ကက်ရှ်နာ၊ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်၊ အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ်ဖရီဒ်မန်း၊ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း သံတမန် ဂျေဆန် ဂရင်းဘလက်တို့အဖွဲ့ လာရောက်မှာ ဖြစ်ပါတယ်။

    ပေါ်လစ်ဗျူရို အဖွဲ့ဝင်တစ်ဦးကို ခြစားမှုဖြင့် တရုတ်က ထောင်တစ်သက်ချ
    ============
    ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်း အရာရှိဟောင်း ဆွန်ဂျန်ချိုင်ကို ခြစားမှုနဲ့ တရုတ်က ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချလိုက်ပါတယ်။ သူဟာ ပေါ်လစ်ဗျူရိုအဖွဲ့တစ်ဦးဖြစ်ပြီး တိုင်းပြည်ကို အုပ်စိုးနေတဲ့ အဖွဲ့ဝင် ၇ ဦးပါ ပေါ်လစ်ဗျူရို ဦးဆောင်ကော်မတီအထိ တက်လှမ်းနိုင်မယ်လို့ တစ်ချိန်က ရေပန်းစားခဲ့သလို၊ သမ္မတ ရှီကျင့်ဖျင်ကို ဆက်ခံမယ့်သူအဖြစ်လည်း တစ်ပြေးခဲ့ပါတယ်။ ပြစ်ဒဏ်အပြင် သူရယူထားတဲ့ နိုင်ငံပိုင်ပစ္စည်းတွေ အားလုံးကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

    ဘိုကိုဟရမ်လက်မှ ဓားစားခံ ၁၀၀၀ ကျော်ကို နိုက်ဂျီးရီးယား ကယ်ထုတ်
    =============
    ဘိုကိုဟရမ် အကြမ်းဖက်သမားတွေရဲ့ လက်ထဲကနေ ဓားစားခံ ၁၀၀၀ ကျော်လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ နိုက်ဂျီးရီးယားစစ်တပ်က မနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အိမ်နီးချင်း ကင်မရွန်း၊ ချဒ်နဲ့ နိုင်ဂျာနိုင်ငံက တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ခဲ့တာဖြစ်ပြီး ကယ်တင်လာနိုင်သူတွေထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ဘိုကိုဟရမ်က အဓမ္မစုဆောင်းထားလို့ လက်နက်ကိုင်နေရတဲ့ အမျိုးသားတစ်ချို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    မသန့်ရှင်းသည့်ရေကြောင့် ကမ္ဘောဒီးယားတွင် လူ ၁၃ ဦး သေဆုံး
    ============
    ကမ္ဘောဒီးယားနိုင်ငံ ကရာတိုင်ပြည်နယ်မှာ တူးမြောင်းတစ်ခုက မသန့်ရှင်းဘူးလို့ ယူဆရတဲ့ရေကို သောက်သုံးမှုကြောင့် အနည်းဆုံး ၁၃ ဦးသေဆုံးပြီး လူ ၂၀၀ လောက် ဆေးကုသမှု ခံနေရပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီဒေသအတွင်းက တူးမြောင်းတွေ၊ စမ်းချောင်းတွေက ရေတွေကို သောက်သုံးမှုမပြုဖို့ သတိပေးထားပါတယ်။ သေဆုံးသူတွေနဲ့ ဆေးကုသမှုခံနေရသူတွေထဲမှာ အဲဒီရေနဲ့ချက်ထားတဲ့ ဆန်အရက်ကို သောက်သုံးသူတွေလည်း ပါဝင်ပြီး သေဆုံးသူအများစုဟာ အသက်အရွယ်ကြီးသူတွေ ဖြစ်ပါတယ်။

    Ref: CNA, Aljazeera

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မေ ၇၊ ၂၀၁၈
    M-Media

    ယခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံး ၁၁ ယောက်

    ဖာဂူဆန်အတွက် ရွိင်ယန်ဂစ် ဆုတောင်းပေး
    ============
    ဆရာဟောင်း ဆာအဲလက်စ်ဖာဂူဆန် နေကောင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးတယ်လို့ ဝေးလ်နည်းပြ မန်ယူတိုက်စစ်မှူးဟောင်း ရွိုင်ယန်ဂစ်က ပြောကြားလိုက်ပါတယ်။ အသက် ၇၆ နှစ်အရွယ် ဖာဂူဆန်ဟာ ဦးနှောက် သွေးယိုစီးမှုကြောင် စနေနေ့မှာ ခွဲစိပ်ကုသမှု လုပ်ခဲ့ရပြီး ခွဲစိပ်မှုအောင်မြင်ပေမယ့် အထူးကြပ်မတ် ကုသနေ ရဆဲဖြစ်ပါတယ်။ ဂစ်က ဖာဂူဆန်ဟာ ဖိုက်တာတစ်ယောက်ဖြစ်ပြီး လက်ရှိ အခြေအနေကနေ ပြန်လည်သက်သာလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရော်နယ်ဒိုဒဏ်ရာအတွက် စိတ်မပူဟု ဇီဒိန်းပြော
    ==============
    မန်နေ့က ဘာစီလိုနာနဲ့ပွဲမှာ ရော်နယ်ဒိုဒဏ်ရာရှိမှုအတွက် မစိုးရိမ်ဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ပြန်လည်သက်သာလာလိမ့်မယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ၂ ဂိုးစီသရေကျခဲ့တဲ့အဲဒီပွဲမှာ ပထမဂိုးသွင်းယူပြီးတဲ့နောက် ရော်နယ်ဒိုဟာ ဒဏ်ရာရခဲ့တာပါ။ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၂၆
    ရက်နေ့မှာ ကစားမှာ ဖြစ်ပြီး ၃ ကြိမ်ဆက် ချန်ပီယံဖြစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဇီဒိန်းက ဆိုပါတယ်။

    ပရီးမီးယားလိဂ် အကောင်းဆုံး ၁၁ ယောက်စာရင်းထွက်လာ
    ============
    ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်း ထွက်လာခဲ့ပြီး ချန်ပီယံ မန်စီးတီးအသင်းက စတာလင်၊ ဒီရူနီ၊ ဆေးလ်ဗားနဲ့ ဝေါလ်ကာတို့ ၄ ဦးအထိ ပါဝင်လာပါတယ်။ လီဗာပူးလ်က ၃ ယောက် ပါဝင်ခဲ့ပြီး ဆာလာဟ်၊ ဖာမီနိုနဲ့ ရောဘတ်ဆန်တို့ ဖြစ်ပါတယ်။ စပါးက ၂ ယောက်၊ မန်ယူနဲ့ ဘန်လေတို့က တစ်ယောက်စီ အသီးသီး ပါဝင်ခဲ့ပါတယ်။

    မန်ယူသို့မသွားဟု ဟဇာ့ဒ်ပြော
    =============
    မန်ယူကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေကို ချယ်ဆီးတိုက်စစ်မှူး အေဒင် ဟဇာ့ဒ်က ငြင်းဆိုလိုက်ပါတယ်။ ဟာဇာ့ဒ်ဟာ ချယ်ဆီးရဲ့ ကိုယ်ပိုင်ကစားသမားလိုမျိုး ဖြစ်နေပေမယ့် ရီးယဲလ်က ခေါ်ယူမယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ မန်ယူနည်းပြဖြစ်တဲ့ မော်ရင်ဟိုဟာ ချယ်ဆီးက တပည့်ဟောင်း ဟဇာ့ဒ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ လတ်တလောမှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

    Ref: BBC,Goal

  • မက္ကာ-မဒီနာ အမြန်ရထားလိုင်းသစ်ကို ယခုနှစ် စင်တင်ဘာတွင် စတင်ပြေးဆွဲမည်

    မက္ကာ-မဒီနာ အမြန်ရထားလိုင်းသစ်ကို ယခုနှစ် စင်တင်ဘာတွင် စတင်ပြေးဆွဲမည်

    မေ ၇၊ ၂၀၁၈
    M-Media

    – တစ်နာရီကို ကီလိုမီတာ ၃၀၀ ကျော် သွားနိုင်တဲ့ မက္ကာ-မဒီနာ ရထားလမ်းသစ်ကို အခုနှစ် စက်တင်ဘာလမှာ စတင်ပြေးဆွဲသွားမယ်လို့ ဆော်ဒီက ကြေငြာလိုက်ပါတယ်။

    အဲဒီ ဟာရာမိန်း လျှပ်စစ်အမြန်ရထားဟာ အရှေ့အလယ်ပိုင်းမှာ အမြန်ဆုံးရထား ဖြစ်လာမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်အစပိုင်း အပြည့်အ၀ ပြေးဆွဲနိုင်တဲ့အချိန်ရောက်ရင် တစ်နှစ် လူ သန်း ၆၀ လောက်ကို သယ်ယူပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ရထားလမ်းအရှည်ဟာ ကီလိုမီတာ ၄၅၀ ရှိပြီး ကင်းအဘ်ဒူလာ စီးပွားရေးမြို့တော်ကို ဖြတ်ပြီး ဖောက်ထားတာ ဖြစ်ပါတယ်။

    ဆော်ဒီ သယ်ယူပို့ဆောင်ရေးဝန်ကြီး နဘီလ် ဘင် မိုဟာမက် အလ်-အေမူဒီက ဆော်ဒီရဲ့ ၂၀၃၀ မဟာဗျူဟာ စီမံကိန်းမှာ သယ်ယူပို့ဆောင်ရေးကို တိုင်းပြည်စီးပွားရေးရဲ့ အဓိကမောင်းနှင်အားအဖြစ် သတ်မှတ်ထားပြီး ဟာရာမိန်း ရထားလိုင်းအပြင်၊ အခုလအတွင်း ဂျစ်ဒါမှာ လေဆိပ်အသစ်တစ်ခု ဖွင့်လှစ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref : Arabnews

  • အိန္ဒိယတွင် ရက်ပိုင်းအတွင်း ကြမ်းကြုတ်သည့် အဓမ္မကျင့်သတ်ဖြတ်မှု ၂ ခု ဖြစ်ပွား

    အိန္ဒိယတွင် ရက်ပိုင်းအတွင်း ကြမ်းကြုတ်သည့် အဓမ္မကျင့်သတ်ဖြတ်မှု ၂ ခု ဖြစ်ပွား

    မေ ၇၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံမှာ ရက်ပိုင်းအတွင်း ဆယ်ကျော်သက်မိန်းကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ကာ အရှင်လတ်လတ် မီးရှို့သတ်ခံရမှု ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေအပေါ် ပြည်သူလူထုရဲ့ ဖိအားတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဂျာ့ဂ်ဟန်းပြည်နယ်မှာ သောကြာနေ့က အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ အဓမ္မကျင့် ခံခဲ့ရပြီး ရေနံဆီလောင်းကာ မီးရှို့အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ မိန်းကလေးဟာ ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်း ဆိုးဆိုးဝါးဝါး မီးလောင်မှုကို ခံထားရပေမယ့် မသေဆုံးသေးဘဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအမှုအတွက် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းထားတယ်လို့လည်း ဆိုပါတယ်။

    တစ်နေ့တည်းမှာပဲ ပြည်နယ်အတွင်း တစ်ခြားဒေသတစ်ခုမှာ မိဘတွေ မင်္ဂလာဆောင်သွားခိုက် အိမ်မှာရှိနေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ကို လူတစ်စုက ပြန်ပေးဆွဲကာ အဓမ္မပြုကျင့်ခဲ့ပါတယ်။

    မိဘတွေက ဒီကိစ္စကို ကျေးရွာကောင်စီလူကြီးဆီ သွားတိုင်ခဲ့ပေမယ့် ကျူးလွန်ခဲ့သူတွေကို ထိုင်ထ အခါ ၁၀၀ လုပ်ခိုင်းကာ လျော်ကြေး ရူပီး ၅၀၀၀၀ (ကန်ဒေါ်လာ ၇၅၀) ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွာလူကြီးရဲ့ ဒီဆုံဖြတ်ချက်ကို မကျေနပ်တဲ့အတွက် ကျူးလွန်သူတွေက မိန်းကလေးငယ်ရဲ့ အိမ်ကို သွားရောက်ကာ မိဘတွေကို ရိုက်နှက်ခဲ့ပြီး မိန်းကလေးကို မီးရှို့ခဲ့ပါတယ်။

    အိန္ဒိယမှာ မိန်းကလေးကို အုပ်စုဖွဲ့အဓမ္မကျင့်တာဟာ ပုံမှန်လိုလို ဖြစ်လာနေပြီး ၂၀၁၆ ခုနှစ်အတွင်း အဓမ္မကျင့်မှုပေါင်း ၄ သောင်းလာက် ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ ကျူးလွန်ခံရသူတွေဟာ နောက်ဆက်တွဲ ပြဿနာတွေကို ကြောက်ရွံ့တဲ့အတွက် မတိုင်ကြားတာတွေ ရှိနိုင်တာကြောင့် အမှန်တကယ်အရေအတွက်ဟာ ဒီထက်ပိုပြီး များနိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့လအတွင်းမှာ ကက်ရှ်မီးယားက အသက် ၉ နှစ်အရွယ် မွတ်စလင်မိန်းကလေးငယ်တစ်ဦးကို ဟိန္ဒူအမျိုးသားတစ်စုက ပြန်ပေးဆွဲကာ အဓမ္မကျင့် သတ်ဖြတ်မှု၊ အူတာပရာဒက်ရှ်ပြည်နယ်မှာ အာဏာရ ဟိန္ဒူအမျိုးသားပါတီရဲ့ တာဝန်ရှိသူတစ်ဦးက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့်မှုတွေ
    ဖြစ်ပွားခဲ့ပါတယ်။

    ဒီဖြစ်စဉ်နှစ်ခုမှာ အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ကျူးလွန်သူတွေကို ကာကွယ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    Ref: CNA