News @ M-Media

Author: Ko Lay

  • ဆေးခြောက်များကို ကြွက်စားသွားသည်ဟုပြောသည့် ရဲအရာရှိများကို အာဂျင်တီးနား ထုတ်ပယ်

    ဆေးခြောက်များကို ကြွက်စားသွားသည်ဟုပြောသည့် ရဲအရာရှိများကို အာဂျင်တီးနား ထုတ်ပယ်

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    – ဖမ်းဆီးထားတဲ့ ဆေးခြောက်တွေ ပျောက်ဆုံးမှုဟာ ကြွက်စားသွားတာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို အာဂျင်တီးနားက ထုတ်ပယ်လိုက်ပါတယ်။

    မြို့တော် ဗျူနိုအေရီးစ် အနောက်မြောက်ဖက် ပီလာမြို့ ရဲတပ်ဖွဲ့ စတိုခန်းထဲက ဆေးခြောက် ၅၄၀ ဂရမ် ပျောက်ဆုံးမှုကိ စုံစမ်းစစ်ဆေးရာမှာ ရဲမှူး ဂျာဗီယာ စပီစီယာနဲ့ သူ့လက်အောက်ငယ်သားတွေက ဆေးခြောက်ကို ကြွက်စားသွားတယ်လို့ တရားသူကြီးကို ပြောကြားခဲ့ပါတယ်။

    မှုခင်းဆရာဝန်တွေက ကြွက်တွေဟာ မူးယစ်ဆေးဝါးကို အစားအသောက်နဲ့ ဘယ်တော့မှ မမှားနိုင်ဘဲ၊ ဆေးခြောက်တွေကို တကယ်စားသုံးခဲ့မယ်ဆိုရင်တောင် သေသွားမှာကြောင့် ကြွက်သေတွေအများကြီး တွေ့ရလိမ့်မယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    နောက်ဆုံးကြားနာမှုကို မေလ ၄ ရက်နေ့မှာ ပြုလုပ်ဖို့ရှိပြီး ဒီဆေးခြောက်တွေဟာ သုံးစွဲလိုက်တာကြောင့်၊ ဒါမှမဟုတ် ပေါ့ဆမှုကြောင့် ပျောက်ဆုံးသွားတာလားဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    ပီလာမြို့က ရဲစတိုခန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆေးခြောက် ကီလို ၆၀၀၀ လောက် သိမ်းဆည်းထားတာပါ။

    ရဲမင်းကြီး စပီစီယာက သူ အဲဒီမြို့မှာ တာဝန်ထမ်းဆောင်ကတည်းက ဆေးခြောက်တွေ လျော့နေတာကို သတိပြုမိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

    ရဲမှူးဟောင်း ၂၀၁၇ ခုနှစ် ဧပြီလက ပြောင်းရွှေ့သွားစဉ်မှာ စပီစီယာဟာ စတိုခန်းကို တရားဝင် လက်မှတ်ထိုး လွှဲပြောင်းယူခဲ့ခြင်းမရှိဘူးလို့ တွေ့ရှိခဲ့ရပြီးတဲ့နောက် သူ့အပေါ်မှာ သံသယ ပိုလာခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ရဲမှူးဟောင်းလည်း စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။

    Ref: BBC

  • ကမ္ဘာ့ပထမဆုံး စမတ် ကားနံပါတ်ပြားစနစ်ကို ဒူဘိုင်းတွင် စတင်အသုံးပြုမည်

    ကမ္ဘာ့ပထမဆုံး စမတ် ကားနံပါတ်ပြားစနစ်ကို ဒူဘိုင်းတွင် စတင်အသုံးပြုမည်

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့မှာ လာမယ့်လအတွင်း ကားတွေအတွက် စမတ်နံပါတ်ပြား ရှေ့ပြေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့ ရှိနေပြီး ကမ္ဘာ့ပထမဆုံး စမတ်နံပါတ်ပြား စီမံကိန်းလည်း ဖြစ်ပါတယ်။

    စမတ်နံပါတ်ပြားဆိုတာ ဒစ်ဂျစ်တယ်စခရင်နဲ့ ကားနံပါတ်ကို ဖော်ပြတာဖြစ်ပြီး ဂျီပီအက်စ်စနစ်၊ ထရန်စမစ်တာ၊ မိုကခရိုပရောဆက်ဆာ ချစ်ပ်တွေလည်း ဒီစရင်မှာ တွဲဖက်တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

    ဒူဘိုင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ RTA အကြီးအကဲ အဘ်ဒူလာ ယူစွဖ် အလ် အလီက ဒီစနစ်ဟာ ဒူဘိုင်းရဲ့ ၁၀ နှစ်စာ ခုန်ပျံကျော်လွှားရေးစီမံကိန်း 10X ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီ စမတ်နံပါတ်ပြားဟာ ကားရဲ့အမှုမှတ်တမ်း၊ ကားမောင်းသူရဲ့ အီလက်ထရောနစ် ပိုက်ဆံအိတ် (e-purse) တို့နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီး လိုင်စင်သက်တမ်းတိုးတာ၊ ယာဉ်အမှုစစ်တာ၊ ဒဏ်ငွေပေးဆောင်တာတွေကို ထိုင်ရာမထ လုပ်နိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ယာဉ်မောင်းအနေနဲ့ ဗဟိုထိန်းချုပ်ရေးစင်တာက အာဏာပိုင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်မှာလည်း ဖြစ်ပါတယ်။

    ရှေ့ပြေးစီမံကိန်းအတွင်း သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေမှာ စမ်းသပ်မှာဖြစ်ပြီး နောက်ပိုင်းမှာ အစမ်းကာလ၊ အဲဒီနောက်မှာမှ တစ်နိုင်ငံလုံးသုံးနိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။

    ဒူဘိုင်းဟာ အခုနှစ်အနှောင်းပိုင်းမှာ မောင်းသူမဲ့ ကားရထားတွဲတွေကိုလည်း စမ်းသပ်ဖို့ ရှိနေပါတယ်။ အဲဒီ ကားရထား တစ်တွဲကို လူ ၁၀ ယောက်လောက် စီးနိုင်မှာဖြစ်ပါတယ်။

    Ref: Alarabiya

  • ဂျေရုစလင်တွင် ခရစ်ယာန်နှင့်အစ္စလာမ် ပပျောက်အောင် အစ္စရေးက ဆောင်ရွက်နေသည်ဟု ပါလက်စတိုင်း ဘာသာပေါင်းစုံအဖွဲ့သတိပေး

    ဂျေရုစလင်တွင် ခရစ်ယာန်နှင့်အစ္စလာမ် ပပျောက်အောင် အစ္စရေးက ဆောင်ရွက်နေသည်ဟု ပါလက်စတိုင်း ဘာသာပေါင်းစုံအဖွဲ့သတိပေး

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    – ဂျေရုစလင်ကို အစ္စရေးအစိုးရက ထင်တိုင်းကြဲနေမှုအတွက် ပါလက်စတိုင်း ဘာသာပေါင်းစုံအဖွဲ့က သတိပေးလိုက်ပြီး ခရစ်ယာန်နဲ့ အစ္စလာမ်သာသာတွေအပေါ် အကြီးအကျယ် ထိခိုက်လာလိမ့်မယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

    အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ရာမာလာမြို့မှာ မနေ့ကကျင်းပတဲ့ ဂျေရုစလင်ဆိုင်ရာ ၉ ကြိမ်မြောက် နိုင်ငံတကာညီလာခံမှာ ဒီလို သတိပေးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ မွတ်စလင်-ခရစ်ယာန်ကော်မတီ အထွေထွေအတွင်းရေးမှူး ဟန်နာ အီဆာက အစ္စရေးဟာ ဂျေရုစလင်ရဲ့ ၉၅ ရာခိုင်နှုန်းကို ဂျူးဇာတ်သွင်းခဲ့ပြီး လက်ရှိ ဖန်တီးနေတဲ့ ‘ဂရိတ်တား ဂျေရုစလင်’ ဆိုတဲ့နေရာဟာ မြို့ရဲ့ အမှတ်သညာ၊ ခရစ်ယာန်နဲ့ မွတ်စလင်တို့ရဲ့ အရေးပါမှုတွေကို ပြောင်းလဲပစ်လိမ့်မယ်လို့ ဆိုပါတယ်။

    “အစ္စရေးဟာ စကွဲယားကီလိုမီတာ ၆၀၀ ကျယ်ဝန်းတဲ့နေရာမှာ ဂရိတ်တားဂျေရုစလင်ဆိုတဲ့ ဒေသတစ်ခုကို တည်ဆောက်ချင်နေတယ်။ ဒါဟာ မြို့တွင်းက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ရင်းဖြစ်ပါတယ်”

    ရာမာလာက နိုင်ငံတကာညီလာခံကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၊ အာရပ်နဲ့ မွတ်စလင်နိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့ တော်တော်များများ တက်ရောက်ခဲ့ပါတယ်။

    ဂျေရုစလင်စောင့်ရှောက်မှုအဖွဲ့ရဲ့ ဥက္ကဌ မူနစ်ဘ် မက်စ်ရီက ဂျေရုစလင်ဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေအတွက် အရေးပါတဲ့မြို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဂျေရုစလင်ကိစ္စကို ကျေနပ်လောက်ဖွယ် မဖြေရှင်းနိုင်သ၍ ငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်ဘူးဆိုတာ ကမ္ဘာကြီးက သိထားရပါမယ်”

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ သာသနာရေးဆိုင်ရာ ၀န်ကြီး ယူဆက်ဖ် အက်ဒီက ဂျေရုစလင်ဟာ ဘာသာတရားတွေရဲ့ ဇာတိချက်ကြွေနေရာဖြစ်တယ်လို့ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    “မြင့်မြတ်ရာမြို့ကို အနောက်နိုင်ငံတွေရဲ့ အင်အားကောင်းကောင်းနဲ့ ဖျက်ဆီးနေမှုကို ဟန့်တားဖို့အတွက် အာရပ်တွေ၊ မွတ်စလင်တွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အာရုံစိုက်ကာ အားထုတ်ကြိုးပမ်း လုပ်ဆောင်ရပါတော့မယ်”

    ၁၉၆၇ ခုနှစ် စစ်ပွဲနောက်ပိုင်းမှာ အစ္စရေးဟာ အရှေ့ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဂျူးတွေနေထိုင်နိုင်တဲ့ တရားမ၀င်အိမ်ယာတွေကိုလည်း အများအပြား ဆောက်လုပ်ခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ဒီလုပ်ရပ်နှစ်ခုစလုံးကို အသိအမှတ်မပြုပါဘူး။

    ဒါ့အပြင် ဂျေရုစလင်မှာ ခရစ်ယာန်နဲ့ အစ္စလာမ်သာသနာတွေ အားနည်းလာအောင် အစ္စရေးက စနစ်တကျ ဆောင်ရွက်နေပါတယ်။

    ဂျေရုစလင်က ခရစ်တော်မြှပ်နှံထားရာနေရာတစ်ဝိုက်မှာ ကျင်းပတဲ့ အီစတာပွဲတော်အကြို ‘မြင့်မြတ်သော မီးပုံပွဲ’ ကို သွားရောက်တဲ့ ကုလကိုယ်စားလှယ်အဖွဲ့နဲ့ အခြားသံတမန်တွေကို အစ္စရေးက ပိတ်ပင်ဖို့ ကြိုးစားခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းဆိုင်ရာ ကုလငြိမ်းချမ်းရေးသံတမန် ရောဘတ်ဆာရီက အစ္စရေးတပ်ဖွဲ့တွေဟာ Holy Sepulchre ဘုရားကျောင်းကို သွားရောက်တဲ့ သူနဲ့ အခြား ပါလက်စတိုင်း ခရစ်ယာန်တွေကို တားဆီးမှုတွေ လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့စနေနေ့မှာ ပြောကြားခဲ့ပြီး ဒီလုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။

    ပြီးခဲ့လမှာ ဂျေရုစလင်က ခရစ်ယာန်အသင်းတော်တစ်ခုဟာ ဂါဇာက ပါလက်စတိုင်း ခရစ်ယာန် ၆၀၀ ကို ဂျေရုစလင်မှာ အီစတာပွဲတော် လာရောက်ဆင်နွှဲနိုင်ရေး ခရီးသွားပါမစ် တင်ခဲ့ပေမယ့် အစ္စရေးက တစ်ယောက်မှ သွားခွင့်မပြုခဲ့ပါဘူး။

    အစ္စရေးက ဂျေရုစလင်မှာ ခရစ်ယာန်သာသနာအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံက အကြီးအကဲတွေဟာ အခုနှစ်အစောပိုင်းမှာ Holy Sepulchre ဘုရားကျောင်းကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • ဟိန္ဒူအမျိုးသားရေးပါတီမှ အမတ်တစ်ဦး အဓမ္မကျင့်မှုကို ရဲက ကာကွယ်ေပးမှုအတွက် အိန္ဒိယပြည်သူများ ဆန္ဒပြ

    ဟိန္ဒူအမျိုးသားရေးပါတီမှ အမတ်တစ်ဦး အဓမ္မကျင့်မှုကို ရဲက ကာကွယ်ေပးမှုအတွက် အိန္ဒိယပြည်သူများ ဆန္ဒပြ

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် လွှတ်တော်အမတ်

    – အာဏာရ ဟိန္ဒူလက်ယာပါတီ BJP က လွှတ်တော်အမတ်တစ်ဦး အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်တဲ့ကိစ္စမှာ အရေးယူမခံရဘဲ လွတ်မြောက်နေမှုအတွက် အိန္ဒိယပြည်သူလူထုက အကြီးအကျယ် ဆန္ဒပြခဲ့ပြီးတဲ့နောက် နိုင်ငံရဲ့ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကိစ္စကို ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ်က အသက် ၅၀ အရွယ် ကူဒီပ် ဆင်း ဆန်ဂါဆိုတဲ့ အဲဒီလွှတ်တော်အမတ်ရဲ့ ပြဿနာဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်ပြီး လူမသိစေဖို့အတွက် ရဲတပ်ဖွဲ့နဲ့ အစိုးရအဖွဲ့တွေက ဖုံးဖိခဲ့ကြတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

    အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်က ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဒီကိစ္စ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ မိန်းကလေးရဲ့ အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူဟာ အမှန်တရား ဖော်ထုတ်နိုင်ရေး ကြိုးပမ်းခဲ့ပေမယ့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး တနင်္လာနေ့က သေဆုံးသွားခဲ့ပါတယ်။

    ဒီကိစ္စမှာ ရဲတွေဟာ သံသယရှိသူ လွှတ်တော်အမတ်ကို ကာကွယ်ပေးခဲ့တယ်ဆိုတာ တွေ့မြင်ခဲ့ရပြီးတဲ့နောက် ပြည်သူလူထုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    လက်ရှိမှာ ဆင်းကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှ ကလေးငယ်များအား ကာကွယ်ပေးရေး အက်ဥပဒေအပါအ၀င် ပုဒ်မတော်တော်များများနဲ့ အမှုဖွင့်ထားပြီး အိန္ဒိယရဲ့ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်တဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

    ဆင်းဆန်ဂါကတော့ သူ့အပေါ် တရားစွဲဆိုမှုဟာ ဇာတ်နိမ့်တွေရဲ့ ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးငယ်ရဲ့ဖခင် သေဆုံးမှုဟာ ဆင်းဆန်ဂါရဲ့ ညီဖြစ်သူ အာတူလ်ဆင်း အချုပ်ထဲ လာရောက်ရိုက်နှက်မှုကြောင့် ဖြစ်တယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

    မုဒိမ်းကောင်ကို ကာကွယ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ရာထူးကနေ ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Aljazeera

  • ထရမ့်၏ Twitter ဒီပလိုမေစီတွင် ပါဝင်မည်မဟုတ်ဟု ရုရှားပြော

    ထရမ့်၏ Twitter ဒီပလိုမေစီတွင် ပါဝင်မည်မဟုတ်ဟု ရုရှားပြော

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    – မိမိတို့အနေနဲ့ Twitter ဒီပလိုမေစီမှာ ပါဝင်မှာမဟုတ်ဘဲလက် ရေရာသေချာတဲ့ ဆောင်ရွက်မှုတွေကိုသာ ပြုလုပ်သွားမယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားလိုက်ပါတယ်။

    ဆီးရီးယားအစိုးရတပ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်က မစတ်ဖြစ်တဲ့ ဒုံးကျည်တွေနဲ့ လက်တုန့်ပြန်သွားမှာဖြစ်ပြီး ဒီအတွက် အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့ ရုရှားကို အမေရိကန်သမ္မတထရမ့်က မနေ့မှာ Twitter ကနေတစ်ဆင့် သတိပေးခဲ့ပါတယ်။

    “Twitter ဒီပလိုမေစီမှာ ကျွန်တော်တို့ ပါဝင်မှာ မဟုတ်ပါဘူး။ ရေရာသေချာတဲ့ နည်းလမ်းတွေကိုသာ ကျွန်တော်တို့ ထောက်ခံပါတယ်။ ဆိုးရွားနေတဲ့အခြေအနေကို ပိုပြီး ဆိုးရွာစေမယ့် ခြေလှမ်းမျိုး မလှမ်းဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” လို့ ပက်စ်ကော့ဗ်ရဲ့ ပြောကြားမှုကို Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း စမတ်ဒုံးကျည်တွေဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒကို နှစ်တော်တော်ကြာ တိုက်ခိုက်နေတဲ့ တရားဝင်အစိုးရထက် အကြမ်းဖက်သမားတွေဆီပဲ သွားသင့်တယ်လို့ မနေ့မှာ တုန့်ပြန်ခဲ့ပါတယ်။

    ပက်စ်ကော့ဗ်က ပြီးခဲ့တဲ့တစ်ပတ် ဒူးမားမျိုးမှာ ဆီးရီးယားအစိုးရတပ်က ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှားယွင်းတဲ့ ပြောကြားမှုဖြစ်ပြီး ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်ဖို့အတွက် ဒီခေါင်းစဉ် တပ်လို့မရဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒူးမားကိစ္စအတွက် ဆီးရီးယားအစိုးရအပေါ် စစ်ရေးနဲ့တုန့်ပြန်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆွေးနွေးမှုတွေ လုပ်နေပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဒီကနေ့မှာ အစိုးရအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera