News @ M-Media

Author: Ko Lay

  • ဆီးရီးယားကိုပစ်မယ့် ဒုံးကျည်အတွက် အသင့်ပြင်ထားဖို့ ရုရှားကို ထရမ့်သတိပေး

    ဆီးရီးယားကိုပစ်မယ့် ဒုံးကျည်အတွက် အသင့်ပြင်ထားဖို့ ရုရှားကို ထရမ့်သတိပေး

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    – ဆီးရီးယားကို မိမိတို့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို ဒီကနေ့မနက်ပိုင်းမှာ Twitter ကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။

    သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေသကို ဆီးရီးယားအစိုးရတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်က လက်တုန့်ပြန်ဖို့ စီစဉ်နေတာပါ။

    လက်ဘနွန်ဆိုင်ရာ ရုရှားသံအမတ်က အမေရိကန်အနေနဲ့ ဆီးရီးယားကို ဒုံးကျည်နဲ့ တိုက်ခိုက်မယ်ဆိုရင် သမ္မတပူတင်နဲ့ စစ်ဦးစီးအရာရှိချုပ်တို့ရဲ့ စကားအတိုင်း ဒီဒုံးကျည်တွေကို ပစ်ချသွားမှာဖြစ်သလို၊ ဒုံးကျည်တိုက်ခိုက်တဲ့နေရာကိုလည်း ချေမှုန်းသွားမယ်လို့ မနေ့က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီနေ့မနက် Twitter မှတ်ချက်မှာ ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ကို ရုရှားက ပံ့ပိုးမှုအတွက်လည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

    “ဆီးရီးယားကိုပစ်တဲ့ ဘယ်လိုဒုံးကျည်ကိုမဆို ပစ်ချမယ်လို့ ရုရှားက သန္ဓိဌာန်ချထားတယ်။ အဲဒါဆိုရင် အဆင်သင့်သာလုပ်ထားလိုက်ပါ ရုရှားရေ။ ဒုံးကျည်တွေလာတော့မှာ၊ တော်တော်ကောင်းတဲ့ စမတ်ကျတဲ့ ဒုံးကျည်အသစ်တွေပေါ့။ ကိုယ့်ပြည်သူကိုသတ်ပြီး ပျော်နေတဲ့ ဓာတ်ငွေ့တိရစ္ဆာန်လိုကောင်နဲ့ မင်းတို့ မိတ်ဆွေမဖြစ်သင့်ဘူး”

    မြို့တော်ဒမတ်စကတ် ဆင်ခြေဖုံး အရှေ့ဂူတာဒေသက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒူးမားမြို့မှာ စနေနေ့က ဆီးရီးယားအစိုးတပ်ရဲ့ တိုက်ခိုက်မှုမှာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် လူ ၇၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေက အဲဒီတိုက်ခိုက်မှုမှာ ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်နဲ့ အခြား ဥရောပနိုင်ငံ တော်တော်များများက ဒီကိစ္စအတွက် ဆီးရီးယားအစိုးရကို စစ်ရေးနဲ့ လက်တုန့်ပြန်ဖို့ အခုရက်ပိုင်းအတွင်းမှာ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

    ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ကတော့ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • အမေရိကန်အောက်လွှတ်တော်မှာ ဇက်ကာဘက် ဘာတွေရှင်းပြခဲ့သလဲ

    အမေရိကန်အောက်လွှတ်တော်မှာ ဇက်ကာဘက် ဘာတွေရှင်းပြခဲ့သလဲ

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    – သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် လုံခြုံရေးဆိုင်ရာ ပေါ်လစီတွေကို ဘယ်လိုလုပ်ဆောင်ထားလဲဆိုတာနဲ့ ပတ်သက်ပြီး Facebook စီအီးအို မာ့ခ် ဇက်ကာဘဂ်ဟာ မနေ့က အမေရိကန်အောက်လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

    ၅ နာရီကြာမြင့်တဲ့ ဒီရှင်းပြမှုအတွင်း ဇက်ကာဘက်က ယူကေ နိုင်ငံရေးအကြံပေးအဖွဲ့ Cambridge Analytica က လူပေါင်း ၈၇ သန်းလောက်ရဲ့ အချက်အလက်တွေ တရားမ၀င်ရယူသွားမှုနဲ့ပတ်သက်ပြီး တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားအုပ်စုတွေ ၀င်ရောက်စွက်ဖက်မှု ရှိခဲ့တယ်ဆိုတဲ့ကိစ္စမှာ Facebook ကို အသုံးချခဲ့လားဆိုတဲ့ မေးခွန်းလည်း အမေးခံခဲ့ရပါတယ်။

    ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ အထူးကိုယ်စားလှယ် မူလာနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဇူကာဘက်က ဖြေကြားခဲ့ပြီး ရုရှားဟာ Facebook ကို အသုံးချနိုင်ရေး အားသွန်ခွန်စိုက် ကြိုးစားနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

    အမေရိကန်လွှတ်တော်အမတ်တွေက အချက်အလက်တွေ ပေါက်ကြားခံရတာနဲ့ပတ်သက်ပြီး မကျေနပ်ကြောင်း ပြောကြားခဲ့ကြသလို၊ ဒီမေးမြန်းမှုကနေ အချက်အလက်ကာကွယ်ရေး ဥပဒေသစ်တွေ ထွက်လာဖို့လည်း ရှိနေပါတယ်။ Facebook ကတော့ ရှေ့ဆက် အကန့်အသတ်တွေနဲ့ ကြုံတွေ့ရမယ့် အနေအထားပါ။

    “ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်နိုင်ခြင်း မရှိဘဲ့ပါဘူး။ ဒါဟာ ကြီးမားတဲ့ အမှားတစ်ခုပါ။ ကျွန်တော့်အမှားပါ။ တောင်းပန်ပါတယ်။ ကျွန်တော် Facebook ကို စတင်ခဲ့တယ်။ ကိုင်တွယ်နေတယ်၊ အဲဒီမှာဖြစ်တဲ့ကိစ္စအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်” လို့ ဇက်ကာဘတ်က ပြောပါတယ်။

    Cambridge Analytica က အချက်အလက်တွေကို ယူခဲ့ပေမယ့် အသုံးမပြုခဲ့ဘဲ ဖျက်ပစ်လိုက်တယ်လို့ သူ့ကို ပြောခဲ့တဲ့အတွက် ပြဿနာဖြစ်မလာနိုင်ဘူးလို့ ထင်ခဲ့ကြောင်း၊ ဒီလိုထင်ခဲ့တာကိုက အမှားတစ်ခုဖြစ်ခဲ့ပြီး သူတို့ရဲ့စကားကို နားမထောင်ခဲ့သင့်ကြောင်း၊ ဒီလိုအမှားမျိုး ထပ်မဖြစ်အောင်လို့ ပေါ်လစီကို ပြင်ဆင်ထားကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အရင်က သတင်းအချက်အလက် တော်တော်များများ ရယူခဲ့တဲ့ အက်ပလီကေးရှင်းတိုင်းကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်။ အချက်အလက်တွေကို မလျော်မကန် အသုံးပြုတယ်ဆိုတာ တွေ့ခဲ့ရင် အဲဒီ အက်ပလီကေးရှင်းတွေကို Facebook ကနေ ပိတ်ပစ်ပြီး ထိခိုက်ခဲ့သူတွေကိုလည်း ဒီအကြောင်း အသိပေးသွားမှာ ဖြစ်ပါတယ်”

    ရုရှားကိစ္စ

    ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက Facebook ကို အသုံးချခဲ့မှုနဲ့ပတ်သက်ပြီးလည်း ဇက်ကာဘက်က အခုလို ပြောခဲ့ပါတယ်။

    “ဒီကုမ္ပဏီကို လုပ်ကိုင်နေတဲ့အချိန်အတွင်း အကြီးမားဆုံး နောင်တတွေထဲကတစ်ခုဟာ ၂၀၁၆ ခုနှစ် ရုရှားရဲ့ အချက်အလက်စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ဖော်ထုတ်မှု နှေးကွေးခဲ့တာဖြစ်ပါတယ်။ ရုရှားမှာ ကျွန်တော်တို့ရဲ့စနစ်နဲ့ အခြား အင်တာနက်စနစ်တွေအပေါ် အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ အုပ်စုတစ်ခု သပ်သပ်ရှိတယ်။ ဒါဟာ သူတင်ကိုယ်တင်ချဲရမယ့် ကိစ္စဖြစ်ပါတယ်။ သူတို့ဟာ ဒီအတွက် ပိုကောင်းအောင် ဆက်လုပ်နေသလို ကျွန်တော်တို့ကလည်း ပိုမိုကာကွယ်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လိုအပ်ပါတယ်”

    လွှတ်တော်အမတ် ဒစ်ဒါဘင်က “မနေ့ညက ခင်ဗျားတည်းခဲ့တဲ့ ဟိုတယ်ရဲ့နာမည် ကျွန်တော်တို့ကို ပြောပါဆိုရင် ခင်ဗျား ကျေနပ်မလား” လို့ မေးခဲ့ပြီး ဇက်ကာဘက်က ‘ဘယ်ကျေနပ်မလဲ’ လို့ ဖြေခဲ့ပါတယ်။

    ဒစ်ဒါဘင် – “ဒီတစ်ပတ်အတွင်း ခင်ဗျား လူတွေကို မက်ဆေ့တွေ ပို့ခဲ့တယ်ဆိုပါတော့ဗျာ။ ခင်ဗျားမက်ဆေ့ပို့ခဲ့တဲ့ လူတွေရဲ့အမည်ကို ကျွန်တော်တို့ကို ပြောပြမလား”

    ဇက်ကာဘက် – “မပြောပါဘူး။ ဒီနေရာမှာ လူသိရှင်ကြား ထုတ်မပြောဖို့ ကျွန်တော် ဆုံးဖြတ်မှာပါ”

    ဒစ်ဒါဘင် – “ဒါပဲဗျ။ ဒါဟာ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာကို လျှို့ဝှက်ထားခွင့်ပဲ။ ကန့်သတ်ထားခွင့်ပဲ။ ‘ကမ္ဘာတစ်ဝှမ်းက လူတွေကို ဆက်သွယ်ပေးရေး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေတ်သစ်အမေရိကမှာ ခင်ဗျားဟာ ဒါကို ဘယ်လောက်တောင် လစ်လျူရှုလိုက်ပြီလဲ”

    အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ ၀င်ရောက်စွက်ဖက်မှုကို စုံစမ်းစစ်ဆေးနေတဲ့ အထူးကိုယ်စားလှယ် ရောဘတ်မူလာနဲ့ Facebook အမှုဆောင်အဖွဲ့တွေ တွေ့ဆုံပြီးပြီလားလို့ မေးတဲ့အခါ ဇက်ကာဘတ်က မူလာနဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ လျှို့ဝှက်ထားတဲ့ကိစ္စတစ်ခုဖြစ်ကြောင်း၊ တရားဝင် ဖြေကြားရတယ်ဆိုတဲ့ကိစ္စမျိုး မရှိသေးပေမယ့် ဒီလို ဖြစ်လာနိုင်ကြောင်း၊ လက်ရှိမှာ မူလာနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: Aljazeera

  • YouTube ကို ဟက်ကာများ ထိုးဖောက်ကာ နာမည်ကြီး သီချင်းများကို ဖျက်ပစ်

    YouTube ကို ဟက်ကာများ ထိုးဖောက်ကာ နာမည်ကြီး သီချင်းများကို ဖျက်ပစ်

    ဧပြီ ၁၀၊ ၂၀၁၈
    M-Media

    သီချင်းရောတွင် တွေ့ရသည့်ပုံ

    – YouTube မှာ လူကြည့်များမှု စံချိန်တင်ခဲ့တဲ့ လူးဝစ် ဖွန်ဆီရဲ့ Despacito သီချင်းဟာ အဖျက်ခံလိုက်ရပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

    ကြည့်ရှုမှု အကြိမ်ပေါင်း ၅ ဘီလီယံနဲ့ YouTube သမိုင်းမှာ ပထမဆုံး သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တယ်လို့ သတင်းထွက်ပြီး ၆ ရက်အကြာမှာ ဒီလို အဖျက်ခံလိုက်ရတာ ဖြစ်ပါတယ်။

    သီချင်းနေရာမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၅ ဦးက ကင်မရာကို သေနတ်ချိန်ထားတဲ့ပုံကို တွေ့မြင်ရပြီး play ကို နှိပ်မယ်ဆိုရင်တော့ video is unavailable (ဖွင့်၍မရပါ) ဆိုတဲ့ စာတန်း ပေါ်လာကာ ကြည့်ရှုလို့ မရတော့ပါဘူး။

    ရှာကီရာ၊ ဆလီနာဂိုးမက်စ်၊ တေလာဆွစ်ဖ်၊ ဒရာကီတို့အပါအ၀င် အခြား အဆိုတော် တော်တော်များများရဲ့ သီချင်းတွေလည်း အဖျက်ခံခဲ့ရပါတယ်။

    သူတို့ကိုယ်သူတို့ Prosox နဲ့ Kuroish လို့ခေါ်တဲ့ ဟက်ကာတွေက ဗီဒီယိုတွေအအောက်မှာ Free Palestine (ပါလက်စတိုင်းလွတ်မြောက်ရေး) ဆိုတဲ့ စာတမ်းတွေကို ရေးသားခဲ့ကြပါတယ်။

    စပိန်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Despacito ဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ ထွက်ရှိလာတာဖြစ်ပြီး ကမ္ဘာ့ဂီတလောကမှာ စံချိန်တော်တော်များများကို ချိုးနိုင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

    Ref: Independent

  • ရိုဟင်ဂျာများ ထွက်ပြေးရသည့်ကိစ္စ ICC ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိ၊ မရှိ ဆန်းစစ်မည်

    ရိုဟင်ဂျာများ ထွက်ပြေးရသည့်ကိစ္စ ICC ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိ၊ မရှိ ဆန်းစစ်မည်

    ဧပြီ ၁၀၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် သားအမိ

    – ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတာနဲ့ ပတ်သက်တဲ့ကိစ္စဟာ မိမိတို့ရဲ့ တရားစီရင်ပိုင်ခွင့်အတွင်း ရှိနေလားဆိုတာကို ဆန်းစစ်ဖို့အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက သူ့အဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

    ဆန်းစစ်မှုအတွင်း တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ အဖြေထွက်လာရင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်နိုင်တဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးရမှုကို စုံစမ်းစစ်ဆေးဖို့ လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

    မနေ့ကထုတ်ပြန်ချက်မှာ ဘန်ဆူဒါက ‘မြန်မာနိုင်ငံမှာ ဥပဒေနဲ့ညီစွာ ရှိနေကြတဲ့ ရိုဟင်ဂျာ ၆ သိန်း ၇ သောင်းလောက်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက နိုင်ငံတကာနယ်နမိတ်ကိုကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ရည်ရွယ်ချက်ရှိရှိ နှင်ထုတ်ခံခဲ့ရတယ်ဆိုတာကို ခိုင်မာအားကောင်းတဲ့ သတင်းတွေက ဖော်ပြနေပါတယ်’ လို့ ပြောထားပါတယ်။

    ICC က တရားသူကြီးတွေအနေနဲ့ ဒီကိစ္စဟာ ICC ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိမလားဆိုတာကို ဆန်းစစ်ဖို့ ဘန်ဆူဒါက တိုက်တွန်းခဲ့ပြီး ဒါဟာ စုံစမ်းစစ်ဆေးဖို့၊ လိုအပ်ရင် တရားစွဲသွားဖို့ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ICC အဖွဲ့ဝင်ဖြစ်ပြီး မြန်မာနိုင်ငံက အဖွဲ့ဝင်မဟုတ်တဲ့အတွက်ကြောင့် ရိုဟင်ဂျာကိစ္စဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိနေလားဆိုတာ မရေမရာ ဖြစ်နေတာပါ။

    ဘန်ဆူဒါက ဒီကိစ္စဟာ နယ်စပ်ဖြတ်ကျော်မောင်းထုတ်တဲ့ ရာဇ၀တ်မှုဖြစ်တာကြောင့် ICC ရဲ့ တရားရေးအရ ဆောင်ရွက်မှုတွေဟာ ချမှတ်ထားတဲ့ တရားရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ညီလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မောင်းထုတ်မှုဆိုင်ရာ ရာဇ၀တ်မှုရဲ့ အဓိပ္ပါယ်၊ တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့် အကန့်အသတ်တွေနဲ့ပတ်သက်ပြီး မသေချာဘူးလို့လည်း ၀န်ခံခဲ့ပါတယ်။

    သူရဲ့ပြောကြားမှုတွေကို ကြားနာဖို့အတွက် အထူးခုံရုံးတစ်ခု ဖွဲ့စည်းဖို့ ဘန်ဆူဒါက တိုက်တွန်းခဲ့ပြီး ဒီလို တိုက်တွန်းဆော်သြတာမျိုးဟာ ICC အတွက် ပထမဆုံး ဖြစ်ပါတယ်။

    Ref: Aljazeera