News @ M-Media
Author: Ko Lay
  • ယီမင်သူပုန်အဖွဲ့က ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ဆော်ဒီတွင် လူတစ်ဦးသေဆုံး
    ယီမင်သူပုန်အဖွဲ့က ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ဆော်ဒီတွင် လူတစ်ဦးသေဆုံး
    မတ် ၂၆၊ ၂၀၁၈
    M-Media
    ဒုံးကျည်များအား ဆော်ဒီက ကြားဖြတ်ဟန့်တားမှုမြင်ကွင်း
    – ယီမင်ရှိ ဟူသီသူပုန်များက ပစ်ခတ်သည့် ဒုံးကျည်အများအပြားကို ကြားဖြတ် ဟန့်တားခဲ့ရသည်ဟု ဆော်ဒီက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးမှုလည်း ရှိခဲ့သည်။
    ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကာနယ် တာရ်ကီ အလ်-မာလီကီက ဆော်ဒီ လေကြောင်းကာကွယ်ရေးစနစ်မှာ ဒုံးကျည် ၇ လုံးကို ကြားဖြတ် ဟန့်တားခဲ့ရပြီး ထိုအထဲမှ ၃ လုံးမှာ မြို့တော် ရီယာ့ဒ်ကို ဦးတည်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ဗုံးဆံ အစအနများကြောင့် အီဂျစ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။ လွန်ခဲ့သည့် ၃ နှစ် ဆော်ဒီက ယီမင်ပြည်တွင်းစစ်တွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် ရီယာ့ဒ်တွင် ပထမဆုံး သေဆုံးမှု ဖြစ်သည်။ ယခင်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများတွင် ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။
    ဟူသီသူပုန်များက ထုတ်လွှင့်သော Al Masirah ရုပ်သံက ဟူသီသူပုန်များမှာ ဆော်ဒီနိုင်ငံတောင်ပိုင်း အဘ်ဟာမြို့ရှိ လေဆိပ်များသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
    ဟူသီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အလ်-ဘူခိုင်တီက ယခုတိုက်ခိုက်မှုမှာ ဆော်ဒီက ယီမင်မြို့များနှင့်ြ ပည်သူများအပေါ် ဗုံးကြဲမှုအား တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တနင်္ဂနွေနေ့ အစောပိုင်းတွင် ဟူသီသူပုန်ခေါင်းဆောင် အဘ်ဒူလ် မာလစ် အလ်-ဟူသီက ၎င်းတို့အနေဖြင့် တာဝေးပစ် လက်နက်များကို အသုံးပြုကာ၊ တိုက်ခိုက်ရေးသမားအသစ်များကိုလည်း ပိုမိုစုဆောင်းသွားမည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • အကြမ်းဖက်လုပ်ရပ်ဟာ အစ္စလာမ်နဲ့ဆန့်ကျင်တယ်လို့ ဗြိတိန်တရားသူကြီးက IS တစ်ဦးကို ဆုံးမ
    အကြမ်းဖက်လုပ်ရပ်ဟာ အစ္စလာမ်နဲ့ဆန့်ကျင်တယ်လို့ ဗြိတိန်တရားသူကြီးက IS တစ်ဦးကို ဆုံးမ
    ပါဆန်ဂရင်းဘူတာမှာ ပိုက်နဲ့ ဗုံးခွဲခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အဟ်မဒ် ဟာဆန်
    မတ် ၂၆၊ ၂၀၁၈
    M-Media
    – အကြမ်းဖက်လုပ်ရပ်တွေ၊ ကမ္ဘာမြေကြီး ပျက်ဆီးရာပျက်ဆီးကြောင်း လုပ်ရပ်တွေဟာ အစ္စလာမ်သာသနာရဲ့ သင်ကြားမှုကို ဆန့်ကျင်ချိုးဖောက်တာဖြစ်တယ်လို့ ဗြိတိန်တရားသူကြီးက IS ထောက်ခံသူတစ်ဦးကို အမိန့်ချရာမှာ ဆုံးမပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပါဆန်ဂရင်းဘူတာမှာ ပိုက်နဲ့ ဗုံးခွဲခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အဟ်မဒ် ဟာဆန်ဆိုသူကို သောကြာနေ့က ထောင်ဒဏ် ၃၄ နှစ် ချမှတ်ခဲ့တဲ့အချိန်မှာ တရားသူကြီး ချားလ်စ် ဟာဒန်ကေ့ဗ်က ဒီလို သြ၀ဒါပေးခဲ့တာဖြစ်ပြီး ကုရ်အာန်ကျမ်းစာကို နားလည်အောင် လေ့လာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    “မင်းအနေနဲ့ လာမယ့်နှစ်တွေအတွင်း ထောင်ထဲမှာ ကုရ်အာန်ကို လေ့လာဖို့ အချိန်အများကြီး ရမှာပါ။ ကုရ်အာန်နဲ့ အစ္စလာမ်ဟာ ဘာသာရေးအစွန်းရောက်မှုအပါအ၀င် အစွန်းထွက်တာ မှန်သမျှကို တားမြစ်ထားတယ်။ ခဏတာ ဧည့်သည်တစ်ယောက်အဖြစ် လာနေတဲ့ လူသားတွေဟာ ‘လောကကြီးရဲ့ ဥပဒေ’ အပေါ် ချိုးဖောက်တာမျိုးကို အစ္စလာမ်က တားမြစ်ထားတယ်။ အကြမ်းဖက်ဝါဒကိုလည်း အစ္စလာမ်က တားမြစ်ပါတယ်’
    ‘ကမ္ဘာကြီး ပျက်ဆီးရာပျက်ဆီးကြောင်း ဖြစ်စေတဲ့’ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တာကို အဆိုးယုတ်ဆုံး ရာဇ၀တ်မှုအဖြစ် အစ္စလာမ်က သတ်မှတ်ထားတယ်ဆိုတာ ကုရ်အာန်နဲ့ တမန်တော် မုဟမ္မဒ်ရဲ့ သြ၀ါဒတော်တွေမှာ တွေ့ရကြောင်း၊ ယူကေဥပဒေကလည်း ဒီလုပ်ရပ်ကို တားမြစ်ထားကြောင်း တရားသူကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ၃ နှစ် အသက် ၁၆ နှစ်အရွယ်မှာ ဒုက္ခသည်အဖြစ် အီရတ်ကနေ ယူကေကို ရောက်ရှိခဲ့တဲ့ အဟ်မဒ် ဟာဆန်က သူဟာ IS အကြမ်းဖက်အဖွဲ့အပေါ် ထောက်ခံသူ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။
    သူရဲ့ ပိုက်ဗုံးခွဲမှုကြောင့် လူ တစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၃၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
    Ref: Aljazeera
  • ဥရောပနိုင်ငံတစ်ချို့က ရုရှားသံတမန်များကို နှင်ထုတ်မည်
    ဥရောပနိုင်ငံတစ်ချို့က ရုရှားသံတမန်များကို နှင်ထုတ်မည်
    မတ် ၂၆၊ ၂၀၁၈
    M-Media
    မော်စကိုရှိ ပိုလန်သံရုံး
    – ဥရောပနိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေဟာ ရုရုားက သူတို့ရဲ့ သံတမန်တွေကို ပြန်လာဖို့ အမိန့်ပေးခဲ့ပြီး ဘာ့ကြောင့် ဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပေမယ့် ရုရှားနဲ့ ယူကေတို့အကြား သူလျှိုပြဿနာမှာ ယူကေဖက်က ရပ်တည်တာကြောင့် ဖြစ်ပုံရပါတယ်။
    အဲဒီဆုံးဖြတ်ချက်ကို သောကြာနေ့က ဥရောပခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာ ချမှတ်ခဲ့တာဖြစ်ပြီး ဒီသုံးနိုင်ငံ အပါအ၀င် အိုင်ယာလန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ အက်စတိုးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်နဲ့ ဒိန်းမတ်တို့ကလည်း သူတို့နိုင်ငံက ရုရှားသံအမတ်တွေကို နှင်ထုတ်ဖို့ ရှိနေပါတယ်။
    Bloomberg သတင်းဌာနက သောကြာနေ့ ဖော်ပြမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးတွေက ရုရှား-ယူကေပြဿနာမှာ ယူကေဖက်က ရပ်တည်ဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
    ယူကေထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံသား စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ အခုလအစောပိုင်းက ဓာတ်တုအဆိပ်နဲ့ လုပ်ကြံခံရမှုဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ယူကေက စွပ်စွဲခဲ့ပြီး ရုရှားသံတမန် ၂၃ ဦး ကိုလည်း တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။
    ဒီလိုနှင်ထုတ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ရုရှားဆိုင်ရာ ဥရောပသမဂ္ဂ အကြီးအကဲ မားကက်စ် အီဒါရာကို မော်စကိုကနေ ပြန်ခေါ်ခဲ့ပါတယ်။
    အမေရိကန်က ရုရှားသံအမတ်တွေကို နှင်ထုတ်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သူတို့ကို အကြောင်းကြားတာမျိုး မရှိဘူးလို့ ရုရှားသမ္မရုံးရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကဆိုပြီး တုန့်ပြန်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    စကရီပဲလ်တို့သားအဖ ဓာတုအဆိပ်နဲ့ လုပ်ကြံခံရမှုအတွက် ယူကေရဲ့ စွပ်စွဲချက်တွေကို ရုရှားက ငြင်းဆိုခဲ့ပြီး ယူကေရဲ့လုပ်ရပ်ကို တုန့်ပြန်တဲ့အနေနဲ့ ဗြိတိန်သံအမတ်တွေကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။
    Ref: Aljazeera
  • သေနတ်ကိုင်ဆောင်မှု ပိုမိုထိန်းချုပ်ရေး အမေရိကန်တွင် ကျောင်းသားများနှင့် ဆရာများ ဆန္ဒပြ
    မတ် ၂၅၊ ၂၀၁၈
    M-Media
    – မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ စာသင်ကျောင်းအတွင်း သေနတ်နဲ့ပစ်ခတ်မှု ပြဿနာကို ဖြေရှင်းပေးဖို့နဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ အစိုးရကို တိုက်တွန်းတဲ့အနေနဲ့ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ထောင်နဲ့ချီတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေဟာ မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
    March for Our Lives ခေါင်းစဉ်နဲ့ မြို့တော် ၀ါရှင်တန်ဒီစီနဲ့ အခြားမြို့ကြီးတွေမှာပြုလုပ်တဲ့ ဆန္ဒပြချီတက်ပွဲကို ပြီးခဲ့တဲ့လက ဖလော်ရီဒါပြည်နယ် Marjory Stoneman Douglas အထက်တန်းကျောင်း ပစ်ခတ်မှုအတွင်း အသက်ရှင်ကျန်ရစ်သူတွေက ဦးဆောင်ပြုလုပ်တာ ဖြစ်ပါတယ်။
    ကျောင်းသားဟောင်းတစ်ဦးက ပြုလုပ်ခဲ့တဲ့ အဲဒီပစ်ခတ်မှုအတွင်း လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
    ဆန္ဒပြကျောင်းသားတွေဟာ Never Again (ဘယ်တော့မှထပ်မဖြစ်စေနဲ့) ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ချေမှုန်းရေးလက်နက်တွေ ကိုင်ဆောင်ခွင့် ပိတ်ပင်ဖို့၊ ကျည်အရေအတွက် အများအပြားပါဝင်တဲ့ ကျည်ကပ်တွေရောင်းချမှု ပိတ်ပင်ဖို့၊ သေနတ်ကိုင်ဆောင်မယ့်သူတွေရဲ့ နောက်ကြောင်းစစ်ဆေးမှုကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆိုခဲ့ပါတယ်။
    အဓိကပါတီကြီးနှစ်ခုပူးပေါင်းကာ သေနတ်ကိုင်ဆောင်မှု ပိုမိုထိန်းချုပ်ရေး ကြိုးပမ်းဖို့လည်း ကျောင်းသားတွေက တိုက်တွန်းခဲ့ပြီး၊ သေနတ်ပြဿနာကို ဖြေရှင်းနိုင်မယ့် ထိရောက်တဲ့ ဥပဒေမူကြမ်းတစ်ခု လွှတ်တော်မှာ ချက်ခြင်းတင်သွင်းရေး တောင်းဆိုခဲ့ကြပါတယ်။
    စာသင်ကျောင်းအတွင်း တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းလျှောက်ဆန္ဒပြမှုကို အမေရိကန်ကျောင်းသားတွေဟာ ဒီလအစောပိုင်းမှာ National School Walkout အမည်နဲ့ ဆောင်ရွက်ခဲ့ပြီး ဖလော်ရီဒါ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ ၁၇ ဦးကို အမှတ်ရတဲ့အနေနဲ့ စာသင်ခန်းတွေထဲကနေထွက်ပြီး ၁၇ မိနစ်တိတိ အပြင်မှာ စုရုံးခဲ့ကြတာ ဖြစ်ပါတယ်။
    အမေရိကန်မှာ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေ မကြာခဏဖြစ်လေ့ရှိပြီး အများအားဖြင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ ဖြစ်ပါတယ်။ သေနတ်ဆက်နွယ်တဲ့ သေဆုံးမှုတွေဟာ ကလေးငယ်တွေ သေဆုံးရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ တတိယနေရာ ရှိနေပါတယ်။
    နိုင်ငံအတွင်း စာသင်ကျောင်းတွေမှာ ပစ်ခတ်မှုတွေကို တားဆီးဖို့အတွက် ကျောင်းဆရာတွေမှာ လက်နက်တပ်ဆင်ပေးဖို့ NRA အပါဝင် လက်နက်ကိုင်ဆောင်ရေး အားပေးတဲ့အဖွဲ့တွေက တိုက်တွန်းနေပြီး ကျောင်းသားတွေနဲ့ ဆရာတွကတော့ ဒီပြောကြားမှုကို ရှုတ်ချခဲ့ကြပါတယ်။
    ဖလော်ရီဒါ အထက်တန်းကျောင်းတိုက်ခိုက်မှုအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း NRA ရဲ့ ဒီသဘောထားကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ကျောင်းတွေမှာ ဆရာတွေ သေနတ်ကိုင်ရေး လေ့ကျင့်ပေးဖို့ ဘက်ဂျက်ထုတ်ပေးမယ်လို့ ဆိုပါတယ်။
    သေနတ်ကိုင်ဆောင်မှု တင်းကြပ်ရေး ပြည်သူတွေရဲ့ တိုက်တွန်းဆော်သြမှုတွေလည်း မြင့်တက်လာပြီး ကျောင်းသားတွေရဲ့ ကြိုးပမ်းမှုကြောင့် ဖလော်ရီဒါအစိုးရဟာ သေနတ်ဝယ်ခွင့်ပြုတဲ့အသက်ကို ၁၈ နှစ်ကနေ ၂၁ နှစ်အထိ တိုးမြှင့်လိုက်ပါတယ်။ ဒါ့အပြင် ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်တွေကို ပစ်အားကောင်းစေတဲ့ bump stock ကိရိ ယာကို ပိတ်ပင်ဖို့လည်း ဗဟိုအစိုးရက ဆောင်ရွက်နေပါတယ်။
    ကျောင်းသားတွေဟာ အမျိုးသားရိုင်ဖယ်အသင်း NRA ကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် စီးပွားရေးလုပ်ငန်း တော်တော်များများဟာ အဲဒီအဖွဲ့နဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ကြပါတယ်။
    Ref: Aljazeera
  • အာဖဂန်အနောက်ပိုင်းရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်
    အာဖဂန်အနောက်ပိုင်းရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်
    မတ် ၂၅၊ ၂၀၁၈
    M-Media
    – အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်မြို့ရှိ ရှီအာဗလီဝတ်ကျောင်းတော်တစ်ခု၏ အပြင်ဘက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ‘နဘီ အက္ကရမ်’ ဗလီတ်ကျောင်းတော်ဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် အသေခံဗုံခွဲသမား ၂ ဦး ဗလီထဲသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ကာ လုံခြုံရေးများက ပြန်လည်တွန်းလှန်ခဲ့သည်။
    “ပစ်ခတ်မှုတွေအတွင်း တစ်ယောက်သေသွားပြီး၊ နောက်တစ်ယောက်က ဖောက်ခွဲတာကြောင့် ဒဏ်ရာတွေရသွားတာ ဖြစ်ပါတယ်” ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    အဆိုပါတိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ကြေငြာခဲ့သည်။
    အာဖဂန်နစ္စတန်ရှိ ရှီအာမွတ်စလင် လူနည်းစုများမှာ ညှင်းပမ်းနှိပ်စက်ခံရသူများဖြစ်ပြီး နိုင်ငံရှေ့ပိုင်းတွင် ကြီးစိုးနေသည့် IS အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကိုလည်း ခံနေရသည်။
    မြို့တော်ကဘူးလ်၌ ပါရှန်နှစ်သစ်ကူးပွဲကျင်းပစဉ် IS ၏ ဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး ရက်အနည်းငယ်အကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
    Ref: Aljazeera