News @ M-Media

Author: Ko Lay

  • အမေရိကန် စစ်သင်္ဘောဖြတ်ပြီးနောက် တရုတ်က တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်

    အမေရိကန် စစ်သင်္ဘောဖြတ်ပြီးနောက် တရုတ်က တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်

    မတ် ၂၅၊ ၂၀၁၈
    M-Media

    တရုတ် တိုက်လေယာဉ်များ

    – အနာဂတ်တွင် ဖြစ်လာနိုင်သည့် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ်အနောက်ခြမ်းတို့တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟု တရုတ်လေတပ်က ပြောကြားခဲ့သည်။

    “လေတပ်ဟာ အနာဂတ်စစ်ပွဲတွေအတွက် လေ့ကျင့်တာဖြစ်ပြီး၊ တိုက်ပွဲဝင်နိုင်ရေး အပြည့်အစုံ ပြင်ဆင်တာလည်း ဖြစ်ပါတယ်” ဟု ယနေ့တွင် တရုတ်လေတပ်မှ ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    သောကြာနေ့က အမေရိကန် ဖျက်သင်္ဘောတစ်စီးမှာ တောင်တရုတ်ပင်လယ်ရှိ တရုတ်က တည်ဆောက်နေသော ကျွန်းအနီး ရေမိုင် ၁၂ မိုင်အကွာမှ ဖြတ်သန်းသွားခဲ့ပြီး တရုတ်ကမူ ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

    အမေရိကန်ဖျက်သင်္ဘောအား မိမိတို့ သင်္ဘောနှစ်စီးက သတိပေးခဲ့ပြီး၊ ‘ဆိုးဆိုးဝါးဝါး ရန်စမှု’ ဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ စစ်ရေးဆောင်ရွက်မှုများက တရုတ်နိုင်ငံ၏ အချုပ်အခြာနှင့် လုံခြုံရေးကို စိန်ခေါ်မှုဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    တရုတ်လေတပ်က H-6K ဗုံးကြဲလေယာဉ်၊ Su-30၊ Su-35 တိုက်လေယာဉ်များအပါအ၀င် မိမိတို့ လေယာဉ်များမှာ တောင်တရုတ်ပင်လယ်တွင် တိုက်ပွဲဝင် ကင်းလှည့်မှု၊ ပစိဖိတ်အနောက်ခြမ်းတွင် လေကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပင်လယ်ပြင်တွင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်စေရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

    ပြီးခဲ့သည့်လတွင် အမေရိကန် အာရှ-ဖစိဖိတ်ရေတပ်မှ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးက တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်ကို လွှမ်းမိုးရန် ရည်ရွယ်နေသောကြောင့် အမေရိကန်မှာ တရုတ်နှင့် ဖြစ်လာနိုင်သည့်စစ်ပွဲအတွက် ပြင်ဆင်ထားရမည်ဟု အောက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

    Ref: Press TV

  • ဘဏ်အကောင့်များဖောက်သည့် ထိုင်းသူခိုးဂိုဏ်းကို ဒူဘိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

    ဘဏ်အကောင့်များဖောက်သည့် ထိုင်းသူခိုးဂိုဏ်းကို ဒူဘိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

    မတ် ၂၅၊ ၂၀၁၈
    M-Media

    – အာရှနိုင်ငံများတွင် ဘဏ်အကောင့်များမှာ ကန်ဒေါ်လာ ၃.၂ သန်း ခိုးယူခဲ့သည့် ထိုင်းသူခိုးဂိုဏ်းကို ဒူဘိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    အမျိုးသားများနှင့် အမျိုးသမီး စုစုပေါင်း ၂၅ ဦးပါဝင်သော အဆိုပါသူခိုးဂိုဏ်းကို ထိုင်းအာဏာပိုင်များ၏ သတင်းပေးမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒူဘိုင်းရဲတပ်ဖွဲ့မှ ဗိုလ်ချုပ် ခါလီလ် အီဘရာဟင် အလ်-မန်ဆူရီက ပြောကြားခဲ့သည်။

    ၎င်းတို့ထဲတွင် ၂၄ ဦးမှာ ထိုင်းနိုင်ငံသားများဖြစ်ပြီး ၁ ဦးမှာ ထိုင်ဝမ်မှ ဖြစ်သည်။

    “လူနေရပ်ကွက်က သူတို့ပုန်းနေတဲ့နေရာကို ရှာဖွေပြီးတဲ့နောက် ကျွန်တော်တို့အဖွဲ့ဟာ အဲဒီနေရာကို စီးနင်းကာ အမျိုးသမီးတွေ အမျိုးသားတွေပါဝင်တဲ့ သူတို့အဖွဲ့နဲ့ စမတ်ဖုန်း အလုံး ၁၅၀၊ လက်တော့ အလုံး ၄၀၊ ရာဇ၀တ်မှု တွေကျူးလွန်ဖို့ အထောက်အကူဖြစ်စေတဲ့ အခြား နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေကို ဖမ်းဆီးခဲ့ပါတယ်” ဟု အလ်-မန်ဆူရီက ပြောကြားခဲ့သည်။

    ဖမ်းဆီးမှုဗီဒီယိုကိုလည်း ဒူဘိုင်းရဲတပ်ဖွဲ့က Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    အဆိုပါ သူခိုးဂုဏ်းမှာ အွန်လိုင်းအသုံးပြုကာ အခြားသူများထံမှ ငွေကြးများ လိမ်လည်မှု ပြုလုပ်နေပြီး ထိုင်းနိုင်ငံတွင်လည်း လိမ်လည်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ထားသည်။

    အလ်-မန်ဆူရီက ယခုကဲ့သို့ ဖမ်းဆီးနိုင်မှုမှာ ဒေသတွင်းနှင့် နိုင်ငံတကာ ရာဇ၀တ်မှုတိုက်ဖျက်ရေး နယ်ပယ်၌ ယူအေအီးနှင့် အခြားနိုင်ငံများအကြား ကောင်းမွန်သော ဆက်ဆံရေးကို ဖော်ကျူးနေခြင်းဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: Alarabiya

  • ဆော်ဒီလေပိုင်နက် အသုံးပြုခွင့်ရရေး အစ္စရေးလေကြာင်းလိုင်း ကြိုးစားမည်

    ဆော်ဒီလေပိုင်နက် အသုံးပြုခွင့်ရရေး အစ္စရေးလေကြာင်းလိုင်း ကြိုးစားမည်

    မတ် ၂၅၊ ၂၀၁၈
    M-Media

    – အစ္စရေးကိုပျံသန်းတဲ့ အိန္ဒိယလေကြောင်းလိုင်းက လေယာဉ်တစ်စီးကို ဆော်ဒီက ပထမဆုံးအကြိမ် လေပိုင်နက်အသုံးပြုခွင့်ပေးခဲ့ပြီတဲ့နောက် အစ္စရေးလေကြောင်းလိုင်းက ဆော်ဒီလေပိုင်နက် အသုံးပြုခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

    ဆော်ဒီဟာ အစ္စရေးနိုင်ငံကို အသိအမှတ်မပြုဘဲ အစ္စရေးကိုသွားရောက်မယ့် လေယာဉ်တွေ သူ့လေပိုင်နက်အသုံး ပြုခွင့်ကိုလည်း နှစ်ပေါင်း ၇၀ လောက် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နွေရာသီက အစ္စရေးကို သွားရောက်ခဲ့စဉ် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက အစ္စရေးနဲ့ အိန္ဒိယအကြား လေကြောင်းခရီးစဉ်ကို စီစဉ်သွားမှာဖြစ်ပြီး ဆော်ဒီလေပိုင်နက်ကနေ ပျံသန်းမယ်လို့ ကြေငြာခဲ့ပါတယ်။ Air India ဟာ အဲဒီခရီးစဉ်ကို အခုတစ်ပတ်အတွင်းမှာ စတင်ပျံသန်းခဲ့ပြီး တစ်ပတ်ကို ၃ ကြိမ်လောက် ဆက်လက်ပျံသန်းဖို့ စီစဉ်နေပါတယ်။

    အစ္စရေး ပို့ဆောင်ရေးဝန်ကြီး ယစ္စရေး ကက်ဇ်က အစ္စရေးလေကြောင်းလိုင်းဖြစ်တဲ့ El Al ကလည်း ဆော်ဒီလေပိုင်နက်ကို အသုံးပြုခွင့်ရရေး တရားရုံးချုပ်မှာ လျှောက်ထားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆော်ဒီလေပိုင်နက်ကိုဖြတ်ပြီး အစ္စရေးကို ပထမဆုံး တိုက်ရိုက်ပျံသန်းမှုဟာ ဒေသတွင်းမှာ တစ်ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ကောင်းမွန်တဲ့အပြောင်းအလဲကို ထင်ဟပ်နေပါတယ်။ နိုင်ငံပိုင် El Al လို အစ္စရေးလေကြောင်းလိုင်းတွေ အနာဂတ်မှာ ဒီလမ်းကြောင်း အသုံးပြုခွင့်ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

    ဒီလိုလျှောက်ထားမှုကို လာမယ့်တစ်ပတ်မှာ စတင်ပြုလုပ်သွားမယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး နီးစပ်သူတစ်ယောက်က ပြောပါတယ်။

    အိန္ဒိယလေယာဉ် ဆော်ဒီကိုဖြတ်ကာ အစ္စရေကို ပျံသန်းခြင်းမပြုခင်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အာရပ်ကမ္ဘာနဲ့ ဆက်ဆံရေးဟာ အရင်တုန်းကထက် ပိုကောင်းလာနေတယ်လို့ တစ်ခါမက ပြောကြားဖူးပါတယ်။

    ဆော်ဒီကိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ကြေငြာတာမျိုး မလုပ်သေးပါဘူး။

    Ref: Aljazeera

  • ဇင်ဘာဘွေအာဏာရှင်ဟောင်း၏ ဇနီး ဆင်စွယ်မှောင်ခိုမှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

    ဇင်ဘာဘွေအာဏာရှင်ဟောင်း၏ ဇနီး ဆင်စွယ်မှောင်ခိုမှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

    မတ် ၂၄၊ ၂၀၁၈
    M-Media

    – အာဏာရှင်ဟောင်း ရောဘတ်မူဂါဘီ၏ ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီကို ဆင်စွယ် မှောင်ခိုကုန်ကူးမှုဖြင့် ဇင်ဘာဘွေရဲတပ်ဖွဲ့က စုံစမ်စစ်ဆေးမှု ပြုလုပ်နေသည်ဟု သိရသည်။

    သြစတေးလျ သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ဓာတ်ပုံဆရာ အက်ဒရီယန် စတိုင်ရန်က ၃ လကြာ လျှို့ဝှက် သတင်းလိုက်ခဲ့ပြီးနောက် ဇင်ဘာဘွေအစိုးရ၏ ယခုစုံစမ်းစစ်ဆေးမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    စတိုင်ရန်က ဒီဇင်ဘာလအတွင်း တရားမ၀င် ဆင်စွယ် ရောင်းဝယ်ဖောက်ကားမှုကို စုံစမ်းရာတွင် ဆင်များကို ဖမ်းဆီးသတ်ဖြတ်ကာ ဆင်စွယ် ဖြတ်ယူရောင်းစားသည့်ဂိုဏ်းကို သိရှိရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဆင်စွယ်တွေကို လိုက်ရင် မှောင်ခိုဂိုဏ်းတွေက အမျိုးသားပန်းခြံက ခိုးတာမျိုး၊ ဖြည်းဖြည်းချင်း မသိအောင် ယူတာမျိုးတွေ၊ ဆင်အရှင်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အစွယ်ဖြတ်တာမျိုးတွေကနေ လာတယ်ဆိုတာ သွားတွေ့ရတယ်။ ပြီးရင် အဲဒီဂိုဏ်းက ဂရေ့စ်မူဂါဘီရဲ့ လူတွေဆီ ပြန်ရောင်းကြတယ်။ သူမက ဒါတွေကို ထုပ်ပြီး လေဆိပ်ကို ပို့တယ်။ သမ္မတမိန်းမရဲ့ပစ္စည်း ဖြစ်တာကြောင့် လေဆိပ်မှာ ရှာဖွေတာမျိုး၊ စစ်ဆေးတာမျိုး မလုပ်ပါဘူး”

    ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ လျှို့ဝှက်ရိုက်ကူးထားသည့် ဗီဒီယိုများ၊ ထိုအကြောင်း သိရှိသူများ၏ ထွက်ဆိုချက်များကို စတိုင်ရန်က စုဆောင်းကာ အလ်ဂျာဇီးရားသတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုဌာနသို့ ပြသခဲ့သည်။

    ဇင်ဘာဘွေတွင် ဆင်စွယ်ရောင်းဝယ်မှုအား အကန့်အသတ်ဖြင့် ခွင့်ပြုထားသော်လည်း နိုင်ငံရပ်ခြားသို့ တင်ပို့မှုကို တားမြစ်ထားသည်။

    သမ္မတ အီမာဆန် မနန်ဂါဂွါ၏ အထူးအကြံပေးဖြစ်သူ ခရစ္စတိုဖာ မက်စ်ဗန်ဂွါက သမ္မတကတော်ဟောင်း ဂရေ့စ်မူဂါဘီအပါအ၀င် ဆင်စွယ်မှောင်ခိုကုန်ကူးမှုတွင် ပါဝင်သူများကို စစ်ဆေးမေးမြန်းသွားမည်ဟု အလ်ဂျာဇီးရား သတင်းဌာနသို့ ပေးပို့သောစာတွင် ဖော်ပြထားသည်။

    လက်ရှိတွင် ဆင်စွယ် မှောင်ခိုကုန်ကူးသူ ၂ ဦးကို တရားစွဲဆိုထားသည်။

    အာဏာရှင် ရောဘတ်မူဂါဘီ ရာထူးရှိစဉ်က ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီမှာ အလွန်အမင်း သုံးဖြုန်းမှုအတွက် မကောင်းသတင်းဖြင့် ကျော်ဇော်ခဲ့သည်။

    Ref: Aljazeera

  • အလ်-ခါမစ် (သို့မဟုတ်) ဆော်ဒီက စွယ်စုံရ အားကစားမယ်

    အလ်-ခါမစ် (သို့မဟုတ်) ဆော်ဒီက စွယ်စုံရ အားကစားမယ်

    မတ် ၂၄၊ ၂၀၁၈
    M-Media

    ကမ္ဘာ့အမြင့်ဆုံး တောင် ၇ ခုထဲက ၂ ခုကို တက်ထားနိုင်သည့် ခါမစ်

    – ဆော်ဒီက အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ရာရှာ အလ်-ခါမစ်ဟာ နိုင်ငံအတွင်းမှာ ပထမဆုံး အသိအမှတ်ပြုလက်မှတ်ရ အမျိုးသမီးလက်ဝှေ့သမား၊ ကမ္ဘာ့အမြင့်ဆုံး တောင် ၇ ခုထဲက ၂ ခုကို တက်ရောက်နိုင်မှု အပါအ၀င် အောင်မြင်မှုတွေ တစ်သီတစ်သန်းကြီး ရရှိထားတဲ့ ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်လာပါတယ်။

    အားကစားနဲ့ စူးစမ်းလေ့လာရေးဖက်မှာ ထဲထဲဝင်ဝင်လှုပ်ရှားဆောင်ရွက်နေတဲ့ ခါမစ်ဟာ ပညာတတ်တစ်ဦးလည်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဆောက်သမ်း ကယ်လီဖိုးနီးယား တက္ကသိုလ်ကနေ နိုင်ငံတကာနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ မဟာဘွဲ့ရခဲ့ကာ လက်ရှိ ဆော်ဒီက အမျိုးသမီး အားကစားဆိုင်ရာ နယ်ပယ်နဲ့ပတ်သက်လို့ စာတမ်းပြုစုနေပါတယ်။

    ခါမစ်က အမေရိကန်မှာ ကျောင်းတက်နေစဉ် ၂၀၁၁ ခုနှစ်ကနေစပြီး လက်ဝှေ့လောကထဲ ၀င်ရောက်လာဖြစ်တယ်လို့ ဆိုပါတယ်။

    “လက်ဝှေ့ကလပ်တစ်ခုနဲ့ ကျွန်မ ဆက်သွယ်ပြီး တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်နဲ့ ၂ နှစ်လောက် ကျွန်မ လေ့ကျင်လိုက်တယ်။ လက်ဝှေ့ထိုးရတာကို ကျွန်မနှစ်သက်တယ်။ ဒီအားကစားနေ အကျိုးကျေးဇူးတွေ အများကြီး ရရှိပြီး ကျွန်မရဲ့ ကိုယ်နေဟန်ထားတွေ တိုးတက်လာကာ ဖြတ်လတ်မှုလို ကျွမ်းကျင်မှုတွေကိုလည်း ရခဲ့ပါတယ်”

    လက်ဝှေ့ကစားနည်းဟာ မိမိကိုယ်ကိုယုံကြည်မှု ရရှိစေပြီး၊ စိတ်ဓာတ်ကြံ့ခိုင်ကာ အနှုတ်လက္ခဏာဆောင်တဲ့ အတွေးတွေ ပျောက်သွားစေတယ်လို့လည်း သူက ဆိုပါတယ်။

    အသိအမှတ်ပြုခံရ

    ဆော်ဒီ၏ ပထမဆုံး အသိအမှတ်ပြုလက်မှတ်ရ အမျိုးသမီး လက်ဝှေ့သမား

    အမေရိကန်မှာကျောင်းပြီးလို့ ဆော်ဒီကို ပြန်ရောက်လာတဲ့အခါမှာ ခါမစ်တစ်ယောက် ဆော်ဒီ လက်ဝှေ့အဖွဲ့ချုပ်က ပြုလုပ်တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး နိုင်ငံအတွင်းက အမျိုးသမီး လက်ဝှေ့သမားတွေ တောက်ပလာနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

    အမျိုးသမီးနည်းပြတွေ၊ အားကစားသမားတွေ လိုအပ်နေတယ်လို့ အဖွဲ့ချုပ်ဥက္ကဌက ပြောကြားတဲ့အခါ သူက အဖွဲ့ချုပ်ထဲ ၀င်ခဲ့ပါတယ်။

    “ကျွမ်းကျင်မှုတွေ၊ အရင်အတွေ့အကြုံတွေ တိုးတက်ဖို့အတွက် ကျွန်မဟာ ၃၊ ၄ ပတ်လောက် ကမ့်ဝင်လိုက်ပါတယ်။ လေ့ကျင့်မှုတွေကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ကျွန်မဟာ သင်တန်းနည်းပြလက်မှတ် ရရှိခဲ့ပါတယ်”

    လက်ရှိ ခါမစ်ဟာ ဆာအွဒ်တက္ကသိုလ်မှာ ကျောင်းသူတွေကို ၃ ပတ်တာ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးနေပါတယ်။

    “ကလေးမလေးတွေရဲ့ တက်ကြွမှု၊ လေ့ကျင့်သားတွေကတော့ တကယ့်ကို စိတလှုပ်ရှားစရာကောင်းပါတယ်။ ကျွန်မအတန်းကို လာတက်တဲ့ အမျိုးသမီးအရေအတွက်က ၁၆၀ ရှိတယ်။ တော်တော်များတဲ့ အရေအတွက်ပါ”

    နေ့တစ်နေ့ကို အားကစားနဲ့စတင်ပြီး အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာဖို့အတွက် သူ့အတန်းကို နံနက်ပိုင်းမှာ စတင်တယ်လို့ ခါမစ်က ပြောကြားခဲ့ပါတယ်။

    “ဆော်ဒီအမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့အိပ်မက်က တစ်နေ့ကျရင် အိုလံပစ်ပြိုင်ပွဲမှာ ရွှေရဖို့ပါ”

    ပါရမီရှင်တစ်ယောက်

    ခါမစ်ဟာ ငယ်ငယ်ကလေးက အားကစားနဲ့ ကြီးပြင်းလာရသူတစ်ယောက် ဖြစ်ပါတယ်။ အသက် ၆ နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူက ဘက်စကတ်ဘောခြင်းတစ်ခုနဲ့ ကိုယ်ကာယလေ့ကျင့်ရေးပစ္စည်းတွေ ၀ယ်ပေးခဲ့ပြီး သူတို့အိမ်နောက်ဖေးမှာ လေ့ကျင့်ရင်း ကြီးပြင်းခဲ့ရပါတယ်။

    “အစ်ကိုနဲ့ကျွန်မတို့ အိမ်စာတွေလုပ်ပြီးသွားရင် နေ့လယ်ပိုင်းမှာ တစ်နာရီလောက် ဘက်စကတ်ဘောကစားတယ်၊ ပြီးရင် နာရီဝက်လောက် ကိုယ်ကာယလေ့ကျင့်တယ်။ တစ်ပတ်ကို ၅ ရက်လောက် လုပ်ပါတယ်” လို့ ငယ်ဘ၀ကို သူမက ဖွင့်ဟခဲ့ပါတယ်။

    ဖခင်ဖြစ်သူက အားကစားဖက်ကို အားပေးပြီး၊ အားကစားနည်းအကြောင်း စည်းမျဉ်းတွေကို သင်ကြားပေးတယ်လို့လည်း သူမက ပြောပါတယ်။

    သူမဟာ အသက် ၁၄ နှစ်အရွယ်အထိ ကျောင်းမှာ ဘတ်စက်ဘောကစားခဲ့ပြီး၊ ဘောလုံးနဲ့ အေရိုးဗစ်ဘားကစားနည်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

    ပြေးခုန်ပစ်ဘက်မှာ ခါမစ်ဟာ ထူးချွန်သူပြီး ကျောင်းတွင်းပြိုင်ပွဲမှာ ၅ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့သူပါ။

    ဂင်းနစ်မှတ်တမ်းဝင်သူ

    ဂစ်နစ်မှတ်တမ်းဝင်သည့် ဘောလုံးပွဲ

    ခါမစ်ရဲ့ နောက်ထပ်ဝါသနာတစ်ခု တောင်တက်တာပါ။ ၂၀၁၇ ခုနှစ်မှာ သူမဟာ အခြား ဆော်ဒီအမျိုးသမီး ၁၁ ဦးနဲ့အတူ မော်ရိုကိုက အတ္တလက်စ်တောင်ထိပ်ကို ၄ ရက်နဲ့အရောက် တက်ခဲ့ပါတယ်။

    ဇွန်လမှာ သူတို့ဟာ တန်ဇန်းနီးယားက အာဖရိကအမြင့်ဆုံး ကီလီမန်ဂျာရိုတောင်ကို တက်ခဲ့ပြီး ၅၇၁၄ မီတာအမြင့်မှာ ဘောလုံးကစားကာ ကမ္ဘာ့အမြင့်ဆုံးနေရာမှာ ဘောလုံးကစားသူတွေအဖြစ် ဂင်းနစ်မှတ်တမ်း ၀င်ခဲ့ပါတယ်။

    Equal Playing Field လို့ အမည်ပေးထားပြီး ပရဟိတလုပ်ဖို့ရည်ရွယ်ကာ ကစားခဲ့တဲ့ အဲဒီဘောလုံးပွဲမှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးပေါင်း ၃၀ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Alarabiya