News @ M-Media

Author: Ko Lay

  • ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ခြစားမှု၊ ငွေကြေးမသမာမှုများဖြင့် တရားစွဲခံရ

    ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ခြစားမှု၊ ငွေကြေးမသမာမှုများဖြင့် တရားစွဲခံရ

    မတ် ၂၂၊ ၂၀၁၈
    M-Media

    ဆာကိုဇီ သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ပဲရစ်တွင် ကဒါဖီနှင့် တွေ့ဆုံမှု

    – ၂၀၀၇ ခုနှစ် မဲဆွယ်ရေးလုပ်ငန်းတွင် ထိုစဉ်က လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီထံမှ ငွေကြေးများ ရယူခဲ့သည့်အတွက် ထိန်းသိမ်းခံထားရသည့် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီမှာ ခြစားမှုနှင့် တရားမ၀င် ငွေကြေးရယူခဲ့မှုများဖြင် ယနေ့တွင် တရားစွဲဆိုခံခဲ့ရသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ၅ နှစ်တာ စုံစမ်းစစ်ဆေးမှုနှင့် ဆာကိုဇီအား ၂ ရက်ကြာ စစ်ဆေးခဲ့ပြီးနောက် တရားသူကြီးများက လုံလောက်သည့်အထောက်အထားများကို ရရှိခဲ့သည်ဟု ဆုံးဖြတ်ကာ ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    အသက် ၆၃ နှစ်အရွယ် ဆာကိုဇီမှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

    တရားစွဲဆိုမှုများကို ပြန်ရုပ်သိမ်းရေး အယူခံလျှောက်ထားရန် ဆာကိုဇီမှာ ၆ လ အချိန်ရမည်ဖြစ်ပြီး ထို့နောက် ကြားနာမှုများ ပြုလုပ်သင့်လားဆိုသည်ကို တရားသူကြီးများက ပြန်လည်ဆုံးဖြတ်မည်ဖြစ်သည်။

    ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီထံမှ ငွေကြေးများ ရယူခဲ့သည်ဆိုသော စွပ်စွဲမှုများကို ဆာကိုဇီက ငြင်းဆိုထားသည်။

    တရားစွဲဆိုမှုတွင် ဆာကိုဇီမှာ အဆိုပါ မဲဆွယ်မှုအတွင်း သတ်မှတ်ထားသည့် ငွေပမာဏ ၂၄ သန်းထက် ၂ ဆ အသုံးပြုခဲ့ပြီး စာရင်းများကို လိမ်လည်ပြဆိုခဲ့သည်ဟု ဖော်ပြထားသည်။

    ပြင်သစ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇိုကဒ် တာကီဒင်းက ၎င်းအနေဖြင့် လစ်ဗျားမှ ငွေသား ကန်ဒေါ်လာ ၆ သန်းကို လစ်ဗျားမှ ဆာကိုဇီနှင့် ၎င်း၏ အရာရှိချုပ်ထံ လွှဲပြောင်းပေးခဲ့သည်ဟု ၂၀၁၆ ခုနှစ်တွင် စုံစမ်းဖော်မှု ၀ဘ်ဆိုက်တစ်ခုဖြစ်သည့် Mediapart သို့ ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘိုကိုဟရမ်လက်မှ ကျောင်းသူ ၁၀၀ ကျော် ပြန်လည်လွတ်မြောက်

    ဘိုကိုဟရမ်လက်မှ ကျောင်းသူ ၁၀၀ ကျော် ပြန်လည်လွတ်မြောက်

    မတ် ၂၂၊ ၂၀၁၈
    M-Media

    – ပြီးခဲ့သည့်လက နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှ ပြန်ပေးဆွဲသွားခဲ့သည့် ကျောင်းသူ အားလုံးနီးပါးကို ဘိုကိုဟရမ် စစ်သွေးကြွအဖွဲ့က ပြန်လွှတ်ပေးခဲ့သည်ဟု နိုက်ဂျီးရီးယားအစိုးရက ပြောကြားခဲ့သည်။

    ပြန်ပေးဆွဲသွားသည့် ကျောင်းသူ ၁၁၀ မှ ၁၀၁ ဦး လွတ်မြောက်လာခဲ့ပြီး ပြန်ပေးငွေ ပေးခဲ့ရခြင်းမရှိဟု နိုက်ဂျီးရီးယား သတင်းအချက်အလက်ဝန်ကြီး လိုင်မိုဟာမက်က ပြောကြားခဲ့သည်။

    အဆိုပါကျောင်းသူများ ပြန်လည်လွတ်မြောက်ရန်အတွက် ကြားဝင်ညှိနှိုင်းပေးသူများ၏ အကူအညီနှင့်အတူ လက်သိပ်ထိုး ဆွေးနွေးခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အား စစ်ရေးအရ တုန့်ပြန်ခြင်းမပြုဆိုသော သဘောတူညီချက်တစ်ခုကိုလည်း နိုက်ဂျီးရီးယား အစိုးရက ပေးခဲ့ရသည်။

    ဘိုကိုဟရမ်အဖွဲ့မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဒက်ပ်ချီမြို့ရှိ အစိုးရ သိပ္ပံနှင့် နည်းပညာကောလိပ်သို့ ၀င်ရောက်စီးနင်းကာ ကျောင်းသူများအား ပြန်ပေးဆွဲသွားခဲ့ခြင်း ဖြစ်သည်။

    ဗုဒ္ဓဟူးနေ့နက်ပိုင်းက ဘိုကိုဟရမ်အဖွဲ၏ ကားများ မြို့တွင်းသို့ ဦးတည်မောင်းနှင်လာသည်ဆိုသော သတင်းကြောင့် ဒက်ပ်ချီမြို့ခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြသည်။

    သို့သော်လည်း ဘိုကိုဟရမ်များက ပြန်ပေးဆွဲထားသော မိန်းကလေးများအား ပြန်လာပို့ခဲ့ပြီး ‘မင်းတို့ကလေးတွေကို ကျောင်းမပို့နဲ့’ ဟု သတိပေးသွားကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

    ‘ဘိုကိုဟရမ်’ ဆိုသည့် အဓိပ္ပါယ်မှာ ဟူဆာဘာသာစကားဖြင့် ‘အနောက်တိုင်းပညာရေးကို တားမြစ်ခြင်း’ ဟု အဓိပ္ပါယ်ရသည်။

    ၎င်းတို့အဖွဲ့မှာ ယခင်ကလည်း ထိုကဲ့သို့ ကျောင်းသူများအား ပြန်ပေးဆွဲမှုများ ပြုလုပ်ခဲ့သည်။

    Ref : Aljazeera

  • ထရမ့်သားမက်ကို အိတ်ထဲထည့်ထားသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    ထရမ့်သားမက်ကို အိတ်ထဲထည့်ထားသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၂၂၊ ၂၀၁၈
    M-Media

    ထရမ့်သားမက် ဂျာရဒ် ကက်ရှ်နာ (လယ်)

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်ပြီး သူ့ရဲ့ အနီးကပ်အကြံပေးလည်းဖြစ်သူ ဂျာရဒ် ကက်ရှ်နာဟာ သူ့ရဲ့အိတ်ကပ်ထဲကလူဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ကြောင်း The Intercept သတင်းဌာနက ဖော်ပြပါတယ်။

    သူ့အပေါ် သစ္စာမစောင့်သိသူတွေရဲ့ အသေးစိတ် စာရင်းတွေကို ကက်ရှ်နာက သူ့ကို ပေးခဲ့တယ်ဆိုတဲ့ ဘင် ဆလ်မန်ရဲ့ ပြောကြားမှုကို ဆော်ဒီနဲ့ ယူအေအီး တော်ဝင်မိသားစုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အခြား ရင်းမြစ်တစ်ခုက ဘင် ဆလ်မန်က အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇေယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံမှုအတွင်း ကက်ရှ်နာဟာ သူ့ရဲ့ ‘သူ့အိတ်ကပ်ထဲကလူ’ ဆိုပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    ကက်ရှ်နာရဲ့ ရှေ့နေတွေကတော့ ဒီသတင်းကို ငြင်းဆိုခဲ့ပြီး ‘မှားယွင်းကြောင်း၊ အဓိပ္ပါယ်မရှိကြောင်း’ တုန့်ပြန်ဖို့ မထိုက်တန်ကြောင်း ပြောဆိုခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ခြစားမှုတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ နိုဝင်ဘာလအတွင်းမှာ ဆော်ဒီတော်ဝင်မင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ အခြား အကြီးတန်းတာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ တစ်ချို့ကို ငွေကြေးအပေးအယူနဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

    ထရမ့်ရဲ့ အနီးကပ်အကြံပေးဖြစ်တဲ့ ကက်ရှ်နာဟာ အိမ်ဖြူတော်ကို ၀င်ရောက်ပြီး ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေးအချက်အလက်တွေ ရယူခွင့်ကို ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်းမှာ ရုပ်သိမ်းခံခဲ့ရပါတယ်။

    ယူအေအီး၊ တရုတ်၊ အစ္စရေးနဲ့ မက္ကဆီကိုတို့ရဲ့ တာဝန်ရှိသူတွေက ကက်ရှ်နာကို အသုံးချပြီး အမြတ်ထုတ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ၀ါရှန်တန်ပို့စ်သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

    ကက်ရှ်နာနဲ့ ဆော်ဒီအိမ်ရှေ့မင်းသားတို့ဟာ ထရမ့် သမ္မတဖြစ်လာကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး အောက်တိုဘာလက ကက်ရှ်နာ ဆော်ဒီကို သွားရောက်စဉ်အတွင်းမှာ သူတို့နှစ်ဦး အစောဆုံး တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

    ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ လက်ရှိမှာ အမေရိကန်ကို ၂ ပတ်ကြာခရီးအဖြစ် ရောက်ရှိနေပါတယ်။

    Ref: Aljazeera

  • အသုံးပြုသူ သန်း ၅၀ ၏ အချက်အလက်ပေါက်ကြားမှုအတွက် Facebook က ပြန်တောင်းပန်

    အသုံးပြုသူ သန်း ၅၀ ၏ အချက်အလက်ပေါက်ကြားမှုအတွက် Facebook က ပြန်တောင်းပန်

    မတ် ၂၂၊ ၂၀၁၈
    M-Media

    – ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအကြို မဲဆွယ်ရေးမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ အဆက်အသွယ်ရှိတဲ့ အချက်အလက်ဆန်းစစ်ရေး ကုမ္ပဏီတစ်ခုကို အသုံးပြုသူ သန်း ၅၀ လောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ယူခွင့်ပြုခဲ့မှုနဲ့ပတ်သက်ပြီး Facebook တည်ထောင်သူ ဇူကာဘတ်က တောင်းပန်လိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီကိစ္စဟာ ယုံကြည်မှု ချိုးဖောက်တဲ့ကိစ္စဖြစ်ပြီး အရေးယူဖို့ ဘာ့ကြောင့် ၃ နှစ်လောက်အထိ ကြာမြင့်ခဲ့သလဲဆိုတာကိုတော့ ဇူကာဘတ်က ရှင်းပြခဲ့ခြင်း မရှိပါဘူး။

    “ဖြစ်ခဲ့တာတွေအတွက် ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ်။ လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အခြေခံ တာဝန်ဝတ္တရားဖြစ်ပြီး ဒါကို မလုပ်နိုင်ဘူးဆိုရင် လူတွေကို ၀န်ဆောင်မှုပေးဖို့ အခွင့်အရေးဟာ ကျွန်တော်တို့နဲ့ မထိုက်တန်ပါဘူး” လို့ ဇူကာဘတ်က CNN သတင်းဌာနနဲ့ မနေ့က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာမှာတင်ခဲ့တဲ့ ကြေငြာချက်မှာ ဇူကာဘတ်က သူတို့အနေနဲ့ အမှားတွေလုပ်ခဲ့တယ်ဆိုတာကို ၀န်ခံခဲ့ပြီး ဒါတွေကို ရပ်တန့်ဖို့အတွက် ပိုမိုဆောင်ရွက်ဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

    “ဒါဟာ ကိုဂန်၊ Cambridge Anaytica နဲ့ Facebook အကြားမှာ ယုံကြည်မှုချိုးဖောက်တဲ့လုပ်ရပ် ဖြစ်ပါတယ်”

    အလက်ဇန်းဒါ ကိုဂန်ဟာ ကမ်းဘရစ်ဂ်ျတက္ကသိုလ်က သုတေသနပညာရှင်တစ်ယောက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအချက်အလက်တွေစုဆောင်းတဲ့ app တစ်ခုဖန်တီးကာ အချက်အလက်တွေ ရယူခဲ့ပြီးတဲ့နောက် ထရမ့်နဲ့ ဆက်နွယ်နေတဲ့ အချက်အလက်အသုံးချရေး ကုမ္ပဏီကို ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

    “ဒါဟာ ကျွန်တော်တို့ကို အချက်အလက်တွေပေးထားပြီး၊ ကျွန်တော်တို့ ကာကွယ်ပေးမယ်လို့ မျှော်လင့်ထားကြတဲ့ အသုံးပြုသူတွေနဲ့ Facebook ကြားထဲက ယုံကြည်မှုချိုးဖောက်တဲ့ ကိစ္စတစ်ခုပါ။ ဒါကို ပြင်ဆင်ဖို့ လိုပါတယ်” လို့ ဇူကာဘတ်က ကြေငြာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အမေရိကန်အစိုးရလက်အောက်ခံ ကိုယ်ရေးအချက်အလက် ကာကွယ်တားဆီးရေးအဖွဲ့ဖြစ်တဲ့ ဖက်ဒရယ် ကုန်သွယ်ရေး ကော်မရှင် (FTC) က Facebook ဟာ ၂၀၁၁ ခုနှစ်က နှစ်ဖက်သဘောတူညီချက် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လားဆိုတာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် ဇူကာဘတ်ရဲ့ ဒီတောင်း ပန်ချက် ပေါ်ထွက်လာတာပါ။

    တကယ်လို့ ချိုးဖောက်တာကို တွေ့ရှိခဲ့မယ်ဆိုရင် Facebook ဟာ တစ်ရက်တိုင်းအတွက် ကန်ဒေါ်လာ ၄ သောင်းလောက် ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။

    အမေရိကန်က အချက်အလက်အသုံးချရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံရေးဆိုင်ရာတွေကို အကြံပေးတဲ့ Cambridge Analytica ဟာ Facebook ကနေ ရယူထားတဲ့ အချက်အလက်တွေကို ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ထရမ့်အတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူများဆိုင်ရာ သုတေသနမှာ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    ဒီသတင်းထွက်လာခဲ့ပြီးတဲ့နောက် ၅ ရက်အတွင်းမှာ Facebook ရဲ့ ရှယ်ယာတန်ဖိုးတွေက ကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် ကျဆင်းသွားခဲ့ပါတယ်။

    ယူကေ အချက်အလက်လုံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ‘သတင်းအချက်အလက် ကော်မရှင်နာရုံး’ က သူတို့အနေနဲ့ Cambridge Analytica ရုံးခန်းတွေကို ၀င်ရောက်ရှာဖွေနိုင်ရေး ၀ရမ်းတောင်းသွားမယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

    ယူကေအခြေစိုက် Channel 4 သတင်းဌာနရဲ့ လျှို့ဝှက်စုံစမ်းဖော်ထုတ်မှုမှာ Cambridge Analytica ဟာ ကျင့်ဝတ်ပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာအရ မေးခွန်းထုတ်စရာကောင်းတဲ့ ကျင့်သုံးမှုတွေကို ဆောင်ရွက်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ဒူဘိုင်းတွင်စတင်

    ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ဒူဘိုင်းတွင်စတင်

    မတ် ၂၁၊ ၂၀၁၈
    M-Media

    စီမံကိန်းပုံစံ

    – နေအိမ်ပေါင်း ၂၇၀၀၀၀ လောက်ကို ဓာတ်အားပေးနိုင်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်ဖြစ်လာမယ့် နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကို ဒူဘိုင်းက စတင်တော့မယ်လို့ သိရပါတယ်။

    ‘မိုဟာမက် ဘင် ရာရှစ် ဆိုလာပန်းခြံ’ လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းကို မကြာခင် တည်ဆောက်တော့မှာဖြစ်ပြီး ပထမဆင့် မီဂါဝပ် ၇၀၀၊ ၂၀၂၀ ခုနှစ်မှာ ဓာတ်အား မီဂါဝပ် ၁၀၀၀၊ ၂၀၃၀ ပြည့်နှစ်မှာ မီဂါဝပ် ၅၀၀၀ အထိ ထုတ်လုပ်သွားနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ယူအေအီး ဒုတိယသမ္မတဖြစ်ပြီး ဒူဘိုင်းအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရှိခ်မိုဟာမက် အလ် မခ်သွမ်က “ဒူဘိုင်းဟာ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံး နေစွမ်းအင်ထုတ်လုပ်တဲ့နေရာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ၂၀၅၀ ပြည့်နှစ်ရောက်ရင် စွမ်းအင်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကို ပြည့်ဖြိုးမြဲရင်းမြစ်တွေကနေ ရရှိဖို့ပါ” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    စီမံကိန်းကို ဒူဘိုင်း ရေနှင့် လျှပ်စစ်ဆိုင်ရာ အာဏာပိုင်အဖွဲ့ (Dewa)၊ ဆော်ဒီက Acwa Power တို့ ပူးပေါင်းက ဆောင်ရွက်တာဖြစ်ပြီး နောက်ထပ် ၄ နှစ်အတွင်း
    ကာဘွန်ထုတ်လွှတ်မှု တန်ပေါင်း ၁.၄ သန်းလောက် လျော့ချဖို့ ရည်ရွယ်ထားပါတယ်။

    စီမံကိန်းအတွက် ဒီရဟမ် ၁၄ ဘီလီယံလောက် ကုန်ကျမှာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်သုံး စွမ်းအင်သိုလှောင်ရာနေရာ ဖြစ်လာမှာဖြစ်သလို၊ မီတာ ၂၆၀ မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ဆိုလာဝါတစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    Ref: Khaleejtimes