News @ M-Media

Author: M-Media

  • အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀)ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media

    အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀)ပြည့်နှင့်
    ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို
    ၂၀-၁၂-၂၀၁၄ (စနေနေ့) ညနေ(၅းဝ၀)နာရီမှ ည(၈းဝ၀)နာရီတွင်
    ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း၊ Strand Hotelတွင် ကျင်းပခဲ့ပါသည်။

    အခမ်းအနားကို အစ္စလာမ်ကောင်စီဌာနချုပ် ဒုတိယဥက္ကဋ္ဌ(အာလင်မ်ရေးရာ) အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (အရဗီသိပ္ပံ)က ကုရ်အာန် ကျမ်းတော်မြတ် ဖတ်ရွတ်၍ စတင်ပါသည်။ ထို့နောက် အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
    ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေးဖွဲ့သီကုံးသော အစ္စလာမ့်ဝန်ထမ်း အန်ဆွာရီ တေးကဗျာကို တက်ရောက်လာသူများစုပေါင်း သီဆိုခဲ့ကြပါသည်။
    သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပေးပို့သော သဝဏ်လွှာကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက ဖတ်ကြားခဲ့ပါသည်။

    အမျိုးသားဒီမိုကရေအဖွဲ့ချုပ်နာယကကြီး ဦးတင်ဦး ဂုဏ်ပြုအမှာစကားပြောကြားစဉ်
    အမျိုးသားဒီမိုကရေအဖွဲ့ချုပ်နာယကကြီး ဦးတင်ဦး ဂုဏ်ပြုအမှာစကားပြောကြားစဉ်


    ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရ ဦးတင်ဦးတို့က ဂုဏ်ပြုအမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။
    အစ္စလာမ်သာသနာရေးရာကောင်စီဖြစ်ပေါ်လာပုံကို အစ္စလာမ်ကောင်စီဌာနချုပ် နာယက ပါမောက္ခ ဒေါက်တာ စိုးနိုင် က လည်းကောင်း၊ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်၏ ကိုယ်ရေးအကျဉ်းကို အစ္စလာမ်ကောင်စီဌာနချုပ် နာယက ပါမောက္ခ ဒေါက်တာ အောင်ဇော်က လည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။

    ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတည်ကြည်တို့က အခမ်းအနား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြပါသည်။ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေးဖွဲ့သီကုံးသော အစ္စလာမ်ကောင်စီ၏ အားလုံးအညီ တေးကဗျာကို တက်ရောက်လာသူများ စုပေါင်း သီဆိုခဲ့ကြပါသည်။
    အခမ်းအနားကိုအစ္စလာမ်ကောင်စီဌာနချုပ် အာလင်မ် ပညာရှင်များရေးရာဌာနမှူး အလ်ဟာဂ်ျ မောင်လာနာ အိုမရ် ဦးမြင့်နိုင် (ရင်းတော်)ကဒုအာ ဆုမွန်ဖြင့် ရုပ်သိမ်းခဲ့ပါသည်။
    အခမ်းအနားသို့ သံတမန်များ၊ ဘာသာပေါင်းစုံ ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံရေး လူမှုရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီအဆင့်ဆင့် တာဝန်ရှိသူများစုစုပေါင်း(၇၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

    10850468_788145814591450_598940119_n       10859332_788145934591438_527430941_n10866640_788145767924788_2040169557_n

    10866675_788145977924767_106461789_n10872217_788145741258124_569217791_n

     


    အစ္စလာမ်သာသနာရေးရာကောင်စီ Facebook Page မှကူးယူဖော်ပြပါသည်။

     

  • မြန်မာအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့်ကုန်သွယ်မှုသာမက ရေကြောင်းကိစ္စ အဆက်အဆံများပါ မြှင့်တင်ဆောင်ရွက်ရန် ကြိုဆိုကြောင်းမြန်မာကာချုပ်(ရေ) ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့

    M-Media
    မေ ၅ ရက်၊ ၂၀၁၄

    PM-(1)_EDမြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟစီနာတို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နေအိမ်တွင် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလားပင်လယ်အော်အတွင်း ဖြစ်ပွားနေသည့် အငြင်းပွားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများနှင့် လူကုန်ကူးမှုကိစ္စများ တိုက်ဖျက်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်အခြေဆိုက် bdnews24.com က တင်ပြထားသည်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ထိုကိစ္စများကို တိုက်ဖျက်ရာ၌ နိုင်ငံတနိုင်ငံတည်းက ဆောင်ရွက်၍မရဘဲ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့်အကြောင်းကို ဦးစားပေး ဖော်ပြခဲ့ကြောင်း၊ ရေပိုင်နက်အငြင်းပွားမှုကိစ္စနှင့် ပတ်သတ်၍မူ နှစ်နိုင်ငံငြိမ်းချမ်းစွာ ဖြေရှင်းပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ၀န်ကြီးချုပ်၏ အထူးလက်ထောက်ဖြစ်သူ ရှကီလ်က ပြောကြားခဲ့သည်။

    ဗိုလ်ချုပ်သူရသက်ဆွေကမူ နှစ်နိုင်ငံပူးပေါင်းပြီး မှောင်ခိုမှုများသာမက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးတို့ကိုပါ ဆောင်ရွက်နိုင်ကြောင်း၊ အကယ်၍ နှစ်နိုင်ငံရည်ရွယ်ချက်တူညီစွာ လုပ်ကိုင်ပါက ဒေသတွင်းအနာဂတ်ပိုမိုကောင်းလွန်လာမည့်အကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု စီးပွားရေးကဏ္ဍသာမက ရေကြောင်းကိစ္စအဆက်အဆံတို့ကိုပါ တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုဆိုပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

    Ref: bdnews24.com/bangladesh/2014/05/04/pm-for-joint-efforts-with-myanmar

  • UNFPA ကို ပေးထားသည့် ကတိနှင့်ဆန့်ကျင်လျက် သန်းခေါင်စာရင်း၌ ရိုဟင်ဂျာ ဖြည့်သွင်းခွင့်မပြုဟု သမ္မတဆို

    M-Media
    မတ်လ ၂၉ ရက်၊ ၂၀၁၄

    သန်းခေါင်စာရင်း အသိပညာ လက်ကမ်းစာစောင်များ (ဓါတ်ပုံ RFA)
    သန်းခေါင်စာရင်း အသိပညာ လက်ကမ်းစာစောင်များ (ဓါတ်ပုံ RFA)

    UNFPA ၏ သန်းခေါင်စာရင်းနှင့် ပတ်သတ်သော ကြေညာချက်ထွက်အပေါ် အပြီး နောက်တစ်နေ့ (ယနေ့) တွင် သမ္မတဦးသိန်းစိန်က သန်းခေါင်စာရင်း ၌ ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းခြင်း ခွင့်မပြုဟု ၄င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွတ်မှ တဆင့် ပြောဆိုလိုက်ကြောင်း ဧရာဝတီနှင့် RFA သတင်း ဌာနများက တင်ပြထားပါသည်။

    ဧရာဝတီသတင်းဌာန၏ “ရိုဟင်ဂျာဟု သန်းခေါင် စာရင်းတွင် ရေးသွင်းမှု ခွင့်မပြုဟု သမ္မတ ပြော” ဟူသော ယနေ့နေ့စွဲဖြင့် တင်ပြထားသည့် သတင်း တွင် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွတ်က “ဒီနေ့ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ စစ်တွေ သွားဖို့ ရှိတယ်။ သူကတော့ အသေးစိတ် သွားရှင်းပြမှာပေါ့။ အဓိကတော့ အိမ်တအိမ်ကို သွားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ အဲဒီအိမ်က ရိုဟင်ဂျာလို့ ဖြည့်မယ် ဆိုရင် ကျနော်တို့က လက်ခံမှာ မဟုတ်ဘူး။ ဘင်္ဂါလီလို့ ဖြည့်မယ်။ တခြား သတ်မှတ်ထားတဲ့ ကုတ်နံပါတ် ဖြည့်ရင် ရမယ်။ ရိုဟင်ဂျာလို့ ပြောရင် စာရင်း ရေးသွင်းမှာ မဟုတ်ပါဘူး”ဟု အတည်ပြု ပြောဆိုသည်ဟု ဖော်ပြထားပါသည်။

    မတ်လ၂၈ ရက်၊ ရက်စွဲဖြင့်ထုတ်ပြန်သော UNFPA ၏ကြေညာချက်တွင် သန်းခေါင်စာရင်း၌ မည်သူမဆို မိမိတို့အလိုရှိသည့် လူမျိုးအမည်ကို လွတ်လပ် စွာ ဖြည့်သွင်းခွင့်ရှိသည်ဟု ဖော်ပြထားသလို ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရကလည်း ထိုသည့်စံနှုန်းအတိုင်း လိုက်နာရန် ကတိက၀တ်ပြု ထားကြောင်း ဖော်ပြပါရှိသည်။

    UNFPA ၏ ဖော်ပြချက်၌ ပါရှိသည်မှာ –

    In accordance with international standards and human rights principles, and as part of its agreement with the UN and donors, the Government has made a commitment that everyone who is in the country will be counted in the census, and all respondents will have the option to self-identify their ethnicity. This commitment cannot be honoured selectively in the face of intimidation or threats of violence.

    မြန်မာပြန် – နိုင်ငံတကာ စံချိန်စံညွှန်းများအရလည်းကောင်း၊ လူ့အခွင့်အရေး စည်းကမ်းနည်းနာများ အရသာမက ကုလနှင့် အလှူရှင်များ၏ သဘောဆန္ဒများအပေါ် မှာပါ အခြေခံ၍ (မြန်မာ) အစိုးရက သန်းခေါင်စာရင်း၌ လူတိုင်းလူတိုင်း ပါဝင်ကောက်ခံမှု ခံယူရရှိရေး အတွက် ကတိက၀တ်ပြုထားသည်။ ထို့ပြင် လူတိုင်း ကလည်း မိမိတို့၏ ကိုယ်ပိုင်လူမျိုးကို ထည့်သွင်းရေးချယ်ခွင့်ရှိကြောင်းကိုပါ ကတိက၀တ်ပြုထားသည်။ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကြောင့် ထိုကတိက၀တ်များကို မျက်နှာလိုက်ကာ ဖြည့်ဆီးခြင်းမျိုး ပြုလုပ်၍ ရလိမ့်မည် မဟုတ်။

    သို့ဖြစ်ရာ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရက UNFPA သို့ နိုင်ငံတကာစံချိန်စံညွှန်းများ လိုက်နာပါမည်ဟု ကတိပေးထားပြီး ပြည်တွင်းတွင်မူ သန်းခေါင်စာရင်းပါ လူမျိုးနေရာဖြည့်စွက်ရာ၌ မည်သည့်အသုံးအနှုံးကို လက်ခံမည်၊ မည်သည့်အသုံးအနှုံးဆိုလျှင် လက်မခံဟု ပြောဆိုနေခြင်းမှာ ကတိက၀တ်ကို မထီမဲ့မြင်ပြု မလေးစားရာရောက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပါသည်။

    Ref:
    ၁) UNFPA ၏ ကြေညာချက် မူရင်း – http://bit.ly/O4JyfL
    ၂) UNFPA ၏ ကြေညာချက် မြန်မာပြန် – http://www.m-mediagroup.com/news/25934
    ၂) ဧရာဝတီသတင်းဌာနမှ သတင်းတင်ပြထားချက် – http://bit.ly/1jjD1dk

  • စစ်တွေအကြမ်းဖက်မှုနှင့် သန်းခေါင်စာရင်းကိစ္စများအတွက် UNFPA မှ ကြေညာချက်ထုတ်ပြန်

    M-Media
    မတ် ၂၈ ရက်၊ ၂၀၁၄

    998951_308275109324548_252093493_n

    ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့လူဦးရေရံပုံငွေအဖွဲ့ (UNFPA) မှ ရခိုင်ပြည်တွင်း အကြမ်းဖက်မှု အပါအ၀င် သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ဆိုင်သည့် ကိစ္စများနှင့်စပ်လျဉ်းပြီး ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

    ယမန်နေ့က စစ်တွေတွင်ဖြစ်ပွားခဲ့သည့် အိုင်အန်ဂျီအိုနှင့် အင်ဂျီအိုအဖွဲ့အစည်းများအား လူအုပ်စုဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် UNFPA က အလွန်စိုးရိမ် ကြောင်း၊ ကုလ၏ လူအခွင့်အရေးပူးပေါင်းဆောင်မှုနှင့် တာဝန်ခံ ကိုယ်စားလှယ်အနေဖြင့် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများကို အစိုးရမှ အကာအကွယ်ပေးရန် တောင်းဆိုလိုက်ကြောင်း ယင်းကြေညာချက်၌ ဖော်ပြပါရှိသည်။

    ထို့ပြင် ကြေညာချက်ပါ အချက်များမှာ –

    – UNFPA ၏ ၀န်ထမ်းများစာရင်း အတိအကျရှိပြီး ၄င်းတို့မှာ လုံခြုံလျက်ရှိသည်။ အခြေအနေ တိုးတက်မှုအပေါ်မူတည်၍ UNFPA က မရှိမဖြစ် လိုအပ်သည့် ၀န်ထမ်းများကို ဆက်လက်ထားရှိမည့် အကြောင်းကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

    – မတ်လ ၃၀ ရက်နေ့တွင် မြန်မာ့သန်းခေါင်စာရင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင်း လူထုအုံကြွမှုဖြစ်ပေါ်လာမည်ဟူသော သတင်း အချက်အလက်များကြောင့် UNFPA အနေဖြင့် စိုးရိမ်ပူပန်လျက်ရှိသည်။

    – နိုင်ငံတကာ စံချိန်စံညွှန်းများအရလည်းကောင်း၊ လူ့အခွင့်အရေး စည်းကမ်းနည်းနာများ အရသာမက ကုလနှင့် အလှူရှင်များ၏ သဘောဆန္ဒများအပေါ် မှာပါ အခြေခံ၍ (မြန်မာ) အစိုးရက သန်းခေါင်စာရင်း၌ လူတိုင်းလူတိုင်း ပါဝင်ကောက်ခံမှု ခံယူရရှိရေး အတွက် ကတိက၀တ်ပြုထားသည်။ ထို့ပြင် လူတိုင်း ကလည်း မိမိတို့၏ ကိုယ်ပိုင်လူမျိုးကို ထည့်သွင်းရေးချယ်ခွင့်ရှိကြောင်းကိုပါ ကတိက၀တ်ပြုထားသည်။ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကြောင့် ထိုကတိက၀တ်များကို မျက်နှာလိုက်ကာ ဖြည့်ဆီးခြင်းမျိုး ပြုလုပ်၍ ရလိမ့်မည် မဟုတ်။

    – ကောက်ခံသူများရော၊ ကောက်ခံခြင်းခံရမည့် သူများကိုပါ လုံခြုံရေးပေးမှသာလျှင် ယုံကြည်စိတ်ချရသော သန်းခေါင်စာရင်းအဖြေမှန်ကို ရရှိမည်ဖြစ်သည်။ ကောက်ခံခြင်းခံရမည့် သူများသည် မေးခွန်းများကို ဖြေကြားရာ၌ မိမိတို့ကိုယ်ကို လုံခြုံမှုရှိကြောင်း ခံစားနေကြရမည်ဖြစ်သလို ကောက်ခံမည့်သူများကလည်း အဖြေအားလုံးကို ယုံကြည်စိတ်ချရလောက်အောင် မှတ်တမ်းတင်ကြရမည်ဖြစ်သည်။ မည်သို့သော ခြိမ်းခြောက်မှုနှင့် ကြောက်ရွံ့မှုမျှ ရှိမနေစေရ။

    – အာဏာပိုင်များက လုံခြုံရေးကိုအကြောင်းပြလျက် နိုင်ငံတကာ၏ စံချိန်စံညွှန်းများနှင့် လူ့အခွင့်အရေးသတ်မှတ်ချက်များကို ချိုးဖောက်ခြင်းမျိုး မရှိစေရ။ လူတိုင်း၏ အခွင့်အရေးကို အာမခံချက်ပေးမည့် ကိစ္စရပ်များကိုသာ တရားမျှတစွာ ဖြည့်ဆည်းပေးရမည်ဖြစ်သလို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပြည်နယ်မှ လစ်လပ်မနေစေဘဲ (သန်းခေါင်စာရင်းကောက်ယူမှု၌) တန်းတူညီစွာ ပါဝင်နေကြရမည်ဖြစ်သည်။

    ပိုမိုသိလိုပါက –

    William A.Ryan, [email protected], mobile Skype +66 89 897 6984+66 89 897 6984
    သို့မဟုတ် Malene Arboe-Rasmussen, [email protected], tel Skype +95 1 5429 109+95 1 5429 109 ext 146. Mobile Skype +95 9 2500 26961+95 9 2500 26961

  • စစ်တွေ အကြမ်းဖက်မှု အတွက် အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်

    M-Media
    မတ်လ ၂၈ ရက်၊ ၂၀၁၄

    USDeeplyConcernedbyViolenceinSittwe

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ စစ်တွေအကြမ်းဖက်မှုအတွက် အလွန်အမင်းစိုးရိမ်ကြောင်း ကြေညာချက်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အမေရိကန်အနေဖြင့် စစ်တွေ၌ လွန်ခဲ့သည့် နေ့များက ဖြစ်ပွားခဲ့သော အိုင်အင်ဂျီအိုများကို ဦးတည်သည့် လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း၊ တိုက်ခိုက်မှုများကြောင့် အဆောက်အဦများ ပျက်စီးခဲ့ရသလို အင်ဂျီအို ၀န်ထမ်းများကိုလည်း အရေးပေါ်နေရာရွှေ့ပြောင်းပေး ခဲ့ရကြောင်း၊ ထိုဝန်ထမ်းများ အထဲတွင် အမေရိကန်လူမျိုး ၃ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် ကြေညာချက်က မြန်မာအာဏာပိုင်များ အနေဖြင့် လုံခြုံရေးဆောင်ရွက်နေသော်လည်း မလုံလောက်မှုများ ဆက်လက်ရှိ၍လည်းကောင်း၊ စစ်တွေ၌ တရားဥပဒေစိုးမိုးမှု  ပပျောက်နေ၍လည်းကောင်း၊ အင်ဂျီအိုဝန်ထမ်းများကို အကာအကွယ်ပေးမှုများ၊ အကြမ်းဖက်မှုပျံ့နှံ့ နေသည့်ကိစ္စများ အတွက်လည်းကောင်း အလွန်အမင်းစိုးရိမ်ကြောင်း တင်ပြထားသည်။

    မြန်မာအစိုးရကိုလည်း လိုက်လျောညီထွေဖြစ်သည့် အဖြေတစ်ခုကို ထုတ်ပေးပြီး ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းရေးသာမက တာရှည်ခံသည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုပါ လုပ်ဆောင်သွားရန် အဆိုပါကြေညာချက်က တိုက်တွန်းထားသည်။

    ကြေညာချက်အပြည့်အစုံဖတ်ရှုရန် (အင်္ဂလိပ်ဘာသာဖြင့်)
    goo.gl/Cbsvyd