News @ M-Media

Author: M-Media

  • မြန်မာလမ်းလျှောက်မယ် ရွှေတံဆိပ် လိမ်လည် ရယူသည်ဟု ဗီယက်နမ် မီဒီယာများ ဖော်ပြ

    M-Media
    ဒီဇင်ဘာ ၁၈၊ ၂၀၁၃

    ၂၀၁၃ မြန်မာဆီးဂိမ်းသတင်း

    ၂၀ ကီလို လမ်းလျောက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာအားကစားမယ် စောမာလာနွယ်က ရွှေတံဆိပ်ကို လှည့်ဖျားသော နည်းလမ်းဖြင့် ရယူခဲ့ခြင်းဖြစ်သည်ဟု ထိုပြိုင်ပွဲ၌ ငွေတံဆိပ်သာ ရရှိခဲ့သည့် ဗီယက်နမ် အားကစားမယ် ငုယင်သီထန်ဖုက စွပ်စွဲပြောကြား လိုက်သည်။

    ငွေတံဆိပ်ကို မျက်ရည်လည်ရွဲဖြင့် ရယူနေသည့် ဗီယက်နမ် အားကစားမယ်
    ငွေတံဆိပ်ကို မျက်ရည်လည်ရွဲဖြင့် ရယူနေသည့် ဗီယက်နမ် အားကစားမယ်

    သူမက ဗီယက်နမ်သတင်းဌာနတစ်ခုဖြစ်သည့် Thanh Nien ကို ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

    ငုယင်သီထန်ဖုက မြန်မာအားကစားမယ်သည် လမ်းလျောက်လိုက်၊ ပြေးလိုက်ဖြင့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ပြိုင်ပွဲဝင်ြခင်းဖြစ်ကြောင်းပြောပြသည်။ စောမာလာနွယ်နောက်မှ ၂ မိနစ် ၅ စက္ကန့်နောက်ကျပြီး ပန်းဝင်လာသည့် ငုယင်သီထန်ဖုသည် ဒုတိယငွေတံဆိပ်သာ ရရှိ၍ မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့သေးသည်။ သို့သော် သူမသည် လည်း ပြိုင်ပွဲ၌ ပြေးလွှားခဲ့သောကြောင့် အနီကဒ် ၂ ခါထိခဲ့သေးသည်။ စည်းမျဉ်းအရ အကယ်၍ တတိယတကြိမ် အနီကဒ် ထိခဲ့ပါလျှင် ပြိုင်ပွဲမှ ထွက်ရမည်ဖြစ်သည်။

    ဗီယက်နမ်တို့က သူတို့ရွှေ မရရှိခဲ့သည့် ယင်းအကြောင်းအရာကို သတင်းမီဒီယာများ၌ အကြီးအကျယ်ဖော်ပြနေကြသည့်အတွက် ၀ီကီပီးဒီယား၊ Sea Games ကဏ္ဍအောက်တွင်ပင် ယင်းအဖြစ်အပျက် ထည့်သွင်းရေးထား ပြီဖြစ်သည်။ (en.wikipedia.org/wiki/2013_Southeast_Asian_Games#Controversies)

    ဗီယက်နမ်အားကစားမယ်က ယင်းပြိုင်ပွဲမှာ တရားမျှတသော ပြိုင်ပွဲမဟုတ်ဟုလည်း ဝေဖန်ခဲ့သည်။ ရေကူးပြိုင်ပွဲတွင်လည်း အလားတူဖြစ်ရပ်မျိုး ဗီယက်နမ်တို့ ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော် ထိုရေကူးပြိုင်ပွဲတွင် မြန်မာတို့ ရွှေရယူခဲ့သည်မဟုတ်ဘဲ စင်ကာပူမှ ရေကူးမယ်တောက်လီက ရွှေရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်တို့က တောက်လီ ၏ ရွှေတံဆိပ်ကို ဝေဖန်နေခြင်း ဖြစ်သည်။

    Vietnam Media link => http://vietnamnews.vn/sports/248979/age-no-object-for-vn-athlete.html

  • အခြေခံဥပဒေ မပြင်ပေးလျှင် ၂၀၁၅ ရွေးကောက်ပွဲကို အဲန်အဲလ်ဒီသပိတ်မှောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး

    M-Media
    ဒီဇင်ဘာ ၁၈၊ ၂၀၁၃

    အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြည့် အဲန်အဲလ်ဒီ ပရိသတ်များ
    အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြည့် အဲန်အဲလ်ဒီ ပရိသတ်များ

    မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိအားလာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ နိုင်ငံတော်သမ္မတနေရာမှ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိအောင် ပိတ်ဆို့ထားသည့် အခြေခံဥပဒေအား ပြင်ဆင်မပေးလျှင် သူမ၏ အဲန်အလ်ဒီပါတီက ရွေးကောက်ပွဲအား သပိတ်မှောက်ဆန့်ကျင်ရလိမ့်မည်ဟု သတိပေးပြောကြားလိုက်သည်။

    “တဘက်ကို အသာပေးထားတဲ့ ပြိုင်ပွဲမှာ တခြားတဘက်က ပါဝင်ယှဉ်ပြိုင်ဖို့ မသင့်တော်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    မြန်မာစစ်ဘက်များ နေရာယူထားသည့် ပါလီမန်က ဇူလိုင်လအတွင်းက အခြေခံဥပဒေလေ့လာရေးကော်မတီကို ပါလီမန်အမတ်ပေါင်း ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့သေးသည်။ သို့သော် ထိုအထဲ၌ အဲန်အဲလ်ဒီမှ ကိုးဦးသာ ပါဝင်ခွင့်ရထားသည်။ လက်ရှိတွင် စစ်သားများက ပါလီမန်နေရာ ၂၅ ရာခိုင်နှုန်း ကို ရယူထားသည်။

    အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတအဖြစ် ရွေးကောက်ခံနိုင်ရန် အခြေအနေဖြစ်လာလျှင် သူမသည်သာ ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရမည့်သူအဖြစ် ရေပန်းအစားဆုံးဖြစ်လာနိုင်ကြောင်း Sydney Morning Herald သတင်းစာက သုံးသပ်ထားသည်။

  • ဖိလစ်ပိုင် နာမည်ကြီး ရေကူးမယ် ရွှေတံဆိပ်ပြန်လည် အသိမ်းခံရမှုကြောင့် ဖိလစ်ပိုင် အားကစားအဖွဲ့က တာဝန်ရှိသူများကို သပိတ်မှောက် ကန့်ကွက်ခဲ့

    M-Media
    ဒီဇင်ဘာ ၁၇၊ ၂၀၁၃

    jasmine-alkhaldi
    ဖိလစ်ပိုင်ရေကူးမယ် ဂျက်စမင်း အလ်-ခလ်ဒီ (ယာ)

    အငြင်းပွားဖွယ်များဖြစ်ပေါ်နေသည့် ၂၀၁၃ မြန်မာဆီးဂိမ်း၌ ဖိလစ်ပိုင်ရေကူးမယ် ဂျက်စမင်း အလ်-ခလ်ဒီရရှိခဲ့သည့် ရွှေတံဆိပ်ကို ရုပ်သိမ်းခဲ့သည့်အတွက် ဖိလစ်ပိုင်အားကစားအဖွဲ့က ကန့်ကွက် ထားကြောင်း စီအင်အေသတင်းတစ်ရပ်က ဖော်ပြသည်။

    ဖိလစ်ပိုင်တို့က မြန်မာဆီးဂိမ်းတွင် ပါဝင်လာသည့် အမျိုးအမည်မသိသော အားကစားနည်း အမျိုးအစားအများအပြားအပေါ် မေးခွန်းထုတ်ဝေဖန်ခဲ့ပြီးနောက် ယခုကဲ့သို့ ကိစ္စမျိုး ထပ်မံဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တို့က မြန်မာဆီးဂိမ်းတွင် ပါဝင်သည့် ထိုအားကစားနည်းများမှာ အိမ်ရှင်မြန်မာနှင့် အပေါင်းအပါတိုင်းပြည်များကိုသာ ဆုတံဆိပ်အများအပြား ရရှိစေမည့် အားကစားနည်းများဖြစ်သည်ဟု စွပ်စွဲထားသည်။

    ဖိလစ်ပိုင်အားကစားအဖွဲ့က မိမိတို့၏ အသက် ၂၀ အရွယ်၊ ဆော်ဒီနွယ်ဖွား ရေကူးအားကစားမယ် အလ်-ခလ်ဒီ၏ ရွှေတံဆိပ်ကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုချက်တစ်ခုထုတ်ကာ ဖော်ပြခဲ့သေးသည်။

    အလ်-ခလ်ဒီမှာ မီတာ ၁၀၀ အလွတ်တန်း ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့သော်လည်း ခဏအကြာတွင်ပင် တာထွက်မှားယွင်းခဲ့သည်ဟုအကြောင်းပြပြီး ရွှေတံဆိပ် ပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။ နောက်တစ်နေ့တွင် ပြိုင်ပွဲအား ထပ်မံယှဉ်ပြိုင်စေခဲ့ရာ အလ်-ခလ်ဒီမှာ ထိုင်းနှင့် စင်ကာပူအားကစားသမားတို့၏နောက် တတိယနေရာသာ ရရှိခဲ့သည်။

    တာထွက်မှားသည်ဟု အကြောင်းပြပြီး အလ်-ခလ်ဒီ၏ ရွှေတံဆိပ်ကို အဓိကစောဒကတက်ခဲ့သည်မှာ ထိုင်းအားကစားအဖွဲ့ဖြစ်ကြောင်းသိရသည်။ ဖိလစ်ပိုင်အားကစားအဖွဲ့က ပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်စေခြင်း ဆိုသည်မှာ FINA (International Swimming Federation) ၏ စည်းမျဉ်းနှင့်မကိုက်ညီကြောင်း၊ ပြိုင်ပွဲကို ဒုတိယတစ်ကြိမ်ပြန်လည်ယှဉ်ပြိုင်သည့်အခါ မိမိတို့ ကစားသမား၏ စိတ်ဓါတ်ရေးရာကို ကျဆင်းစေကြောင်း၊ ထိုင်းတို့၏ ပြိုင်ပွဲကို ထပ်မံကျင်းပဖို့တောင်းဆိုသည်မှာ ဘောင်မ၀င်ကြောင်း ဆိုသည်။

    ဖိလစ်ပိုင်တို့က ဆီးဂိမ်းမစတင်မီကပင် အားကစားသမားအနည်းငယ်ကိုသာ စေလွှတ်ခြင်းဖြင့် မြန်မာဆီးဂိမ်းကို သပိတ်မှောက်ဖို့ စီစဉ်ခဲ့သေးသည်။

  • အခြေခံဥပဒေပြင်ဆင်ဖို့ မြန်မာအစိုးရကို အီးယူနိုင်ငံတွေ အရေးဆိုမယ်

    M-Media
    ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃

    အီးယူနိုင်ငံတွေက မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးထားသော ပုဒ်မများပါဝင်သည့်  အခြေခံဥပဒေကို ပြင်ဆင်ဖို့ မြန်မာ အသွင်ပြောင်းအစိုးရ ကို တောင်းဆိုသွားမယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြကြပါတယ်။

    European Council President Van Rompuy meets Myanmar pro-democracy leader Suu Kyi at the European Council headquarters in Brussels

    အီးယူဥက္ကဌနဲ့အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

    တနင်္လာနေ့ (ယနေ့) ၊ ဘလ်ဂျီယံနိုင်ငံ၊ ဘရက်ဆဲလ်မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ အဲဒီကိစ္စကို သတိပေးပြောဆိုသွားမှာ ဖြစ်တဲ့အကြောင်း၊ တကယ်လို့သာ လာမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုရင်တော့ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုပါ ပယ်ဖျက်လိုက် သလို ဖြစ်လာနိုင် တဲ့အကြောင်း အီးယူသံတမန်တွေက ဆိုပါတယ်။

    မြန်မာ့အခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် မရှိပါဘူး။  မြန်မာအစိုးရရဲ့ အခြေခံဥပဒေ ပြင်ဆင်လိုစိတ် ရှိမရှိကိစ္စကတော့ အနောက်နိုင်ငံတွေ အတွက် စောင့် ကြည့်စရာဖြစ်နေသလို မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လိုလားမှု စိတ်ဓာတ်အမှန်ကိုလည်း ဆန်းစစ်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

    ဘရက်ဆဲလ်မှာ ကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲအတွက် လျာထားတဲ့ အကြောင်းအရာတွေကို Financial Times က တင်ပြရာမှာတော့ “ဒီဆွေးနွေးပွဲက မြန်မာ့အခြေခံ ဥပဒေကို ခေတ်ပေါ် ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိလာအောင် ပြုလုပ်မယ့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးလုပ်ငန်းကို တွန်းအားပေးသွားမှာဖြစ်သလို၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ အောင်မြင်ပြီး တာရှည်ခံဖို့ အကူအညီပေးသွားမှာဖြစ်တယ်။” ဆိုတဲ့အချက်တွေ ပါဝင်ကြောင်း သိရပါတယ်။

    ယူကေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ လက်ရှိအခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲက ရယ်စရာပြဇတ်ပဲဖြစ်မှာလို့ အောက်တိုဘာလ အတွင်းက ဆိုခဲ့ဖူးပါတယ်။

  • MPT နဲ့ ပူးပေါင်းမယ့် နိုင်ငံခြားကုမ္ပဏီကို ဒီဇင်ဘာလထဲတွင် ကြေညာမည်

    M-Media
    ဒီဇင်ဘာ ၁၄၊ ၂၀၁၃

    images
    ဒေါ်လာ ၃ ထောင်နီးပါး ဈေးရှိခဲ့ဖူးတဲ့ MPT စင်းမ်ကတ်

    အစိုးရက ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်တဲ့ အော်ရီဒူးနဲ့ တယ်လီနောတို့ကို ပြိုင်ဆိုင်လုပ်ကိုင်ဖို့ MPT ကို ဆက်လက်အသက် သွင်းထားပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာတော့ MPT က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံခြားကုမ္ပဏီကို ကြေညာမယ်လို့ ဆိုပါတယ်။

    လောလောဆယ်တော့ MPT နဲ့ ပူးပေါင်းမယ့် နိုင်ငံခြားကုမ္ပဏီတွေထဲမှာ ပြင်သစ်ရဲ့ Orange၊ ဂျပန်ရဲ့ KDDI နဲ့ စင်ကာပူရဲ့ SingTel တို့ ရေးပန်းစားနေပါတယ်။ ဒီကုမ္ပဏီသုံးခုကလည်း ဇွန်လက မြန်မာအစိုးရကြေညာခဲ့တဲ့ တင်ဒါအောင် ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီစာရင်း မှာ မပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေလည်း ဖြစ်ပါတယ်။

    MPT နဲ့ ပူးပေါင်းမယ့် ကုမ္ပဏီတင်ဒါကို အစိုးရက နိုဝင်ဘာလထဲမှာ ခေါ်ယူခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍမှာ အပြိုင်အဆိုင်လုပ်ကြ ဖို့ ပြင်ဆင်နေ ပါတယ်။ MPT ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ စင်းမ်ကတ် တစ်ခုကို ဒေါ်လာ ၃၀၀၀ နီးပါးနဲ့ အဆမတန်အမြတ်တင်ရောင်း ချနေခဲ့တာကြောင့် အမြတ်အစွန်း မြောက်မြားစွာ ရရှိထားပြီးလည်း ဖြစ်ပါတယ်။