News @ M-Media
Author: YinYin
  • နှစ် ၂၀၀-ကျော်မှ သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန် ဖျက်သိမ်းမည့်အပေါ် ဆက်သွယ်မေးမြန်းချက်
    နှစ် ၂၀၀-ကျော်မှ သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန် ဖျက်သိမ်းမည့်အပေါ် ဆက်သွယ်မေးမြန်းချက်
    အောက်တိုဘာ ၆၊ ၂၀၁၃
    M-Media
    သုတမောင်
    ဇင်းလင်းကုန်း မွတ်စလင်မ်သုဿာန်အတွင်းရှိ သမိုင်းဝင် ပုဂ္ဂိုလ်များ၏ ဂူဗိမာန်များ
    မန္တလေး   ။         ။      မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန်အား  ၁၇.၁၀.၂၀၁၃ ရက်နေ့တွင် မိမိတို့ သင်္ချိုင်းကော်မတီ အစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းပေးရန် ၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ ၁၇-ရက်နေ့ ရက်စွဲဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ လင်းဇင်းကုန်း မွတ်စလင် သုဿာန် ကြီးကြပ်မှုကော်မတီထံသို့ ပေးပို့သော စာအရ လင်းဇင်းကုန်း သုဿာန် ကြီးကြပ်ရေးကော်မတီ ဦးခင်မောင်စိုးထံသို့ M-Media မှ ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။
    မေး – လင်းဇင်းကုန်းမွတ်စလင်မ်သုဿာန် ဖျက်သိမ်းရှင်းလင်းပေးရန်ဆိုပြီး စက်တင်ဘာ ၁၇-ရက် နေ့စွဲနဲ့ စည်ပင်သာယာက စာထုတ်ထားတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
    ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ လက်ရှိကတော့ အဲ့ဒီစာ ထုတ်ထားတဲ့အတိုင်းပါပဲ။
    မေး – စည်ပင်က ထုတ်တဲ့စာမှာ ၁၇.၁၀.၂၀၁၃ အပြီး ကိုယ်တိုင် ဖျက်ခိုင်းနေတယ်ဆိုတော့ အဲ့ဒီအပေါ်မှာ ဘယ်လို စီစဉ်ထားပါသလဲ။
    ဖြေ – ကျွန်တော်တို့အနေနဲ့က သင်္ချိုင်းနဲ့ ပတ်သက်လို့ ကျွန်တော်ဘာသာအရက ရွှေ့ပြောင်းမှု မရှိပါဘူး။ အဲလို ရွေှ့ပြောင်းမှု မရတာကြောင့် ကျွန်တော်တို့ မလုပ်တော့ပါဘူး။
    မေး – ဒါဆိုရင် ဘယ်လိုများ ဆက်လက် စီစဉ်ထားပါသလဲ။
    ဖြေ – ကျွန်တော်တို့အနေနဲ့လည်း သင်္ချိုင်းမှာရှိတဲ့ ဗလီနဲ့ ဒါရဂါတော်ကို ချန်လှပ်ပေးဖို့တော့ သက်ဆိုင်ရာကို စာတင်ထားပါတယ်။
    မေး – အဲ့ဒီ လင်းဇင်းကုန်း သုဿာန်မှာက သမိုင်းဝင် အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဒါရ်ဂါတော် သခင်ကြီး အာဗစ်ရှာဟိုင်စိုင်နီရယ်၊ နောက် ဘိုးတော်ဘုရားကို သံတော်ဦးတင်လွှာကျမ်းဆက်သ ရေးသားခဲ့တဲ့ ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူဘွဲ့ရ စာဆိုတော် ဆရာကြီး ဦးနုရဲ့ ဂူဗိမာန်နဲ့ တခြားသော အစ္စလာမ့်သမိုင်းက အထင်က ပုဂ္ဂိုလ်တွေ အများကြီး မြှုပ်နှံထားတာဆိုတော့ အဲဒီကိစ္စကို ဘယ်လိုများ လုပ်ပါမလဲ။
    ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့ ဒီမှာ သမိုင်းဝင် ဦးနု၊ ဦးပိန်နဲ့ တခြားပုဂ္ဂိုလ်တွေ လည်းရှိနေတော့ ကျွန်တော်တို့ အဲဒါကို တင်ပြတောင်းခံထားတဲ့ အပိုင်းတော့ ရှိပါတယ်ခင်ဗျာ။
    မေး – ဒါဆိုရင် တင်ပြတောင်းခံထားတဲ့အပေါ်မှာ တုန့်ပြန်မှုက ဘယ်လိုရှိပါသလဲ။
    ဖြေ – ဒီသမိုင်းဝင်တွေကိစ္စမှာ အရင်က ဖျက်ခဲ့တဲ့ သမိုင်းဝင်တွေကိုလည်း သူတို့က ထောက်ပြပြီး ဒါကိုလည်း ဖျက်ဖို့ပြောပါတယ်။
    မေး – ဒီတော့ အခုလက်ရှိ လောလောဆယ်က ဒီသင်္ချိုင်းကော်မတီမှာ ပါဝင်ကြသူအများစုက မက္ကာကို ဟာဂ်ျသွားနေကြတယ်ဆိုတော့ ကျန်တဲ့ ကော်မတီဝင်တွေအနေနဲ့ အခုရက်ပိုင်းကြုံလာမယ့်ကိစ္စအတွက် ဘယ်လိုများ စီစဉ်ထားပါသလဲ။
    ဖြေ – ဟုတ်ကဲ့ ဒါကြောင့်ပဲ ကျွန်တော်တို့ သင်္ချိုင်းကော်မတီအနေနဲ့ နောက်ထပ် ၁-လလောက် ထပ်ပြီးနောက်ဆုတ်ပေးဖို့ တောင်းဆိုထားပါတယ်။
    မေး – ဟုတ်ကဲ့ အဲဒါက တောင်းဆိုထားပြီပေါ့နော် ဒါဆို။
    ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့ တင်ထားပါပြီ။
    မေး – ဒီတောင်းဆိုမှု စာတင်တာအတွက် အကြောင်းပြန်ကြားမှု ဘယ်လိုရှိပါသလဲ။
    ဖြေ – အခုထိတော့ အကြောင်းပြန်ကြားချက် မလာသေးပါဘူး။
    မေး – ဟုတ်ကဲ့ပါ အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
    ဖြေ – ဟုတ်ကဲ့ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။
    ၂၀၁၂-ခုနှစ် မေလ ၃၁-ရက်နေ့က မန္တလေးနေ့စဉ်သတင်းစာတွင် ပါရှိသော လင်းဇင်းကုန်း သုဿာန်အား ပိတ်သိမ်းရန် အသိပေးကြေညာချက် ထွက်ပေါ်လာပြီးနောက် ၀န်ကြီးချုပ်၊ ဌာနဆိုင်ရာ အဆင့်ဆင့်ကို စာများ ပို့ထားခဲ့ပြီး ဤသမိုင်းဝင်နေရာ ဖျက်သိမ်းမှာကို ကန့်ကွက်သည့်အနေဖြင့် လူ ၃၀၀၀ ကျော်မှ လက်မှတ်ထိုးပြီး အဆင့်ဆင့် တင်ပြထားပြီးလည်းဖြစ်ပါတယ်။
    * ယခင် ၂၀၁၂-ခု ဇူလိုင် ၁၂-ရက်နေ့က အင်တာဗျူးပြုလုပ်ခဲ့သော လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန်အကြောင်းအား ဤ နှစ်၂၀၀ ကျော် သမိုင်းဝင် လင်းဇင်းကုန်း မြန်မာမွတ်စလင် သုဿာန် ဖျက်သိမ်းရန် အမိန်ထုတ်ထား”  အင်တာဗျူးတွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်။
  • အောက်တိုဘာ ၅၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၅၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    မိကျောင်းကန် သပိတ်စခန်း ပိတ်သိမ်း
    ရန်ကုန်မြို့ ဗဟာဗန္ဓုပန်းခြံရှေ့တွင် သပိတ်စခန်း ဖွင့်လှစ်ထားသော မိကျောင်းကန် မြေရာပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေမှုအား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရီတို့နဲ့ ဆန္ဒပြသူမျး တွေ့ဆုံဆွေးနွေးပြီးနောက် ယနေ့ နေ့လည်ပိုင်းက သပိတ်စခန်းပိတ်လိုက်ပြီ ဖြစ်ပါတယ်။
    _______________________
    မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က နေ့လည်ပိုင်းမှာ UWSA ၀တပ်ဖွဲ့ ၀ိန်းကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင်နဲ့ တွေ့ဆုံပြီး သန်းခေါင်စာရင်းကိစ္စအပြင် ၀ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြည်မက အလုပ်လက်မဲ့ဖြစ်နေသူတွေကို လာရောက်လုပ်ကိုင်ခွင့် ပေးရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________
    ရခိုင်ပါတီ ၂-ခုပေါင်းပြီး ပါတီသစ်တစ်ခုဖွဲ့မည်
    ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ALP ဆိုသည့် ပါတီသစ်တစ်ခုကို ဖွဲ့စည်းရန် မှတ်ပုံတင်မည်ဟု ဒီနေ့ ဆွေးနွေးပွဲမှာ ကိုကျော်ကျော်သိန်းက VOA ကို ပြောခဲ့ပါတယ်။
    ______________________
    သံတွဲ အကြမ်းဖက်မှု အစိုးရကြေညာချက်အား ၉၆၉ ဘုန်းကြီးများ လက်မခံ
    မကြာခင်ရက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မြန်မာ့အသံမှ ကြေညာသွားသည့် သာသနာ့အလံထောင်ပြီး အကြမ်းဖက်မှုတွေ လုပ်တယ်ဆိုတာဟာ မဟုတ်မမှန်တဲ့အတွက် အစိုးရ၏ အဆိုပါကြေညာချက်အား ကန့်ကွက်ကြောင်း သဘောထားထုတ်တယ်ဟု ဦးကောသလ္လက RFA ကို ပြောကြားခဲ့ပါတယ်။
    _________________________
    ငယ်စဉ်ဘ၀က နယူးယောက်တွင် ဓားဖြင့်ထောက်ကာ အဓ္ဓမပြုကျင့်ခြင်းခံခဲ့ရသည်ဟု မက်ဒေါနားထုတ်ဖော်
    ကမ္ဘာကျော်အဆိုတော် မက်ဒေါနားက ၎င်း၏ငယ်ဘ၀ နယူးယောက်တွင် ဖြတ်သန်းသည့်ကာလအတွင်း ဓားဖြင့်ထောက်ကာ အဓ္ဓမပြုကျင့်ခြင်း ခံခဲ့ရသည်ဟု အမေရိကန် နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်သည့် Harper’s Bazaar မဂ္ဂဇင်း နိုဝင်ဘာလထုတ်တွင်ပါဝင်သည့် Daring Issue ဆောင်းပါးတွင် ထုတ်ဖော် ရေးသားထားသည်။
    “နယူးယောက်မြို့ဆိုတာ ကျွန်ထင်သလိုမျိုးမဟုတ်ပါဘူး။ နယူးယောက်မြို့က ကျွန်မကို ကောင်းမွန်စွာ မကြိုဆိုခဲ့ပါဘူး။ ပထမနှစ်မှာပဲ သေနတ်နဲ့ ထောက်ပြီး ခြိမ်းခြောက်ခံရတယ်။ အဆောက်အဦးပေါ်မှာ အဓ္ဓမပြုကျင့်ခံရတယ်။ ပြီးတော့ ဓားနဲ့ကျောကိုထောက်ပြီး ကျွန်မကို ဒရွတ်တိုက်ဆွဲခေါ်သွားတာကိုလည်း ခံခဲ့ရပါတယ်။ ပြီးတော့ ကျွန်မရဲ့အခန်းကိုလည်း သုံးကြိမ်လောက်ဖျက်ဆီးခံခဲ့ရပါတယ်။ ကျွန်မမှာရှိတဲ့ ရေဒီယိုလေး အလုခံရပြီးနောက်ပိုင်းမှာ တန်ဖိုးရှိတဲ့ပစ္စည်းဆိုလို့ ကျွန်မမှာ
    ဘာမှမရှိတော့ပါဘူး” ဟု မက်ဒေါနားက ရေးသားထားသည်။
    Daring Issue တွင် မက်ဒေါ်နားက သူရဲ့ဘ၀အကြောင်းကို အကျဉ်ချုပ်ရေးသားထားခြင်းဖြစ်ပြီး မက်ဒေါနားဘ၀၏ ရဲတင်းသော ဆုံးဖြတ်ချက်ဟု ဆိုနိုင်သည်။ ထိုအထဲတွင် မီချီဂန်မှ နယူးယောက်မြို့သို့ ရောက်ရှိလာပုံ၊ နိုင်ငံရပ်ခြားသို့သွားရောက်ပုံ၊ နိုင်ငံခြားမှ ကလေးငယ်များအား မွေးစားခဲ့ပုံ စသဖြင့် သူမ၏ ဘ၀ တစ်စိတ်တစ်ပိုင်းကို ထည့်သွင်းရေးသားထားသည်။
    Ref : latimes
    MDN
    _________________________
    နယ်စပ်တွင်ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုအတွက် စုံးစမ်းစစ်ဆေးမှုများကို ယူကရိန်းပြုလုပ်
    ယူကရိန်းနိုင်ငံအနောက်မြောက်ဘက် ရုရှားနယ်စပ်အနီးတွင်ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေသည်ဟု သိရသည်။ ကြာသာပတေးနေ့ည သန်းခေါင်ယံအချိန်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုကြောင့် ယူကရိန်း ရဲတဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
    နယ်စပ်ရှိ Bachevsk စစ်ဆေးရေးဂိတ်တွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ရုရှားနိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်ထားသည့် ယာဉ်မောင်းနှင့် အခြားလူလေးဦး လိုက်ပါစီးနင်းလာသော မီနီဘတ်စ်အားစစ်ဆေးခဲ့ပြီး ယာဉ်မောင်းအား ခိုင်လုံသည့်အထောက်အထား ထပ်မံတောင်းခံခဲ့ရာ ယာဉ်မောင်းက ၎င်းကိုယ်ပေါ်တွင်ရှိနေသည့် စနက်တံကို ဖြုတ်ခဲ့ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
    ထိုဒေသရှိရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး လူသတ်မှု၊ မှောင်ခိုကုန်သွယ်မှုနှင့် တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် ပုဒ်မတပ်ကာ ထိုဖောက်ခွဲမှုအား စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။
    Ref : presstv
    _________________________
    ဆားစ်ရောဂါကဲ့သို့ ဗိုင်းရပ်စ်ပိုးရှိနေသူ ခြောက်ဦး ဆော်ဒီတွင်တွေ့ရှိ
    ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (MERS-CoV) ဖြစ်ပွားနေသည့် လက္ခဏာရှိသူ ၆ ဦးကို ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ရှိရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့တစ်ဝှမ်းတွင် ထိုကဲ့သို့ရောဂါလက္ခဏာရှိသူ ၁၃၆ ဦးအထိ ရှိလာပြီ ဖြစ်သည်။
    စက်တင်ဘာ ၁၅ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း တွေ့ရှိခဲ့ရသည့် အဆိုပါလူနာ ၆ ဦးတွင် ၁ ဦး၏ ရောဂါလက္ခဏာမှာ မပြင်းထန်ဘဲ ကျန် ၅ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု WHO ၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး ဆေးရုံတင်ပို့ထားသည့် ငါးဦးတွင် ၂-ဦးမှာ (MERS-CoV) ရောဂါရှိနေသည်ဟု အတည်ပြုနိုင်ပြီး ကျန်သုံးဦး၏ အခြေအနေအား ဆက်လက်စစ်ဆေးနေကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။
    Ref : presstv
    _________________________
    ပြည်နယ်သစ်ကိစ္စနှင့်ပက်သက်ပြီး အိန္ဒိယ ၀န်ကြီးနှစ်ဦးထပ်မံနှုတ်ထွက်ပြန်
    အိန္ဒိယတောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်သည့် Andhra Pradesh ပြည်နယ်မှ Telangana ဒေသအား ခွဲထုတ်ကာ ပြည်နယ်သစ်အဖြစ်သတ်မှတ်ခဲ့ခြင်းကို မကျေနပ်သောကြောင့် အိန္ဒိယ၀န်ကြီးနှစ်ဦး ရာထူးမှ ထပ်မံနှုတ်ထွက်သွားခဲ့သည်ဟု သိရပြီး၊ ထိုကိစ္စကြောင့် နှုတ်ထွက်သွားသည့် ၀န်ကြီးဦးရေမှာ သုံးဦးအထိ ရှိလာပြီဖြစ်သည်။
    ထိုကဲ့သို့ ပြည်နယ်အသစ်သတ်မှတ်မှုကိုမကျေနပ်သည့်အတွက်ကြောင့် အိန္ဒိယ ခရီးသွားလာရေးဝန်ကြီးဌာန၀န်ကြီး K. Chiranjeevi မှာ ကြာသာပတေးနေ့ ညနေပိုင်းက ၀န်ကြီးချုပ် မန်မိုဟန်ဆင်းထံ နှုတ်ထွက်စာကို ဖက်စ်ဖြင့်ပေးပို့ခဲ့သည်။ ထို့နောက် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန၀န်ကြီး Pallam Raju နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး KSP Reddy တို့မှာလည်း ယမန်နေ့က ၎င်းတို့၏ရာထူးမှ အသီးသီးနှုတ်ထွက်သွားကြသည်။
    ထိုဝန်ကြီးသုံးဦးစလုံးမှာ Andhra Pradesh ပြည်နယ်မှဖြစ်ပြီး Telangana ဒေသအား ပြည်နယ်အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည့် ကက်ဘိနတ်၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ခဲ့ကြသူများလည်းဖြစ်သည်။ သို့ရာတွင် ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ၎င်းတို့သုံးဦး၏ နှုတ်ထွက်စာကို လက်ခံခြင်းမရှိသေးပေ။
    Ref : xinhua
    _________________________
    ဂွာတီမာလာ ဘိန်းဘုရင်တစ်ဦးအား မက္ကဆီကို ရဲတပ်ဖွဲ့ဖမ်းဆီး
    ဇူလိုင်လအတွင်းက ရဲတပ်ဖွဲ့ဝင် ၈ ဦး သတ်ဖြတ်ခဲ့မှုအား ကြိုးကိုင်ခဲ့သည်ဟု သံသယရှိသူဖြစ်ပြီး ဂွာတီမာလာနိုင်ငံတွင် အလိုချင်ဆုံး ရာဇ၀တ်သားများထဲမှ တစ်ဦးဖြစ်သူ ဘိန်းဘုရင် အက်ဒူရာဒို ဗီလာတိုရို ကာနိုအား မက္ကဆီကိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟုသိရသည်။
    အက်ဒူရာဒိုအား မက္ကဆီကိုနိုင်ငံတောင်ဘက် ချီယာပက်စ်ပြည်နယ်တွင်ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် ဂွာတီမာလာနိုင်ငံသို့  လွှဲပြောင်းပေးခဲ့သည်။  အက်ဒူရာဒိုနှင့်အတူ အခြားအဖွဲ့ဝင် ၃၆ ဦးမှာ ဂွာတီမာလာ အနောက်ဘက်ပြည်နယ်ရှိ ရဲစခန်းတစ်ခုအား တိုက်ခိုက်ခဲ့မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည်။ ဂွာတီမာလာသမ္မတ အော့တို ပီရက်ဇ် မိုလီနာက အက်ဒူရာဒို၏ အဖွဲ့အား ချေမှုန်းပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref : bbc
    _________________________
    ဗီယက်နမ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ကွယ်လွန်
    ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်နှင့် ပြင်သစ်တပ်များအား ဗီယက်နမ် တော်လှန်ရေးတပ်က ပြောင်မြောက်စွာအနိုင်ရခဲ့သည့်  တိုက်ပွဲများ၏ဗိသုကာဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း Vo Nguyen Giap မှာ ယမန်နေ့က ကွယ်လွန်သွားပြီဟု မိသားစုဝင်များနှင့် ဗီယက်နမ်အာဏာပိုင်များက အတည်ပြုပြောကြားလိုက်သည်။
    လေးနှစ်နီးပါး နာတာရှည်ရောဂါကို ခံစားခဲ့ရပြီးနောက် အသက် ၁၀၂-နှစ်အရွယ်ရှိ အဆိုပါ ဗိုလ်ချုပ်ကြီးမှာ မြို့တော်ဟနွိုင်းရှိ စစ်ဆေးရုံတွင် ယမန်နေ့ညနေပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ တောင်သူလယ်သမား မိသားစုက မွေးဖွားခဲ့သည့် Vo Nguyen Giap မှာ ၁၉၅၄ ခုနှစ် Dien Bien Phu ဒေသတွင် ပြင်သစ်စစ်တပ်အား ချေမှုန်းနိုင်ခဲ့သောတိုက်ပွဲနှင့်၊ နှစ်ပေါင်း ၂၀-အကြာတွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် တောင်ဗီယက်နမ်စစ်တပ်အား ကွန်မြူနစ်တို့က အောင်နိုင်ခဲ့သည့်တိုက်ပွဲတို့တွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူဖြစ်သည်။
    ၂၀၀၄-ခုနှစ်က အင်တာဗျူးတစ်ခုတွင် Vo Nguyen Giapက ငြိမ်းချမ်းရေးအကြောင်းကို ပြောကြားခဲ့ပြီး ဗီယက်နမ် လွတ်လပ်ရေးအောင်ပွဲမှာ ကမ္ဘာပေါ်ရှိ ကိုလိုနီပြုခံ နိုင်ငံများအားလုံး၏ အောင်ပွဲပင်ဖြစ်ခဲ့သည်ဟု ဖြေကြားခဲ့သည်။
    Vo Nguyen Giap ကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသတွင် မွေးဖွားခဲ့ပြီး သမ္မတဟောင်း ဟိုချီမင်းနှင့် ရင်းနှီးသောသူငယ်ချင်းဖြစ်ကာ ၀န်ကြီးချုပ်ဟောင်း Pham Van Dong နှင့်အတူ နိုင်ငံ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ကိုလည်း အပ်နှင်းခြင်းခံခဲ့ရသည်။
    Ref : aljazeera
    _________________________
    အစိုးရ၏ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ပိတ်ထားရသည့် ၀ါရှင်တန် ပြည်ထောင်စုပြတိုက်အနီးရှိ National Mall ပန်းခြံအလယ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို မီးရှို့မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    မည်သူမည်ဝါမှန်းမသိရှိရသေးသည့်အဆိုပါအမျိုးသားအား အခင်းဖြစ်ပွားပြီးလျှင်ပြီးချင်း ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၀ါရှင်တန် မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တင်မ် ၀ီလ်ဆန် က ပြောကြားခဲ့သည်။
    ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့သည့် အမေရိကန်တရားရေးဌာနမှ အကျိုးဆောင်ရှေ့နေ ကတ်တီ ရှက်ဖလန်က သူမမှာ National Mall တ၀ိုက်တွင် လမ်းလျှောက်နေစဉ် သူမ၏အနီးအနားရှိ လူတစ်ဦးမှာ ဓာတ်ဆီပုံးကိုယူ၍ ဦးခေါင်းပေါ်မှလောင်းချကာ မိမိကိုယ်ကို မီးပြန်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ကြာသာပတေးနေ့ကလည်း ကွန်နက်တီကတ်ပြည်နယ်မှ အမျိုးသမီးတစ်ဦးမှာ ၀ါရှင်တန်ရှိ အိမ်ဖြူတော်နှင့် လွှတ်တော်အဆောက်အဦးနားရှိ အတားအဆီးများကို အတင်းကျော်ဖြတ်ကာ ကားမောင်း၍ ၀င်ရောက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။
    Ref : presstv
    _________________________
  • အောက်တိုဘာ ၅၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၅၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    လူကာကူအား အငှားချလိုက်သည့်အတွက် နောင်တမရဟု မော်ရင်ဟိုဆို
    ချယ်ဆီးအသင်း၏တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်မှာ ဒဏ်ရာရရှိခဲ့ပြီး သီးတင်းပါတ်များစွာ အနားယူရမည်ဖြစ်သောကြောင့် တိုက်စစ်အတွက် အသင်းတွင် ကစားသမားနှစ်ဦးသာရှိနေပြီး ခေါင်းခဲနေရသည့် မော်ရင်ဟိုက အသင်းရှိလူငယ်တိုက်စစ်မှူး လူကာကူအား အဲဗာတန်အသင်းသို့ အငှားချလိုက်မှုနှင့်ပက်သက်ပြီး နောင်တမရဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
    မော်ရင်ဟိုမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က လူကာကူအား အဲဗာတန်အသင်းသို့ အငှားချခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးတွင် တိုက်စစ်အခက်အခဲဖြစ်နေချိန်တွင် ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူမှာ အဲဗာတန်အသင်းနှင့် ကစားခဲ့သည့်နှစ်ပွဲတွင် ၃ ဂိုးသွင်းယူထားနိုင်သည့်အထိ ခြေစွမ်းထက်နေပြီး အဲဗာတန်နည်းပြ မာတီနက်ဇ်က ချယ်ဆီးအသင်းမှာ လူကာကူအား ပြန်လည်ခေါ်ယူနိုင်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။
    သတင်းထောက်များက မော်ရင်ဟိုအား လူကာကူကို အငှားချလိုက်မှုနှင့်ပက်သက်ပြီး နောင်တ ရ မရ မေးမြန်းရာ နောင်တမရကြောင်းပြောကြားခဲ့ပြီး ချယ်ဆီး အသင်းထက် မန်ယူက အခြေအနေပိုဆိုးကြောင်း၊ နိုဝင်ဘာလအကုန်တွင် အသင်းမှာပိုမိုကောင်းမွန်သော အခြေအနေသို့ ရောက်ရှိမည်ဟု ထင်ကြောင်း ပြောကြား ခဲ့သည်။
    goal
    _________________________
    အင်တာအားအနိုင်ကစားမည်ဟု ဂါစီယာဆို
    ယနေ့ညတွင် ဆန်စီရို၌ကစားမည့် အင်တာအသင်းနှင့်ပွဲစဉ်တွင် သုံးမှတ်ရရှိအောင်ကစားသွားမည်ဖြစ်ပြီး ရိုးမားအသင်း၏ လက်ရှိကစားပုံဖြင့် အင်တာအား အနိုင် ရရှိမည်ဟု ယုံကြည်ကြောင်း ရိုးမားနည်းပြ ရူဒီဂါစီယာက ပြောကြားခဲ့သည်။
    ရိုမားအသင်းမှာ နည်းပြသစ် ဂါစီယာလက်ထက်တွင် ပုံစံကောင်းရရှိနေပြီး စီးရီးအေ ၆-ပွဲကစားပြီး ၆-ပွဲဆက်တိုက်အနိုင်ရရှိထားသည်။ အင်တာအသင်းနှင့်ရင်ဆိုင် ရာတွင် သရေအတွက်သာ ကစားမည်မဟုတ်ဘဲ အနိုင်ကစားသွားမည်ဟု ဆိုသည့် ဂါစီယာက “အင်တာဟာ ပါရမီရှိတဲ့ကစားသမားတွေနဲ့ တောင့်တင်းတဲ့အသင်းပါ။ အိမ်ကွင်းမှာကစားရမယ်ဆိုတဲ့ အားသာချက် သူတို့မှာရှိနေပါတယ်။ ဒါပေမယ့် အဲဒီအားသာချက်ဟာ ကျွန်တော့်ကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး” ဟု သတင်းထောက်များအား ယမန်နေ့က ပြောကြားလိုက်သည်။
    အင်တာအသင်းမှာလည်း နည်းပြသစ် ဝေါလ်တာ မာတာရာဇီ၏လက်ထက်တွင် စီးရီးအေ ၆ ပွဲကစား ၄ ပွဲနိုင် ၂ ပွဲသရေဖြင့် ပုံစံကောင်းရရှိနေသည့်အသင်းဖြစ်ပြီး ရိုမားအသင်းနှင့် တွေ့ဆုံခဲ့သည့် နောက်ဆုံးလေးပွဲတွင် ၃-ပွဲ ရှုံးနိမ့်ထားသည်။
    goal
    _________________________
    ရာဖေးနာဒယ်လ် ကမ္ဘာ့နံပါတ် ၁ နေရာသို့ ပြန်ရောက်ဖွယ်ရှိနေ
    လက်ရှိ ကမ္ဘာ့အဆင့်-၂ ရှိ စပိန်နံပါတ်တစ် တင်းနစ်အကျော်အမော် ရာဖေးနာဒယ်လ်မှာ ၂ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရသည့် ကမ္ဘာ့ နံပါတ်-၁ နေရာအား ပြန်လည်ရရှိဖွယ်ရှိနေသည်ဟု သိရသည်။
    ဘေဂျင်းတွင်ကျင်းပပြုလုပ်နေသည့် China Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နာဒယ်လ်မှာ ချက်တင်းနစ်သမား သောမတ်စ်ဘာဒစ်ခ်ျနှင့်ကစားခဲ့ရပြီး ပထမပွဲငယ်တွင်ပင် ဘာဒစ်ခ်ျမှာ ဒဏ်ရာကြောင့် ဆက်လက်မကစားနိုင်တော့သဖြင့် နာဒယ်လ်မှာ ဖိုင်နယ်သို့တက်ရောက်သွားသည်။
    China Open တင်းနစ်ပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲကို တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နာဒယ်လ်မှာ ဂျိုကိုဗစ်နှင့် ဂတ်စ်ကတ်တို့၏ ဆီမီးဖိုင်နယ်ပွဲမှ အနိုင်ရရှိသူနှင့် ဗိုလ်လုရမည်ဖြစ်သည်။ နာဒယ်လ်အနေဖြင့် ယခုပွဲတွင်ဗိုလ်စွဲခဲ့ပါက လက်လွှတ်ခဲ့ရသည့် ကမ္ဘာ့အဆင့်-၁ နေရာအား ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။
    skysports
    _________________________
    အာဆင်နယ်အသင်း၏ လူငယ်အလယ်တန်းလူ ၀ီလ်ရှိုင်းယား၏ ဆေးလိပ်သောက်နေသည့် ဓာတ်ပုံထွက်ပေါ်လာပြီးနောက် နည်းပြ အာဆင်ဝင်းဂါးက ထိုလုပ်ရပ်အပေါ် ပြစ်တင်ပြောဆိုလိုက်သည်။ နာပိုလီအသင်းနှင့် ချန်ပီယံလိဂ်ပွဲကစားအပြီး အာဆင်ဝင်းဂါးက အသင်းအား နှစ်ရက်အနားပေးထားခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညပိုင်းက လန်ဒန်မြို့ရှိ နိုက်ကလပ်တစ်ခုသို့သွားရောက်စဉ် ဆေးလိပ်သောက်ခဲ့ခြင်းဖြစ်သည်။
    အသင်းရှိကစားသမားများအား လူအများရှေ့တွင်ဝေဖန်မှုနည်းသည့် အာဆင်ဝင်းဂါးမှာ ၀ီလ်ရှိုင်းယား၏ လုပ်ရပ်အား “ဒီလိုအပြုအမူမျိုးကို ကျွန်တော်လုံးဝသဘောမတူပါဘူး။ ပထမဦးဆုံးအနေနဲ့ ဘောလုံးသမားဆိုတာ ပြယုဂ်တစ်ခုပါပဲ။ ဒုတိယ အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကိုထိခိုက်စေမယ့် အပြုအမူမျိုးကို မလုပ်ရပါဘူး” ဟု ၀င်းဂါးက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ ထို့ပြင် မိမိအိမ်တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းများကို မည်သူမျှမမြင်နိုင်ကြောင်း၊ သို့ရာတွင် လူအများရှေ့၌ထိုကဲ့သို့သော လုပ်ရပ်များလုပ်ခြင်းမှာ မိမိ၏ဂုဏ်သတင်းအား ထိခိုက်စေကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    dailymail
    _________________________
  • လယ်မြေကိစ္စများ ဆွေးနွေးပွဲ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ပြုလုပ်
    လယ်မြေကိစ္စများ ဆွေးနွေးပွဲ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ပြုလုပ်
    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    အငယ်လေး
    Photo : thefarmer
    Photo : thefarmer
    ရန်ကုန်  ။       ။        ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့မှ လယ်ယာမြေကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ နံနက် ၉း၀၀-နာရီမှ စတင်ကာ ရန်ကုန်မြို့ YMCA ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။
    ၎င်း လယ်မြေကိစ္စများကို ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့မှ ဒေါက်တာသောင်းထွန်းနှင့် ဦးသိန်းထွန်းတို့မှ ဦးဆောင်၍ ဆွေးနွေးခဲ့ကြပါတယ်
    စိုက်ပျိုးရေးဌာနတွင် အားနည်းချက်ရှိခြင်း၊ မြေဧကများအမြောက်အများရှိသော်လည်း ၀န်ကြီးဌာနများ အားနည်းချက်များရှိခြင်း၊ ရေအရင်းအမြစ်များကို စီမံခန့်ခွဲရာတွင်လည်း ၀န်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ မြေဆီလွှာတွင် ဂုဏ်သတ္တိများရှိပြီး စိုက်ပျိုးရေးအတွက် မိုးလေ၀သမှာ အရေးကြီးကြောင်း၊ မိုးလေ၀သတိုင်း စက်ပစ္စည်းများလိုအပ်ကြောင်း၊ မိုးလေ၀သနှင့် ချိတ်ဆက်လုပ်ဆောင်မှုအားနည်းကြောင်း၊ မြေဆီလွှာတိုက်စားခြင်းကြောင့် မြေယာ၏ အရည်အသွေးကို ကျဆင်းစေသည့်အပြင် မြစ်ချောင်းများကိုလည်း နုံးပို့စေသဖြင့် ရေကြောင်းသွားလာမှု ထိခိုက်စေခြင်းအပြင် ရေကြီးခြင်းကိုပါ ဖြစ်စေကြောင်း၊ မြေဆီလွှာတိုက်စားမှုသည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးကို များစွာ ခြိမ်းခြောက်လျက်ရှိကြောင်းတို့ကို ဦးဟုတ်စမ်းမှ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
    အဆိုပါ လယ်ယာမြေကိစ္စ ဆွေးနွေးပွဲသို့ လူ ၅၀-ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။
  • Homo Homini Award ဆု ဦးမင်းကိုနိုင် လက်ခံရယူ
    Homo Homini Award ဆု ဦးမင်းကိုနိုင် လက်ခံရယူ
    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    ပြည့်ပြည်
    carlandminkonaing
    ရန်ကုန်   ။         ။           ချက်နိုင်ငံက ချီးမြှင့်တဲ့ ၂၀၁၂-ခုနှစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ Homo Homini Award ဆုကို ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ၂၀၁၃-ခု စက်တင်ဘာ ၄-ရက်နေ့က လက်ခံရယူခဲ့ပါတယ်။
    ဒီမိုကရေစီလှုပ်ရှားမှုအား ထောက်ခံအားပေးသည့် အမေရိကန်အခြေစိုက် NED အဖွဲ့မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်သည့် အဖွဲ့၏ နှစ်စဉ် အစည်းဝေးတွင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည့် လူလေးဦးအား ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ သို့သော် ထိုဆုကိုရရှိခဲ့သူ လေးဦးထဲမှ အခြား ၃-ဦးအား အစိုးရက နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းမရှိသောကြောင့် ဦးမင်းကိုနိုင်မှာ နိုင်ငံခြားသို့ သွားရောက်နိုင်ခြင်း မရှိသည့် အခြားသုံးဦးနှင့် တစ်သားတည်း ရှိနေသည်ကို ပြသသည့်အနေဖြင့် ထိုဆုအား သွားရောက်မယူခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၃-ခု အောက်တိုဘာလ ၄-ရက်နေ့တွင်မှ လက်ခံရယူခဲ့ခြင်းဖြစ်ပါတယ်။
    ၎င်း Homo Homini Award ဆုသည် ၁၉၉၄-ခုနှစ်က စတင်၍ နှစ်စဉ် ကမ္ဘာတ၀န်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူ့အခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများအား ပေးအပ်သည့် လူ့အခွင့်အရေးဆိုင်ရာဆု ဖြစ်ပါတယ်။
    Ref : ned.org