News @ M-Media

Author: YinYin

  • ကျန်ရှိနေသည့် ရခိုင်နှင့် ကချင်မှ ပြည်သူများကို မေလကုန်ထိ သန်းခေါင်စာရင်း ဆက်လက်ကောက်ခံမည်ဟု ဦးခင်ရီ ပြော

    ကျန်ရှိနေသည့် ရခိုင်နှင့် ကချင်မှ ပြည်သူများကို မေလကုန်ထိ သန်းခေါင်စာရင်း ဆက်လက်ကောက်ခံမည်ဟု ဦးခင်ရီ ပြော

    မေ ၈၊ ၂၀၁၄
    M-Media
    လမင်း

    DSC01551

    ရန်ကုန်  ။      ။      ရခိုင်ပြည်နယ်ဒေသရှိ သန်းခေါင် စာရင်းကောက်ယူရန် ကျန်ရှိနေသေးသော နေရာများသို့ မေလကုန်သည် အထိ ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ပြုလုပ်သောတွေ့ဆုံ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခုရှိရာတာ ၂ ခုက ဘဂါင်္လီလို့ အကောက်ခံပါတယ်။ ခရိုင် ၃ ခုကအကောက်မခံပါဘူး။ အဲ့ဒီကျန် ရှိနေသေးတဲ့နေရာတွေကို မေလကုန် နောက်ဆုံး သတ်မှတ်ထားပြီး ဆက်လက်ကောက်ခံမှာဖြစ်ပါတယ်။ နိုင်ငံမှာနှစ်လကြာရှည်စွာနေထိုင်တဲ့ သူတွေဖြစ်နေတဲ့ အတွက် သန်းခေါင်စာရင်းကောက်ဖို့ နိုင်ငံတော်မှာ တာဝန်ရှိပါတယ်လို့ ယူဆပါတယ်” ဟုဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။

    သန်းခေါင်စာရင်း ဆက်လက်ကောက်ခံရာတွင် ရိုဟင်ဂျာ ဟုအမည်ဖြည့်သွင်းဖြေဆိုမှုများကိုတော့ လက်ခံမှာ မဟုတ်ကြောင်း၊ ရိုဟင်ဂျာကို လက်ခံထားတာ မဟုတ်တဲ့ အတွက် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကိုတော့ ပြောင်းလဲမည် မဟုတ်ကြောင်း ပြောခဲ့သည်။ ယခုရခိုင်ဒေသတွင်  ကောက်ခံပြီးခဲ့သည့် လူဦးရေမှာ ၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

    အစိုးရ ခေါ်ဝေါ်သုံးနှုန်းသည့် ဘင်္ဂလီလူဦးရေ တနိုင်ငံလုံးတွင် ၁၃ သိန်းခန့်ရှိပြိး ရခိုင်ပြည်နယ်ပြင်ပ တွင် ၃ သိန်းကောက်ယူပြိး ဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် ၁ သန်းခန့်ကျန်ရှိနေကြောင်းကို ဘီဘီစီနှင့် မေးမြန်းခန်းတွင် ဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

    စာရင်းကောက်ယူရန်ကျန်ရှိနေသေးသည့် ရခိုင်ဒေသရှိ ပြည်သူများအား ပဋိပက္ခမဖြစ်ပဲ အမြန်ဆုံးဖြေရှင်းနိုင်ရန် အတွက် ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာအစိုးရကို တိုက်တွန်းနေသည်ဖြစ်ကြောင်းကို ၀န်ကြီးကပြောခဲ့သည်။

    လုံခြုံရေးအခြေအနေကြောင့် ကချင်ပြည်နယ်တွင်လည်း သန်းခေါင် စာရင်းကောက်ယူရန် ၉၇ ရွာကျန်ရှိနေပြီး ဆက်လက်ကောက်ခံနိုင်ရန်အတွက် ကေအိုင်အို (ဗဟို)ကို အစိုးရမှ စာသုံးကြိမ်ပို့ထားပြီး မေလတွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိုကိစ္စကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူထားသည့် ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် အများပြည်သူများကိုထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပြီး လူဦးရေစာရင်း အတိအကျကိုမှု ၂၀၁၅ ခုနှစ် မေလ တွင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

    ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ United Nations Population Fund (UNFPA) နှင့် နိုင်ငံတကာမှ အကူအညီဖြင့် ကောက်ခံသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် ဖြေဆိုသူတို့ ဖြေကြားသည့်ချက်များကိုသာ ရေးသွင်းမည်ဟု မြန်မာ အစိုးရမှ သဘောတူလက်ခံခဲ့ပြိးမှ သန်းခေါင်စာရင်းကောက်ခံမည့် ရက်ပိုင်းအတွင်း ရိုဟင်ဂျာ ဟုရေးသွင်းကောက်ခံလျှင် သန်းခေါင်းစာရင်းအား သပိတ်မှောက်မည်ဟု ရခိုင်လူမျိုးများ ဆန္ဒပြခဲ့ခြင်းကြောင့် မြန်မာအစိုးရမှာ ၄င်းကတိကို ဖောက်ဖျက်ခဲ့ပြိး ရိုဟင်ဂျာအစား ဘင်္ဂလီသာ လက်ခံမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ ရခိုင်ဒေသမှ ရိုဟင်ဂျာမွတ်စလင်များမှ ၄င်းတို့ကို ရိုဟင်ဂျာ ထည့်သွင်းမပေးလျှင် သန်းခေါင်းစာရင်း အကောက်မခံဟု တုံ့ပြန်ခဲ့ခြင်းကြောင်း ယခုကဲ့သို့ လူဦးရေ ၁ သန်းခန့် ကျန်ရှိနေခြင်းဖြစ်သည်။

  • ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ မီဒီယာ ကျင့်ဝတ်ထုတ်ပြန်

    ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ မီဒီယာ ကျင့်ဝတ်ထုတ်ပြန်

    မေ ၃၊ ၂၀၁၄
    M-Media
    လမင်း

    DSC01460

    ရန်ကုန်  ။      ။       မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် နိုင်ငံတကာမီဒီယာ ပံ့ပိုးရေးအဖွဲ့ တို့ပူးပေါင်းပြီး ယနေ့ မေလ ၃ ရက်နေ့ ရန်ကုန်မြို့ Sedona Hotel တွင် မြန်မာသတင်းစာဆရာများ အတွက် သတင်းမီဒီယာကျင့်ဝတ် (၂၈)ချက်ကို ထုတ်ပြန်ခဲ့သည်။

    အဆိုပါထုတ်ပြန်သောသတင်း မီဒီယာကျင့်ဝတ်များတွင် သတင်း မီဒီယာသမားများသည် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှုများရှိခြင်း၊ ပေါက်ကြားသော သတင်း အချက်အလက်များနှင့် သတင်းရင်းမြစ်ကို ကာကွယ်ခြင်း၊ ပြင်းထန်ကြမ်းတမ်းသော ဘာသာရေးအ သုံးအနှုန်းများ သုံးစွဲမှုကိုမပြုခြင်း၊ အများပြည်သူ အကျိုးစီးပွားကိုကြည့်ခြင်း၊ စသည့်စောင့်ထိန်းသင့်သည့် အချက် (၂၈)ချက်ပါဝင်သော မီဒီယာကျင့်ဝတ်ကိုထုတ်ပြန်ခဲ့သည်။

    “အခုလိုသတင်း မီဒီယာသမားတွေလိုက်နာရမယ့် ကျင့်ဝတ်ကို အခုလိုထုတ်ပြန်ပေးတဲ့အတွက် အရမ်းကိုကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာသမားတွေအနေနဲ့လည်း ဒါကို တတ်နိုင်သလောက် လိုက်နာကျဖို့လိုပါတယ်” ဟု ကိုနေဘုန်းလတ်ကသုံးသပ်ပြောကြားသည်။

  • သတင်းသူရဲ​ကောင်း ၁၀၀ တွင်​ သတင်း​ထောက်​ ကို​ဇော်​​ဖေပါဝင်

    သတင်းသူရဲ​ကောင်း ၁၀၀ တွင်​ သတင်း​ထောက်​ ကို​ဇော်​​ဖေပါဝင်

    မေ ၃၊ ၂၁၁၄
    M-Media
    လမင်း

    Ko Zaw Phay

    ရန်​ကုန်​  ။        ။         နယ်​စည်းခြားသတင်း​ထောက်​များအဖွဲ့(RSF) ကထုတ်ပြန်​သည့်​ သတင်းသူရဲ​ကောင်း ၁၀၀ စာရင်း​တွင်​ DVB သတင်း​ထောက်​ ကို​ဇော်​​ဖေ ပါဝင်​​ကြောင်း သိရသည်​။

    အဆိုပါစာရင်းကို နယ်​စည်းမခြားသတင်း​ထောက်​များအဖွဲ့ (RSF) မှ ​မေလ ၃ ရက်​​နေ့တွင်​ကျ​ရောက်​​သော ကမ္ဘာ့သတင်းလွတ်​လပ်ခွင့်ေ​​န့ အထိမ်းအမှတ်​အဖြစ်​ နိုင်​ငံ​ပေါင်း ၆၀ ​ကျော်​မှ သူရဲ​ကောင်းသတင်း​ထောက်​များကို​ရွေးချယ်​ခဲ့ရာ မြန်​မာနိုင်​ငံမှ ကို​ဇော်​​ဖေ ပါဝင်​ခဲ့ခြင်းဖြစ်​သည်​။

    RSF မှထုတ်​ပြန်​ခဲ့သည့်​ သတင်းသူရဲ​ကောင်း ၁၀၀ စာရင်းတွင်​ နိုင်​ငံ​ပေါင်း ၆၀ ​ကျော်​မှ သတင်းနှင့် သက်​ဆိုင်​သူများပါဝင်​ပြီး အသက်​အငယ်​ဆုံး ၂၅ နှစ်​အရွယ်​ထိ​ရွေးချယ်​ခဲ့သည်။ ၎င်းအဖွဲ့မှ အစီရင်​ခံစာထုတ်​ပြန်​ရာတွင်​ ကမ္ဘာ့နိုင်​ငံ​ပေါင်း ၁၈၀ တွင်​စာနယ်​ဇင်းလွတ်​လပ်​ခွင့်နှုန်းအဆင့်​ ၁၄၅ ရခဲ့ပြီဖြစ်​ပြီး ၂၀၁၃ ခုနှစ်​တွင်​ အဆင့်​ ၆ ထိတိုးမြှင့်​မှုကျု ​တွေ့ရ​ကြောင်း ဆိုသည်​။

    မြန်​မာနိုင်​ငံတွင်​လည်း စာနယ်​ဇင်းလွတ်​လပ်​ခွင့်​ရရှိပြီး​နောက်​တွင်​ Eleven Media မှသတင်း​ထောက်​တစ်​ဦးအား.​ထောင်​ဒဏ်​သုံးလချမှတ်​ခဲ့ခြင်း၊ Unity ဂျာနယ်​မှ သတင်းသမား.၅ ဦးအား တရားစွဲဆိုထားခြင်း၊ ကို​ဇော်​​ဖေကိုလည်း ​မကြာ​သေးမီက ​ထောင်​ဒဏ်​ ၁ နှစ်​ချမှတ်​ခဲ့သည်​။ ၎င်းသတင်း​ထောက်​များအပြင်​ အချို့သော သတင်း​ထောက်​များကိုလည်း တရားစွဲဆိုထားခြင်းများ ခံရထားခြင်းရှိ​ကြောင်း သိရသည်​။

  • မြို့တွင်း ပြန်လည်ပြေးဆွဲ ခွင့်ရရေး ရွှေပြည်သာ ဟိုင်းလတ်ယာဉ် လုပ်သားများ ဆန္ဒထုတ်ဖော်

    မြို့တွင်း ပြန်လည်ပြေးဆွဲ ခွင့်ရရေး ရွှေပြည်သာ ဟိုင်းလတ်ယာဉ် လုပ်သားများ ဆန္ဒထုတ်ဖော်

    ဧပြီ ၃၀၊ ၂၀၁၄
    M-Media
    လမင်း

    DSC01339

    ရန်ကုန်  ။     ။      ရွှေပြည်သာ ယာဉ်လိုင်းရှိ ဟိုင်းလတ်ယာဉ် လုပ်သားများသည် ဟိုင်းလတ်ယာဉ်များ ယခင်အတိုင်းပြန်လည်ပြေးဆွဲ ခွင့်ရရေး အတွက် ဆန္ဒ ထုတ်ဖော် မှု တစ်ရပ်ကို ဧပြီလ ၃၀ ရက် နံနက် ၁၂ နာရီအချိန်မှစတင်ကာ ညနေ ၄နာရီ အချိန်အထိ မဟာဗန္ဓုလပန်းခြံအနောက်ရှိ ကုန်သည်လမ်းတွင် ဆန္ဒထုတ်ဖော် ခဲ့ကြ သည်။

    “ကျွန်တော်တို့ပထမလကတည်းက ဆန္ဒပြဖို့ ခွင့်ပြုမိန့်တင်ထားပြီးသားပါ။ မ.ထ.သ(ဗဟို)ကဖြေရှင်းပေးမယ်ဆိုလို့ ကျွန်တော်တို့ဆန္ဒပြဖို့ကို မလုပ်တော့တာပါ။ ယာဉ်လိုင်းပိတ်သိမ်းလိုက်ရင် အခက်အခဲတွေ အများကြီးဖြစ်လာမှာပါ။ ပထမဆုံး စားဝတ်နေရေး မပြေလည်မှုကိုကြုံတွေ့ရမှာပါ။ ယာဉ်သမားတွေဟာ တစ်နေ့လုပ်မှ တစ်နေ့စားဘ၀တွေပါ။ မိသားစုတွေက မှီခိုနေရတာ အခုလိုယာဉ်တွေကို ပိတ်လိုက်ရင် ချက်ချင်းအားလုံး ဒုက္ခရောက်သွားနိုင်တယ်” ဟု ကိုသန်းဇော်မင်း (ဟိုင်းလတ် ယာဉ်ပိုင်ရှင်) မှပြောကြားခဲ့သည်။

    ဆန္ဒပြသရာတွင် ရွှေပြည်သာမှ ယာဉ်လိုင်းပေါင်း ၈ လိုင်းမှ ဟိုင်းလတ်ကားအစီးရေ ၈၀ ကျော်နှင့် ယာဉ်လုပ်သားပေါင်း ၂၅၀ ကျော်တို့မှ ဟိုင်းလတ်ယာဉ်လိုင်းများ ဆက်လက်ပြေးဆွဲခွင့်ပေးရေး၊ ယာဉ်ပိတ်သိမ်းသည့် ကာလကို ၁၈ လထပ်မံတိုးမြှင့်ပေးရေး နှင့် မည်သည့်ယာဉ်လိုင်းမဆို ဥပဒေဘောင်အတွင်းက လွတ်လပ်စွာ စီးပွားရှာဖွေနိုင်ခွင့်ကို ပေးနိုင်ရန် ယာဉ်လုပ်သားများကတောင်းဆိုခဲ့ကြသည်။

    မ.ထ.သ (ဗဟို)မှ ဧပြီလကုန်တွင်နောက်ဆုံးထား ပိတ်သိမ်းရန်ပြောထားပြီး ဧပြီလကုန်တွင် ယာဉ်ပိုင်ရှင်များက ခေတ္တ ရပ်နားပေးထားမည်ဖြစ်ပြီး အချိန် ၁၈ လ တိုးမြှင့်ပေးရန် သက်ဆိုင်ရာများနှင့် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

    မ.ထ.သ (ဗဟို)ဥက္ကဌ ဦးလှအောင်ကလည်း ဟိုင်းလတ်ယာဉ်လိုင်းများကို ဧပြီလကုန်တွင်နောက်ဆုံးထားပြေးဆွဲရမည်ဟုလည်း ပြောကြားထားသည်။ ဟိုင်းလတ် ယာဉ်များ ပြေးဆွဲခွင့်ကို ရပ်နားရခြင်းမှာ လူသေမှု၊ကားတိုက်မှု အများဆုံးသည် ဟိုင်းလတ်ယာဉ်များကြောင့်ဖြစ်သည်ဟု မ.ထ.သ မှဆိုထားသည်။ ဟိုင်းလတ် ယာဉ်များမြို့တွင်းပြေးဆွဲခွင့် ဖျက်သိမ်းမှုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နောက်ဆုံးထား သတ်မှတ်ခဲ့သော်လည်း ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများ၏ အခက်အခဲများကြောင့် နောက်သို့ရွှေ့ဆိုင်းကာ ယခုဧပြီလကုန်တွင် နောက်ဆုံးထား ပိတ်သိမ်းရမည်ဖြစ်ကြောင်း မ.ထ.သ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေငြာထားသည်။

  • သတင်းထောက်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုမှ သဘောထား ကြေငြာချက်ထုတ်ပြန်

    သတင်းထောက်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုမှ သဘောထား ကြေငြာချက်ထုတ်ပြန်

    ဧပြီ ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    img073

    ရန်ကုန်  ။      ။      သတင်းထောက်များ မတရား ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုမှ ဧပြီလ ၂၉ ရက်နေ့တွင် သဘောထား ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

    DVB သတင်းထောက် ကိုဇော်ဖေ ထောင်ချခံရမှုကို ၎င်းတို့ အဖွဲ့အနေနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ကိုဇော်ဖေသည် အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာ သတင်းကို ရယူခဲ့ခြင်းမှာ သတင်းထောက် တစ်ယောက်၏ အလုပ်တာဝန်သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စာနယ်ဇင်းပြုပြင်ပြောင်းလဲရေးကို ပြုလုပ်နေပြီဖြစ်သော်လည်း ယခုကဲ့သို့ သတင်းထောက်များကို ထောင်ဒဏ်များချခဲ့ခြင်းသည် စာနယ်ဇင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တားဆီးနေသည်ဟု ယုံကြည်ကြောင်း DVB သတင်းထောက်ကိုဇော်ဖေ၊ Eleven Media သတင်းထောက်မခိုင်၊ Unity ဂျာနယ်မှ ၅ ဦးအပါအ၀င် သတင်း မီဒီယာသမားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် သဘောထားကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

    သတင်းထောက် ကိုဇော်ဖေ အတွက် ဒီမိုကရေစီအင်အားစု၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် လုပ်ဖော်ကိုင်ဖက် သတင်းထောက်များက ဆူးလေစေတီတော် သောကြာထောင့်တွင် ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသည်။ အဆိုပါ ဆုတောင်းပွဲမျိုးကို သင်္ကြန်ကာလမတိုင်မီ ဧပြီလ ၁၀ ရက်နေ့ကလည်း ဆူးလေစေတီတော်၌ပင် လုပ်ဖော်ကိုင်ဘက် မီဒီယာများက ဆုတောင်းပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့ကြသေးသည်။