News @ M-Media

Author: YinYin

  • အလုပ်သမားတွေရဲ့အသံကို နား မထောင်ခဲ့ရင် နေပြည်တော် လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြမယ်လို့ပြော

    အလုပ်သမားတွေရဲ့အသံကို နား မထောင်ခဲ့ရင် နေပြည်တော် လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြမယ်လို့ပြော

    မတ် ၉၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန် ။       ။ အလုပ်သမားများ၏တောင်းဆိုချက်များကို လွှတ်တော်အနေနှင့် လိုက်လျောပေးရန်နှင့် အလုပ်သမားများ၏တောင်းဆိုချက် အသံများကို နားမထောင်ခဲ့ပါက နေပြည်တော် လွှတ်တော်ရုံးရှေ့ထိသွားရောက် ဆန္ဒပြသမည်ဟု မန္တလေး အောင်စိန်ချည်မျှင်နှင့် အထည်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဌ ဦးသက်နှင်းအောင်က မတ်လ ၉-ရက်နေ့တွင်ပြုလုပ်သော အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲတွင်ပြောကြားခဲ့သည်။

    “၂၀၁၂ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကိုပြင်ရပါမယ်။ အလုပ်ရှင်တွေကို တရားစွဲလို့ရမယ့် ဥပဒေမျိုး မရှိပါဘူး အလုပ်သမားတွေအတွက် အများကြီး နစ်နာနေပါတယ်။ အလုပ်သမားတွေကို ကာကွယ်တဲ့ ဥပဒေမျိုးကို ပြဌာန်းပေးရပါ့မယ်။ အလုပ်ရှင်တွေကို ပြစ်ဒဏ် ချမှတ်တယ်ဆိုတာ အခု အချိန်ထိတစ်ယောက်မှ မတွေ့ဘူးသေးပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

    အလုပ်သမားတွေအနေနဲ့ အပ်ကြောင်းထပ်နေတဲ့အကြောင်းအရာတွေကိုပဲတောင်းဆိုနေရတာဖြစ်ပြီး အလုပ်သမားများ အနေနှင့် အမှန်တကယ် နစ်နာနေရကြောင်း၊ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေ ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရရှိကြောင်း၊ တရားရုံးများအနေနှင့်လည်း အလုပ်သမား ထုရဲ့အခွင့်အရေးများကို ကာကွယ်သော ဥပဒေမရှိကြောင်း၊ လိုအပ်ချက်များကို နိုင်ငံတော်အနေနှင့် ဆောင်ရွက်ပေးသင့်ရန် လိုအပ်ကြောင်း တရား လွှတ်တော်ချုပ်ရှေ့နေ ဦးအောင်သူရိန်ထွန်း ကပြောခဲ့သည်။

    အကြောင်းအမျိုးမျိုးကြောင့် မတရား အလုပ်ဖြုတ်ခံထားရသော အလုပ်သမား ၂၀၀ ကျော်သည် အလုပ်သမား အဖွဲ့ချုပ် (ယာယီ)၏ ဦးဆောင်မှုဖြင့် ဆူးလေဘုရားအနီးမြို့တော် ခန်းမဘေး မဟာဗန္ဒုလ ပန်းခြံရှေ့တွင် ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး၊ အလုပ်သမား အဖွဲ့အစည်း ဖြိုခွဲမှု ရပ်တန့်ရေး၊ အလုပ်သမား တရားရုံးအမြန်ဆုံးပေါ်ပေါက်လာရေး၊ ဥပဒေမဲ့အလုပ်ဖြုတ်သည့် အလုပ်ရှင်များ အလိုမရှိ ဟူသည့် ကြွေးကြော်သံများဖြင့်ကြွေးကြော်ခဲ့ကြသည်။

    “အဓိကတောင်းဆိုချင်တာက အချက် ၄ ချက်ပါပဲ။ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းဖြိုခွဲမှု ရပ်တန့်ရေး၊ ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမား များ၏ အခြေခံ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် သော ဥပဒေကိုပြန်လည်ပြဌာန်းပေးရေး၊ အလုပ်သမား တရားရုံး အမြန်ဆုံးပေါ်ပေါက် လာရေး အဲဒီလေးချက်က ကျွန်တော်တို့အဓိက လိုချင်တာပါ” ဟုအလုပ်သမားအဖွဲ့ချုပ်(ယာယီ)ဥက္ကဌ ဦးအောင်လင်းကပြောခဲ့သည်။

    အလုပ်ရှင်တွေကိုအရေးယူတဲ့ ဥပဒေဟာ အားပျော့နေပြီး အလုပ်ရှင်များမှ အလုပ်သမား သမဂ္ဂဖွဲ့စည်းရန် ကြိုးပမ်းသည့် အလုပ်သမားများကို အကြောင်းမဲ့ အလုပ် ထုတ်ခဲ့ကြကြောင်း၊ အလုပ်သမားများကို ကာကွယ်သည့် ဥပဒေ၊ တရားရုံးများ အမြန်ဆုံးပေါ်ပေါက်လာဖို့လိုအပ်ကြောင်း ၎င်းက သုံးသပ်ပြောခဲ့သည်။

    ၎င်းဆန္ဒထုတ်ဖော်မှုအား တရားဝင် ခွင့်ပြုမိန့် ရရှိထားပြီး မဟာဗန္ဒုလပန်းခြံရှေ့၌ နံနက် ၉-နာရီခန့်တွင် စတင်ခဲ့ကြပြီး အလုပ်သမားအင်အား ၂၀၀ကျော် နှင့် အဖွဲ့အစည်းပေါင်း ၁၂-ဖွဲ့တို့မှ အင်အားဖြည့် ပါဝင်ခဲ့ကြသည်။

  • အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ)မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်မည်

    အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ)မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်မည်

    မတ် ၈၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။       ။   ရန်ကုန်မြို့တော်တွင် လူစည်ကားရာနေရာတစ်ခုဖြစ်သည့် ဆူးလေဘုရားအနီးမြို့တော်ခန်းမရှေ့တွင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ)မှ ဦးဆောင်၍ အလုပ်သမားများနစ်နာမှုအတွက် မတ်လ ၉-ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

    “အလုပ်ရှင်တွေက အလုပ်သမားတွေအကြောင်းပြချက်မရှိပဲနဲ့ အလုပ်ထုတ်ကြတယ်။ လုပ်ခလစာတွေလည်း အလုပ်သမားတွေတော်တော်များများမှာ အခက်အခဲဖြစ်နေကြတယ်။ အလုပ်သမားခေါင်းဆောင်တွေကိုလည်း အကြောင်းပြချက်မရှိပဲ အလုပ်ထုတ်တယ်။ ဥပဒေအရ အရေးယူမှုတွေလည်း မရှိဘူး။  ဥပေဒချိုးဖောက်မှုတွေကိုလည်း ထိရောစည်က်စွာအရေးယူမှုမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခုလို ပြည်သူတွေသိအောင် ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပါတယ်” ဟု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဥက္ကဌ ဦးအောင်လင်း ကပြောကြားခဲ့သည်။

    လူအင်အား ၂၀၀ ဖြင့်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပြီး ကျောက်တံတားရဲစခန်းမှလည်း ခွင့်ပြုမိန့်ရထားပြီးဖြစ်ကြောင်းသိရသည်။ မဟာဗန္ဒုလပန်းခြံကို ကြွေးကြော်သံများဖြင့် လှည့်ပတ်သွားမည်ဖြစ်ပြီး  တောင်းဆိုချက် ၄ ချက်ကိုလည်းတောင်းဆိုသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

    အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဥက္ကဌ ဦးအောင်လင်း၊ ဒဂုံတက္ကသိုလ် ဆရာများအသင်းဥက္ကဌ ဒေါက်တာအာကာမိုးသူ၊ တရားလွှတ်တော်ချုပ် ရှေ့နေ ဦးအောင်သူရိန်ထွန်း၊ ဦးသက်နှင်းအောင်၊ အလုပ်သမားရေးလှုပ်ရှားသူ ဦးနော်အောင် တို့မှဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  • အမျိုးသမီးတွေ မပါရင် ငြိမ်းချမ်းရေး လုပ်တာ မပြည့်စုံဘူးလို့  လွှတ်တော်အမတ်

    အမျိုးသမီးတွေ မပါရင် ငြိမ်းချမ်းရေး လုပ်တာ မပြည့်စုံဘူးလို့ လွှတ်တော်အမတ်

    မတ် ၈၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။       ။      မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရန်ကုန်မြို့ အမေရိကန်စင်တာ၌  ဟောပြော ဆွေးနွေး ခဲ့ကြရာ အမျိုးသမီးတွေမပါပဲ ငြိမ်းချမ်းရေးအလုပ်တွေကို လုပ်နေတယ်ဆိုတာ ပြည့်စုံမှုမရှိပါဘူးလို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်ဇာတလဲမ်း ကပြောကြားခဲ့သည်။

    “အမျိုးသမီးတွေကို လွပ်လတ်ခွင့်ပေးရမယ်။ အမှန်တရားကိုပြောဆိုရဲတဲ့သတ္တိရှိရမယ်။ အမျိုးသမီးတွေဟာ မြန်မာမှာ ၅၁ % ရှိပါတယ်။ လွှတ်တော်ထဲမှာ ဆိုရင် အမျိုးသမီးဦးရေဟာ ၇.၄ ပဲရှိတယ်။ အရမ်းကိုအားနည်းနေပါတယ်။ တိုင်းပြည်ရဲ့အရေးတွေမှာ  အမျိုးသမီးတွေပါဝင်သင့်တယ်လို့ ကျွန်မထင်မိ ပါတယ်။ နိုင်ငံရေးဆိုတာကို ယောင်္ကျားလေးတွေကပဲလုပ်တာမျိုးမဟုတ်ပဲ မိန်းကလေးတွေကပါ နိုင်ငံရေးကိုလုပ်ရဲတဲ့သတ္တိမျိုးရှိဖို့လိုအပ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    အမျိုးသမီးအများစုသည် ယခုခေတ်အချိန်အခါတွင် ခွဲခြားဆက်ဆံခံနေရပြီး ယောင်္ကျားအများစု၏အထင်အမြင်သေးခြင်းကိုခံနေ ရကြောင်း  အမျိုးသမီး အခွင့်အရေးမှာ အမျိုးသားများထက်စာရင် နိမ့်ကျနေကြောင်း၊ အရည်ချင်းရှိတဲ့အမျိုးသမီးအများစုမှာ အကြောင်းအမျိုးမျိုးကြောင့်  ကွယ်ပျောက်နေရ ကြောင်း၊ အမျိုးသမီးတွေဟာ မိမိကိုယ်ကိုမြှင့်တင်ပြီး မိမိကိုယ်ပိုင်အချိန်များကို မိမိကိုယ်တိုင်ကောင်းစွာခွဲခြားဝေဖန်နိုင်စွမ်းရှိအောင်  ပြုလုပ်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါ်ညိုညိုသင်း ကဟောပြော ဆွေးနွေးခဲ့သည်။

    တိုင်းပြည်ကိုအကျိုးပြုစေသော အမျိုးသမီးအများစုကိုထွက်ပေါ်လာခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ လူငယ်အမျိုးသမီးများအနေနှင့် ကိုယ့်ကိုယ်ကို  ယုံကြည်မှုအပြည့်အ၀ထားပြီး ကြိုးစားလုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ အရည်ချင်းရှိတဲ့အမျိုးသမီးကောင်းတွေများစွာထွက်ပေါ်လာနိုင်ကြောင်း  တို့ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ် နှင့် စာရေးဆရာမ ဒေါ်ခင်မမမျိုးတို့က ဆွေးနွေးခဲ့ကြသည်။

    အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၇၅ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအနှံ့အပြား၌  အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားများကို အမျိုးသမီးထုအတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသည်။

    Photo : INTERNATIONAL WOMEN DAY

  • လယ်မြေစိုက်ပျိုးခွင့် အသိအမှတ်ပြုပြီး ဆက်လက်လုပ်ကိုင်ခွင့်ပေးရန် သမ္မတကြီးထံသို့ အသနားခံစာတင်

    လယ်မြေစိုက်ပျိုးခွင့် အသိအမှတ်ပြုပြီး ဆက်လက်လုပ်ကိုင်ခွင့်ပေးရန် သမ္မတကြီးထံသို့ အသနားခံစာတင်

    မတ် ၇၊ ၂၀၁၄
    M-Media
    လမင်း

    untitled(2)

    ရန်ကုန်  ။       ။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုပိုင် ကျုံကနပ်စားကျက်တောင်ရိုင်းမြေပေါ်တွင် စိုက်ပျိုးဖြစ်ထွန်း နေသော စပါးပင်များဖျက်ဆီးခံရသာကြောင့် ထိုလယ်သမားများမှ လယ်ယာမြေစိုက်ပျိုးခွင့်ကိုအသိမှတ်ပြုပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    ၎င်းရွာရှိ စပါးပင်များကို ၃-၈-၂၀၁၃ နံနက် ၈ နာရီခွဲမှစတင်ကာ လူတစ်စု၏သွေးထိုးလှုံ့ဆော်မှုဖြင့် လူအယောက် ၅၀ ခန့်မှ ကျွဲကောင်ရေ ၉၀ခန့်တို့ နှင့် တုတ်၊ လေးခွ၊ လက်နက် မျိုးစုံတို့ကိုကိုင်ဆောင်ကာ လူအားဖြင့်နင်းချေခြင်း၊ ကျွဲများဖြင့် ချကျွေးဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း သိရပါသည်။

    “ကျွန်တော်တို့လုပ်ကိုင်စားနေတာ ၁၈ နှစ်ရှိပါပြီ။ ကျွန်တော်တို့လယ်တွေကို သုံးရက်တိုင်ဖျက်ဆီးခဲ့ကြပါတယ်။ ရဲစခန်းမှူးလာတားတာတောင်မရဘူး။ သုံးရက်မြောက်နေ့မှာ သူတို့ကိုဖမ်းသွားပြီး အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။ ဦးမြင့်ခိုင်ခေါင်းဆောင်သော လူ ၅၂ ဦးက လုပ်သွားကြတာ ဖြစ်ပါ တယ်။ သူတို့ကိုကျွန်တော်တို့အခု ပိုင်နက်ကျူးကျော်မှုနဲ့ ထပ်ပြီးတရားစွဲထားပါတယ်။ ကျွန်တော်တို့ပြေလည်နေတာကို မနာလိုရှု့စိတ်နဲ့ ပြုလုပ် သွားတာ ဖြစ်မယ်လို့ထင်ပါတယ်” ဟုလယ်သမားတစ်ဦးဖြစ်သူ ဦးမောင်မောင်အေးကပြောကြားခဲ့ပါသည်။

    ရွာ ၇ ရွာမှ လယ်လုပ်သူများသည် ထိုလယ်ဧက ၁၀၀၀ တွင်လုပ်ကိုင်စားသောက်အသက်မွေးဝမ်းကြောင်းပြုလျက်ရှိကြပြီး ဖျက်ဆီးသောသူများမှ ၎င်းမြေများသည် စားကျက်မြေဖြစ်ကြောင်း၊ ဒီရေတောဖြစ်ကြောင်း၊ ထိုမြေကို ၎င်းတို့အနေနှင့်လည်း ပိုင်ဆိုင်ကြောင်း စသည့်အချက်များကြောင့် လုယူဖျက်ဆီးရခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ၁၁၅ ဧက ဖျက်ဆီးခံရသော ရွာသားများအနေနှင့် နောင်နှစ်များတွင်လည်း ထိုကဲ့သို့ အပြုအမှုများဖြစ်မလာနိုင်စေရန် လယ်ယာမြေမှတ်ပုံတင်ကို နောင်နှစ်စိုက်ပျိုးချိန်မတိုင်မှီ ရယူလိုကြောင်း လယ်သမားများကပြောခဲ့သည်။ ဖျက်ဆီးနှောက်ယှက်နေသော အဖျက်သမားများကိုလည်း ထိရောက်စွာ အရေးယူပေးရန် သမ္မတကြီးထံသို့ အသနားခံစာတင်ပြထားကြောင်း သိရပါသည်။

  • မြန်မာ့ဂုဏ်ရောင်အိမ်ယာတွင် သပိတ်ခစန်းဖွင့်ဆန္ဒပြနေသူများ တိုင်းဒေသကြီးလွှတ်တော်ရှေ့တွင် ဆန္ဒပြသခွင့် ပယ်ချခံရ

    မြန်မာ့ဂုဏ်ရောင်အိမ်ယာတွင် သပိတ်ခစန်းဖွင့်ဆန္ဒပြနေသူများ တိုင်းဒေသကြီးလွှတ်တော်ရှေ့တွင် ဆန္ဒပြသခွင့် ပယ်ချခံရ

    မတ် ၇၊ ၂၀၁၄
    M-Media
    လမင်း

    untitled
    ရန်ကုန်  ။       ။ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မြန်မာဂုဏ်ရောင်အိမ်ယာရှေ့တွင်မြေလျော်ကြေးရရှိရန် ၀ါဝါ၀င်းကုမ္မဏီမှ  သပိတ်စခန်းဖွင့် တောင်းဆိုထားသူများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြရန်ခွင့်တောင်းခံမှုအား ပယ်ချခံခဲ့ရသည်။

    ကုမ္မဏီဘက်မှလာရောက်ညှိနှိုင်းခြင်းမရှိသည့်အတွက် ဆက်လက်ဆန္ဒပြသပိတ်စခန်းဖွင့်ကာတောင်းဆိုနေလျက်ရှိကြောင်းသိရသည်။ “လွှတ်တော်ရုံးရှေ့မှာ ဆန္ဒပြခွင့်တောင်းတာကို လမ်းပိတ်မှာဆိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်တော်တို့ကိုခွင့်မပြုပေးခဲ့ပါဘူး” သပိတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။

    မြန်မာ့ဂုဏ်ရောင်အိမ်ယာရှေ့တွင် ဖယ်ရှားခံရသူများမှ နစ်နာမှုများကိုဆန္ဒပြသပိတ်စခန်းဖွင့်ကာတောင်းဆိုနေသည်မှာ တစ်လကျော်သွားခဲ့ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ညှိနှိုင်းခြင်းမရှိသည့်အတွက် ၎င်းကဲ့သို့ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုရန်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    ၎င်းဆန္ဒပြသနေသူများသည် ယခင်က ၀ါဝါ၀င်းကုမ္မဏီမှ စစ်တန်းလျားဆောက်လုပ်ဖို့အတွက် သိမ်းယူသွားတဲ့နေရာများတွင် စစ်တန်းလျား မဆောက်လုပ်ပဲ အိမ်ယာများဆာက်လုပ်ရောင်းချသောကြောင့် ၎င်းတို့မှ ဆန္ဒပြသပိတ်စခန်းဖွင့်၍ တောင်းဆိုနေရခြင်းဖြစ်သည်။
    ဆန္ဒပြတောင်းဆိုမှုကို နှစ်ကြိမ်မြောက်ပြုလုပ်ခဲ့ကြပြီး ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် သုံးကြိမ်မြောက်အဖြစ်သပိတ်စခန်းဖွင့်ကာ တောင်းဆိုမှုများပြုလုပ်နေကြသည်။