News @ M-Media

Author: YinYin

  • ၂၀၁၄ အာဆီယံပြည်သူ့ ဖိုရမ်ကျင်းပရန် အဆင်သင့်ဖြစ်ပြီဟု ဖြစ်မြောက်ရေး ကော်မတီပြော

    ၂၀၁၄ အာဆီယံပြည်သူ့ ဖိုရမ်ကျင်းပရန် အဆင်သင့်ဖြစ်ပြီဟု ဖြစ်မြောက်ရေး ကော်မတီပြော

    မတ် ၆၊ ၂၀၁၄
    M-Media
    လမင်း

    DSC00008

    ရန်ကုန်။        ။ ၂၀၁၄ အာဆီယံပြည်သူ့ဖိုရမ်ကို မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ရုံးခန်းတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အာဆီယံပြည်သူ့ဖိုရမ်ကို ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေးနှင့် အာဆီယံလူထုသွေးစည်းညီညွှတ်မှုမြင့်မားရေး တို့အတွက်ကျင်းပရခြင်းဖြစ်သည်။ အာဆီယံပြည်သူ့ဖိုရမ်ကျင်းပရခြင်းသည် အာဆီယံဒေသအတွင်းရှိဒေသများအားလုံးမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများအသီးသီး၏ အသံများကိုစုစည်းတင်ပြနိုင်ရန်ဖြစ်သည်။

    “ကျွန်မတို့ ၂၀၁၃ သြဂုတ်လကစပြီး အာဆီယံနိုင်ငံများနဲ့ ဦးဆောင်ကော်မတီဖွဲ့ထားပါတယ်။ ဒီဖိုရမ်ကိုပြည်သူတွေပါဝင်သင့်ပါတယ်။ ဒီပွဲမှာရလာတဲ့ ပြည်သူတွေရဲ့အသံတွေကို နိုင်ငံရဲ့ခေါင်းဆောင်တွေဆီကိုတင်ပြသွားမှာပါ။ ဖိုရမ်မှာရလာတဲ့ Statement ကို အာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကိုလည်းတင်ပြပြီးတော့ လုပ်ဆောင်ရမဲ့အရာတွေကိုလည်း တိုက်တွန်းသွားမှာပါ။ ရလာတဲ့ Statement ကိုပြည်သူတွေဆီကိုလည်းချပြသွားမှာဖြစ်ပါတယ်” ဟုအာဆီယံဖိုရမ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဥက္ကဌဖြစ်သူ ဒေါ်မေမေပြုံးကပြောကြားခဲ့သည်။

    မတူတဲ့နိုင်ငံတွေကိုစုစည်းထားပြီး ရရှိလာမဲ့ ဆွေးနွေးချက်များကို အကောင်ထည်ဖော်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံများမှလာရောက်မည့်သူများမှလည်း ၎င်းဖိုရမ်တွင် လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှု၊ ဖွံ့ဖြိုးမှု အစရှိသည်တို့ကိုဆွေးနွေးပွဲများတွင်ဆွေးသွားကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ၃၀ ကျော်ထိပြုလုပ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

    ၂၀၁၄ အာဆီယံပြည်သူ့ဖိုရမ်ကို မြန်မာနိုင်ငံနှင့် အရှေ့တီမောအပါအ၀င် အာဆီယံဒေသတစ်ဝှမ်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ အပြင် မြန်မာနိုင်ငံရှိ အခြားသောနိုင်ငံများ၏ သံရုံးကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၀၀ခန့်တက်ရောက်နိုင်ရန် အာဆီယံပြည်သူ့ဖိုရမ်ဖြစ်မြောက်ရေးကော်မတီမှ မျှော်မှန်းထားကြောင်း သိရပါသည်။

    အာဆီယံအရပ်ဖက်လူမှုအဖွဲ့အစည်းညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစတင်ကာ မလေးရှားနိုင်ငံမှစတင်ကျင်းပပြုလုပ်ခဲ့သည်။ အာဆီယံပြည်သူ့ဖိုရမ်ကို အာဆီယံထိပ်သီးညီလာခံများကျင်းပရာနိုင်ငံများတွင်ကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံသည်အလှည့်ကျ အာဆီယံ ဥက္ကဌရာထူးကိုထမ်းဆောင်ခွင့်ရသောကြောင့် အာဆီယံပြည်သူ့ဖိုရမ်ကို မြန်မာနိုင်ငံတွင်ပြုလုပ်ကျင်းပရခြင်းဖြစ်သည်။

  • CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုမရှိပါဘူး ဟု မ.ထ.သ (ဗဟို)ဥက္ကဌပြော

    CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုမရှိပါဘူး ဟု မ.ထ.သ (ဗဟို)ဥက္ကဌပြော

    မတ် ၅၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်   ။        ။ ယာဉ်ပိုင်ရှင်များမှ CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနကို  မ.ထ.သ (ဗဟို)မှ ကန့်ကွက်ထားသည်ဟု ပြောဆိုနေသည်ကို မ.ထ.သ (ဗဟို)အနေနဲ့ကန့်ကွက်ထားမှုမရှိပါဘူး၊ ကန့်ကွက်ရမဲ့အကြောင်းလဲမရှိပါဘူး ဟုမ.ထ.သ (ဗဟို)ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။

    “CNG ဂတ်စ်လျောက်ထားမှုကို မ.ထ.သ ကကားတွေဆိုရင် ထောက်ခံပေးပါလို့ စွမ်းအင်ဝန်ကြီးဌာနက ကျွန်တော်တို့ကိုပြောခဲ့တယ်။ ဒါပေမဲ့ ၂၆-၆-၂၀၁၃ နောက်ပိုင်းမှာလာလျှောက်တဲ့ကားတွေကိုတော့ ဆက်ပြီးလက်မခံတော့ဖို့ပြောခဲ့တယ်။ ဘတ်စ်ကားတွေကိုပဲ အဓိကဦးစားထားပေးမယ်လို့ ဇွန်လ ၉ ရက်နေ့မှာ ညွှန်ကြားခဲ့တယ်။ အဲဒီနောက်ကစပြီး ကျွန်တော်တို့အနေနှင့်ရပ်ဆိုင်းထားတာပါ။ ကန့်ကွက်ခဲ့တာမရှိပါဘူး” ဟု ဦးလှအောင်ကပြောကြားခဲ့ပါသည်။

    ရန်ကုန်မြို့အတွင်း ယာဉ်စီးရေများပြားခြင်းကြောင့် ယာဉ်တိုက်မှုများလျော့ချခြင်းကို ဦးစားပေးလုပ်ဆောင်နေသောအချိန်ဖြစ်သောကြောင့် လူဦးရေအများအပြားသယ်ဆောင်နိုင်သော ဘတ်စ်ကားများ၏ CNG ဂတ်စ်လျောက်ထားမှုကို အဓိကဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကားဟောင်းများအပ်ပြီး TAXI ယာဉ်များကိုလျှောက်ထားသောယာဉ်ပိုင်ရှင်များ CNG လျောက်ထားမှုကို မ.ထ.သ ၏ ကန့်ကွက်မှုဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ကန့်ကွက်ထားကြောင်းကို သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

  • မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲ ရွေ့ဆိုင်း

    မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲ ရွေ့ဆိုင်း

    မတ် ၄၊ ၂၀၁၄
    M-Media
    လမင်း

    DSC02557

    ရန်ကုန် ။       ။  မြန်​မာနိုင်​ငံငါးလုပ်​ငန်းအဖွဲ့ချုပ်​၏ ၂၀၁၄-၂၀၁၆ ဆဌမသက်​တမ်းအတွက်​ အလုပ်​အမှု​ဆောင်​များ ​ရွေးချယ်​တင်​​မြောက်​ပွဲနှင့်​ (၁၅) ကြိမ်​​မြောက်​ နှစ်​ပတ်​လည်​အစည်းအ​ဝေးကို အ​ကြောင်းမညီညွတ်​၍ ရက်​​ရွေ့ဆိုင်းလိုက်​​ကြောင်း မြန်​မာနိုင်​ငံငါးလုပ်​ငန်းအဖွဲ့ချုပ်က ပြောကြားခဲ့သည်​။

    ၎င်းနှစ်ပတ်လည်အစည်းအ​ဝေးနှင့် ရွေးချယ်တင်မြောက်ပွဲကို ၂၀၁၄ခုနှစ်​ မတ်​လ ၈ ရက်​​နေ့တွင်​ကျင်းပရန်​ ယခင်​က စီစဉ်​​ဆောင်​ရွက်ထား​သော်​လည်း အကြောင်းအမျိုးမျိုး၊ အ​ခြေအ​နေအမျိုးမျိုး​ကြောင့်​​ရွေ့ဆိုင်းခဲ့ရ​ကြောင်း သိရသည်​။

    “ကျွန်​​တော်​တို့မှာအခက်​အခဲ​လေး​တွေရှိ​နေပါတယ်​။ အမှု​ဆောင်​​ရွေးချယ်​ဖို့ကလည်း ​ရွေးမှာက ၅၅ ​ယောက်​ပဲ အခုရှိ​နေတာက ၈၃ ​ယောက်​ဖြစ်​​နေတယ်​။ ကျွန်​​တော်​တို့လည်း​ရွေးရခက်​​နေတာပဲ။ ဥက္ကဌ​နေရာလည်းအဲလိုပဲ များ​နေတယ်​။ ​သေချာစိစစ်​ပြီးမှ ​ရွေးချယ်​သွားမှာပါ။ လူ​ရွေးဖို့ကလည်း လွယ်တဲ့အလုပ်မဟုတ်ပါဘူး၊ တာဝန်​ကြီးပါတယ်​” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာ သန်းလှ က ​ပြောကြားခဲ့ပါသည်​။

    အလုပ်​အမှု​ဆောင်​​ရွေးချယ်​တင်​​မြောက်​ပွံနှင့်​ နှစ်​ပတ်​လည်​အစည်းအ​ဝေးကျင်းပမည့်ရက်​​ရွေ့ဆိုင်းခြင်းကို အချိန်​အကန့်​အသတ်​မရှိ​ရွေ့ဆိုင်းထားပြီး ကျင်းပမည့်​​နေ့ရက်​ကို အတည်​ပြုသတ်​မှတ်​ပြီးမှသာ ​ကြေငြာမည်​ဖြစ်​​ကြောင်း သိရပါသည်​။

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မတ် ၄၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဒီတစ်ပါတ်မှာတော့ စပိန်နိုင်ငံ ဘာဆီလိုနာ မြို့မှာ အရင်အပါတ်ထဲက ကျင်းပခဲ့တဲ့ Mobile World Congress မှာပွဲထုတ်ပြသခဲ့တဲ့ ကုန်စည်သစ်တွေကို ဦးစားပေး ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    မျက်နှာနှစ်ဖက်နဲ့ YotaPhone 

    ရုရှနိုင်ငံ က လက်ကိုင်ဖုန်းလုပ်ငန်း Yota Devices ကထုတ်လုပ်တဲ့ YotaPhone ဆိုတာကတော့ သာမန်ဖုန်းတွေထက် ထူးခြားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာ ဒုတိယ screen တစ်ခုပါတဲ့အတွက် မျက်နှာ နှစ်ဘက် ပါတဲ့ ဖုန်းဖြစ်ပါတယ်။

    အရှေ့မျက်နှာကတော့ အားလုံးသိတဲ့ LCD screen ဖြစ်ပြီး နောက်ကျောကတော့ e-ink လို့ခေါ်တဲ့ ebook တွေဖတ်ဖို့ တီထွင်ထားတဲ့ display (ပုံဖေါ်မျက်နှာပြင်) ဖြစ်ပါတယ်။ e-ink display ဆိုတာကတော့ စာတစ်မျက်နှာကို ပုံဖေါ်ပြီးတာနဲ့ လျှပ်စစ်ဓါတ်အား သုံးစရာ မလိုတော့ပဲ တစ်ချိန်လုံးဆက်လက် ဖတ်ရှုလို့ရနေနိုင်တဲ့အတွက် ဓါတ်အား သိပ်မကုန်တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ပထမမျိုးဆက် YotaPhone ကို ဥရောပမှာ စတင် ရောင်းချခဲ့ပါတယ်။ အခုတော့ သူတို့ရဲ့ ဒုတိယ မျိုးဆက် YotaPhone ကို Mobile World Congress မှာ မိတ်ဆက် ပြသခဲ့ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ Qualcomm quad-core 800 series processor, ကြိုးမဲ့ဓါတ်အားသွင်းနိုင်မှု, NFC အရှေ့မျက်နှာပြင်မှာ 5-inch AMOLED display, နောက်ကျောမျက်နှာပြင် 4.7-inch e-ink display တွေ ဖြစ်ပါတယ်။ ၂၀၁၄ နှစ်လယ်ပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

    ____________________

    Boeing ရဲ့ လုံခြုံရေးဖုန်း

    ထူးထူးဆန်းဆန်းပါပဲ။ လေယာဉ်ပျံ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တဲ့ Boeing က လက်ကိုင်ဖုန်း တစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ ထုတ်လုပ်လိုက်တဲ့ ဖုန်းကလည်း လုံခြုံရေးအတွက် ထူးထူးခြားခြား self-destruct လုပ်နိုင်အောင် ထုတ်လုပ်ထားတာပါ။

    ဖုန်းပြောဆိုတဲ့အခါ ပြောစကားကို encrypted (လျို့ဝှက်သင်္ကေတဖြင့် ကာကွယ်ထား) ပြုလုပ်ထားသောကြောင့် အစိုးရ အရာရှိတွေအတွက် လုံခြုံစိတ်ချနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းကို ခိုးယူခံရပါကလည်း ဖုန်းရဲ့ စက်ပိုင်းဆိုင်ရာ ဖွင့်ဖေါက်ပြီး အချက်အလက် ရယူဖို့ ကြိုးစားပါက အလိုအလျှောက် အချက်အလက်တွေကို ဖျက်ပစ်ပြီး ဖုန်းကိုသုံး မရအောင် လုပ်ပစ်လိုက်မှာ ဖြစ်ပါတယ်။ ဒီဖုန်းကိုတော့ သာမန် သုံးစွဲသူတွေကို မရောင်းပါဘူး။ အစိုးရပိုင်း လုံခြုံရေးအတွက် အရေးကြီး ပုဂ္ဂိုလ်တွေကိုသာ ရောင်းချမှာ ဖြစ်ပါတယ်။

    ____________________
    Samsung Gear Fit


    Samsung က လက်ပတ်နာရီ အဖြစ် အရင် အပါတ်က ဖေါ်ပြခဲ့တဲ့ Gear 2 အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ လက်ပါတ်နာရီ နောက်တစ်မျိုး ထုတ်လုပ်လိုက်ပါသေးတယ်။ Gear Fit လို့အမည်ပေးထားတဲ့ ‘ဒီလက်ပါတ်နာရီကတော့ နာရီကြည့်ဖို့ အပြင် ကျန်းမာရေး တိုင်းတာပေးတဲ့ အာရုံခံ ကိရိယာအဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ display အနေနဲ့ ကွေးညွတ်ထားတဲ့ Super AMOLED screen ကိုသုံးထားပါတယ်။ မတ်လ ၃၁ရက်မှာ ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်း မကြေငြာသေးပါဘူး။

    ____________________

    တိုကျို bitcoin ဈေးကွက် ပြိုလဲခြင်း


    Bitcoin ဆိုတာကတော့ အင်တာနတ် ငွေကြေးအဖြစ် အလွယ် သတ်မှတ်နိုင်တဲ့ cryptocurrency ငွေကြေး ဖြစ်ပါတယ်။ ဆော့ဝဲတစ်မျိုးသုံးပြီး ရောင်းဝယ်ရတဲ့ (လျို့ဝှက်သင်္ကေတဖြင့် ကာကွယ်ထား)တဲ့ ငွေကြေးပိုင်ဆိုင်မှုကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုပါဘူး။ ဒီ bitcoin ရောင်းဝယ်မှု ပြုလုပ်သူတစ်ဦးဖြစ်တဲ့ တိုကျိုက Mark Karpeles ဟာ သူ့ရဲ့ ကုမ္ပဏီက ကိုင်တွယ်ရောင်းဝယ်ပေးနေတဲ့ $425 million ဖိုးလောက် bitcoin တွေ ပျောက်ဆုံး ဆုံးရှုံးခဲ့ရတာကြောင့် ဒေဝါလီခံလိုက်ရပါတယ်။ bitcoin တွေဟာ ဆော့ဝဲလုံခြုံရေး အားနည်းချက်ကြောင့် ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ပါတယ်။

    ————————–————————–——-
    ** Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်း ညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်

    လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်း ညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်

    မတ် ၁၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    ရန်ကုန်   ။     ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည်ဖြစ်သော East-Wast Centre ၏လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံကို ၂၀၁၄ မတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ ရန်ကုန်မြို့ ကုန်သည် စက်မှု အသင်းချုပ် UMFCCI တွင်ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။

    ထိုအပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံကို နိုင်ငံပေါင်း ၃၀ကျော်မှ သတင်း မီဒီယာသမားများ ၃၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်၏ စိန်ခေါ်မှုများကို အဓိကဆွေးနွေးသွားမည်ဖြစ်ပြီး သတင်း စုဆောင်းခြင်း နည်းဗျူဟာများဆိုင်ရာ အသိအမြင်များကို ဆွေးနွေးဖလှယ် သွားမည်ဖြစ်ပါသည်။

    ၎င်း သတင်းမီဒီယာ ညီလာခံတွင် ဟောပြောမှုများ အပြင် ကဏ္ဍအလိုက် အပြန်အလှန် သင်ယူနိုင်ရန် အတွက် အလုပ်ရုံဆွေးနွေးပွဲများကိုပါ ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

    ဆွေးနွေးပွဲအကြိုနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်မှလည်း တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

    သတင်းမီဒီယာ ပထမအကြိမ် ညီလာခံကို ၂၀၀၈ ခုနှစ်တွင် ဘန်ကောက်မြို့၌ လည်းကောင်း၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၀တွင် ဟောင်ကောင်၌ လည်းကောင်း၊ တတိယအကြိမ် ညီလာခံကို ဆိုးလ်မြို့တွင် ၂၀၁၀ ၌ကျင်းပခဲ့ပြီး ယခု စတုထ္ထ အကြိမ်၌ မြန်မာနိုင်ငံတွင်ကျင်းပသွားမည်ဖြစ်ပါသည်။