News @ M-Media

Author: YinYin

  • မာတာက ကစားသမားများ၏ စိတ်ဓာတ်ကို မြင့်တက်စေသည်ဟု ဖီးလ်ဂျုံးဆို

    မာတာက ကစားသမားများ၏ စိတ်ဓာတ်ကို မြင့်တက်စေသည်ဟု ဖီးလ်ဂျုံးဆို

    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media

    – အသင်းသို့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မာတာရောက်ရှိလာခြင်းက ရုန်းကန်နေရသည့် အသင်း၏ စိတ်ဓာတ်အား မြင့်တက်စေသည်ဟု မန်ယူအသင်း၏ အင်္ဂလန် နောက်ခံလူ ဖီးလ်ဂျုံးက ပြောကြားခဲ့သည်။

    အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သည့် မာတာမှာ မကြာသေးခင်က ပြောင်းရွှေ့ကြေး ပေါင် ၃၇.၁ သန်းဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် ကာဒစ်ဖ်အသင်းအား ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် ဒုတိယဂိုးအား ဖန်တီးပေးခဲ့သည်။

    ပထမဦးဆုံး ကစားခဲ့သည့် ပွဲတွင် မာတာ၏ ခြေစွမ်းပြနိုင်မှုက အသင်း၏ လူစာရင်းတွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိလာသည်ဟု ယုံကြည် နေသည့် ဖီးလ်ဂျုံးက

    “ဒီလို အရည်အချင်းရှိတဲ့ ကစားသမား တစ်ယောက်ကို ခေါ်ယူလိုက်တာဟာ အသင်းရဲ့ အ၀တ်လဲခန်းမှာ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ သူ(မာတာ)ဟာ ပါရမီရှင် ကစားသမားတစ်ဦးဖြစ်ပြီး၊ အ၀တ်လဲခန်းနဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ” ဟု ဖီးလ်ဂျုံးက အသင်း၏ ၀ဘ်ဆိုဒ်သို့ပြောကြားခဲ့သည်။

    မာတာမှာ ပြီးခဲ့သည်ရာသီက ချယ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး မော်ရင်ဟိုအသင်းသို့ရောက်ရှိလာပြီးနောက် နေရာမရဖြစ်လာခဲ့ကာ နောက်ဆုံးတွင် မန်ယူသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
    Ref : Goal

  • နာဒယ်လ်၏ နောက်ကျော ဒဏ်ရာ စိုးရိမ်ဖွယ်ရာမရှိ၊ လက်ကျန်ပြိုင်ပွဲများ ဝင်ပြိုင်မည်။

    နာဒယ်လ်၏ နောက်ကျော ဒဏ်ရာ စိုးရိမ်ဖွယ်ရာမရှိ၊ လက်ကျန်ပြိုင်ပွဲများ ဝင်ပြိုင်မည်။

    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့် တစ်ပါတ်က သြစတေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် နောက်ကျောဒဏ်ရာ ရရှိသွားခဲ့သည့် စပိန်တင်းနစ် အကျော်အမော် ရာဖေးနာဒယ်လ်မှာ၏ ဒဏ်ရာ အခြေအနေမှာ အလွန်ဆိုးရွားခြင်း မရှိသောကြောင့် လာမည့် ပြိုင်ပွဲများအား လွဲချော်မည် မဟုတ်ဟု သိရသည်။

    ဗိုလ်လုပွဲ၏ ပထမပွဲငယ်တွင်ပင် ၀ဲဘက်နောက်ကျော ဒဏ်ရာရရှိသွားခဲ့သည့် နာဒယ်လ်မှာ ဆွစ်ဇလန်တင်းနစ်သမား ၀ါဝရင်ကာအား ၃ ပွဲ ၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုပွဲပြီးနောက် ဒဏ်ရာအား စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒဏ်ရာမှာ မဆိုးရွားသည့်အတွက် လာမည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်တွင် ကျင်းပမည့် ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

    “သူ့ဒဏ်ရာတွေရဲ့ တိုးတက်မှုကို သိရဖို့အတွက် နောက်တစ်ပါတ် တနင်္လာနေ့မှာ စစ်ဆေးမှုတွေ လုပ်ရပါလိမ့်မယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ လေ့ကျင့်မှုတွေ လုပ်နိုင်မလား ဆိုတာ ကျွန်တော်တို့ ကြည့်ပါမယ်” ဟု နာဒယ်လ်၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    နာဒယ်လ်မှာ ဗျူနိုအေရီးစ်တွင်ယှဉ်ပြိုင်ပြီးနောက် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးတွင် ပြုလုပ်မည့် ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့နောက် အမေရိကန်တွင် ပြုလုပ်မည့် ပွဲစဉ် ၂ ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

    Ref : SkySports

  • နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီ ပီအက်စ်ဂျီသို့ရောက်ပြီ

    နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီ ပီအက်စ်ဂျီသို့ရောက်ပြီ

    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media

    – အသင်းကြီးများက စိတ်ဝင်စားနေသည့် နယူးကာဆယ် အသင်း၏ ကွင်းလယ်လူ ယိုဟန်ကာဘာယီမှာ ပြင်သစ်လိဂ်ဝမ်းကလပ် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့သွားခဲ့ဟု သိရသည်။

    ပြောင်ရွှေ့ကြေး ယူရို ၂၄ သန်းဖြင့်၊ သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ဆေးစစ်ဆေးမှု အောင်မြင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းတွင် ကျောနံပါတ် ၄ ဂျာစီ ၀တ်ဆင်ကစားမည့် ကာဘာယီက “ပီအက်စ်ဂျီ အသင်းဟာ ကျွန်တော့်ကို ရည်မှန်းချက်ကြီးစွာနဲ့ ခေါ်ယူခဲ့တာပါ။ အလွန် ကောင်းမွန်တဲ့ ဒီအသင်းမှာ ပါဝင်ကစားရဖို့၊ ပြင်သစ်လိဂ်နဲ့ ဥရောပမှာ အသင်း အောင်မြင်အောင် ကူညီပေးဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။” ဟု ပီအက်စ်ဂျီ အသင်း၏ ၀ဘ်ဆိုဒ်သို့ ကာဘာယီက ပြောကြားခဲ့သည်။

    ပီအက်စ်ဂျီ အသင်းပိုင်းရှင် အလ်ခါလီဖာကလည်း ကာဘာယီမှာ အသင်းကြီးများ၏ ကမ်းလှမ်းမှုများကို ငြင်းဆန်၍ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရန် ရွေးချယ် ခဲ့သောကြောင့် ပျော်ရွှင်မိကြောင်း၊ ကာဘာယီ၏ အပြောင်းအရွှေ့သည် ပြင်သစ်အခြေစိုက်ကလပ်များက နိုင်ငံခြားသား ကစားသမားများကို ဆွဲဆောင်နိုင်သည့် ပြယုဂ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref : Goal

  • ADB ၏ ချေးငွေ သန်း ၆၀ ကို ဓာတ်အားပေး ကဏ္ဍတွင်အသုံးပြုမည်

    ADB ၏ ချေးငွေ သန်း ၆၀ ကို ဓာတ်အားပေး ကဏ္ဍတွင်အသုံးပြုမည်

    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media

    – အာရှဖွံ့ဖြိုးရေဘဏ် ADB မှ ပေးအပ်သော ချေးငွေ ကန်ဒေါ်လာ သန်း ၆၀ ကို မြန်မာနိုင်ငံ၏ ဓာတ်အားပေးကဏ္ဍအတွက် အသုံးပြုသွားမည် ဖြစ် ကြောင်း နိုင်ငံပိုင် မီဒီယာများက ဇန်န၀ါရီ ၃၀ ရက်နေ့ (ယနေ့တွင်) ရေးသားဖော်ပြခဲ့ကြသည်။

    မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနှင့် ADB တို့ ယမန်နေ့(ဇန်န၀ါရီ ၂၉ ရက်နေ့)က ပြုလုပ်ခဲ့သည့် သဘောတူညီချက် စာချုပ်အရ ယခုချေးငွေ အသစ်ကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းဒေသတို့ရှိ ထပ်ဆင့် ဓာတ်ပေးစက်ရုံများတွင် ထရန်စဖော်မာများ တပ်ဆင်ခြင်း၊ ဓာတ်အား ပို့လွှတ်သည့် ကြိုးဟောင်း များကို ကြိုးသစ်များဖြင့် အစားထိုးလဲလှယ်ခြင်း၊ ဒစ်ဂျစ်တယ်မီတာများ တပ်ဆင်ခြင်း စသည်တို့တွင် သုံးစွဲရမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ADB ၏ ဥက္ကဌ ဟာရူဟီကို ကူရိုဒါ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ချိန်တွင် နိုင်ငံ၏ နည်းပညာကဏ္ဍ၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး နှင့် စွမ်းအင်ကဏ္ဍတို့တွင် လိုအပ်နေသည့် အခြေခံ အဆောက်အဦးများအတွက် ကူညီပေးရန် မြန်မာနိုင်ငံမှ တောင်းဆိုခဲ့ပြီး ကူရိုဒါ ကလည်း ကူညီပေးမည်ဟု ကတိပေးခဲ့သည်။

    ADB သို့ပေးရန်ရှိနေသည့် အကြွေး ကန်ဒေါ်လာ ၅၁၂ သန်းကို ၂၀၁၃ ဇန်န၀ါရီက ဖြေရှင်းခဲ့ပြီးနောက် နိုင်ငံ၏ ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ခိုင်မာသော ဆောင်ရွက်မှုများကို ကူညီရန် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ADB က ပြန်လည်လုပ်ဆောင်ပေးခဲ့သည်။

    Ref : ဆင်ဟွာ

  • ဖိလစ်ပိုင် သံတမန်များ၏ ဗီဇာ ကင်းလွတ်ခွင့်အား ဟောင်ကောင် ရုပ်သိမ်း

    ဖိလစ်ပိုင် သံတမန်များ၏ ဗီဇာ ကင်းလွတ်ခွင့်အား ဟောင်ကောင် ရုပ်သိမ်း

    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media

    – လွန်ခဲ့သည့် သုံးနှစ်ကျော်က မနီလာမြို့တွင်ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားပြန်ပေးဆွဲမှု အတွင်း သေဆုံးသွားခဲ့သည့် ဟောင်ကောင်နိုင်ငံသားများ အတွက် ဖိလစ်ပိုင်နိုင်ငံက တောင်းပန်ခြင်း မရှိသောကြောင့် ဟောင်ကောင်က ဖိလစ်ပိုင်နိုင်ငံအပေါ် အရေးယူမှုတစ်ခု ပြုလုပ်လိုက်သည်ဟု သိရသည်။

    ဖိလစ်ပိုင်နိုင်ငံ၏ သံတမန် ကိုယ်စားလှယ်များ ဗီဇာမလိုဘဲ ဟောင်ကောင်တွင် ၁၄ ရက်နေထိုင်ခွင့်အား ပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ သက်ရောက်မည်ဖြစ်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Leung Chun-ying က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ အရေးယူမှုမှာ ပထမအဆင့်ဖြစ်ပြီး ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သည့် ထိုအဖြစ်ဆိုးအတွက် ဖိလစ်ပိုင် အစိုးရ၏ တောင်းပန်ကြောင်းကြေညာချက် ထွက်ပေါ်လာရန် အတွက် သက်ရောက်မှု မရှိပါက အရေးယူမှုများကို ထပ်မံ၍ ပြုလုပ်သွားမည်ဟု Leung က ထည့်သွင်းပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် ဖိလစ်ပိုင်မှ သံတမန်များမှာ ဟောင်ကောင်သို့ ဗီဇာမလိုဘဲ ၀င်ရောက်ခွင့်ရှိနေပြီး တစ်နှစ်လျှင် ဖိလစ်ပိုင် သံတမန် ၇၀၀ မှ ၈၀၀ ခန့် ၀င်ထွက်သွားလာလျက်ရှိသည်။

    ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းကို မကျေနပ်၍ ဖိလစ်ပိုင် ရဲအရာရှိတစ်ဦးက ခရီးသွား ဘတ်စ်ကား တစ်စီးအား ပြန်ပေးဆွဲခဲ့ကာ ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းမှု မအောင်မြင်သောကြောင့် ကားပေါ်တွင်ပါလာသည့် ဟောင်ကောင်နိုင်ငံသား ၈ ဦးအား ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဖိလစ်ပိုင်၏ တောင်းပန်မှုအား ဟောင်ကောင်မှ အလိုရှိနေသော်လည်း ယခုအချိန်အထိ တောင်းပန်ခြင်း မရှိသေးပေ။

    Ref : Aljazeera