News @ M-Media

Author: YinYin

  • ဇန်န၀ါရီ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media
    – ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ရိုဟင်ဂျာ ၄၈-ဦး အသတ်ခံရကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စ နဗီပေလေးက စုံစမ်းစစ်ဆေးရေး ပြုလုပ်ပေးရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေးမှူး မစ္စ ဗလာရီအမော့စ်က ဇန်န၀ါရီလ ၂၂-ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် တောင်းဆိုထားသည်ကို မြန်မာအစိုးရက လက်ခံနိုင်ဖွယ်ရာမရှိဟု ပြောဆို ပယ်ချခဲ့ကြောင်း သိရသည်။
    ________________________

    – သန်းခေါင်စာရင်းကောက်ယူမှုတွင် ဇိုမီးဆိုသည့် အမည်ကိုသာ တစ်စုတစ်ဝေးတည်း သုံးစွဲရန် ဇိုမီးမျိုးနွယ်စုများနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဂါလီလဲ ဘုရားကျောင်းတွင် မနေ့က ပြုလုပ်သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၏ ဆွေးနွေးပွဲတွင် ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    – ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲတစ်ရပ်ကို ဇန်န၀ါရီလ ၂၅-ရက်နေ့ ညနေ ၃း၃၀-နာရီက ပြုလုပ်ခဲ့ရာ တက်ရောက်သူ ရာနှုန်းပြည့်က အခြေခံဥပဒေကို ပြင်ဆင်ရန် ထောက်ခံခဲ့ကြောင်း သိရသည်။
    ________________________

  • ၂၁၀၃-ခုနှစ် ဟာဂျီများအား ဂုဏ်ပြုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

    ၂၁၀၃-ခုနှစ် ဟာဂျီများအား ဂုဏ်ပြုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန် ။      ။      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်က ဦးစီးကျင်းပသည့် ၂၀၁၃ ခုနှစ် ဟာဂျီများအား ဂုဏ်ပြုခြင်းနှင့် ဟာဂ်ျအတွေ့ကြုံ ရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဟာဂျီမ ဒေါ်စောရွှေခန်းမတွင် ဇန်န၀ါရီလ ၂၅-ရက် နေ့လည် ၂း၀၀-နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားကို ကျမ်းတော်မြတ်ကုရ်အာန်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဟာဂ်ျခရီးစဉ်ကူညီရေးအဖွဲ့ချုပ် ဥက္ကဌ အလ်ဟာဂ်ျ ဦးဇော်ဝင်းက “ကျွန်တော်တို့အဖွဲ့ ကလုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေး ကုမ္မဏီကြီးတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး၊ ဟာဂ်ျသွားမဲ့ ဟာဂျီတွေ တကယ်ကို အဆင်ပြေ ချောမွေ့စေရန် အတွက် ဖြစ်ပါတယ်။ ဟိုမှာလည်း အဆင်ပြေပြေနဲ့ နေထိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်၊ ဟာဂ်ျသွားရင် ဘယ်သွားရမယ် ဘယ်မှာနေရမယ် စတဲ့ ဒုက္ခရောက်နေတဲ့လူတွေကိုကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်း၏ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ထို့နောက် မော်လ၀ီအဖွဲ့ချုပ်မှ အထွထွေအတွင်းရေးမှူးချုပ် အလ်ဟာဂ်ျ ဦးကျော်စိုးမှ လည်းကောင်း၊ အစ္စလာမ့် ဓမ္မဗိမာန်မှ အလ်ဟာဂ်ျ ဦးခင်မောင်မြင့်က လည်းကောင်း၊ ဟာဂ်ျကူညီရေးအဖွဲ့ချုပ် နာယကကြီးက လည်းကောင်း မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး ဟာဂ်ျအတွေ့ကြုံများကို ယခုနှစ် ၂၀၁၃ တွင် သွားရောက်ခဲ့သော ဟာဂျီ၊ ဟာဂျီမ များမှ ၎င်းတို့ကြုံတွေ့ခဲ့ရသည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဟာဂ်ျကူညီရေး အဖွဲ့ချုပ်သည် ဟာဂ်ျခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများပေါ်ပေါက်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး အစ္စလာမ်ဘာသာဝင်တို့၏ ဟာဂ်ျခရီးစဉ်တွင် အခက်အခဲမရှိဘဲ ဟာဂ်ျဝတ်ပြုနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

  • အသင်း၏ အောင်မြင်မှုတွင် ဇီဒိန်းက အဓိက ကျသည်ဟု အန်ဆယ်လော့တီပြော

    အသင်း၏ အောင်မြင်မှုတွင် ဇီဒိန်းက အဓိက ကျသည်ဟု အန်ဆယ်လော့တီပြော

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    – မိမိကိုင်တွယ်နေသော ရီးယဲလ်အသင်း အောင်မြင်နေခြင်းမှာ ရီးယဲလ် ကစားသမားဟောင်း ဇီဒိန်း၏ နည်းစနစ်များက အဓိကကျသည်ဟု ရီးယဲလ် နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီက အန်ဆယ်လော့တီအသင်းသို့ ရောက်ရှိလာပြီးနောက် ဇီဒိန်းမှာ ရီးယဲလ်အသင်းတွင် ဒုတိယအရးပါသူဖြစ်လာခဲ့ပြီး ၎င်း၏ နည်းစနစ်များကြောင့် ဘင်ဇီမာ၊ မော်ရာတာနှင့် ဂျီစီတို့မှာ ခြေစွမ်းပြနိုင်ခြင်းဖြစ်သည်။

    “ဇီဒိန်းဟာ ကျွန်တော့အတွက်တော့ အရေးပါပါတယ်။ ဘင်ဇီမာ၊ မော်ရာတာနဲ့ ဂျီစီတို့အတွက် သူ့ရဲ့လုပ်ဆောင်မှုက အကျိုးဖြစ်ထွန်းနေပါတယ်။ အသင်းကစားပုံ ကောင်းမွန်နေတာဟာ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပြီး နည်းပြအနေနဲ့ အကောင်းဆုံး လုပ်ဆောင် နေတာ ကြောင့်လို့လည်း ပြောလို့ရပါတယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းမှာ ရာသီအစက အနည်းငယ်ယိမ်းယိုင်မှုများရှိခဲ့ပြီ ဦးဆောင်သူ ဘာစီလိုနာနှင့် အမှတ်ပြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တောက်လျှောက် ခြေစွမ်းပြကာ ယခုလက်ရှိတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ထက် ၁ မှတ်သာ ကွာဟ တော့သည်။

    Ref : Goal

  • နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ

    နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ၊ အရှုပ်အရှင်းများဖြစ်နေချိန်တွင် ပထမဆုံး ၀န်ခံခြင်းလည်းဖြစ်

    – ဘရာဇီးကလပ်ဆန်းတို့စ် အသင်းမှ တိုက်စစ်မှူး နေးမာအား ယူရို ၅၇.၁ သန်းဖြင့် ခေါ်ယူခဲ့ရာတွင် သန်း ၄၀ မှာ နေးမာ၏ မိဘများကို ပေးချခဲ့ရခြင်း ဖြစ်သည်ဟု ဘာစီလိုနာ ဥက္ကဌသစ် ဘာမူတိုက ယမန်နေ့တွင်ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ဥက္ကဌ ရာထူးကို စတင်ရယူခဲ့ပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ နေးမာ၏ အပြောင်းအရွှေ့ အရှုပ်အရှင်း အကြောင်းကို ပထမဆုံး ၀န်ခံလိုက်ခြင်းလည်းဖြစ်သည်။ ထို့ပြင် ထိုကိစ္စကို ကိုင်တွယ်နေသည့် ရှေ့နေဖြစ်သူ Felipe Izquierdo ကလည်း ထိုအရှုပ်အရှင်းတွင် ဘာမူတိုနှင့် အသင်း၏ စီးပွားရေးဆိုင်ရာ ဒုတိယဥက္ကဌ ဂျာဗီယာဖောက်လည်း ပါဝင် ပက်သက်သည်ဟု ပြောဆိုထားသည်။ “ကျွန်တော့်အနေနဲ့ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း ဖြစ်ချင်ပါတယ်။ နေးမာရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၅၇.၁ သန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လိမ်ညာထားတာ မရှိဘူးဆိုတာကို အာမခံပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ စာချုပ်တွေအပေါ် ကျွန်တော်တို့ အပြည့်အ၀ တာဝန်ယူပါတယ်” ဟု ဘာမူတိုက နျူးကမ့်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    နေးမာအား ခေါ်ယူရာတွင် ယူရို ၅၇.၁ သန်းသုံးစွဲခဲ့သည့်ဟု ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ဆန်းတို့စ်အသင်းက မိမိတို့အနေဖြင့် ပြောင်းရွှေ့ကြေး အနည်းငယ်သာ ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာ ပရိတ်သတ်တစ်ဦးက အပြောင်းအရွှေ့ကိစ္စနှင့် ပက်သက်၍ မသမာမှုများ ရှိနေသည်ဟု စပိန်တရားရုံးအား တိုင်ကြားခဲ့သောကြောင့် လက်ရှိတွင် တရားရုံးက ထိုအပြောင်းအရွှေ့ကိစ္စအား ကြားနား စစ်ဆေးလျက် ရှိနေသည်။

    Ref : Goal

  • မန်ယူမှာ ချန်ပီယံပြေးလမ်းကြောင်းတွင် ရှိနေသည်ဟု နည်းပြဟောင်း ဖာဂူဆန် အံ့အားသင့်ဖွယ်ပြောဆို

    မန်ယူမှာ ချန်ပီယံပြေးလမ်းကြောင်းတွင် ရှိနေသည်ဟု နည်းပြဟောင်း ဖာဂူဆန် အံ့အားသင့်ဖွယ်ပြောဆို

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    –  ၁၉၈၉ နောက်ပိုင်း ဆိုးရွားသော ရလဒ်များကို တွေ့ကြုံနေရသော်လည်း အသင်းအနေဖြင့် ယခုနှစ်တွင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့အား ကာကွယ်နိုင်သေးသည်ဟု မန်ယူအသင်း၏ ဂန္ထ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်သည်။

    ဖာဂူဆန်မှာ အသင်းအတွက် အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ်ဖလားအား ရယူပေးခဲ့ပြီးနောက် ၂၀၁၂-၁၃ ဘောလုံးရာသီ အကုန်တွင် အနားယူ သွားခဲ့သူဖြစ်ပြီး လက်ရှိနည်းပြ ဒေးဗစ်မိုယက်စ်ကိုလည်း ၎င်းကိုယ်တိုင်ပင် လွှဲပေးခဲ့ခြင်းဖြစ်သည်။

    “ယူနိုက်တက်(မန်ယူ)ဟာ ဘာမဆို လုပ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့မှာ ကောင်းမွန်တဲ့ အတွေးအမြင်တွေ၊ သမိုင်းကြောင်းတွေ ရှိပါတယ်။ သူတို့ အမြဲတမ်းကောင်းကောင်း လုပ်နိုင်ပါတယ်” ဟု ဖာဂူဆန်က Sky Sport သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူ၏ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ ကောင်းမွန်သော အနေအထားတွင် ရှိနေကြောင်း၊ အာဆင်နယ်အသင်းမှာလည်း အခွင့်အရေး ကောင်းများရှိနေကြောင်း ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကိုလည်း ချီးကျူးပြောဆိုခဲ့သည်။

    Ref : Goal