News @ M-Media

Author: YinYin

  • မိမိအား မန်ယူသို့ရောင်းချခဲ့ခြင်း အပေါ် အံ့အားသင့်မိသည်ဟု မာတာဆို

    မိမိအား မန်ယူသို့ရောင်းချခဲ့ခြင်း အပေါ် အံ့အားသင့်မိသည်ဟု မာတာဆို

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့်နှစ်က ချယ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် မာတာက ၎င်းအား မန်ယူသို့ အသင်းမှ ရောင်းချလိုက်ခြင်းအပေါ် အံ့သြမိသည်ဟု ပြောကြားလိုက်သည်။

    မာတာမှာ မန်ယူအသင်းသို့ ယူရို ၃၇.၁ သန်းဖြင့် ယမန်နေ့က ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ ပရီးမီးယားလိဂ် သမိုင်းတွင် ချယ်ဆီးမှ မန်ယူသို့ ပြောင်းရွှေ့ သည့် ပထမဦးဆုံးကစားသမားဖြစ်လာခဲ့ကာ မနက်ဖြန်တွင်ကစားမည့် ကာဒစ်ဖ်အသင်းနှင့် ပွဲတွင် ပါဝင်ကစားဖွယ်ရှိနေသည်။

    “ရိုးရိုးသားသားပြောရရင် ကျွန်တော်နည်းနည်းတော့ အံ့သြမိပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်း၊ ပိုင်ရှင်၊ အသင်းမှာရှိတဲ့လူအားလုံးနဲ့ ပြီးခဲ့တဲ့ ရာသီ နှစ်ခုက ကျွန်တော့်ကိုအကောင်းဆုံးကစားသမားအဖြစ် မဲပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း ကျေးဇူးတင်နေမှာပါ” ဟု MUTV နှင့် အင်တာဗျူးတွင် မာတာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအား ၀ယ်ယူခဲ့သည့် ကြီးမြင့်သောဈေးနှုန်းက မိမိအပေါ် ရိုက်ခတ်လိမ့်မည်မဟုတ်ဘဲ အိုးထရက်ဖို့ဒ်တွင် ကစားခွင့်ရရန်သာ ရှေးရှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ရမ်းဆေးမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဖြစ်လာသည်ဟု ဗီယာရာဆို

    ရမ်းဆေးမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဖြစ်လာသည်ဟု ဗီယာရာဆို

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media

    – အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးမှ ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမား ဖြစ်လာခဲ့သည်ဟု ယုံကြည်ကြောင်း အာဆင်နယ်၏ အသင်းခေါင်းဆောင်ဟောင်း ဗီယာရာက ပြောကြားခဲ့သည်။

    အသက် ၂၃ နှစ်အရွက်ရှိ ရမ်ဆေးမှာ ယခုနှစ်တွင် အသင်းနှင့် ၂၇ ပွဲကစားထားပြီး ၁၃ ဂိုးသွင်းယူပေးထားနိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ရာတွင် အရေးပါသူတစ်ဦးဖြစ်လာခဲ့သည်။

    ပေါင်ဒဏ်ရာကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့မှ စတင်က အသင်းတွင်ပါဝင်ကစားနိုင်ခြင်းမရှိသည့် ရမ်းဆေးမှာ ယခုလက်ရှိ အာဆင်နယ် အသင်းတွင် လွှမ်းမိုးမှုရှိနေကြောင်းကို ဗီယာရာက

    “အာရွန်(ရမ်ဆေး)ဟာ တော်တော်လေးကောင်းလာပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနဲ့ အရေးပါဆုံးလည်းဖြစ်လာပါတယ်။ အာဆင်နယ် ဒီရာသီမှာ ထိပ်ဆုံးရောက်နေတာဟာ ရာသီအစကတည်းက သူအစွမ်းပြတာကြောင့်ပါ” ဟု ဗီယာရာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၀ ခုနှစ်က ခြေထောက်ကျိုးသွားခဲ့သည့် ရမ်ဆေးအပေါ် ယုံကြည်မှု ထားရှိသည့် အာဆင်ဝင်းဂါးကိုလည်း ချီးကျူးသွားခဲ့သည်။

    Ref : Goal

  • သြတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လီနာဗိုလ်စွဲ၊ မိမိအလိုချင်ဆုံး ဖလားတစ်ခုဖြစ်သည်ဟု ပြောကြား

    သြတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လီနာဗိုလ်စွဲ၊ မိမိအလိုချင်ဆုံး ဖလားတစ်ခုဖြစ်သည်ဟု ပြောကြား

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media

    – သြစေလးလျနိုင်ငံ Melbourne Park တွင် ကျင်းပပြုလုပ်ခဲ့သည့် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် လီနာက အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့ ညနေက ကစားခဲ့သည့် ဗိုလ်လုပွဲတွင် လီနာမှာ စလိုဗက်ကီးယား တင်းနစ်မယ် စီဘူလ်ကိုဗာအား ၇-၆(၇-၃) ၆-၀ ဖြင့် အနိုင်ကစားနိုင်ခဲ့ကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၁ နှင့် ၂၀၁၂ ပြိုင်ပွဲများတွင် ဗိုလ်ပွဲသို့တက်ရောက်နိုင်ခဲ့ပြီးမှ ကင်မ်ကလိုက်စကားနှင့် အဇာရန်ကာတို့ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုသာ ရရှိခဲ့သည့် လီနာ အတွက် ယခုဆုဖလားမှာ ဒုတိယမြောက် ဂရန်းစလင်း ဆုဖလားဖြစ်ပြီး၊ ပြိုင်ပွဲသက်တမ်းတစ်လျှောက် အသက်အကြီးဆုံး ချန်ပီယံလည်း ဖြစ်လာခဲ့သည်။

    ထိုပြိုင်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ခဲ့သည့် လီနာက “အနည်းဆုံးတော့ ကျွန်မ လုပ်နိုင်ခဲ့ပါတယ်။ အရင်နှစ်ကြိမ်တုန်းကလိုမဟုတ်ဘဲ အဆင့်တစ်ခုကို တက်နိုင်ခဲ့တယ်လို့ ကျွန်မခံစားရပါတယ်။ ကျွန်မကိုယ်ကျွန်မ အရမ်းဂုဏ်ယူမိပါတယ်။ ဒီဖလားကို ကျွန်မနှစ်သက်ပြီး ကျွန်မလိုချင်တဲ့ ဆုဖလားပါပဲ” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    Ref : Skysports

  • ပသီ လူမျိုးတို့အား ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်ကြောင်း အတိအလင်းကြေညာပေးရန် UNC ကြေညာချက်ထုတ်ပြန်

    ပသီ လူမျိုးတို့အား ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်ကြောင်း အတိအလင်းကြေညာပေးရန် UNC ကြေညာချက်ထုတ်ပြန်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media
    သူရိန်

    အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ၏ ဗဟိုဦးစီး ညီလာခံကို ဇန်န၀ါရီလ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် မင်္ဂလာဒုံ ဗုခါရီရှားခန်းမဆောင်၌ ကျင်းပခဲ့ရာ ယနေ့ နေ့လည်ပိုင်းက ညီလာခံပိတ်သိမ်းပွဲကို တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ပြီး ညီလာခံမှ ထွက်ပေါ်လာခဲ့သော အဆို(၈)ချက်ကိုတင်သွင်း၍ မင်္ဂလာဒုံ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

    ဗဟိုဦးစီး ညီလာခံကြိးတွင် တက်ရောက်ခဲ့ကြသူ ဦးစီးကိုယ်စားလှယ်များက အဆိုပါများကို တညီတညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။

    ၎င်းအဆို(၈)ချက်မှာ

    (၁) ပသီလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစုတစ်စုဖြစ်ကြောင်း အတိအလင်း ကြေညာပေးရန်၊

    (၂) ပသီလူမျိုးအဖြစ် တိုင်းရင်းသားလူမျိုးများ စာရင်းတွင် ထည့်သွင်းဖော်ပြပေးရန်နှင့် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ ရာတွင် ကြိုတင် Pre Code ဖြင့် ဖော်ပြပေးရန်၊

    (၃) လူနည်းစု အခွင့်အရေးကာကွယ်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးနိုင်ရန်အတွက် ဥပဒေကြမ်း ရေးဆွဲ၍ အမြန်ဆုံးတင်သွင်းရန်၊

    (၄) ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် တင်သွင်းထားသည့် ကိစ္စကို ဆက်လက် ဆောင်ရွက်ရန်၊

    (၅) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုင်ရှင်မဲ့ လယ်ယာစနစ်ကို ဖျက်သိမ်း၍ ပိုင်ရှင်အမည်ပေါက် လယ်ယာစနစ်သို့ ပြုပြင် ပြောင်းလဲရေး အတွက် ဆောင်ရွက်ရန်၊

    (၆) နိုင်ငံနှင့်အ၀ှမ်း တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ထိရောက်စွာ ရှိစေရေး တိုက်တွန်း ဆောင်ရွက်ရန်၊

    (၇) နှစ်ပေါင်း (၆၀)ကျော်ကြာ ပြည်တွင်းစစ်နှင့် လက်ရှိ မငြိမ်မသက်မှုများ အားလုံး ချုပ်ငြိမ်းရေးဆောင်ရွက်ရန်၊

    (၈) ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်ရန်၊ နိုင်ငံသားတိုင်း၏ အခွင့်အရေးများ လွတ်လပ်စွာရရှိမှု အာမခံနိုင်ရန်၊ ပြည်ထောင်စုသားများ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတို့ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရန်နှင့် အနာဂတ်မျိုးဆက်များအတွက် သမိုင်း အမွေကောင်း တစ်ခုအနေနှင့် ပသီလူမျိုးအမည်ကိုသာ အမျိုးသားအမည်အဖြစ် အသုံးပြုနိုင်ရေး ခိုင်မာအောင် ဆောင်ရွက်ရန် တို့ကို ကြေညာခဲ့ ပါတယ်။

    အဆိုပါ အဆို(၈)ရပ်ကို အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC)၏ ရှေ့လုပ်ငန်းစဉ်များ၊ လုပ်ငန်းလမ်းညွှန်များအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း သိရပါတယ်။

    ၎င်းအခမ်းအနားသို့ တက်ရောက်သူ ၉၅၀-၀န်းကျင်ရှိပြီး ‘ပသီအမျိုးသားအရေး – တို့အရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် – တည်ဆောက်ကြ’ ‘အမျိုးသား ညီညွတ်ရေးကွန်ဂရက် အဓွန့်ရှည်ပါစေ’ဟူသော ကြွေးကြော်သံများဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြပါတယ်။

  • ဘာသာကြီး လေးခုဟာ ဖြိုဖျက်လို့ မရတဲ့ ကျောက်ဆောင်တွေပါဟု အရှင်ဆန္ဒာဓိက မိန့်ကြား

    ဘာသာကြီး လေးခုဟာ ဖြိုဖျက်လို့ မရတဲ့ ကျောက်ဆောင်တွေပါဟု အရှင်ဆန္ဒာဓိက မိန့်ကြား

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန်  ။        ။   အရှင်ဆန္ဒာဓိက (နတ်မှီတောရ၊ တောင်တွင်းကြီး)က  “Buddhism is Not Religion” “ဗုဒ္ဓသည် ဘာသာမဟုတ်” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IYCA -Myanmar) ရုံးခန်းတွင် ယနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂း၀၀-နာရီမှ ညနေ ၅း၀၀-နာရီထိ ပြုလုပ်ခဲ့ပါသည်။

    “ဘာသာကြီးလေးခုဟာ ကမ္ဘာ့အမှောင်ထုကို ဖယ်ရှားပေးတဲ့ အလင်းရောင်ကြီးလေးခု ဖြစ်ပါတယ် ကမ္ဘာ့အလင်းအိမ်တွေပါပဲ၊ ဘာသာတရားတိုင်းရဲ့ အဆိုအမိန့်ကို နားလည်ထား တာဟာ ကောင်းပါတယ်။ ဘာသာတိုင်းကတော့ လူတွေကို ငြိမ်းချမ်းရေးတွေဆီ ရောက်အောင် ပို့နေကြတာပါပဲ။ ဘာသာကြီး လေးခုဟာ ဖြိုဖျက်လို့ခက်တဲ့ ကျောက်ဆောင်တွေပါပဲ။ လူတွေကို ယဉ်ကျေးစေချင်လို့ ပေါ်ထွက်လာတာပါ။ ကံသုံးပါးနဲ့ လောကကြီးကို ယဉ်ကျေးအောင် ပြုလုပ်ရမှာက အားလုံးရဲ့ တာဝန်ပါ။ ဖန်ဆင်းရှင် ဘုရားသခင်ရှိတယ် ဆိုတာကိုယုံကြည်ရမယ်။ ဘုရားဝတ်ပြု ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး အကျိုးတရားရှိတာကို ယုံကြည်ရမယ်။ ဘ၀ကူးပြောင်းမှုကိုလည်း ယုံကြည်ရမယ်”ဟု ဆရာတော်က မိန့်ကြားခဲ့ပါသည်။

    ဆက်လက်ပြီး ဆရာတော်သည်” ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ပါဘူး၊ ဟောပြောချက်ပါ ဆုံးမချက်ပါ။ အဓိကတော့ ယုံကြည်မှုပါပဲ။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ယုံကြည်မှုခိုင်မာရမယ်၊ ဘာသာတိုင်း ဘာသာတိုင်းမှာ အစွန်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေရှိနေသလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အစွဲလွန်နေတာတွေလဲ မဖြစ်ဖို့ လိုတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားဟာ သမိုင်းဝင် ဗုဒ္ဓဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားက သူပရိနိဗ္ဗာန်စံခါနီးမှာ အားလုံးကို လွတ်လပ်ခွင့် ပေးခဲ့ပါတယ်။ ဂေါတမဗုဒ္ဓဟာ ဗုဒ္ဓ၀ါဒကို တည်ထောင်ခဲ့သူမဟုတ်ပါဘူး သူ့ဟောပြောချက်တွေကို နှောင်းလူတို့ကနေ ဗုဒ္ဓ၀ါဒကို စုစည်းခဲ့တာပါ။ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ သူ့ကိုယ်သူမသတ်မှတ်ခဲ့ပါဘူး” ဟု ဗုဒ္ဓ၏ အဆိုအမိန့်များ ကိုလည်း မိန့်ကြားခဲ့ပါသည်။

    ဘာသာကြီးတွေ အားလုံးပူးပေါင်းပြီး လောကကြီးကို ငြိမ်းချမ်းတဲ့ အသွင်ကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန် ဆရာတော်မှ တိုက်တွန်း နှိုးဆော်ခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသမျှကို ဆရာတော်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။