News @ M-Media

Author: YinYin

  • ဇန်န၀ါရီ ၂၄၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၄၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၄၊ ၂၀၁၄
    M-Media
    – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံတါင် အစိုးရ တောင်းဆိုထားသည့် အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးမူဘောင် ဆွေးနွေးမည် ဆိုသည်ကို ကရင်ပြည်နယ် လောခီးလာ KNU ဌာနချုပ်၌ ပြုလုပ်နေသည့် ညီလာခံ နောက်ဆုံးနေ့ ဆွေးနွေးပွဲ မစတင်မီ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCG)မှ ဒေါက်တာ ဆလိုင်း လျင်မုန်းဆာခေါင်းက ဧရာဝတီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    – မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာအုပ်စု၊ ရန်ကုန်-ပြည် ကားလမ်းနံဘေးရှိ တင့်ကားတပ်ရင်းတွင် ဇန်န၀ါရီလ ၂၁-ရက်နေ့က လက်နက်တိုက် ဖောက်ထွင်းခံရသည်နှင့် ပတ်သက်၍ စစ်ဆေးမှူးများ စတင် လုပ်ဆောင်နေပြီး ယင်း ဖောက်ထွင်းခံသည့် သတင်းအား နိုင်ငံတ၀န်း အသိပေးပြီး လမ်းပန်းဆက်သွယ်ရေး ဂိတ်တွေမှာ အ၀င်အထွက် စစ်ဆေးဖို့ ညွှန်ကြားထားပြီး လက်ရှိအချိန်ထိ သတင်း ထူးခြားမှု မရှိသေးကြောင်းနှင့် MA-1 ရိုင်ဖယ်သေနတ် ဖြစ်သည့်အတွက် လမ်းထဲက ဖြတ်လာရင် ရနိုင်ချေပိုများကြောင်း နေပြည်တော် မှုခင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မင်းအောင်က RFA ကို ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    – ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)တို့၏ သမ္မတ၊ ဒုသမ္မတ အရည်အချင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်တို့အား ပြင်ဆင်ပေးရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဦးဆောင်၍ ဆန္ဒပြသူ ၁၀၀ ကျော်ပါဝင်၍ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
    ________________________

  • အကယ်ဒမီများရှင် မင်းသမီးကြီး ဒေါ်ခင်ယုမေ ကွယ်လွန်

    အကယ်ဒမီများရှင် မင်းသမီးကြီး ဒေါ်ခင်ယုမေ ကွယ်လွန်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၄
    M-Media
    K K

    မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုများရှင် မင်းသမီးကြီး ဒေါ်ခင်ယုမေ ကွယ်လွန်ဟာ ယနေ့ည (၉)နာရီခန့်က ရန်ကုန်မြို့ နေအိမ်မှာပဲ ကွယ်လွန်သွားကြောင်းသိရပါတယ်။

    ကွယ်လွန်ချိန်တွင် အသက် ၇၇-နှစ်ရှိပြီဖြစ်သော ဒေါ်ခင်ယုမေသည် ‘ကိုယ်ပိုင်မေတ္တာ’၊ ‘ရွှေခြည်ငွေခြည်တန်းပါလို့’ ဇာတ်ကားများဖြင့် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီများ ရရှိခဲ့သူဖြစ်ပါတယ်။

    ကွယ်လွန်သူ ဒေါ်ခင်ယုမေ၏ မှာကြားချက် ဆန္ဒအရ မနက်ဖြန် မနက် ၉း၀၀-နာရီမှာ ကမ္ဘာဘုရားလမ်းနေအိမ်မှ ရေဝေးသုဿာန်သို့ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရပါတယ်။

  • မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ ၆၂-နှစ်ပြည့် အကြို စာပေဟောပြောပွဲ

    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ ၆၂-နှစ်ပြည့် အကြို စာပေဟောပြောပွဲ

    ဇန်န၀ါရီ ၂၄၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    မန္တလေး    ။      ။    မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် လူမျိုးဘာသာမရွေး လူမှုကူညီရေး လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည် နိဗ္ဗာန်ဆော် အသင်းကြီး၏ ၆၂-နှစ်ပြည့်ကို ကြိုဆိုသောအားဖြင့် စာပေဟောပြောပွဲ တစ်ရပ်ကို ဇန်န၀ါရီ ၃၀-ရက် ညနေ ၆း၀၀-နာရီတွင် မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ်၊ ၂၇-လမ်း၊ ၈၂x၈၃လမ်းကြားတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ မန္တလေးရဲ့ ငြိမ်းချမ်းရေး အနှစ် စာပေဟောပြောပွဲကို ဆရာ ညီပုလေးက လူတွေထဲက ၀တ္ထုများ၊ ဦးမင်းကိုနိုင်က ဘာသာမခြား ညီညွတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ခေါင်းစဉ်များဖြင့် ဟောပြောမည် ဖြစ်ပြီး ဦးကျော်သူမှ အနိစ္စတရားသို့ အလည်အပတ်သွားခြင်း ဖျော်ဖြေ တင်ဆက်မှု ပြုလုပ်မည်ဖြစ်ပြီး ၎င်းဟောပြောပွဲမှ ရရှိသော အလှူငွေများကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် လှူဒါန်းသွားမည်ဟု သိရသည်။

    မန္တလေး နိဗ္ဗာန်ဆော်အဖွဲ့ကြီးသည် စတင်ဖွဲ့စည်း တင်ထောင်စဉ်မှစ၍ ယခုအချိန်ထိ လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး လေဘေး၊ ရေဘေး၊ မီးဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ ၎င်းပြင် အကျဉ်းထောင်တွင်း သေဆုံးသွားသော အကျဉ်းသားများ၏ နာရေးများကိုလည်း ယခုအချိန်ထိ ကူညီဆောင်ရွက်နေကြောင်းသိရသည်။

    “ဟုတ်ကဲ့ အခုက ၆၂-နှစ်ပြည့်မှာပါ။ ၆၃-နှစ်မဟုတ်ပါဘူး။ အဲဒါ print လုပ်တာ နည်းနည်းလွဲသွားလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းကြီးအနေနဲ့ စတင်ဖွဲ့စည်းချိန်မှစပြီး အခုအချိန်ထိ လူမှုကူညီရေးလုပ်ငန်းများစွာကို ဆောင်ရွက်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်။ နောင်လည်း ဆက်ပြီးလုပ်ဆောင်နေဦးမှာပါ။ အခု စာပေဟောပြောပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဘာသာလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ကို ရည်ရွယ်ပါတယ်။ ဒါကြောင့် ဟောပြောမယ့် ဆရာတွေကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေ ဟောပြောမယ်။ နာရေး ကိုကျော်သူကလည်း ဖျော်ဖြေ တင်ဆက်မှုလုပ်မယ်။ ရတဲ့အလှူငွေတွေကိုလည်း ကျန်းမာရေးလုပ်ငန်းတွေအတွက် လှူဒါန်းသွားမှာပါ”ဟု နိဗ္ဗာန်ဆော်အဖွဲ့ကြီး၏ အတွင်းရေးမှူးမှ ပြောသည်။

    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ >> http://www.m-mediagroup.com/news/1922

  • ဇန်န၀ါရီ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media
    – ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဦးတည်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါရှိသော သမ္မတ အရည်အချင်းအား ပြင်ဆင်မည်မဟုတ်ကြောင်း
    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့သည့် တရားမ၀င် ကုန်ပစ္စည်း အမှုတွဲမှာ နည်းသော်လည်း ငွေကြေးအားဖြင့် ပမာဏများနေကြောင်းကို
    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှတ်တမ်းများအရ သိရကြောင်း မြန်မာ့ခေတ်သတင်း၌ ဖော်ပြထားသည်။
    ________________________

    – တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ဟု ခေါ်ဆိုရန်နှင့် ဖက်ဒရယ်တပ်မတော်နဲ့ပတ်သက်၍
    မူကြမ်းမှာ ထည့်သွင်းရေးဆွဲထားကြောင်း KNU ထိန်းချုပ်နယ်မြေ လေးဝါးတွင် ကျင်းပနေသည့် ဆွေးနွေးပွဲအပြီးမှာ ဦးနိုင်ဟံသာက ပြောကြား ခဲ့ကြောင်း သိရသည်။
    ________________________

  • ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ခရီးစဉ်၌ တောင်ကြီးမြို့လူထုအား တွေ့ဆုံနှုတ်ဆက်မည်

    ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ခရီးစဉ်၌ တောင်ကြီးမြို့လူထုအား တွေ့ဆုံနှုတ်ဆက်မည်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media
    ဇာဏီ

    တောင်ကြီး ။      ။         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် တောင်ကြီးမြို့ လူထုအား တွေ့ဆုံနှုတ်ဆက်မည်ဟု သိရှိရသည်။

    ရှမ်းပြည်နယ် နမ့်စန်၊ လင်းခေး၊ မိုးနဲမြို့များသို့ ဇန်န၀ါရီလ ၂၄-ရက်နေ့တွင် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၆-ရက်၊ တနင်္ဂနွေနေ့ ညနေ ၃း၀၀-နာရီအချိန်၌ ဒေသခံ လူထုအား တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ တွေ့ဆုံ နှုတ်ဆက်မည် ဖြစ်ပြီး တက်ရောက် အားပေးကြရန် တောင်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြေငြာ ထားကြောင်း သိရသည်။